NEWS

ဇွန်လ ၂၄ မှ ၃၀ ထိ တပတ်တာသတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
352 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ ဇွန်လ (၂၄) ရက်ကနေ ဇွန်လ (၃၀) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက် ပေးသွားမှာပါ။ 

ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို  တစ်စုတစ်စည်းတည်း အချိန်တိုတွင်းမှာ သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇွန်လ(၂၄)ရက်နေ့ 

ပြည်သူတွေ အသုံးပြုနေရတဲ့ အိမ်သုံးဆေးဝါးတစ်လုံးရဲ့တန်ဖိုးက အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တစ်ရက်(၈) နာရီလုပ်အားခရဲ့ (၆)ပုံ (၁)ပုံအထိကို မြင့်တက်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်က လက်အောက်ငယ်သား အတွင်းရေးမှူးအမျိုးသမီးဝန်ထမ်းအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုကို ထိရောက်စွာ အရးယူပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က တိုက်တွန်းထားပါတယ်။

HUAFU Garment အထည်ချုပ်စက်ရုံက အလုပ်သမား (၁၂၀၀) ခန့်ဟာ အခွင့်အရေးချိုးဖောက်မှုတွေကြားမှာ အလုပ်လုပ်ကိုင်နေရပါတယ်။ 

ဇွန်လ ၂၅ ရက်နေ့ 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သက်သာတဲ့နှုန်းထားနဲ့ စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေကို ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပေးမယ့် အလုပ်သမားတွေကတော့ ဈေးကြီးပေးဝယ်ယူနေရတုန်းပဲလို့ ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တောင်ဘက် ဟွာဆောင်မြို့မှာရှိတဲ့ လစ်သီယမ်ဘက်ထရီစက်ရုံမှာ အကြီးစားပေါက်ကွဲမှုဖြစ်လို့ ရွှေ့ပြောင်းအလုပ်သမား အများအပြား သေဆုံးခဲ့ပါတယ်။

မိုးရာသီကာလမှာ စက်သုံးဆီဈေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်နေတာကြောင့် လယ်ယာထွန်ယက်ရာမှာ ထွန်စက်အစား ခိုင်းနွားတွေ ပြန်လည်အသုံးပြုနေရပါတယ်။

PEPSI အချိုရည်စက်ရုံက တာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုရာမှာ စက်ရုံ CEO ၊ HR ကိုသာမက ကုမ္ပဏီကိုပါ ထပ်တိုးတရားစွဲမှုကို ကုမ္ပဏီက ချေပလွှာတင်သွင်းခဲ့ပါတယ်။ PEPSI အချိုရည်စက်ရုံဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားလို့ ထုတ်ကုန်အားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ဖို့ နိုင်ငံတကာအဆင့် စားသုံးသူ Campaign လည်း ပြုလုပ်ခံထားရပါတယ်။

မလေးရှားနိုင်ငံကို တရားမဝင် အောက်လမ်းက သွားရောက်ကြသူတွေကို ပွဲစားတွေက ငွေကြေးလိမ်လည်တာ တွေကြောင့် ဒုက္ခရောက်နေတယ်လို့ မြန်မာလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ လက်ရှိမှာ မလေးရှားနိုင်ငံ ဟာ ဇွန်လ(၁)ရက်ကစပြီး တရားဝင် အလုပ်သမားခေါ်ယူတာကို ယာယီရပ်နားထားတာဖြစ်တာကြောင့် အောက်လမ်းက သွားရောက်လိုသူများနေတာပဲ ဖြစ်ပါတယ်။

စားအုန်းဆီတစ်ပိသာပေါက်ဈေးမှာ ပြင်ပဈေးကွက်မှာ ကျပ်(၁၂၀၀၀)ကျော်တဲ့အထိ ရှိနေပြီ ဝယ်ယူဖို့လည်း ခက်ခဲလာပါတယ်။

မြန်မာနိုင်ငံက ပြည်သူ(၄၂)သန်းက ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ  မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့  (၇၅) ရာခိုင်နှုန်းထိ ဆင်းရဲမွဲတေနေတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ဇွန်လ(၂၆)ရက်နေ့ 

ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချပေးမယ်လို့ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန် ထားပါတယ်။ ဒီအစီအစဉ်ကို ဇူလိုင်လ(၁)ရက်နေ့မှာ စတင်မှာဖြစ်ပြီး သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးမယ် လို့ ဆိုပါတယ်။

