ARTICLE

“စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းတိုက်ပွဲ ကျဆုံးမှု"

CoverLogo
131 Views

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျပ်ငွေတန်ဖိုးက ကျဆင်းနေပြီး ပြည်တွင်းမှာ နေထိုင်သူအများစုဟာ ဝင်ငွေနဲ့ ထွက်ငွေမမျှတတဲ့ ပြဿာနာကို ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ အခြေခံစားသောက်ကုန်ကစပြီး လူသုံးကုန်တွေ၊ ဆေးဝါးတွေနဲ့ လူမှုဘဝအတွက် မဖြစ်မနေ သုံးစွဲရတဲ့ ပစ္စည်းတိုင်းက အဆမတန် ဈေးနှုန်းမြင့် တက်နေပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီဟာ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အမိန့်ညွှန်ကြားစာတွေ ထုတ်ပြန်တာ၊ အစည်းအဝေးတွေ လုပ်ဆောင်တာတွေနဲ့ ကုန်သည်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေ ပါတယ်။ 

ဒီလိုလုပ်ဆောင်ချက်တွေကြောင့် ကုန်ဈေးနှုန်း အမှန်တကယ် ကျဆင်းသွားရဲ့လားဆိုတာကိုတော့ ပြန်လည်သုံးသပ်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုကို မြင်သာတဲ့ ကိစ္စရပ်အနေနဲ့ ပြောရရင်တော့ “စားအုန်းဆီ” ဈေးကွက်ပါပဲ။ ပြည်တွင်းမှာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာလို့ စစ်ကောင်စီ က ဝင်ရောက်ထိန်းသိမ်းချိန်မှာတော့ စားဆီဈေးက မကြားဖူးတဲ့ဈေးနှုန်းတဲ့ မှောင်ခိုဝယ်ယူရတဲ့ဘဝကို ရောက် သွားပါတယ်။

“ဝယ်လို့တော့ ရတယ်။ တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ပေးရတယ်။ အချင်းချင်းပဲ ရောင်းပေးတာ”လို့ စားအုန်းဆီ မဖြစ်မနေ သုံးစွဲရသူတစ်ဦးက လတ်တလောအခြေအနေကို ပြောပါတယ်။

စစ်ကောင်စီက စားအုန်းဆီဈေးကွက်ကို စတင်ထိန်းချုပ်တဲ့အနေနဲ့ ရာအိမ်မှုူးတွေကတစ်ဆင့် အိမ်ထောင်တစ်စုကို စားဆီ (၅၀)သားနှုန်းနဲ့ ဆီဝယ်ယူခွင့်ကတ်တွေကို ထုတ်ပေးနေတာပါ။ ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီကလည်း စားအုန်းဆီ တစ်ပိဿာအတွက် ရည်ညွှန်းဈေးကို ထုတ်ပြန်သတ်မှတ်ပေးနေပါတယ်။ 

ဒီလိုထုတ်ပြန်ပြီးနောက် ပြင်ပမှာရောင်းချရာမှာ ရည်ညွှန်းဈေးထက် ဘဏ်ဝန်ဆောင်ခ၊ အထွေထွေကုန်ကျစရိတ်၊ သယ်ယူစရိတ်စတဲ့ခေါင်းစဉ်အနည်းငယ်အတွက် ကုန်ကျစရိတ်ထပ်ပေါင်းကာ ဈေးအနည်းသာတိုးပြီး ရောင်းချခွင့် ပြုနေတာဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဒီအခြေအနေတွေဟာ ရောင်းချသူကော၊ ဝယ်ယူသူအတွက်ပါ အဆင်ပြေတဲ့ အခြေအနေမှာ ရှိမနေပါဘူး။

“ဆိုင်မှာရောင်းဖို့ကို အပြင်မှာဝယ်ရတာလည်း တစ်သောင်းကျော်ဈေးလေ။ တစ်ဆယ်သားဆို (၁၃၀၀) ရောင်းရ တယ်။ သူတို့ပြောသလို ငါးထောင်ကျော်ဈေးဆိုတာ ဝယ်လို့မှမရတာ။ ဆီကတ်ဆိုတာလည်း တို့လိုရောင်းတဲ့ သူတွေကို ပိုပေးတာ မရှိဘူး”လို့ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူတစ်ဦးက ပြောပါတယ်။ 

