ARTICLE

“စစ်ရှောင်သောက”

CoverLogo
171 Views

စစ်ဘေးရှောင်”ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံသားတွေနဲ့ မစိမ်းတော့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်နေပါပြီ။ 

မြန်မာပြည်က စစ်ဘေးရှောင်ပြည်သူတွေထဲက အချို့ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မိမိတို့ ဒေသတွင်းမှာပဲ တိမ်းရှောင်ကြပြီး တိုက်ပွဲတွေ ရပ်သွားပြီး ဘေးကင်းပြီလို့ ယူဆတာနဲ့ မိမိတို့ အိမ်ကိုပြန်လည် ဝင်ရောက်နေထိုင် သူတွေရှိသလို  စားဝတ်နေရေး အတွက်ပါ နေရပ်စွန့်ခွာပြီး မိသားစုလိုက်တိမ်းရှောင်ရတာမျိုးတွေလည်းရှိပါတယ်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာလာချိန်မှာ ပြည်တွင်းစစ်ဟာ နိုင်ငံရဲ့နေရာတော်တော်များများကို ပြန့်နှံ့ ရောက်ရှိလာချိန်မှာတော့ ပြည်မလို့ခေါ်တဲ့  ရန်ကုန်မြို့မှာ စစ်ရှောင်ရတဲ့ အရေအတွက်ကလည်း တိုးလာပါတယ်။ 

အရင်ကတော့ ပြည်တွင်းစစ်ဆိုတာ လက်နက်ကိုင် တိုင်းရင်းသားတွေ နေထိုင်ရာ အရပ်ဒေသတွေမှာပဲ ရှိခဲ့ပေမယ့် အခုဆိုရင်တော့ စစ်အာဏာရှင်ကို တော်လှန်တဲ့ နေရာတိုင်းမှာ ပျံ့နှံ့လောင်ကျွမ်းနေပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့်လည်း မိသားစုတစ်ချို့ဟာ စစ်ပွဲတွေမဖြစ်ခင်ကတည်းက မြို့ပြ ဒေသတွေကို ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိလာပါတယ်။

BNI- Myanmar Peace Monitor ရဲ့ မှတ်တမ်းအရတော့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်ကနေ ဇူလိုင်လ (၂) ရက်ထိ နှစ်ပတ်တအတွင်း ပြည်တွင်းစစ်မီးကြောင့် ရှမ်း၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရခိုင်ဒေသတွေက ပြည်သူ (၁၇,၉၀၀) ဦးခန်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်ကနေ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂) ရက်အထိ စစ်ဘေးကြောင့် ဘေးလွတ်ရာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ဟာ သုံးသန်းကျော်အထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေကို ရန်ကုန်ဒေသခံ တစ်ဦးဖြစ်တဲ့   "မငယ်ငယ်" က လည်း သူရဲ့ထင်မြင်ချက်နဲ့ ထောက်ခံပြောဆိုပါတယ်။ 

သူကတော့ရွှေပြည်သာမြို့နယ်မှာ မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးပါ။  မငယ်ငယ်ရဲ့ အမြင်အရတော့ မြို့နယ်ထဲကို စစ်ရှောင်ပြည်သူတွေ တစ်စတစ်စ ရောက်ရှိလာတာကို သတိထားမိလာပါတယ်။

ဘေးအိမ်ကိုတော့ ပြင်ဦးလွင်က ပြောင်းလာတာရှိတယ်။ အဖွားအိမ်ဆိုတော့ ဒီမှာပဲပြန်လာနေတာပေါ့။  ယောင်္ကျားက ကိုရီးယားမှာအလုပ်လုပ်တာဆိုတော့ ငွေကြေးတတ်နိုင်တော့ ကြိုရှောင်နေတဲ့ပုံစံပါ” လို့ သူက ဆိုပါတယ်။

