“သူများတွေ လမ်းပေါ်ထွက်နေချိန်မှာ ကျွန်မတို့ လမ်းပေါ်ထွက် ဆန္ဒပြတာနဲ့ စစ်တပ်လက်အပ်ခံရတာပဲ”လို့ အာဏာသိမ်းပြီးခါစချိန်မှာ သူတို့တွေ့ကြုံရတဲ့ အခြေအနေကို မဝင်းမာ (အမည်လွှဲ) က ပြောပါတယ်။
သူကတော့ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့သူပါ။ အာဏာသိမ်းပြီးနောက်ပိုင်း လမ်းမထက်က သူရဲကောင်းတစ်ဦးဖြစ်လာတဲ့သူဟာ ဆန္ဒပြတဲ့စုရပ်တိုင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တွန်းလှန်နေချိန်မှာ ဆန္ဒပြပွဲထဲပါလို့ စစ်တပ်က နေအိမ်တွေကို လိုက်လံစုံစမ်းခံရတဲ့ အလုပ်သမားတွေထဲမှာ သူလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
“သူများတွေ လွတ်လွတ်လပ်လပ် ဆန္ဒပြနေချိန်မှာတောင် ကျွန်မတို့ အလုပ်သမားတွေက ဆန္ဒပြပွဲတွေမှာ မပါဖို့ စက်ရုံတွေဘက်က ခြိမ်းခြောက်တာ ခံရတယ်။ သူတို့ကပြောမရရင် စစ်တပ်ကို နာမည်စာရင်းပေးတယ်။ တော်တော်များများ ကြုံရပါတယ်”လို့ မဝင်းမာက ပြောပါတယ်။
ဒါက သူတို့အတွက် လုပ်ငန်းရှင်တွေဘက်က စစ်တပ်ကို စတင်အသုံးပြုခဲ့တဲ့ လုပ်ရပ်တွေပါပဲ။
လက်ရှိအခြေအနေမှာတော့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေအနေနဲ့တောင်းဆိုမှုတစ်စုံတစ်ရာပြုလုပ်ပါက စစ်တပ်ခေါ်ကာ အလုပ်သမားတွေကို ခြိမ်းခြောက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
ဥပဒေစာအုပ်ပါ ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေကို ဆန္ဒပြတောင်းဆိုနေရဆဲဖြစ်တဲ့ အလုပ်သမားထုအတွက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာအလုပ်သမား ဥပဒေဆိုတာ စာအုပ်ပါပြဌာန်းချက်တစ်ရပ်ပဲ ဖြစ်လာပါတော့တယ်။
မြန်မာပြည်တွင်းက အလုပ်သမားထုအခွင့်အရေးအတွက် ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအစရှိတဲ့ ဥပဒေ(၁၅)ခုနဲ့ နည်းဥပဒေ (၉)ခုကို ပြဌာန်းထားပေမယ့် ဥပဒေရဲ့ အကာအကွယ်ဖြစ်မှုကတော့ လက်ရှိအချိန်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
စစ်အာဏာမသိမ်းခင်က စက်ရုံတွင်းမှာ တောင်းဆိုမှုတွေလုပ်ဆောင်ခဲ့တဲ့ စက်ရုံသမဂ္ဂတွေဟာလည်း လုပ်ငန်းခွင် တွင်း အကြောင်းပြချက်မျိုးစုံနဲ့ အလုပ်ထုတ်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေကြောင့် ဆက်လက်ရပ်တည် နိုင်မှုမရှိသလောက် ဖြစ်လာပါတယ်။
ဒီအခြေအနေတွေကလည်း လုပ်ငန်းရှင်တွေ လုပ်ဆောင်လာတဲ့ အာဏာသိမ်းပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။
“ကျွန်မတို့စက်ရုံကတော့ WCC ကော၊ သမဂ္ဂကော ရှိပါတယ်။ ဒါပေမယ့် စက်ရုံမှူးနဲ့၊ All Super က ဦးဆောင်လုပ် တာဆိုတော့ ဘာမှတော့ မထူးဘူး”လို့ အလုပ်သမားတစ်ဦးက နာမည်ခံ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေအကြောင်းကို ပြောဆိုပါတယ်။
ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေအရ အလုပ်ပိတ်ရက်တွေ၊ ခွင့်ရက်ခံစားခွင့်တွေ၊ အချိန်ပိုကြေးတွေ ရရှိနိုင်မှာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုဆင်းရတာ၊ ခွင့်ရက်ရယူဖို့ ခက်ခဲတာနဲ့ အချိန်ပိုနာရီတွေကို ငြင်းဆန်ခွင့် မရှိတာက အလုပ်သမားတိုင်းလိုလို တွေ့ကြုံနေရပါတယ်။
