NEWS

ဇူလိုင် စတုတ္ထပတ် ကုန်ဈေးနှုန်းသတင်းများ စုစည်းမှု

CoverLogo
134 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ ဇူလိုင် ၂၂ ရက်ကနေ ဇူလိုင်၂၈ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇူလိုင်၂၂ ရက်နေ့ကနေ ဇူလိုင်၂၅ရက်နေ့အထိ  စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ  ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ  ၂၈၀၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ   ၂၄၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ   ၂၈၃၅ ကျပ်ဖြစ်ပြီး ဇူလိုင် ၂၆ရက်နေ့မှာတော့ ၉၂ တစ်လီတာ   ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာ  ၂၇၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ   ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ   ၂၇၇၀ ကျပ်ဖြစ်တာကြောင့် ယခင်ကထက်အနည်းငယ်ပြန်လည်ကျဆင်း လာခဲ့တာဖြစ်ပါတယ်။
 
အနှေးယာဉ်လုပ်သားများအနေနဲ့ကတော့  ကြုံသလို၀ယ်ရတဲ့ ပြင်ပပေါက်ဈေးမှာတော့ ၉၂အောက်တိန်းတစ်လီတာဗူးတစ်ဗူးလျှင် ၃၀၀၀ ကေန  ၃၂၀၀ အထိပေး၀ယ်နေရတယ်လို့လည်း  ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများထံက  သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇူလိုင်၂၂ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၉၅  ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ၄၆ သိန်း ၃ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

ဇူလိုင်၂၃ ရက်နဲ့ ဇူလိုင်၂၄ ရက်မှာ လည်း ၄၆ သိန်း ၅ သောင်းကျော်ဖြစ်လာပြီး  ဇူလိုင်၂၅ရက်နေ့မှာတော့ ၄၆ သိန်း ၈ သောင်းကျော်ဖြစ်လာကာ ဇူလိုင်၂၆ရက်မှ ဇူလိုင်၂၈ရက်နေ့အထိကိုတော့  ၄၅သိန်း၉ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတာတွေ့ရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့  ဇူလိုင်၂၂ရက်နဲ့၂၃ရက်နေ့ရဲ့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉ သိန်းအထိရှိခဲ့ကာ  ဇူလိုင်၂၄ရက်နေ့မှာတော့ ၅၉သိန်း ၈ သောင်း အထိရှိနေခဲ့တာဖြစ်ပြီး ဇူလိုင်၂၅ရက်နေ့မှာ ကျပ်သိန်း၆၀ ၀န်းကျင်အထိရောက်ရှိလာခဲ့ပြီး  ဇူလိုင်၂၆ရက် ၂၇ရက်နဲ့ ၂၈ရက်နေ့တွေမှာတော့ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၆၀ အထက်သို့ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။   

ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ  ဇူလိုင်၂၂ ရက်မှာ ၄၈၄ဝ ကျပ် ဖြစ်ပြီး ဇူလိုင်၂၃ရက်မှာ ၄၉၀၀ကျပ်၊ ဇူလိုင်၂၄ရက်နေ့မှာ ၄၉၈၀ ကျပ်ဖြစ်ကာ ဇူလိုင်၂၅ ရက်မှာ ၅၀၀၀ ကျပ်အထိဖြစ်လာတဲ့အပြင် ဇူလိုင်၂၆ရက်နေ့ရဲ့ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၅၀၀၀ အထက်သို့ရောက်ရှိလာခဲ့ပြီး မှ  ဇူလိုင်၂၇ရက်နဲ့ ၂၈ရက်နေ့မှာတော့  ၅၁၅၀ အထိဖြစ်လာခဲ့တာဖြစ်ပါတယ်။  

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။  ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေခဲ့ရာကနေ ယခုအခါ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းတွေကြောင့် ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၆၀ ကနေ ယခုအခါ ၃၃၇၄ အထိ ဈေးနှုန်းပြင်ဆင်သတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀  ကျော်အထိဈေးနှုန်းမြှင့်တင်ဖြတ်နေတာလို့ သိရပါတယ်။ 

ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၃၀ ကနေ ၁၄၀ ကျပ်အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ ဇူလိုင်၂၂ရက်မှ ဇူလိုင်၂၈ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၄၆၀ ကျပ်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀  ကနေ ၁၄၀၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ ဆယ်ပိဿာယူ တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ နှုန်းအထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပ ပေါက်ဈေးဟာ တစ်ပိဿာလျှင် ၁၂၀၀၀ ကနေ  ၁၃၅၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးစွဲ သူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်လျော့နည်းလာခဲ့တဲ့အပြင်ပြည်ပမှ စားဆီ၀ယ်ယူရခက်ခဲမှုနဲ့ဈေးအဆမတန်ကွာဟမှုကြောင့် ဈေးသည်များလည်းအခက်တွေ့ရသလို ပြည်သူများလည်းဈေးကြီးသာပေး၀ယ်ရတယ်လို့ သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်တစ်ပြည် ၆၀၀၀ အထက်ပေးစားမှသာ စားလို့ဖြစ်တဲ့အနေအထားတစ်ခုရကာ ၆၀၀၀ အောက်ဈေးသက်သာတဲ့ဆန်ကို၀ယ်ယူပါက စားမဖြစ်လောက်တဲ့အထိဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ နဲ့အထက်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅၀၀၀ ကျပ်၊  ပဲလွန်းတစ်စည်း ၈၀၀ မှ ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊ သခွားသီး ၃၀၀ မှ ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀မှ၅၀၀ကျပ်၊  ဘဲဥတစ်လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၀၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသား၊ ၀က်သား နဲ့ ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၂၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀နဲ့ အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အသုံးအဆောင်တွေကိုသာ ရွေးချယ်သုံးစွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ဟာလည်း  လက်ရှိဒေါ်လာပေါက်ဈေးအရ အလုပ်သမားတစ်ယောက်ရဲ့တစ်နေ့လုပ်ခလစာဟာ အခြေခံ သုံးဒေါ်လာကနေစတင်တယ်ဆိုမှာလက်ရှိမှာ တစ်ဒေါ်လာတောင်အပြည့်မရတော့တဲ့ အနေအထားဖြစ်လာလို့  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က အခြေခံလစာ နှစ်သိန်း ရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့ လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ ကျော်ကျော်လောက်သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ  လုံခြုံမှုမရှိကာကွယ်မှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

ဇူလိုင်စတုတ္ထပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024