သူတို့မိသားစုကတော့ ဒီအရပ်ဒေသမှာ နေထိုင်ဖူးသူတွေ ဖြစ်လို့ ကလေးငယ်သုံးဦးဟာ အတူပါရှိ လာပေမယ့်လည်း  ရာအိမ်မှူးကိုအသိပေးထားရုံနဲ့ အထူးတလည် လုပ်ဆောင်ရတာ မရှိဘူးလို့ တစ်ဆင့် ပြန်လည်ကြားသိချက်ကို ရှင်းပြပါတယ်။

မကြာသေးခင်က DVB သတင်းဌာနမှာ ရန်ကုန်ကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေကို ရာအိမ်မှူးနဲ့ လဝကတွေကတစ်ဆင့် စာရင်းတွေကောက် ဓာတ်ပုံတွေရိုက်ပြီး မြို့နယ်ထွေအုပ်၊ စရဖနဲ့ နယ်မြေခံတပ်တွေကို စာရင်းပေးပို့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

သတင်းဖော်ပြချက်မှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့ကနေ စစ်ဘေးရှောင်လာတဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုံးကိုခေါ်ယူပြီး လဝက ဦးစီးဌာနက စာရင်းကောက် ဓာတ်ပုံရိုက်ယူပြီး စာရင်းပို့နေတယ်လို့ ဆိုပါတယ်။ 

ဒီသတင်းတွေက စစ်ဘေးရှောင်တွေအတွက် စိတ်ပူပန်ရတဲ့ အခြေအနေတွေပါ။ 

ထပ်မံပြီး စစ်ဘေးရှောင်တွေ ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ ယူဆတဲ့ အဆောင်တွေနဲ့ တိုက်ခန်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေ အုပ်စုလိုက် ဧည့်စာရင်းစစ်နေတာမျိုးလည်းရှိနေပါတယ်။

"ဘယ်လိုပြောရမလဲ အသက်ရှူကျပ်တယ်၊ မြင်နေတွေ့နေရတာ ဘေးချင်းကပ်ရပ်က အဆောင်ဆိုတော့ ကားတွေ ၄ ၊ ၅ စီးနဲ့ ဧည့်စာရင်းဆိုပြီး စစ်တာလေ တထိတ်ထိတ်တလန့်လန့်နဲ့နေနေရတာ"လို့ ငယ်ငယ်ကပြောပါတယ်။

သူက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဆိုင်ခန်းလေးဖွင့်ထားလို့ ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကိုလည်း နားစွင့်နေရပါတယ်။

ပြည်တွင်းစစ်မီးဟာ ရန်ကုန် တိုင်းနဲ့ ကပ်ရပ်ဖြစ်တဲ့ တိုင်းဒေသကြီး နယ်နိမိတ် တွေကို ကူးစက် ပျံ့နှံ့နေပြီဖြစ်လို့  ဘေးကင်းတယ်လို့ ယူဆရတဲ့ ရန်ကုန်မြို့ကို စစ်ဘေးရှောင်တွေ ရောက်ရှိလာပြီး နောက်ပိုင်းမှာ သက်ရောက်မှု အများအပြားလည်း ရှိခဲ့ပါတယ်။ 

အိမ် ငှားခတွေ မြင့်တက်လာတာ၊ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တွေ ပြန်များလာတာနဲ့ လူဦးရေ ထူထပ်လာ တဲ့ အခြေအနေတွေလည်း ရှိလာပါတယ်။ အချို့ဆိုရင် နေရာကျဉ်းကျဉ်းလေးကို မျှဝေသုံးစွဲကြရသလို နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် ပြေလည်အောင် လုပ်ဆောင်ရတာမျိုးတွေလည်းရှိလာပါတယ်။

