ARTICLE

ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ

CoverLogo
157 Views

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာဘဏ်ရဲ့ မြန်မာစီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရတော့ မြန်မာ့လူဦး ရေရဲ့ (၃၂)ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေ (၁၇)သန်းခွဲက ဆင်းရဲတွင်းထဲ ရောက်သွားပြီလို့ ဇွန်လ (၁၂) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတွေရဲ့ဆင်းရဲခက်ခဲမှုတွေဟာ ၂၀၁၅ခုနှစ်မှာ ရှိခဲ့တဲ့အခြေအနေကို ပြန်သွားနေ တာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်ကာလမတိုင်ခင်ကထက် ဆင်းရဲနွမ်းပါးသူ (၁၇)သန်းကျော် တိုးလာတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ငွေကြေးဖောင်းပွနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကြောင့်လည်း နိုင်ငံ အနှံ့မှာ ဆင်းရဲနွမ်းပါးနှုန်းဟာ ဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဒါဟာ ပြည်တွင်းကလူတွေ ပိုမိုခက်ခဲကြပ်တည်းလာတာကို မီးမောင်းထိုးပြနေတဲ့ အစီရင်ခံစာပါပဲ။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ဆင်းရဲမွဲတေမှုက ပြည်သူအများစုနဲ့ ရင်းနှီးလာရတာပဲဖြစ်ပြီး လက်ရှိမှာတော့ အခြေခံ ပြည်သူအများစုအတွက် နေ့စဉ်လူမှုဘဝတွေက ပိုမိုခက်ခဲလာပါတယ်။

ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာတာနဲ့အမျှ ပြည်သူတွေဟာ  အလုပ်လုပ်နေရင်းကို စားဝတ်နေရေးအခက် အခဲကို ရင်ဆိုင်လာရတာပဲ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က လည်ပတ်ခဲ့တဲ့ လူနေမှုပုံစံတွေဟာ အခုချိန်မှာ တော့ ထမင်းဝအောင်စားဖို့ကို ခက်ခဲလာတာပဲ ဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီကစပြီး အသားငါး၊ ဟင်းသီးဟင်းရွက်တွေပါ အရင်ကထက် နှစ်ဆ နီးပါးမြင့်တက်လာချိန်မှာ လုပ်ခလစာကတော့ တိုးမလာတာကလည်း အဓိကကျတဲ့ ပြဿာနာတစ်ခု ဖြစ်လာပါ တယ်။ 

ဒါ့အပြင် အာဏာသိမ်းပြီးချိန်မှာသာ ကောက်ခံလာတဲ့ ဧည့်စာရင်းကြေး၊ ကင်းကြေး၊ တပ်သားသစ် စုဆောင်းရေး ခေါင်းစဉ်အောက်က နည်းအမျိုးမျိုးနဲ့ တောင်းခံတဲ့ဆက်ကြေးစတာတွေက ပြည်သူတွေအတွက် ဖိအားတွေပါပဲ။ 

ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ နယ်မြေမအေးချမ်းတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ ဝယ်ယူသုံးစွဲ နေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်စတာတွေဟာ ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ ပစ္စည်းပြတ်လပ် တာတွေ မကြာခဏဆိုသလို ရှိလာပါတယ်။ 

ဒီလိုအခြေအနေတွေမှာ လိုအပ်သမျှကို တစ်ရက်ချင်းသာ ဝယ်ယူ စားသောက်ရတဲ့ အခြေခံလူတန်းစားပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေမှုတွေပဲ တိုးလာပါတယ်။

ဆင်းရဲမွဲတေမှု စံချိန်တင်မြင့်တက် 

ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာနေတဲ့  ပြည်သူ ၄၂ သန်းဟာ  ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နေရတာ သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ နီးစပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၁.၄) သန်းဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိပြီး အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုးသမီး ၂၉ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေ (၅၁.၄)သန်းမှာ ခန့်မှန်းချေအားနဲ့ တွက်မယ်ဆိုရင်တောင် (၄၂)သန်းက ဆင်းရဲမွဲတေနေတာပါ။

UNDP ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ သုံးနှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုမှာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ 

လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း (သို့) ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပေမယ့် မြန်မာနိုင်ငံဟာ အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးတယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်တွေကလည်း ရံပုံငွေ မလုံလောက်ဘဲ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါတွေဟာ နိုင်ငံတကာအဖွဲ့အစည်း တွေက ထုတ်ပြန်တဲ့ တွေ့ရှိချက်တွေပါပဲ။ 