စက်ရုံ၊ အလုပ်ရုံနဲ့ အလုပ်ဌာနတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးကတ်တွေ ပျောက်ဆုံး၊ပျက်စီးလို့ ပြန်လည်လျှောက်ထားရာမှာ ပေးဆောင်ရမယ့်ဒဏ်ကြေးကို ဇူလိုင်လ(၁)ရက်က စတင်ပြီး တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီကတောင်သူတွေအဓိကထားသုံးစွဲနေရတဲ့ မြေဩဇာလေးမျိုးကို ရန်ကုန်အထိုင်ဈေး သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနဲ့အညီ ရောင်းချမှုမရှိရင်လည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

 ပြည်တွင်းမှာ သတ်မှတ်ပေးထားတဲ့ တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် သတ်မှတ်ပေးထားတဲ့ အခြေခံလုပ်ခ လစာ (၄၈၀၀)ကျပ်နဲ့ အပိုထောက်ပံ့ကြေး (၁၀၀၀)ကျပ်ဟာ နေ့စဉ်တိုးနေတဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှ အမှီလိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါပေမယ့် ဒီအခြေအနေမှာတော့ အလုပ်သမားထုရဲ့ အခက်အခဲကို ဦးဆောင်တောင်းဆိုပေးမယ့်သူတွေ အလုပ်သမားသမဂ္ဂတွေ  ပျောက်ဆုံးနေပါပြီ။ အဆိုပါ အကြောင်းကို မေးမြန်းရေးသားထားတဲ့  “ဦးဆောင်သူကင်းမဲ့လာတဲ့ အခြေခံလုပ်ခတိုးမြှင့်ရေးတိုက်ပွဲ” ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ပြည်ပက စားအုန်းဆီတင်သွင်းရာမှာ မသမာမှုကျူးလွန်ခဲ့တယ်ဆိုကာ စီးပွားရေးထိပ်တန်းလုပ်ငန်းရှင်ဖြစ်တဲ့ ဧရာဟင်္သာကုမ္ပဏီအပါအဝင် ကုမ္ပဏီ(၈)ခုကို အမည်ပျက်စာရင်းတင်သွင်းတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က အသိပေးကြေညာခဲ့ပါတယ်။

ပြည်ပမှာ တရားဝင်သွားရောက်လုပ်ကိုင်သူတွေအနေနဲ့ စစ်ကောင်စီက သတ်မှတ်ပေးထားတဲ့ တရားဝင်ဘဏ်တွေ တစ်ဆင့် မိသားစုထံလစာငွေ ပြန်လွှဲတာက မရှိသလောက်နည်းနေပါတယ်။ လက်ရှိမှာတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို တရားဝင်ဘဏ်တွေက လစာငွေလွှဲဖို့ စစ်ကောင်စီက ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့မှာ မလေးရှားနိုင်ငံသားတွေရဲ တိုင်ကြားမှုအရ နိုင်ငံခြားသား (၁၇၀၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး မြန်မာအလုပ်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ ရေခဲပို့တဲ့ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးတော့ မြန်မာအလုပ်သမားအပါအဝင် (၃)ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ (၃) ဦးမှာ မြန်မာအလုပ်သမား (၂)ဦးနဲ့ ထိုင်းကားသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် LITA MYANMAR အထည်ချုပ်စက်ရုံက အလုပ်သမား (၉၀၀) ကျော်ဟာ အချိန်ပို အလုပ်ချိန်တွေကို ဖိအားပေးခိုင်းစေခံနေရပါတယ်။ အချိန်ပိုခေါ်ယူရာမှာ ညလုံးပေါက်ခေါ်တာနဲ့ အများပြည်သူရုံးပိတ်ရက်တွေကိုပါ နားရက်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ဇွန်လ(၂၇)ရက်နေ့ 

 ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေတဲ့ မီးဖိုချောင်သုံးဂတ်စ် (LPG) အရည်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက်နေပြီး အရောင်းအဝယ်တွေ ကျဆင်းနေတယ်လို့ ဂတ်စ်အရောင်းဆိုင်တွေထံက သိရပါတယ်။