အစ်မတို့ဆိုင်ဘေးမှာလည်း ရခိုင်ဘက်က စစ်ရှောင်တွေ ရောက်လာတယ်။ လူကတော်တော်များတယ်။ လူနေ ဆိုင်ခန်းမှာ အိမ်ထောင်သည်တွေ၊ အပျိုတွေ၊ ကလေးတွေ စုနေကြတယ်။ ညဆိုလည်း အကုန်လုံး တန်းစီအိပ် ကြတယ်။ အဲဒီဆိုင်လေးမှာ ညစုအိပ်တယ်။ မနက်ဆို စက်ရုံဆင်းတဲ့သူ၊ ဈေးရောင်းဖို့ လုပ်တဲ့သူနဲ့ မိုးလင်းမိုးချုပ် သူတို့အသံတွေပဲ ကြားရတယ်။ နောက်ဆိုင်ခန်းတွေအတွက် ရေချိုးခန်းအိမ်သာသီးသန့်တွေ လုပ်ပေးထားပေမယ့် သူတို့က ကြုံတဲ့အခန်းတိုင်း လိုက်သုံးတယ်။ နောက်လူများတော့ အဝတ်လှမ်းတာမျိုးဆိုလည်း သူများအတွက် နေရာဆိုတာ သူတို့မကြည့်နိုင်တော့ဘူး။ သူတို့အလျင်မီအောင် အရင်လုပ်ကြတယ်။ ရန်ကုန်လို နေရာမျိုးမှာကျ ဒါမျိုးတွေက သိပ်အဆင်မပြေဘူးပေါ့။ ဒါပေမယ့် စစ်ရှောင်တွေဆိုတော့ သည်းခံကြရတယ်”လို့ ဆိုင်ခန်းဖွင့်လှစ် ရောင်းချသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒီလိုစစ်ဘေးရှောင်လာသူတွေနဲ့ ပတ်သက်ပြီး ပြည်သူအချင်းချင်း ဖေးမကူညီကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

နှိုးဆော်ချက်ထဲမှာတော့ စစ်ရှောင်တွေကို နွေးထွေးပျူငှာစွာ ဆက်ဆံပေးဖို့၊ အိမ်ငှားခ၊ အဆောင်ငှားရမ်းခတွေကို ဈေးလျှော့ပေးဖို့၊ နေထိုင်စားသောက်ရေး ကူညီပေးဖို့၊ စစ်ရှောင်ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ အပြုအမူ၊ အပြောအဆို၊ အရေးအသားတွေကို ရှောင်ရှားဖို့၊ စစ်ကောင်စီတပ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်ရှောင်တွေအပေါ် ကျူးလွန်ဖိနှိပ်တာတွေကို ဖော်ထုတ်သတင်းပေးဖို့ တိုက်တွန်းထားတာပဲ ဖြစ်ပါတယ်။

ဒီလို မေတ္တာရပ်ခံမှုတွေ ရှိနေပေမယ့် စစ်ရှောင်တွေ ဝင်ရောက်နေတဲ့ ရန်ကုန်မြို့ကြီးမှာ အိမ်ငှားခဈေးနှုန်းတွေ ကလည်း မြင့်တက်နေပြီး တစ်ချို့သောအိမ်ရှင်တွေကတော့ စစ်ရှောင်တွေကို မငှားလိုတဲ့ သဘောတွေလည်း ရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

အိမ်ဈေးတွေ တက်တာက စစ်ဘေးရှောင်တွေ များလာလို့ချည်းတော့ ပြောလို့မရဘူး။ အကုန်လုံးက ဈေးတက် နေတော့ အိမ်ငှားခတွေလည်း လိုက်တက်တာပေါ့နော်။ တစ်ချို့ကျတော့လည်း စစ်ရှောင်တွေမှန်းသိရင် ဈေးလေး ထိန်းပေးတယ်။ ဒါပေမယ့် နည်းပါတယ်။ နောက်တွေ့ရတာက တစ်ချို့က စစ်ရှောင်ဆို အခန်းမငှားချင်ဘူး။ သူတို့အပြောကတော့ ဘာမှန်းမသိတော့ နောက်ဆက်တွဲတွေ လာမှာစိုးတယ်တို့၊ နောက်ပြီး လူအရမ်းများလို့ မထားချင်ဘူး ပြောကြတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ မြို့နယ်အသီးသီးမှာတော့ စစ်ဘေးရှောင်တဲ့အနေနဲ့ ပြောင်းရွှေ့လာသူတွေ အများ အပြားရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တွေလည်း များလာတာပဲ ဖြစ်ပါတယ်။ 