ခိုင်မာတဲ့ ညွှန်းကိန်းတစ်ခုအနေနဲ့လည်း အခြေခံလူတန်းစားတွေရဲ့ ကျပ်တည်းမှုတွေကိုလည်း ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း ထုတ်ဖော်ပြောဆိုတာကို ဇွန်လ(၂၀)ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံပိုင် သတင်းစာထဲမှာတော့  ပြည်တွင်းမှာ ကုန်ဈေးနှုန်း မတည်ငြိမ် မြင့်တက်တာကြောင့် ဝင်ငွေနည်းပါးတဲ့ ပြည်သူ တွေနဲ့ ပုံသေလစာရရှိနေတဲ့ ဝန်ထမ်းတွေ အဓိက ထိခိုက်နေ တယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်တွေက ပြည်သူတွေ ရင်ဆိုင်နေရတဲ့  အခက်အခဲတွေကို ပြသနေတာပါပဲ။

ဆန်၊ ဆီနဲ့ ဆေးဝါးဈေးတွေ တည်ငြိမ်မှုရှိဖို့ ကွင်းဆင်းစစ်ဆေးတာတွေ၊ အရေးယူတာတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် လက်တွေမှာတော့ ပြည်သူတွေအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတော့ မရှိပါဘူး။ နောက်ဆက်တွဲ အခက်အခဲတွေကို ပြည်သူတွေ ဆက်လက်ရင်ဆိုင်နေရဖို့သာ ရှိနေပါတယ်။

ဆင်းရဲမွဲတေမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ကလေးလုပ်သားတွေ 

အခြေခံပြည်သူတွေအတွက် နေထိုင်စားသောက်နေရတဲ့ လူနေမှုစရိတ်တွေက နေ့စဉ်ဆိုသလို တိုးလာပြီး အခက် အခဲတွေ ရှိလာပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ မှန်ကန်တဲ့နည်းလမ်းကို လုပ်ဆောင်နိုင်မှု မရှိသေးပါဘူး။ 

ဆင်းရဲမွဲတေမှုကြောင့် ပြည်တွင်းမှာ ကလေးလုပ်သားတွေလည်း ပိုမိုများပြားလာပြီး အာဏာသိမ်းပြီးနောက် ကလေးလုပ်သား အသုံးပြုမှုဟာ အရင်ကထက် သိသိသာသာများလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေက ပြောဆိုထားပါတယ်။

ကလေးလုပ်သားတွေကို နိုင်ငံအတွင်းက စားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ကူ၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်တွေမှာ အများဆုံးအသုံးပြုနေကြပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လက ILO ရဲ့ထုတ်ပြန်ချက်မှာ  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှာ ကလေးအလုပ်သမားအများအပြားကို တွေ့ရပြီး တွေ့ဆုံမေးမြန်းမှုတွေအရ  အလုပ်လုပ်ကိုင်နေသူ ကလေးသူငယ် ၇၀ ရာခိုင်နှုန်းကျော်က မိသားစုငွေကြေးအခက်အခဲတွေကြောင့်  အလုပ်လုပ်ကိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

“အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက် သင်ယူလိုကြောင်း ပြောဆိုပါတယ်။

ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့စိတ်ဆန္ဒကို အလုပ်အကိုင်က ဘယ်လောက်အတိုင်းအတာအထိ အဟန့်အတားဖြစ်စေသလဲဆိုတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေက ဒီအခြေအနေ ကို ပိုမိုဆိုးရွားလာစေပါတယ်” လို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ပြောကြားထားပါတယ်။

ပြည်တွင်းမှာ ကလေးလုပ်သား ပပျောက်နိုင်ဖို့ စီမံချက်တွေ ချမှတ်ထားပေမယ့် ထိရောက်တဲ့ လုပ်ဆောင်ချက် ကတော့ အားနည်းနေ ပါတယ်။ လက်ရှိ နိုင်ငံအတွင်း စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လုပ်သားအင်အား ရှားပါးမှု သိသိသာ ဖြစ်ပေါ်နေတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုထားပြီး ဒီလိုရှားပါးမှုက ကလေးလုပ် သား ပိုမိုအသုံးပြုဖို့ လမ်းကြောင်းတခုလို ဖြစ်နေတာပါ။

မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ ဒဿမ ၁ သန်းကျော်ရှိတယ်လို့ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရသိရပြီး  လက်ရှိ ကလေးလုပ်သား အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း အမြောက်အများရှိနေပါတယ်။ 

