NEWS

ဇွန်လ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
120 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်ကနေ ဇွန်လ (၂၃) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက် ပေးသွားမှာပါ။ ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်းမှာ သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇွန် ၁၇

ဖူပိုင်ဟုန် (Fuu Baii Houng) အထည်ချုပ်စက်ရုံမှာ (၁၂) အရွယ်ကလေးတွေကို စက်ချုပ်ခိုင်းနေပြီး လူကြီး လုပ်သားတွေနည်းတူ အထည်အရေအတွက်စံချိန်တောင်းနေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်တာဖြစ်ပြီး Sinsay တံဆိပ်တွေ ချုပ်လုပ်တယ်လို့သိရပါတယ်။ စက်ရုံမှာ စက်လိုင်း(၆)လိုင်းရှိပြီး စက်ချုပ်လုပ်သားနဲ့ တစ်ခြားအလုပ်သမား စုစုပေါင်း (၄၀၀)လောက် ရှိနေပါတယ်။ လုပ်ငန်းခွင်တွင်းမှာ ဆဲဆိုတာ၊ ဖိအားပေး ခိုင်းစေတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။

ဟင်းသီးဟင်းရွက်ကုန်စိမ်းဈေးကွက်မှာ ကုန်အဝင်နည်းလာပြီး ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတယ်လို့ သီရိမင်္ဂလာဈေးမှာ ဖွင့်လှစ်ထားတဲ့ ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

အခြေခံပြည်သူအများစု အသုံးပြုနေတဲ့ စားအုန်းဆီဟာ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိသာကို  (၅၃၇၀)ကျပ်သာ သတ်မှတ်ထားပေမယ့် ဈေးကွက်တွင်းမှာတော့ တစ်ပိသာကို (၁၂၀၀၀)ကျပ်ထိ ပေါက်ဈေးရှိနေပါတယ်။

မြန်မာအလုပ်သမား (၁၅၀၀)ခန့် သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် ဂျပန်နိုင်ငံက ကုမ္ပဏီ (၃၆၉)ဆီက အလုပ်ကမ်းလှမ်းစာ ရရှိထားတယ်လို့ မြန်မာသံရုံး၊ တိုကျိုက ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ အမျိုးသားလုပ်သား (၅၀၀)ကျော်၊ အမျိုးသမီး အလုပ်သမား (၁၀၀၀)ကျော် ခေါ်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ ရပ်ထားတဲ့ ထော်လာဂျီနဲ့ သဲတင်ကားပေါ် ဓာတ်ကြိုးပျက်ကျကာ ကားမီးလောင်ပြီး ကလေးငယ်တစ်ဦး အပါအဝင်သုံးဦး သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်ဟာ ဇွန်လ(၁၇)ရက် နံနက်(၈)နာရီ မိနစ် (၂၀)ခန့်မှာ ဖြစ်ပွားခဲ့ပြီး အသက်(၃)နှစ်အရွယ် ကလေးနဲ့ ဖခင်ဖြစ်သူအပြင် အမျိုးသားတစ်ဦး စုစုပေါင်း (၃)ဦး သေးဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အောင်ဘာလေထီကံစမ်းသူ နည်းပါးလားပြီး ဆုကြေးငွေနဲ့ ဆုအရေအတွက်ကို လျော့ချပြီး ရောင်းနေရသလို ဆုကြေးငွေလာရောက်ထုတ်ယူတာမရှိတဲ့ ဆုကြေးတွေကို ဘဏ္ဍာအဖြစ်သိမ်းယူမယ်လို့ ဆိုပါတယ်။ 

ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ မိသားစုကိုငွေကြေးပေးပို့ရာမှာ လစာရဲ့ (၂၅) ရာခိုင်နှုန်းကို ဘဏ်ကတစ်ဆင့် တရားဝင်ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေကို ပို့ဆောင်ပေးတဲ့ အေဂျင်စီတွေကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို တင်ပြဖို့ အေဂျင်စီတွေကို အကြောင်းကြားထားပါတယ်။

He MeT အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။တနင်္ဂနွေနေ့တွေမှာပါ ဖိအားပေးပြီး အချိန်ပိုဆင်းခိုင်းပေမယ့် အချိန်ပိုကြေး တောင်းရခက်တာ၊ အသက်(၁၈)နှစ်မပြည့်သေးတဲ့ အလုပ်သမားတွေ ခိုင်းစေတာ၊ လုပ်ငန်းခွင်ထဲမှာ ဆဲဆိုတာ၊ ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့်မပေးတာတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဇွန်လ ၁၈