အလုပ်ရှာဖွေသူ အရေအတွက်ဟာ ရရှိနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ မမျှတတဲ့အခါမှာလည်း ရန်ကုန်မြို့ကြီးမှာ အလုပ် အကိုင်ရရှိရေးကလည်း ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခု ဖြစ်လာပါတယ်။

စက်ရုံတွေကို အဓိကထားပြီး အလုပ်ရှာကြတယ်။ နောက်တစ်ခုက ကိုယ်နေတဲ့နေရာနားပေါ့နော်။ ကားအဝေးစီး ရမှာတို့၊ အလုပ်မှာနေရမှာတို့ဆို မလျှောက်ဖြစ်ဘူး။ နောက်ကိုယ့်အသိတွေ၊ ဇာတိကလူတွေရှိတဲ့ စက်ရုံတွေကို အဓိကထားပြီး အလုပ်လျှောက်တယ်။ အခုထိတော့ မထူးသေးဘူး”လို့ ရခိုင်ပြည်နယ်က ပြောင်းရွှေ့လာသူတစ်ဦး က ပြောပါတယ်။

ပြည်တွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်လျှောက်ထားရာမှာလည်း အခက်အခဲတွေ ရှိနေပြီး ငွေကြေး  ပိုမိုကုန်ကျနေတယ်လို့ ပြောပါတယ်။ 

လက်ရှိမှာ အလုပ်လျှောက်ထားရာမှာ ရပ်ကွက်၊ ရဲစခန်းစတဲ့ နေရာတွေက ထောက်ခံစာတွေပါ အမျိုးမျိုး တောင်းခံနေပြီး ငွေကြေးကုန်ကျမှု များနေတာပဲ ဖြစ်ပါတယ်။

အဓိကက ရပ်ကွက်ထောက်ခံစာပေါ့နော်။ သူတို့က ပြောင်းလာတဲ့နေရာက ထောက်ခံစာယူပေးပြောတယ်။ ထောက်ခံစာကို ဟိုမှာရှိတဲ့သူကို viber က တစ်ဆင့်ပို့ခိုင်းဖို့ ပြောတယ်။ ဒါကလည်း တကယ်ကျ အဆင်မပြေ ဘူးလေ။ အဲဒီတော့ ထောက်ခံစာကို ဆရာရယ် ကူညီပါဆိုပြီး တစ်သောင်းတန်ပေးပြီး အောက်ကျခံရတယ်။ နောက်ရဲစခန်းမှာလည်း ပေးရတယ်။ လေဘာကတ်မှာလည်း ပေးရတယ်။ အကုန်လုံးက အလှူငွေ ဆိုပြီးထည့် တော့ ကိုယ်လည်း ထည့်ရတာပေါ့။ နောက်ဓာတ်ပုံရိုက်ခတွေကလည်း ဈေးကြီးတယ်။ အလုပ်လျှောက်တော့ မူရင်းတွေ အကုန်ပေးရတယ်။ အလုပ်မခန့်ရင်လည်း ပြန်မပေးဘူးဆိုတော့ အလုပ်မရမချင်း အဲဒီစရိတ်တွေက မနည်းဘူး”လို့ သူက ဆိုပါတယ်။

ဒါဟာ ရွှေ့ပြောင်းလုပ်သားတွေ ကြုံနေရတဲ့ အခက်အခဲတချို့ဖြစ်ပြီး တစ်ချို့ကလည်း ဘာသာစကား အခက်အခဲ ကြောင့် အလုပ်မရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

နေရပ်ကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့နေထိုင်ရတယ်ဆိုတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ အများအပြား ရှိပါတယ်။ 

နေအိမ်၊ စီးပွားရေးလုပ်ငန်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ထားခဲ့ပြီး နေရာသစ်မှာ ပြန်လည်ရပ်တည်ရတာဟာ စစ်ဘေးရှောင်အများစုအတွက်တော့ စကားလုံးနဲ့ ဖော်မပြနိုင်တဲ့ အခက်အခဲတွေဖြစ်ပါတယ်။

