NEWS

တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
692 Views

Myanmar Labour News မှာပြီးခဲ့တဲ့  မေလ ၁၃ ရက်နေ့ကနေ မေလ ၁၉ ရက် တပတ်တာအတွင်းဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်ပအလုပ်အကိုင်နဲ့ ပြည်တွင်း သတင်းအနှစ်ချုပ်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သတင်းအနှစ်ချုပ်ပါ သတင်းအကြောင်းအရာတွေ ကို တကြိမ်တည်းဖတ်ရှု့ရုံနဲ့ တပတ်တာ သတင်းအချက်အလက် တွေသိရှိနိုင်မှာလည်းဖြစ်ပါတယ်။

v  မေလ ၁၃ ရက်

ရွှေ့ပြောင်းလုပ်သားသတင်းအနေနဲ့ တရုတ်-မြန်မာနယ်စပ် မှာ ဂဏန်း ၁၀ လုံးပါ စမတ်ကတ် ခေါ် UID ကတ်လျှောက်ထားတဲ့သူ သောင်းနဲ့ချီရှိနေပြီး ၊ ပြင်ပမှာ ကတ်အတုတွေပြုလုပ်ရောင်းချနေလို့ ဝယ်ယူမိသူတွေငွေကြေးဆုံး ရှုံးတာတွေဖြစ်ပွားခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်ရဖို့ စမတ်ကတ်ရှိမှ ထွက်ခွာခွင့်ပြုတာကြောင့် အမြန်သွားလိုသူတွေက ပွဲစားတွေထံက စမတ်ကတ် အတုတွေ ဝယ်ယူခဲ့ကြတာပါ၊ စမတ်ကတ်ဟာ ပြုလုပ်သူရဲ့ လက်ဆယ်ချောင်းနဲ့ မျက်လုံးတွေကို စကင်ဖတ်ပြီး ရယူရတာကြောင့် ကာယကံရှင်ကိုယ်တိုင်ပြုလုပ်မှရတာလို့ ဆိုပါတယ်။

နောက်ထပ် သတင်းတပုဒ်အနေနဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ် သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Gainway       International အထည်ချုပ်စက်ရုံမှာ  အချိန်ပိုမဆင်းတဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခိုင်းစေ နေတယ်လို့ အလုပ်သမားတွေရဲ့ ပြောကြားချက်ကတဆင့် သတင်းဖော်ပြခဲ့တာပါ။

နောက်ပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အလုပ်ပြောင်းလဲခိုင်းစေတာ လုပ်ငန်းခွင်အတွင်း သောက်ရေမသန့်ရှင်းမှုတွေကြုံတွေ့နေရတယ်ဆိုတဲ့ လှိုင်သာယာ စက်မှုဇုန် ၂ က WHM Myanmar လုပ်သားတွေရဲ့ ပြောဆိုချက်ကို အခြေခံပြီးသတင်းဖော်ပြခဲ့ပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ကြီးကြပ်ရေးလုပ်သားတွေက ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခိုင်းစေတာ ၊ ခံစားခွင့်တွေကို တန်းတူမပေးဘဲ ခွဲခြားဆက်ဆံတာ၊ တနင်္ဂနွေပိတ်ရက်မှာ အချိန်ပိုကို အလုပ်သမားသဘောဆန္ဒမမေးမမြန်းဘဲ ခိုင်းစေပြီး အထည်စံချိန် တွေကို အလွန်အကျွံသတ်မှတ်တောင်းခံတာတွေပြုလုပ်နေလို့ ဖြေရှင်းပေးစေလိုတယ်လို့ Lucky Fortune အထည်ချုပ် လုပ်သားတွေ ရဲ့ ပြောဆိုချက်အရ သတင်းဖော်ပြခဲ့ပါတယ်။

 

v  မေလ ၁၄ ရက်

လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတောင်းဆိုဖို့ကြိုးပမ်းတဲ့အထဲက အလုပ်သမား ၃၂ ယောက်အလုပ်ထုတ်ခံခဲ့ရတယ်လို့ Beaume International /Popular International အထည်ချုပ် လုပ်သားတွေ ပြောဆိုချက်အရ သတင်း ဖော်ပြခဲ့ပါတယ်။ တောင်းဆိုမှုတွေပြုလုပ်ဖို့ အထည်လျှော့ပေးခဲ့တဲ့ အလုပ်သမားတွေကို တားဂတ်မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်လျော်ကြေးပေးချေပြီး အလုပ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီ ၁၇ ခုကို အမျိုးသား ညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကနေ အမည်ပျက်စာရင်းသွင်းခဲ့တဲ့သတင်းကိုဖော်ပြခဲ့တာဖြစ်ပါတယ်။

v  မေလ ၁၅ ရက်

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုဖြစ်ပေါ်နေပြီး လုပ်အားခနှုန်းထားတွေ မြင့်တက်နေတဲ့ သတင်း ကိုဖော်ပြခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားရှားပါးလို့ လုပ်အားခတွေ တိုးမြှင့်ပေးပေမဲ့ လုပ်သား အခက်အခဲ တွေရှိနေဆဲလို့ ဆိုပါတယ်။

