ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ကို သပ်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်ရုံးခွဲတွေမှာ အိမ်ထောင်စု တစ်စုကို အနည်းဆုံးတစ်ယောက်နှုန်းနဲ့ လာကြည့်ကြဖို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်ကို ပယ်ဖျက်ကာ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုက လေးနှစ်ကျော်အကြာမှ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ" လို့ အမည်ပေးထားတဲ့ ဥပဒေတစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ကို စက်တင်ဘာ(၃၀) ရက်နေ့ ကနေ အောက်တိုဘာ (၁၃)ရက်နေ့အထိ ပထမအကြိမ်အဖြစ် ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှာ ကပ်ထားကြေညာထားမှာဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုမဲစာရင်းတွေ လာကြည့်ဖို့ ကိုစစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က မေတ္တာရပ်ခံချက် အဖြစ် ထုတ်ပြန်ထားသလို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး ပိုင်းကလည်း ရပ်ကွက်နေပြည်သူတွေကို အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာတာတွေလည်းရှိတယ်လို့ ပြည်သူတွေထံက သိရပါတယ်။
""ပြီးခဲ့တပတ်ထဲက ညတိုင်း ကားနဲ့ အသံချဲ့စက်တင်ပြီး လိုက်အော်တယ် တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ မဲစာရင်းမှားရင် ပြင်ခိုင်းဖို့ လိုက်အော်တာဘဲ ဒီဘက်ကသူတွေကတော့ စိတ်ကိုမဝင်စားကြဘူး ပြီးခဲ့၂၀၂၀ရွေးကောက်ပွဲတုန်းကလို စိတ်ဝင်စားသူမရှိကြဘူး အဲ့တုန်းကဆို ကိုယ့်မြို့နယ်က ဘယ်ကိုယ်စားလှယ်ဝင်ပြိုင်လဲ မဲစာရင်းမှာ ကိုယ့်နာမည်ပါရဲ့လားသွားကြည့်ကျတာ အခုတော့ ကြည့်သူကိုမရှိဘူးသူတို့အုပ်ချုပ်ရေးဘက်က ဆယ်အိမ်မှူးရာအိမ်မှုးမိသားစုဝင်တွေလောက်ပဲ သွားကြည့်ကြတာ""လို့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်မှာ မဲဆန္ဒရှင်တွေ အနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှု့ပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုတယ်လို့လည်း UEC က ဆိုထားပါတယ်။
လိုအပ်တဲ့ ပုံစံတွေကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများမှာ (အခမဲ့) ရယူနိုင်ပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်း နောက်ဆုံးအကြိမ် ထပ်မံ ကြေညာမှာ ဖြစ်ကာ မဲဆန္ဒရှင်တွေ အနေဖြင့်လည်း လိုအပ်တဲ့ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း UEC မှ ထုတ်ပြန်ထားပါတယ်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရွေးကောက်ပွဲဦး ဆောင်ကျင်းပမယ့် "နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” နှင့် ၎င်းမှ အဆင့်ဆင့်တာဝန်ပေး ဖွဲ့စည်းလိုက်သော အဖွဲ့များအားလုံးကို“အကြမ်းဖက်အုပ်စုများ”အဖြစ်လည်းကောင်း မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်များ အားလုံးကို “အကြမ်းဖက်သမားများ” အဖြစ်လည်းကောင်း သတ်မှတ်ကြေညာထားပါတယ်။