ကိုရီးယားရောက် မြန်မာအလုပ်သမားတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဆေးကုသမှုခံယူနေရသလို ကုသစရိတ်လိုအပ်နေတယ်လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း အတွက် ဇွန်လ ၂၇ရက် မှာ  ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ရန်ကုန်၊ သာကေတမြို့နယ်မှာရှိတဲ့ ကမာကြည်တံတား အမှတ်(၁)ပေါ်က အမျိုးသားတစ်ဦး ခုန်ချခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ အိမ်စီးကားနဲ့ လာရောက်ခဲ့တာဖြစ်ပြီး ကားကိုတံတားပေါ်မှာထားကာ ခုန်ချခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ် မှ ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း နဲ့ပတ်သက်ပြီးမြို့နယ်အတော်များများက  ဆရာတော်၊ သံဃာတော်တို့ ဟာ စစ်တပ်ကို သပိတ်မှောက်ကံဆောင်နေကြပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ဆင်းရဲမွဲတေမှုတွေ ပိုမိုဆိုးရွားလာတာကို နိုင်ငံတကာစစ်တမ်းတွေက ထောက်ပြနေကြပါတယ်။ ဒါဟာ အာဏာသိမ်းထားတဲ့ အချိန်ကာလတွင်းမှာ ကျဆင်းသွားတဲ့ စီးပွားရေးနဲ့ လူထုရဲ့ အခက်အခဲကို ပြသနေပါတယ်။ “ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ” ဆောင်းပါးမှာတော့ နိုင်ငံတကာက ထုတ်ပြန်တဲ့စစ်တမ်းတွေနဲ့ ပြည်သူတွေရဲ့ နေ့စဉ်အခက်အခဲတွေကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

 ဇွန်လ(၂၈)ရက်နေ့ 

Gold Emperor ဖိနပ်စက်ရုံ တနင်္ဂနွေ နားရက်မပိတ်ဘဲ ခိုင်းစေနေပြီး လုပ်ခွင်အတွင်း တရုတ်ဆရာများ ရိုင်းဆိုင်းစွာ ပြုမူနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။

ရွှေလင်းဗန်း စက်မှုဇုန်က Full Rong အထည်ချုပ်စက်ရုံမှာ နားရက်မရဘဲ နေ့ရော ညပါ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီဇွန်လအတွင်း စက်ရုံဘက်က စနေနေ့ အောနိုက် မနက် ၄ နာရီကျော် အထိ လုပ်ကိုင်ပေးခဲ့ရပြီး နောက်တနေ့ တနင်္ဂနွေနေ့ မနက် ၇ နာရီ ၁၅ မိနစ်မှာ အလုပ်ပြန်ဝင်ခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက  စက်သုံးဆီအရောင်းဆိုင်တွေကို ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနကရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်ပြီး စက်သုံးဆီဈေးဆက်လက် မြင့်တက် လာခဲ့ပါတယ်။  

လူမှုဖူလုံရေး ကတ်မိတ္တူလျှောက်ထားတာတွေကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံသွား မယ်လို့  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအားလုံး သို့ ညွှန်ကြားစာ အရသိရပါတယ်။  ဒီလိုကောက်ခံမှုတွေကို ဇူလိုင် ၁ရက်မှာ စတင်မှာဖြစ်တာကြောင့် အလုပ်သမားဝန်ထမ်း တွေအတွက် အဆင်မပြေ ဖြစ်ရတယ်လို့ ရန်ကုန်မြို့က စက်မှုဇုန်မှာလုပ်ကိုင် နေတဲ့  HR ဝန်ထမ်းတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို နယ်စပ်တွေကတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့အတွက် မြန်မာအလုပ်သမားတွေ ဖမ်းဆီး ခံရမှုဆက်တိုက်ဖြစ်နေတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက် ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်  စာရင်း (Black List) ထည့်သွင်း သတ်မှတ်လိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၆ ရက်က အသိပေး ကြေညာလိုက်ပါတယ်။