တရုတ်ဇနီးမယားအဖြစ် ပေါ်ပေါ်ထင်ထင်‌ ပြောဆိုဝယ်ယူမှုတွေ တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ သတင်း ကိုဖော်ပြခဲ့ပါတယ်။ ဇနီးအဖြစ်ခေါ်ယူတယ်ဆိုပေမဲ့ ဥပဒေကြောင်းအရလွတ်ကင်းအောင်ဖန်တီးထားတဲ့ တရားမဝင် လူကုန်ကူးမှုဟာ နယ်စပ်ဒေသမှာ အမြောက်အများဖြစ်နေပြီး အလုပ်အကိုင်ရှားပါးမှုနဲ့ အကျပ်အတည်းတွေကြောင့် သွားရောက် လုပ်ကိုင်လိုသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းသရက်သီးကို ပြည်ပတင်ပို့မှုလျော့နည်းလို့ ဈေးကွက်ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းကိုဖော်ပြခဲ့ပါတယ်။

အကျဉ်းစံတို့ရဲ့ ဘဝများ ဆိုတဲ့ သတင်းဆောင်းပါးကိုဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့နယ်မြေက အကျဉ်းကျ လူငယ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေရဲ့ အခက်အခဲတွေကို မေးမြန်းရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ပေါ့ကတ်အစီအစဉ်အနေနဲ့ အဓိကာရ ရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အကြောင်းဆွေးနွေးချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။

v  မေလ ၁၆ ရက်

ထိုင်းဗီဇာလျှောက်ထားသူတွေအနေနဲ့ စာရွက်စာတမ်းတွေအားလုံးကို အင်္ဂလိပ်ဘာသာပြန်ပြီးလျှောက်ထားရန် သံရုံးက ကြေညာခဲ့တဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။

ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားအဖြစ် ပို့နိုင်ဖို့ ဆွေးနွေးမှုတွေက အဖြေမထွက်သေးပေမဲ့ သွားရောက်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့အလုပ်သမား ၁၂၆ ဦးထံက ငွေကျပ်သိန်း ထောင်ချီလိမ်လည်ခံရမှု ဖြစ်ပွားခဲ့တဲ့ သတင်း ကိုဖော်ပြ ခဲ့တာပါ။

လမ်းခရီးအခက်အခဲကြောင့် မွန်ပြည်နယ်က ထွက်တဲ့ ဒူးရင်းသီးဈေးနှုန်းတွေ ကျဆင်းခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ ဈေးပြန်တက်ခဲ့တဲ့ သတင်းကိုဖော်ပြခဲ့ပါတယ်။

မြန်မာ့အခေါက်ရွှေဈေး တကျပ်သား ကျပ် သိန်း ၅၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမား ၁၂ ဦးကို အလုပ်ရှာပေးမယ်ဆိုပြီး ပွဲစားက ထိုင်းဘတ်ငွေတစ်သိန်း ကျော်လိမ် လည်ခဲ့ပြီး အလုပ်သမားတွေကို လမ်းဘေးမှာချပေးသွားလို့ မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့ MHAC က အကူအညီ ပေးခဲ့ တဲ့ သတင်းကိုဖော်ပြခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်ကနေ တရုတ်ပြည်ထဲကို တပတ်သာ ဝင်ခွင့်ရတဲ့ နည်းလမ်းတဲ့ ဝင်ရောက်ကြပြီး ပြန်ထွက်သူနည်းပါးလို့ တရုတ်ပြည်ဘက်မှာ လိုက်လံဖမ်းဆီးနေရတဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။

အချိန်ပိုတွေအလွန်အကျွံဆင်းနေရလို့ အလုပ်သမားတွေအခက်အခဲဖြစ်ပေါ်နေတဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ဗဟိုရ်လမ်းမှာဖွင့်ထားတဲ့ Eternal Fashion အထည်ချုပ်မှာ အလုပ်သမားအချို့ဟာ တနေ့ကိုအလုပ်ချိန် ၁၆ နာရီအထိလုပ်ကိုင်နေရပြီး အချိန်ပိုမဆင်းပါက နည်းပညာကြေးလို့ခေါ်တဲ့ ဆုကြေးငွေကိုမရတော့လို့ စားဝတ်နေရေးလောက်ငှအောင် အချိန်ပိုဆင်းနေရလို့ အခက်အခဲဖြစ်နေတယ် ဆိုပြီး အလုပ်သမားတွေရဲ့ ပြောဆိုချက်ကို သတင်းဖော်ပြခဲ့တာပါ။