ဘယ်လိုမှ မဖြစ်လွန်းလို့သာ ပြောင်းလာရတာ။ မနေချင်ဘူး။ နေဖို့၊ စားဖို့ကလည်း ဘယ်လောက်ထိ ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ မပြောတတ်ဘူး။ စိတ်ချမ်းသာရတာတစ်ခုက ဟိုမှာလို အချိန်ပြည့် ပစ်ခတ်သံတွေ၊ လေယာဉ်သံတွေ မကြားရတာပဲ ရှိတယ်။ နောက်စားစရိတ်ပေါ့နော်။ ဒီမှာလည်း ဈေးတက်တယ်ဆိုပေမယ့် ဟိုမှာလောက်တော့ မဆိုးသေးဘူး။ ဒါပေမယ့် ပုံမှန်ဝင်ငွေမရှိတော့ ရှိတာရောင်းစားတာကလည်း ဘယ်လောက် ထိ နေနိုင်မလဲ မသိဘူး”လို့ ရွှေပြည်သာမြို့နယ်မှာ ပြောင်းရွှေ့နေထိုင်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါ တယ်။

ဒါတွေဟာ ငွေကြေးအင်အား နည်းပါးတဲ့ စစ်ဘေးရှောင်မိသားစုတိုင်း တွေ့ကြုံနေကြရတဲ့ အခြေခံကျတဲ့ အခက် အခဲတွေပါ။ 

အချိန်ကာလအတိုင်းအတာတစ်ခုထိ ရှိလာပေမယ့် သူတို့ရဲ့ အခက်အခဲတွေဟာ လျော့နည်းလာတာ မရှိသေးပါဘူး။ ကုန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်နေတဲ့ ရန်ကုန်မြို့ကြီးမှာ စားဝတ်နေရေးအတွက် သက်ပြင်းချ သံတွေ၊ ညည်းတွားသံတွေဟာ စစ်ဘေးရှောင်လာ သူတွေကော၊ နယ်ခံတွေဆီကပါ ထွက်ပေါ်နေပါတယ်။ 

စားဝတ်နေရေးအတွက် လစဉ်ဝင်ငွေလိုအပ်နေပြီး အိမ်ရှိလူကုန်အလုပ်လုပ်မှ ထမင်းတနပ်အတွက် ဖြောင့်ဖြူးရမယ့်အရေးကို ယခင်ကတည်းက မြို့ပြမှာနေထိုင်တဲ့ လုပ်သားတွေ ရင်ဆိုင်နေရတာပါ။ 

အာဏာမသိမ်းခင်ကလည်း ပြည်မကြီးကို လာရောက်ပြီး ရွှေ့ပြောင်းလုပ်ကိုင်သူတွေလည်း နေရပ်ကမိဘတွေဆီကို သတ်မှတ်နှုန်းထားတစ်ခုသာ ပြန်ပို့နိုင်တာဖြစ်ပြီး ကိုယ်တိုင်ကတော့ အပိုအလျှံဆိုတာ စိတ်ကူးတောင် မယဉ်နိုင်ခဲ့ပါဘူး။ ဒီကာလမှာ စစ်ဘေးအတွက် မိသားစုလိုက် တိမ်းရှောင်ရတဲ့သူအတွက်တော့ အထူးပြောစရာကို မလိုတော့ပါဘူး။

"နေမထွက်ခင် အလုပ်သွား ညနက်မှအိမ်ပြန် တလလုံးနားရတယ်ကိုမရှိဘူး။ အဲ့တာတောင် ဆန်ဈေး ဆီဈေးက ကြီးလို့ ထမင်းကြမ်းကို ရေလုံပြုတ်ဟင်းနဲ့စားနေရတယ်။ အခြေအနေတွေကလည်း စက်သုံးဆီက မဝယ်ရတော့ဘူး။ ဆိုင်ကယ်ဖမ်းတာနဲ့တိုးလို့ စစ်သားတွေလု ပြီးကားပေါ်ဆွဲတင်သွားတာလည်း ကြုံရတယ်။ အခု ဘေးတွဲတို့ဘာတို့ စီးဖို့တောင် မတတ်နိုင်လို့ ခြေကျင်လျှောက်နေရတယ်"လို့ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသား အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် နိုင်ငံအဆင့်သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေကလည်း နည်းပါးလွန်းတာကြောင့် အလုပ်ချိန်ကို ပုံမှန်ထက် ၂ ဆ ကျော် တိုးပြီး လုပ်ကိုင်နေရလို့ ပင်ပန်းပြီး တနေ့တခြား မောဟိုက်လာနေပါတယ်။ 