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တွေထဲက အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို စစ်ဆေးရာမှာ တစ်ပတ်အတွင်း မြန်မာအလုပ်သမားနှစ်သောင်းကျော် စစ်ဆေးခံခဲ့ရပြီး အထောက်အထား မပြည့်စုံသူ အလုပ်သမား (၁၉၀) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

PK Myanmar (ပဲခူး) စက်ရုံမှာ နားရက်မပေးဘဲ အချိန်ပိုတွေ ဆက်တိုက်ခေါ်ယူနေပါတယ်။ ဒီစက်ရုံမှာ LL Bean အိတ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ အစ်နေ့မှာလည်း အလုပ်သမား (၄၀၀) ကျော်ကို အချိန်ပိုခေါ်ယူခဲ့ပါတယ်။ ဒီလိုအများပြည်သူရုံးပိတ်ရက်တွေမှာ အချိန်ပိုအလုပ်ဆင်းဖို့ကို အတင်းအကြပ် ဖိအားပေးပြီး လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတာတွေလည်း လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

HERMITE အရုပ်အမွှေးပွစက်ရုံမှာလည်း အချိန်ပိုတွေကို ည(၉)နာရီခွဲကျော်တဲ့အထိ ခေါ်ယူနေပြီး တစ်ချို့ရက်တွေ မှာ ညလုံးပေါက် အလုပ်ခိုင်းစေတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  အချိန်ပိုတွေကို ဖိအားပေးကာ အဓမ္မခိုင်းစေနေပြီး မဆင်းချင်တဲ့သူတွေကို ရုံးပေါ်တက်ကာ ဖြေရှင်းချက်ပေးခိုင်းတယ်လို့ သိရပါတယ်။ စက်ရုံကို လုပ်သားအင်အား တစ်ထောင်ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး အချိန်ပိုမဆင်းနိုင်ရင် ရာထူးချတာ၊ ဌာနပြောင်းတာတွေလည်း လုပ်ဆောင်နေပါတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပြည်တွင်းမှာ ရောင်းချနေတဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်လာတာကြောင့် တစ်ပတ်ရစ်ပစ္စည်းအဟောင်းတွေကို ဝယ်ယူအသုံးပြုသူ များပြားလာပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမား (၅၀)ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရန်ကျင်းမြို့ စီမံမြို့သစ်စက်မှုဇုန် အမှတ် ၂ မှာဖွင့်လှစ်ထားတဲ့ Ying Jiang. ShiShang Co, Ltd မှာ မြန်မာအလုပ်သမား ၉၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေပြီး အထည်စံချိန်အလွန် အကျွံတောင်းခံခိုင်းစေနေတယ်လို့ သိရပါတယ်။ အထည်စံချိန်ကို အလုပ်ချိန်အတွင်း အသည်းအသန်ချုပ်ပေမဲ့ မပြည့်နိုင်တာကြောင့် ည ၁၀ နာရီ ခန့်ထိ ညတိုင်းနီးပါး အခမဲ့ချုပ်လုပ်ပေးနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

ဇွန်လ ၁၉

၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်ဟာ မြန်မာပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့် မွေးနေ့ရက်ပဲ ဖြစ်ပါတယ်။ လူထုခေါင်းဆောင်ရဲ့ မွေးနေ့ကို အမှတ်ရနေတဲ့အနေနဲ့ မြို့နယ်အသီးသီးက ပြည်သူတွေဟာ ပန်းများပန်ဆင်ပြီး ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြ ပါတယ်။ 

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။

ဇွန်လ (၁၉) ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့် မွေးနေ့ရက်မှာ ပြည်သူအများစုဟာ ပန်းပန်ပြီး ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအနီးမှာတော့ ပန်းပန်သူ မိန်းကလေးနှစ်ဦးကို ပန်းသပိတ်ပါဝင်ဆင်နွှဲတယ်လို့ဆိုကာ စစ်ကောင်စီတပ်သားတွေက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ(၅၀၅)နဲ့ နေ့လည်(၁၂)နာရီ ဝန်းကျင်ခန့်မှာ ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ထောက်ခံတဲ့လှုပ်ရှားမှုကို နယ်သာလန်လူထုက မေလ(၁)ရက်မှာ စတင်ပြုလုပ်နေပါတယ်။ကိုသက်နှင်းအောင်ကို ၂၀၂၁ခုနှစ် ဇွန်လမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ (၁၇)နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်(၂)နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် ဇွန်လ(၂၆) ရက်မှာ ထောင်ကပြန်လည်လွှတ်မြောက်ခဲ့ပေမယ့် (၅)လအကြာမှာ ပြန်လည်ပျောက်ဆုံးခဲ့ပြီး စစ်ကောင်စီက ၅၂/က နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ  ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ကို  မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာနှင့် ကံမရွာကြားမှာ  စစ်တပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော်မူသွားတယ်လို့  ပဲခူးမြို့ခံသံဃာအသိုင်းအဝိုင်းက ပြောပါတယ်။  အန္တိမအဂ္ဂိစျာပနကို  ဇွန်လ ၂၇ ရက် မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၀