မြောက်ဒဂုံ ပင်လုံ အလုပ်သမားရုံးအနီး မှာ ပြည်ပကို အလုပ်သွားရောက် လုပ်မယ့် အလုပ်သမားတွေကို အေဂျင်စီ နာမည် သုံးပြီး လိမ်လည်ခေါ်ယူကာ ခြိမ်းခြောက်ပြီး ငွေကြေးနဲ့လက်ဝတ်လက်စားတွေကို လုယူတာတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ အေဂျင်စီတွေ ထံ က သိရပါတယ်။ ပြည်ပထွက် အလုပ်လုပ်မယ့် အမျိုးသမီးတွေ ကို အဓိက ပစ်မှတ်ထားကာ  ခြိမ်းခြောက်ခေါ်ယူ ပြီး ငွေနဲ့လက်ဝတ်ရတနာ တွေ ကို လုယူတာတွေ ပိုများတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရိက္ခာဂိုဒေါင်အား ဖောက်ထွင်းခံရမှု စစ်ကောင်စီဝန်ခံပြောဆိုထားပါတယ်။ ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သိုလှောင်ရုံမှာ ဖောက်ထွင်းခံရတဲ့ အပြင် မီးရှို့ခံထားရလို့ ပြင်းထန်စွာ ရှုတ်ချကြောင်း WFP က ထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီးရှို့တာကို ငြင်းဆိုပေမဲ့ ရိက္ခာတွေကို ဒေသခံတွေကို ဖြန့်ဝေပေးခဲ့တာလို့ သူ့ရဲ့ ပြောဆိုချက်မှာဝန်ခံထားပါတယ်။

ပြဌာန်းထားတဲ့ ဥပဒေပါ ခွင့်ရက်တွေအတိုင်း အလုပ်သမားတွေရရှိဖို့ လုပ်ဆောင်ပေးနေတယ်လို့ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ စက်ရုံအများစုမှာ ဥပဒေပါခွင့်ရက် တွေ ရယူဖို့တောင်ခက်ခဲနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တောင်ဒဂုံစက်မှုဇုန်(၁)က Golden Heroes Company Limited (Sky Jet Company) ပိုင် စက်ရုံမှာ လုပ်ငန်းခွင် သုံး အကာအကွယ်ပစ္စည်းတွေ အလုံအလောက်မရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အကာအကွယ် ပစ္စည်းမရှိဘဲ လုပ်ကိုင်ရတာကြောင့်  ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားနေတယ်လို့လည်း ဆက်ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့

အကြမ်းဖက် စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ရေး ILO ကို မြန်မာနိုင်ငံစားသောက်ကုန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တိုက်တွန်းတောင်းဆိုထားပါတယ်။

တရုတ်ကို မြန်မာက အထည်ချုပ်လုပ်သားတွေ တရားဝင်တင်ပို့မှုစတင်ခဲ့ပါတယ်။တရုတ်နိုင်ငံ ယူနန်ပြည်နယ်လက်အောက်က တယ်ဟုန်ပြည်နယ် ကို မြန်မာအလုပ်သမားတွေစတင်စေလွှတ်နေတာကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံက သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ 

ဇူလိုင်် ၁ ရက်ကစပြီး တစ်ဦးချင်းအလိုက် ဗီဇာလျှောက်ထားသူတွေကို အွန်လိုင်းဘိုကင်စနစ်နဲ့ ဆောင်ရွက်ပေးမယ်လို့ ဂျပန်သံရုံးက ကြေညာပါတယ်။ အဖွဲ့လိုက်လျှောက်ထားမှုတွေကိုတော့ ဇူလိုင်လ အလယ်ပိုင်းမှာ အွန်လိုင်းဘိုကင် စတင်မဲ့ရက်ကို အတည်ပြုပြီး ထပ်မံအသိပေးမယ်လို့ ကြေညာထားပါတယ်။

မြန်မာပြည်ရဲ့ လုပ်သား ၄ သိန်းကျော်လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားတွေရဲ့လုပ်အားကို အချိန်ပိုခေါ်ယူပြီး ဖျစ်ညှစ်ခိုင်းစေနေလို့ မငတ်ရုံတမယ် လူ့အခွင့်အရေးချိုးဖောက်ခံပြီးလုပ်ကိုင်နေရတဲ့ အလုပ်သမားတွေအကြောင်းကို "ရှင်သန်ရေးအတွက် ဖိနှိပ်ခံအထည်ချုပ်လုပ်သားများ"ဆိုတဲ့ သတင်းဆောင်းပါးအဖြစ်ဖော်ပြခဲ့ပါတယ်။

အခု ဖော်ပြခဲ့တာတွေက ဇွန်လ နောက်ဆုံးပတ်မှာ တင်ပြခဲ့တဲ့သတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို စုစည်းထားတာပဲဖြစ်ပါတယ်။ စုစည်းတင်ပြသူကတော့ "မမ"ပဲဖြစ်ပါတယ်။

 


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024