ဒါတွေဟာ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေပါပဲ။ လုပ်ငန်းခွင်းကို ပိုမိုဝင်ရောက်လာတဲ့ ကလေးတွေ အလုပ်လုပ်ရင်း ငွေကြေးမလုံလောက်တော့တဲ့ မိသားစုတွေနဲ့ မြန်မာနိုင်ငံထဲက အသက်ရှုသံတွေက မွန်းကြပ်နေပါတယ်။

အဓမ္မဆပ်ကြေးပေးရခြင်း

ဆေးဈေးနှုန်းတွေ ပိုကြီးလာလို့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပိုဝေးလာတဲ့ ဘဝတွေ၊ မိုးတွင်းမှာ ကိုက်ခဲဖျားနာ ပျောက်ဆေးကိုတောင် အလွယ်တကူ ဝယ်မသောက်နိုင်တော့တာတွေက အောက်ခြေလူတန်းစားတွေရဲ့ လက်ရှိ အခြေအနေပါပဲ။

နေဖို့၊ စားဖို့တောင်အနိုင်နိုင်  ရုန်းကန်နေရသူတွေကို စစ်ကောင်စီရဲ့ လက်အောက်ခံတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေက ဖိအားနဲ့ ကောက်ခံနေတဲ့ အဓမ္မဆက်ကြေးတွေကလည်း ပြည်သူတွေအတွက် မတရားသဖြင့် ဖိနှိပ်ခံနေရတာပါပဲ။

တစ်ပတ်တစ်ခါတိုင်ရတိုင်း ငွေပေးရတဲ့ ဧည့်စာရင်းကြေးတွေ၊ ဈေးခဏခဏတက်နေတဲ့ ဧည့်စာရင်း စာအုပ်ဖိုး တွေ၊ လစဉ်ကင်းကြေးနဲ့ စစ်သားစုဆောင်းတာနဲ့ ပတ်သက်ပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်ခံတဲ့ဆက်ကြေးတွေ ကလည်း ထမင်းဝအောင်စားရဖို့ထက်ကို ပိုအလေးထားနေရတာပါပဲ။

တုပ်တုပ်မျှမလှုပ်တဲ့ အနည်းဆုံးလုပ်ခ

လုပ်ခလစာနဲ့ လူနေမှုစရိတ်တွေ ကွာဟချက်က ပိုတိုးလာနေပေမယ့် လုပ်ခလစာ တိုးပေးဖို့၊ စားဖို့ လုံလောက် အောင်ပေးဖို့ကိုတော့ အလုပ်ရှင်ရော ၊ အလုပ်သမားဝန်ကြီးဌာနကပါ မျက်ကွယ်ပြုနေပါတယ်။ 

အလုပ်လုပ်ရင်း ငတ်တော့မယ့်ဘဝတွေကို အကာအကွယ်ပေးမယ့် အုပ်ချုပ်သူလူတန်းစားကတော့ လက်ရှိမှာ ပျောက်ကွယ်နေ ပါတယ်။

ပြည်တွင်းကလူတွေရဲ့ ဆင်းရဲမွဲတေမှုတွေ၊ အငတ်ဘေးဆိုက်တော့မယ်လို့ ထည့်မရေးတာဘဲ ကျန်တော့မယ့် နိုင်ငံတကာစစ်တမ်းတွေက ဆက်တိုက်ဆိုသလို ထွက်နေပေမယ့် အုပ်ချုပ်သူတွေကတော့ ပြည်တွင်းကလူတွေနဲ့ မသက်ဆိုင်သလိုပဲ ရှိနေပါတယ်။ 

ဒါဟာ  မြန်မာနိုင်ငံထဲကလူတွေရဲ့ လှုပ်ရင်းမြှုပ်နေရတဲ့ဘဝတွေ ကယ်သူမဲ့နေတဲ့ အခြေအနေဆိုတာကိုပဲ နိုင်ငံတကာက မီးမောင်းထိုးပြနေတာကို ထပ်လောင်းတင်ပြလိုက်ပါတယ်။


Related posts

Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
“စစ်ရှောင်သောက”
Aug 23, 2024
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာ ၂
Aug 19, 2024
Cover
ဆီ.. ဆီ..၊ ကုန်ဈေးနှုန်း ၊ ကျပ်တထောင်
Aug 18, 2024
Cover
အလုပ်သမားတွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ
Aug 16, 2024
Cover
ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု
Aug 03, 2024
Cover
ခါးသီးသော နေ့ရက်များ
Jul 29, 2024
Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024