ရန်ကုန်မြို့က စက်ရုံ၊ အလုပ်ရုံတွေမှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမား ခေါ်ယူခိုင်းစေတာတွေ ပိုမိုမြင့်တက်လာပြီး လုပ်အားခခေါင်းပုံဖြတ်တာတွေလည်း ပိုမိုပြုလုပ်လာတယ်လို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေဆီက သိရပါတယ်။ ပြည်တွင်းမှာ လုပ်သားရှားပါးမှု ပြဿာနာကြောင့် ကလေးလုပ်သားတွေ ပိုမိုခေါ်ယူလာရတာဖြစ်ပြီး လူကြီးအလုပ်သမားတွေနည်းတူ ခိုင်းစေခံနေရတာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သ‌င်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားကာ မြန်မာသ‌င်္ဘောသား အလုပ်သမားတစ်ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေဆီက သိရပါတယ်။ 

ပြည်တွင်းမှာ ကုန်ဈေးနှုန်းမတည်ငြိမ်တာ၊ မြင့်တက်တာတွေကြောင့် ဝင်ငွေနည်းတဲ့ ပြည်သူတွေနဲ့ ပုံသေလစာရရှိနေတဲ့ဝန်ထမ်းတွေ အဓိကထိခိုက်နေတယ်လို့ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလကတည်းက ပြည်တွင်းမှာ ကုန်ဈေးနှုန်းဟာ အဆမတန် မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ဆန်နဲ့ဆေးဝါး ဈေးနှုန်းတွေ တည်ငြိမ်ဖို့ နေပြည်တော်နယ်မြေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီး က ဆန်နဲ့ ဆေး သိုလှောင်ရုံတွေအပြင် အရောင်းဆိုင်တွေကိုပါ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဇွန်လ (၂၀) ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြလာပါတယ်။

မြန်မာနိုင်ငံအပါအဝင် ဆူဒန်၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ၊ ကွန်ဂိုနိုင်ငံတွေနဲ့ တစ်ခြားဒေသတွေမှာ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ မတည်မငြိမ်ဖြစ်မှုတွေကြောင့် လူဦးရေအများအပြားဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးက ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒုက္ခသည် ၄၃.၅ သန်း အပါအဝင် လူပေါင်း သန်း ၁၂၀ ကျော်ဟာ အတင်းအကြပ် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ပြောဆိုထား ပါတယ်။

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မှာရှိတဲ့  NorthShore Group အထည်ချုပ်စက်ရုံမှာ  အလုပ်သမားဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ အများပြည်သူအလုပ်ပိတ်ရက်အား OT အတင်းကြပ်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ 

မိုးတွင်းကာလ တုပ်ကွေးရာသီချိန်မှာ အိမ်သုံးဆေးဝါးတွေ ဈေးကြီးလာလို့ လက်လုပ်လက်စား လူတန်းစားတွေ ဆေးဝယ်သောက်ဖို့တောင် အခက်အခဲ ရှိလာပါတယ်။ ရာသီဥတု အကူးအပြောင်းကြောင့် တုပ်ကွေးဖျားနာတွေ အဖြစ်များလာဖြစ်ပြီး ဖျားနာကိုက်ခဲပျောက်ဆေးတွေက အရင်ဈေးထက် နှစ်ဆနီးပါး မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြိုနယ်က H&M အမှတ်တံဆိပ်ချုပ် Hengda အထည်ချုပ်စက်ရုံမှာ  သင်္ကြန်ကာလ ပြီးကတည်းက နေ့စဉ်  အချိန်ပို ၃ နာရီ လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ ဇွန်လမှာလည်း ရက်သတ္တပတ် အလုပ်ပိတ်ရက်တွေနဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေပါ  အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၁၈ ရပ်ကွက်၊ ရေပြာလမ်း ၊အမှတ် - ရှိ  Kingsrich (MYANMAR) Fashion Limited မှာ၀င်ရောက်လုပ်ကိုင်နေကြတဲ့  အလုပ်သမားတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရလို့ ဒေးကြေးတိုး ပေးဖို့ စက်ရုံအတွင်းဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့တဲ့အပေါ်  အလုပ်ရှင်ဘက်က တောင်းဆိုမှုကိုလိုက်လျောတယ်လို့ သဘောတူခဲ့ပေမဲ့ အမှန်တကယ် လုပ်ခတိုးပေးခြင်းမရှိဘူးလို့ သိရပါတယ်။ 