“အခုဆို အများပြည်သူ ရုံးပိတ်ရက်တွေ၊ တနင်္ဂနွေပိတ်ရက်တွေဆိုလည်း စက်ရုံဘက်က အချိန်ပိုခေါ်ချင်တိုင်း ခေါ်နေတာပဲ။ မဆင်းလို့မရဘူးကို ဖြစ်နေတာ”လို့ H&M အမှတ်တံဆိပ် ချုပ်နေရတဲ့ အလုပ်သမားတစ်ဦးက ဥပဒေမဲ့ ခေါ်ယူနေတဲ့ အချိန်ပိုအလုပ်ချိန်တွေအကြောင်း ပြောပါတယ်။
လက်ရှိမှာတော့ အချိန်ပိုခေါ်ယူတာတွေဟာ တစ်ပတ်တာလုံးရှိလာသလို ညလုံးပေါက် အလုပ်ဆင်းခိုင်းတဲ့ကိစ္စရပ်တွေကလည်း စက်ရုံတွေမှာ ပြန်လည်ဦးမော့လာပါ တယ်။
ဒါ့အပြင် ကလေးလုပ်သားတွေခိုင်းစေတာ၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အကြောင်းမဲ့အလုပ်ကထုတ်ပယ်တာ၊ ဥပဒေပါ ခွင့်ခံစားရက်တွေကို အပြည့်အဝ မပေးတာ၊ EC စာချုပ်ပါ အချက်တွေကို အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှု မရှိဘဲ ပြန်လည်ပြင်ဆင်တာတွေဟာလည်း စက်ရုံအလုပ်သမားတိုင်းလိုလို တွေ့ကြုံနေရတာပဲ ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်က အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက လမ်းပေါ်ထွက် ဆန္ဒပြတာတွေ၊ buyerတွေဆီ သတင်းအချက်အလက် ပေးပို့တာတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို တိုင်စာပေးပို့တာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီလုပ်ငန်းစဉ်တွေဟာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။
“အရင်ကဆို အလုပ်သမားအဖွဲ့တွေဆီ သွားတိုင်လို့ရတယ်။ အခုကျ အဖွဲ့တွေလည်း မရှိတော့ဘူး။ နောက်ပိုဆိုး တာက တစ်ခုခုဖြစ်တာနဲ့ အလုပ်ရှင်က စစ်တပ်ကို ခေါ်လိုက်တာပဲ။ အရင်ကဆို အလုပ်ရှင်၊ အလုပ်သမား ပြဿာနာတက်ရင် ဝန်ကြီးဌာနကလာတာ။ အခုကျ ဘာဖြစ်ဖြစ် စစ်တပ်ပဲ ရောက်လာတယ်”လို့ အထည်ချုပ် စက်ရုံ အလုပ်သမားတစ်ဦးက လတ်တလော ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေကို ပြောပါတယ်။
အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေ၊ အလုပ်ရှင်တွေ ခေါင်းပုံဖြတ်တဲ့ ကိစ္စရပ်တွေဟာ သတင်းဌာနတစ်ချို့နဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ချို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေပေမယ့် ဝန်ကြီးဌာနက ဥပဒေပါ ခံစားခွင့်တွေ အမှန်တကယ်ရရှိဖို့ ကြပ်မတ် နိုင်စွမ်းက အားနည်းလို့ နေပါတယ်။
ဒါ့အပြင်အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် တိုင်ကြားတာတွေ လုပ်ဆောင်ရင်လည်း တိုင်ကြားစာ လက်ခံဖို့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငြင်းဆန်တာ၊ ဦးစီးဌာနအချင်းချင်း အပြန်အလှန် လွှဲပြောင်း တာတွေ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေက စစ်အာဏာရှင်လက်ထက်မှာ အလုပ်သမား ဥပဒေ၊ အလုပ်သမားအခွင့်အရေးနဲ့ အလုပ်သမားဝန်ကြီးဌာနပါပျောက်ဆုံးနေပြီဆိုတာကို မီးမောင်းထိုးပြနေတာပါ။
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်အားကိုးနဲ့ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာတဲ့ လုပ်ငန်းရှင်တွေကို ဝန်ကြီးဌာနက မျက်ကွယ်ပြုနေသရွေ့တော့ ချိုးဖောက်မှုတွေက ဆက်လက်အမြစ်တွယ်နေဦးမှာပဲ ဖြစ်ပါတယ်။
#MyanmarLabourNews