စားဆီရောင်းချသူတွေအတွက် သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ ဘယ်လိုမှ ဝယ်ယူလို့မရသလို ရာအိမ်မှူးတွေက တစ်ဆင့် ထုတ်ပေးနေတဲ့ ဆီကတ်တွေကလည်း မရတာက များနေလို့  ပြည်သူတွေက ဈေးကြီးပေးပြီး မှောင်ခို ဝယ်ရတဲ့လမ်းစဉ်ကို ရွေးချယ်နေရပါတယ်။ 

လက်ရှိမှာတော့ စားဆီပြဿာနာဟာ တစ်နိုင်တစ်ပိုင် အကြော် အလှော်ရောင်းချသူတွေကစပြီး လုပ်ငန်းကြီး လုပ်ကိုင်သူတွေအတွက်ပါ အခက်အခဲ ရှိနေတာပဲ ဖြစ်ပါတယ်။  

လက်ရှိမှာ စစ်ကောင်စီဟာ ပြည်ပကစားအုန်းဆီတင်သွင်းတာနဲ့ ပတ်သက်ပြီး စီးပွားရေးထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ဧရာဟင်္သာအပါအဝင် ကုမ္ပဏီ(၈) ခုကိုလည်း မသမာမှု ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။ 

ဒါ့အပြင် စည်ပင်သာယာရေး ကော်မတီလက်အောက်မှာရှိတဲ့ဈေးတွေကို အရပ်ဝတ်နဲ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ အရေးယူတာတွေလည်း လုပ်ဆောင်နေပါတယ်။ ဒီအခြေ အနေဟာ စားအုန်းဆီအလွယ်တကူဝယ်ယူဖို့အတွက် ပိုမိုခက်ခဲလာစေတာပဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီက စားဆီဈေးကို ထိန်းညှိလိုက်တဲ့ လုပ်ဆောင်ချက်က ဒီကနေ့အထိတော့ ပြည်သူတွေ ပိုမိုခက်ခဲလာစေတာပဲ ရှိနေပါတယ်။

စားဆီဈေးကို ထိန်းညှိပေးနေတဲ့ စစ်ကောင်စီဟာ လက်ရှိမှာတော့ ဆန်ဈေးကွက်ကိုပါ ဈေးနှုန်းတည်ငြိမ်စေဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျပ်ငွေတန်ဖိုးကို ပြန်လည်မြင့်တက်လာအောင် မစွမ်းဆောင်နိုင်ပေမယ့် ပြည်တွင်းက လုပ်ငန်းရှင်တွေကိုတော့ ဖိအားတွေပေးပြီး ဈေးနှုန်းတွေ သတ်မှတ်ရောင်းချဖို့ပဲ လုပ်ဆောင်ခိုင်း နေပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဧည့်မထအုပ်စု ဆန်တစ်အိတ်ကို ကျပ်(၇၀၀၀၀)မှ (၇၈၀၀၀)၊ ရက် (၉၀)၊အညာသား၊ ပခန်း (အထူးဧည့်မထအုပ်စု) ဆန်တစ်အိတ်ကို ကျပ်(၈၅၀၀၀) မှ (၉၀၀၀၀)၊ ဧရာမင်း၊ ဧရာပဒေသာ (မြန်မာပြည်အထက်ပိုင်း) ဆန်တအိတ်ကို ကျပ်(၉၅၀၀၀)မှ (၁၀၀၀၀၀)၊ အခြားသောပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ်(၁၀၀၀၀၀)မှ (၁၁၀၀၀၀)၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ်(၁၁၀၀၀၀)မှ (၁၂၀၀၀၀)၊ ဧရာဝတီကြားပျံတစ်အိတ်ကို ကျပ်(၁၂၀၀၀၀)မှ (၁၃၀၀၀၀)၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ်(၁၃၅၀၀၀)မှ (၁၄၅၀၀၀)အတွင်း ရောင်းချဖို့ ထုတ်ပြန်ထားပါတယ်။ 