ဇွန်လ ၂၁

မြန်မာနိုင်ငံ မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေ အရှိန်အဟုန်နဲ့  တိုးလာနေတဲ့ အတွက် မြန်မာနိုင်ငံသားတွေနဲ့ နယ်စပ်ရှိဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူညီပေးနိုင်ရန် ဥရောပ သမဂ္ဂ (EU) က ယူရို ၁၅ သန်း ထပ်မံပံ့ပိုးသွားမယ်လို့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထားလက်မှတ် (Certificate of Identity = CI)) စာအုပ်ထုတ်ပေးရေးရုံး ၈ ခုအနက် မြန်မာစခန်းနှစ်ခုကို ပိတ်သိမ်းလိုက်တယ်လို့  သိရပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက် ကနေ ၁၅ ရက် အထိ တနိုင်ငံလုံးအတိုင်းအတာ နဲ့ ကောက်ယူမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါ တယ်။ 

စားအုန်းဆီအခြေခံရည်ညွှန်းဈေးကို တစ်ပိဿာလျင်ကျပ် ၅၃၇ဝ ဖြစ်တယ်လို့သတ်မှတ်ထားပေမဲ့   စားအုန်းဆီဈေးနှုန်း ပြင်ပပေါက်ဈေး တွင် တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင်ကျော်သို့ ရောက်ရှိနေ ပြီဖြစ်တယ်လို့ စားအုန်းဆီသုံးစွဲနေတဲ့  ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခများနှင့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများပြားလာရာ ယခု ၃ ရက်အတွင်း  တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဇွန်လ ၂၂

လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက  “ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ ” စာသားကိုင်ဆောင်ဆောင်ပြီး ဇွန် (၂၁) ရက်က အာဏာရှင်ဆန့်ကျင်ရေး  ချီတက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။   

မြန်မာနိုင်ငံမှာ "တိုင်းရင်းသား" ၁၃၅ မျိုး သတ်မှတ်ထားတာဟာ ဘယ်လိုကနေ ဘယ်လိုဖြစ်လာသလဲ။ ခေတ်အဆက်ဆက် ဘယ်လို အာဏာရှင်တွေ အသုံးချခဲ့သလဲ။ တိုင်းရင်းသား/နိုင်ငံတနိုင်ငံမှာရှိတဲ့ လူမျိုးစုတွေကို သတ်မှတ်ကောက်ယူရာမှာ ဘယ်လို ပညာရပ်ဆိုင်ရာ စနစ်တွေကို အခြေခံသင့်သလဲ။ မြန်မာနိုင်ငံမှာ ပြောပြောနေတဲ့ "တိုင်းရင်းသား"ဆိုတာဟာ အဲဒီလို စနစ်တကျ ကောက်ယူသတ်မှတ်ခဲ့တာလား။ "တိုင်းရင်းသား ၁၃၅ မျိုး"ဆိုတဲ့ နေဝင်းထားခဲ့တဲ့ အမွေဆိုးဟာ လက်ရှိမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ သက်ဆိုးရှည်နေတုန်းပဲလား။
ဒီအကြောင်းတွေကို ဗမာ့ပြည်တွင်းစစ်ပြတိုက် (Burma Civil War Museum) တည်ထောင်သူ ကိုရဲဟိန်းအောင်က အဓိကာရမှာ လာရောက်ဆွေးနွေးခဲ့ပါတယ်။

အခုဖော်ပြခဲ့တာကတော့ Myanmar Labour News ရဲ့ တပတ်တာ သတင်းအနှစ်အချုပ်အစီအစဉ်ပဲဖြစ်ပါတယ်။
စုစည်းတင်ဆက်သူကတော့ မမဖြစ်ပါတယ်။

 


Related posts

Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024
Cover
ဩဂုတ်လ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 11, 2024
Cover
ဩဂုတ်လ ဒုတိယတပတ်တာ ရွှေဈေး ငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Aug 11, 2024
Cover
ဩဂုတ်လ ပထမပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 04, 2024