NEWS

ဇွန်လ တတိယ တစ်ပတ်အတွင်း ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
359 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ဇွန်လ တတိယပတ် ဖြစ်တဲ့ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇွန် ၁၇ ရက်နေ့ရဲ့စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၅၁၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၆၄၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၀၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင် ၂၇၀၅ကျပ်ဖြစ်ပါတယ်။

အဆိုပါဈေးနှုန်းတွေအတိုင်း  ဇွန် ၁၇ ရက်မှ ဇွန်၂၀ရက်နေ့အထိအဆိုပါဈေးနှုန်းအတိုင်းရှိနေခဲ့တာဖြစ်ပြီး  ဇွန်၂၁ ရက်ကနေဇွန်၂၃ရက်နေ့အထိ  ဈေးနှုန်းတွေကတော့ အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၈၀ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၂၀ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင် ၂၈၅၀ကျပ်ဖြစ်တာကြောင့်  တစ်ပတ်တာအတွင်းစက်သုံးဆီဈေးသိသိသာသာမြင့်တက်လာတာကို  ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူး ကြီးကြပ်ရေးကော်မ တီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇွန်၁၇ရက်နေ့ရဲ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၁၇ ဒေါ်လာရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက်ရွှေပေါက်ဈေးဟာ ဇွန်၁၇ရက်ကနေ ဇွန်၂၀ရက်နေ့အထိသတ်မှတ်ဈေးနှုန်းအရ  ၄၅သိန်း၈ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၂သိန်း တစ်သောင်းထိ ရှိနေခဲ့တာဖြစ်ပြီး ဇွန်၂၁ရက်နေ့ကနေဇွန်၂ရက်နေ့တွေမှာတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၃၈ ဒေါ်လာသို့အနည်းငယ်မြင့်တက်လာခဲ့ပြီး ရွှေအသင်းရဲ့သတ်မှတ်ဈေးနှုန်းကတော့ ၄၅သိန်း၄သောင်းကျော်ဖြစ်ကာ  ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၃သိန်းကျော်ဖြစ်လို့  ဇွန်၁၇ရက်ကနေပြီးဇွန်၂၃ရက်နေ့အထိ ရွှေဈေးတွေဟာ ယခင်ရက်များကဲ့သို့ဈေးတန်းတည်ရှိနေတာဖြစ်ပြီး  ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာပဲဖြစ်ပါတယ်။
  
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇွန်၁၇ ရက်နေ့ကနေဇွန်၂၀ရက်နေ့အထိ ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၃၀၀ ကနေ ၄၄၀၀ အထိရှိခဲ့တာဖြစ်ပြီးဇွန်၂၁ရက်ကနေဇွန်၂၃ရက်နေ့အထိ ပြင်ပဒေါ်လာပေါက်ဈေးဟာ  ၄၄၀၀ ကနေ   ၄၅၀၀ အထိရှိနေတာပါ။

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေသလို ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၀၀ကျော်နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀ စွန်းစွန်း အထိဖြတ်နေတာလို့လည်း သိရပါတယ်။ ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၁၈ ကနေ  ၁၂၅ကျပ်အထိပေါက်ဈေးရှိပြီး အဆိုပါဈေးတန်းနဲ့ဇွန်၁၇ရက်ကနေ ဇွန်၂၃ရက်အထိ  ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  တပတ်တာ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၃၇၀ကျပ်သတ်မှတ်ထားတာဖြစ်လို့  ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းထက် အနည်းငယ်ဈေးမြင့်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ်တစ်သောင်းကနေ ၁၂၀၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင် ကျပ်၉၀၀၀အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေမှာတော့  ဆန်တစ်ပြည် ခြောက်ထောင်၀န်းကျင်နဲ့ ခြောက်ထောင်အထက်၊  ခရမ်းချဉ်းသီးတစ်ပိဿာလျှင်ကျပ်၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင်ကျပ်၂၀၀၀ ၀န်းကျင်အထိဖြစ်နေပြီး ဂေါ်ဖီတစ်ထုပ်လျှင် ၈၀၀၀ ကျပ်၊  သခွားသီးတစ်လုံး ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံးကျပ်သုံးထောင်ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ပဲသီးတစ်စီးလျှင်  ၁၀၀၀ကျပ်၊  ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၆၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၄၀၀ကျပ်၊ ဘဲဥ တစ်လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခင်ကအနည်းဆုံး ၅၀၀ဖိုး၀ယ်ယူရနိုင်ပေမဲ့ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  တစ်ပိဿာနှစ်သောင်းကျော်အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၃၅၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့၀က်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်နှစ်သောင်းအထက်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ ၀န်းကျင်အထိရှိလာပြီး ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်ကနေ ယခု၁၀၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ  လူတစ်ယောက်အတွက် တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို တွေ့မြင်ရပါတယ်။ တရက်လျင် လုပ်ခ ၅၈၀၀ ကျပ်သာရရှိတဲ့ အခြေခံအလုပ်သမားတွေအတွက် လုံလောက်မှုမရှိလို့ လုပ်သားအချို့ဟာ တရက်လျင် ၁၆ နာရီအထိ အလုပ်လုပ်ကိုင်နေရတာဖြစ်ပြီး လူမှု စီးပွားနဲ့ ကျန်းမာရေး ဆိုင်ရာအခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

အခုလို တပတ်တာ ကုန်ဈေးနှုန်းတွေကို သတင်းထောက်ယွန်းဆက်က စုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။

 

 

 


Related posts

Cover
တပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (အောက်တိုဘာ၁၃-၁၉)
Oct 19, 2025
Cover
ရွှေဈေးစံချိန်တင်တက်နေပြီး၊ အကျဘက်မရှိတဲ့ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေ ရင်ဆိုင်နေရ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 17, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၅-၁၂)
Oct 13, 2025
Cover
ဒေါ်လာဈေးအနည်းငယ်ပြန်တက်၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းအတက်ဈေးနဲ့ပဲရှိနေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 10, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (စက်တင်ဘာ ၃၀-အောက်တိုဘာ ၄)
Oct 05, 2025
Cover
ဒေါ်လာဈေး ငွေကျပ် ၃၀၀၀ နားအထိ စံချိန်တင်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေကမကျသေး
Oct 03, 2025
Cover
ရွှေနဲ့ဒေါ်လာဈေးတွေ အနည်းငယ်ကျဆင်းလာကာ စက်သုံးဆီဈေးပြန်တက်လာ
Sep 26, 2025
Cover
ထိုက်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်ဖို့ကြိုးစားနေ တယ်လို့ စစ်ကော်မရှင်က ပြောနေပေမယ့် ရွှေဈေးထပ်တက်၊ စားကုန်ဈေးကြီး၊ ဒေါ်လာဈေးငြိမ်
Sep 21, 2025