ဈေးကွက်အတွင်း ရောင်းချရာမှာတော့ (၅) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအထိ ကွာဟခွင့်ပြုထားပြီး supermarket၊ mini-market တွေမှာ consumer packing နဲ့ ရောင်းချမှုတွေကတော့ (၁၀) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းထိ ကွာဟနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ထားပေမယ့် ပြည်သူတွေကတော့ သတ်မှတ်ဈေးနှုန်းတွေနဲ့ ဝယ်မရသေးဘူးလို့ ဆိုပါတယ်။ ပြင်ပ ပေါက်ဈေးက ထုတ်ပြန်ထားတဲ့ဈေးတွေနဲ့ အလှမ်းဝေးနေသလို လက်ရှိမှာ ရောင်းချသူတွေဟာ ဆန်တစ်ပြည် အတွက် ဈေးနှုန်းတွေ ကပ်ထားတာမရှိသလို သတ်မှတ်ဈေးကပ်ထားတဲ့ဆန်တွေကလည်း စားလို့အဆင်မပြေ ဘူးလို့ အိမ်ရှင်မတွေဆီက သိရပါတယ်။

ဆန်ဆိုင်တွေမှာလည်း ဈေးတွေကို အရင်ဈေးအတိုင်း နှုတ်မေးနှုတ်ဖြေသာ အရောင်းအဝယ်ပြုနေသလို စစ်ကောင်စီက သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း ဈေးကပ်ရောင်းချတဲ့ဆိုင်တွေမှာတော့ စားလို့အဆင်မပြေဘူးလို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့်လည်း စစ်ကောင်စီက နောက်ဆက်တွဲ အရေးယူတာတွေ လုပ်ဆောင်ခဲ့ပြီး  City Mart ၊ One Stop Mart ၊ စိန်ဂေဟာ၊ Aeon Orange တို့က တာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့သလို  ပြည်တွင်းဆန် ဈေးကွက်မှာ သင့်တင့်မျှတတဲ့ ဈေးကွက်ဈေးနှုန်းထက်ပိုမိုပြီး ဈေးနှုန်းမြှင့်တင်ရောင်းခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကိုလည်း ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပ ဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်မယ်လို့ ဇွန်လ ၃၀ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒါဟာ ပြည်တွင်းမှာ စစ်ကောင်စီလုပ်ဆောင်နေတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကြီးမားလှတဲ့ လုပ်ဆောင် ချက်တွေပါပဲ။ ကျပ်ငွေခိုင်မာမှုရှိအောင် မလုပ်ဆောင်နိုင်ဘဲ လက်တွေ့ရောင်းချနေရသူတွေကိုပဲ ဖမ်းဆီးအရေးယူ တာတွေဟာ လုပ်ငန်းရှင်တွေကို အခက်အခဲအကြပ်အတည်းတွေဆီ တွန်းပို့နေတာပါပဲ။

“အခုချိန်မှာလေ ဈေးရောင်းစားရတာက ဘယ်အချိန်အဖမ်းခံရမလဲ စောင့်နေရသလိုပဲ။ စိတ်တွေပင်ပန်းလွန်းလို့ အိမ်ကဆန်ဆိုင်လည်း ပိတ်လိုက်မယ်အထိ တွေးနေမိတယ်”လို့ ဆန်ရောင်းချသူတစ်ဦးက ပြောပါတယ်။ 

ဒါဟာ စစ်ကောင်စီ အုပ်ချုပ်နေတဲ့ကာလမှာ တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေကနေ လုပ်ငန်းရှင်အကြီးစားတွေ အထိပါ မကြာခဏတွေးနေရတဲ့ အတွေးတွေပါပဲ။