"အစိုးရသတ်မှတ်တာတော့ ၆၈၀၀ ဖြစ်သွားပြီ အဲ့ ၆၈၀၀ က ဆန်တပြည်ဖိုးစာတောင်မရှိဘူးလေ၊ ဆီဆို တဆယ်သား ၂၀၀၀ ပေးရတော့ ဟင်းမှာဆီမပါတော့ဘူး။ ဟင်းလည်းမပါတော့ဘူး  ငပိရည်နဲ့စားရတဲ့နေ့က ဟင်းကောင်းတယ်ပြောလို့ရတယ်"လို့ အထည်ချုပ်မှာလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အမျိုးသမီးလုပ်သားတစ်ဦးက မှတ်ချက်ပေးပါတယ်။ 

လုပ်ငန်းခွင်မှာ ရောက်ရှိနေသူတွေရဲ့ ပူပန်သောကတွေ ဖြစ်ပေမယ့် အခြေကျနိုင်ဖို့ ကြိုးစားနေရတဲ့ အဝေးတစ်ရပ် က ဧည့်သည်တွေကတော့ ဒီအခက်အခဲကို ရင်ဆိုင်ခွင့်ရဖို့ကို ရုန်းကန်နေရပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ ဒီအကျပ်အတည်းတွေ ဘယ်လောက်ထိ ကြန့်ကြာနိုင်မလဲ ဆိုတာတော့ ခန့်မှန်းနိုင်ဖို့ မလွယ်ပါဘူး။ သေချာတာကတော့ ခက်ခဲကျပ်တည်းတဲ့ နေ့ရက်တွေ က ဒီထက်ပို ပြီး ဆိုးလာနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

အိမ်တိုင်းမှာ၊ လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ နာကြင်မှုတွေ၊ သောကတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိနေတဲ့ ဒီကာလမှာ “ကိုယ်ချင်းစာတရား” က ပိုလိုအပ်နေတာပဲ ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ နယ်ခံအချင်းချင်းဖြစ်စေ၊ တစ်နယ်တစ်ကျေးက စစ်ဘေးရှောင်သူတွေဖြစ်စေ အပြန်အလှန် ဖေးမမှုတွေနဲ့ ရှေ့ဆက်သွားဖို့လိုတယ်လို့ ဒေသခံဖြစ်တဲ့ ငယ်ငယ်က ပြောပါတယ်။

ဒီအချိန်လေး စီးပွားရှာလိုက်မယ်။ ငါတော့ ရတုန်းပိုယူလိုက်မယ်တော့ မလုပ်စေချင်ဘူး။ ကျွန်မတို့လည်း ဘယ်အချိန်ပြေးရမလဲမှ မသိတာ ကိုယ်ချင်းစာတရားလေးနဲ့ ရန်ကုန်သားတွေရဲ့ စိတ်ထားကို ဒီအချိန်မှာ ပြရမှာ”လို့ ဆိုပါတယ်။ 

ဒီစကားလုံးတွေကတော့ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက စစ်ရှောင်ပြည်သူတွေ လိုအပ်နေတဲ့ ခွန်အားတွေပဲလို့ ဆိုရမှာပါ။


Related posts

Cover
နိုင်ငံခြားငွေရရှိရေး ဘီလူးဆိုင်းတီးလာတဲ့ စစ်ကောင်စီ
Sep 10, 2024
Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာ ၂
Aug 19, 2024
Cover
ဆီ.. ဆီ..၊ ကုန်ဈေးနှုန်း ၊ ကျပ်တထောင်
Aug 18, 2024
Cover
အလုပ်သမားတွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ
Aug 16, 2024
Cover
ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု
Aug 03, 2024
Cover
ခါးသီးသော နေ့ရက်များ
Jul 29, 2024
Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024