v  မေလ ၁၇ ရက်

ကုန်ဈေးနှုန်းမြင့်တက်ပြီး စားဝတ်နေရေးမလောက်ငှလို့ ဒေးကြေးနဲ့ အိုတီကြေးတွေတိုးပေးဖို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်မှာဖွင့်ထားတဲ့ Dishang Fasshion အထည်ချုပ် လုပ်သားတွေ တောင်းဆိုခဲ့ကြတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။ ဌာန ၂ ခုအလုပ်ရပ်ပြီးတောင်းဆိုခဲ့ရာမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းရာမှာ ပြေလည်မှုရရှိလို့ လာမယ့်တနင်္လာနေ့မှာ အလုပ်ပြန်ဝင်တော့မယ်လို့ အလုပ်သမားတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်းအစိုးရရဲ့ လုပ်ခလစာတိုးမြှင့်ပေးမှုကို ထိုင်းလုပ်ငန်းရှင်တွေက ကန့်ကွက်ပေမဲ့ လာမယ့် အောက်တိုဘာလမှာ စတင်ကျင့်သုံးနိုင်တယ်ဆိုတဲ့သတင်းကိုဖော်ပြခဲ့တာပါ။ ထိုင်းနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အနည်းဆုံးလုပ်ခ တရက်လျင် ဘတ် ၄၀၀ တပြေးတည်းတိုးပေးဖို့ ရှိနေတာပါ။

ကိုရီးယားနိုင်ငံကို E9 Visa နဲ့ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေ သတ်မှတ်ချက်နဲ့ ကိုက်ညီပါက E7 Visa (ကျွမ်းကျင်လုပ်သားဗီဇာ)ပြောင်းလဲလျှောက်ထားနိုင်တယ်လို့ အသိပေးလာတဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ Rich Pine International အထည်ချုပ်စက်ရုံမှာ အေဂျင်စီနဲ့စာချုပ်ချုပ်ပြီး သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို စာချုပ်ပါအတိုင်း လုပ်ခပေးချေမှုမရှိတဲ့အပြင် အချိန်ပို အလွန်အကျွံ ဆင်းခိုင်းတာနဲ့ ပိတ်ရက်မရှိခိုင်းစေနေလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေတဲ့သတင်းကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်ကို(IWFM) အကူအညီတောင်းခံခဲ့တဲ့ သတင်းကိုဖော်ပြခဲ့ပါတယ်။

 

v  မေလ ၁၈ ရက်

ပြည်တွင်းမှာ ရွှေဈေး၊ ဒေါ်လာဈေးတွေမြင့်တက်နေပေမဲ့ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာဟာ ၄၈၀၀ ကျပ်သာဖြစ်နေဆဲမို့ အလုပ်သမားတွေအတွက် ပိုမိုကျပ်တည်းလာပြီး အနည်းဆုံးလုပ်ခတိုးမြှင့်ပေးသင့်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတွေ တောင်းဆိုထားတဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။

v  မေလ ၁၉ ရက်

ThaS u (Myanmar Glory Fashion) အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၄၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေပေမဲ့ လုပ်သားတွေအတွက် လုံလောက်တဲ့ထမင်းစားနေရာတွေမရှိလို့ ကျပ်ကျပ်တည်းတည်း စားသောက်နေရတာ အထည်စံချိန်တွေမရပါက အလုပ်သမားတွေကို အရှက်ရအောင်ဆဲဆိုခိုင်းစေတာတွေရှိနေတယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်ကို ပေးစာအနေနဲ့ဖော်ပြခဲ့ပါတယ်။

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမြို့က အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းစက်ရုံမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့  မြန်မာနိုင်ငံသား ၂၈ ဦး ကမ္ဘောဒီးယားနိုင်ငံသား ၂၈ ဦး နဲ့ တရုတ်နိုင်ငံသား ၂၇ ဦး ကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Saung Oo Shwe Nay အထည်ချုပ်စက်ရုံအလုပ်သမားတွေ အလုပ်ရှင်ကိုတရားစွဲရန် စာထုတ်ပေးခဲ့ပေမဲ့ အလည က ပြန်လည်သိမ်းယူခဲ့တဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန် အလယ်လမ်း ၃ မှာဖွင့်လှစ်ထားတဲ့ စက်ရုံလုပ်ငန်းရှင်ကို အီးစီစာချုပ်ချိုးဖောက်မှုနဲ့ တရားစွဲဖို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက စာထုတ်ပေးခဲ့ပေမဲ့ စာကို ပြန်လည်သိမ်းယူသွားတာဖြစ်တယ်လို့ အလုပ်သမားတွေရဲ့ပြောကြားချက်အရ သတင်း ဖော်ပြခဲ့တာပါ။

Podcast အစီအစဉ်အနေနဲ့ ဥပဒေက ဘာကြောင့်အရေးပါသလဲဆိုတဲ့ ခေါင်စဉ်နဲ့  အဓိကာရရဲ့ တင်ဆက်မှုတခု ထုတ်လွှင့်ခဲ့ပါတယ်။

အခုဖော်ပြခဲ့တာတွေကတော့ တပတ်တာသတင်းအနှစ်ချုပ်ဖြစ်ပါတယ်။ တပတ်တာအတွင်းဖော်ပြခဲ့တဲ့ သတင်း အကြောင်းအရာတွေနဲ့ နောက်ဆုံးရအချက်အလက်တွေကို တနင်္ဂနွေနေ့တိုင်း ၊ တစ်လလျင် ၄ ကြိမ်ဖော်ပြပေးသွား မှာဖြစ်ပါတယ်။

 

 


Related posts

Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026