စစ်ကောင်စီဟာ ကုန်ဈေးနှုန်း အခက်အခဲကြောင့် ညည်းတွားနေရတဲ့ ပြည်သူတွေကို စားဝတ်နေရေး အဆင်ပြေ စေဖို့ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ထိန်းညှိပေးတယ်လို့ ဆိုနေပေမယ့် လက်တွေ့မှာတော့ ပိုမိုကြပ်တည်းလာတဲ့ အခြေအနေတွေကိုပဲ ဖန်တီးနေပါတယ်။

“သူတို့အာဏာသိမ်းထားသရွေ့တော့ ကျပ်ငွေတန်ဖိုးက ကျဆင်းနေမှာပဲ။ ကုန်ဈေးနှုန်းကျဖို့ သူတို့က ဖိအားပေး ရင် မှောင်ခိုဈေးကွက်ပဲ ခေတ်ပြန်ထလာမယ်။ ပြည်သူတွေ အဆင်ပြေဖို့ မရှိဘူး”လို့ အသေးစားလုပ်ငန်းရှင်တစ်ဦး က ဝေဖန်ပြောဆိုပါတယ်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် ကုန်ပစ္စည်းတွေ ဈေးနှုန်းမတည်ငြိမ်တာ၊ ပစ္စည်းပြတ်လပ်တာတွေဟာ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီက ကုန်ဈေးနှုန်း တည်ငြိမ်ဖို့ဆိုတာကို လက်တွေ့ကျ ကျ လုပ်ဆောင်ဖို့ အဖြေမရှာဘဲ အာဏာအသုံးပြုပြီး လုပ်ဆောင်နေတာပါ။ 

ဒီလို ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး အာဏာသုံးပြီး ဖမ်းဆီးတာ၊ ဖိအားပေးပြီး သတ်မှတ်ချက်တွေ ထုတ်ပြန်တာ၊ စားပွဲပေါ်က အစည်းအဝေးတွေဟာ တကယ်တမ်းတော့ လက်တွေ့ကျတဲ့အဖြေတွေနဲ့ အလှမ်းဝေးနေပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေဟာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတလို့ နေ့စဉ်ဘဝမှာ စားဝတ်နေရေး အခက်အခဲတွေ၊ ကျန်းမာရေး၊ လူမှုရေး ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ 

ဒီအခြေအနေမှာ စစ်ကောင်နဲ့ နောက်လိုက်တွေရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူတွေကို ဒုက္ခတွင်းထဲ တွန်းပို့ သလိုဖြစ်နေပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေ ကြာရှည်လာ တာနဲ့အမျှ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် မြန်မာပြည်သူတွေဟာ ဒုက္ခတွင်းထဲကနေ   နလန်မထူနိုင်တော့မဲ့  အခြေအနေတွေကို ဦးတည်နေတာကို တွေ့မြင်နေရပါတယ်။

“နေရာတိုင်းမှာ အာဏာနဲ့ ဖိအားပေးလို့တော့ မရဘူးလေ။ တစ်ဆယ်နဲ့ ဝယ်ရတဲ့ပစ္စည်းကို ငါးကျပ်နဲ့တော့ ကျွန်မ တို့ မရောင်းနိုင်ဘူး။ ဖိအားပေးလာရင် ဆိုင်ပိတ်မယ်။ တကယ်ပစ္စည်းတွေ လိုလာရင် ဘယ်လိုထုတ်ရမလဲဆိုတာ ဈေးရောင်းတဲ့သူတိုင်းသိတယ်။ ဆိုင်တိုင်းက ဒီလိုလုပ်လာရင် ပြည်သူတွေပဲ ဒုက္ခရောက်မှာ။ ဘယ်ဈေးသည်မှ အရှုံးမခံဘူး”လို့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးရဲ့ စကားသံက ရေရှည်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ပြသနေပါတယ်။


Related posts

Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
“စစ်ရှောင်သောက”
Aug 23, 2024
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာ ၂
Aug 19, 2024
Cover
ဆီ.. ဆီ..၊ ကုန်ဈေးနှုန်း ၊ ကျပ်တထောင်
Aug 18, 2024
Cover
အလုပ်သမားတွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ
Aug 16, 2024
Cover
ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု
Aug 03, 2024
Cover
ခါးသီးသော နေ့ရက်များ
Jul 29, 2024
Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024