NEWS

စက်တင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
61 Views

Myanmar Labour News မှာ စက်တင်ဘာ ၂ ရက် ကနေ ၈ ရက်နေ့အထိ တပတ်တာအတွင်းဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်ပအလုပ်အကိုင်နဲ့ ပြည်တွင်း သတင်းအနှစ်ချုပ်ကိုဖော်ပြပေးပါ့မယ်။

ရည်ရွယ်ချက်ကတော့ တပတ်အတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်တိုအတွင်း သိရှိနိုင်ဖို့ပါ။ 

စက်တင်ဘာ ၂ ရက်နေ့

ဂဏန်းဆယ်လုံးပါ UID ခေါ် စမတ်ကတ် တွေ ကို ရပ်ကွက် နေပြည်သူတွေနဲ့စက်ရုံ အလုပ်ရုံ ရှိ အလုပ်သမားတွေ ကို  လုပ်ပေးရာ မှာ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အတု တွေ စိစစ်တွေ့ရှိတယ်လို့ လ၊ဝ၊က နဲ့ နီးစပ်သူတွေ ထံ ကသိရပါတယ်။မှတ်ပုံတင် အတု ဆိုတာ တွေကိုလည်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး တွေရှိ ဝန်ထမ်း တွေ ကနေ တစ်ဆင့် ပြုလုပ်ထားကြတာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီ တိုင်း ဒေသကြီး ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ ရနောင်း မြို့ ကို နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ ဝင်ရောက်မယ့် အသက်၁၈ နှစ်မှ အသက်၃၅ နှစ် အထိ အမျိုးသားတွေ ကို ထိုင်းနိုင်ငံဘက်ကို သွားရောက်ခွင့်ပိတ်လိုက်တယ်လို့ အလုပ်သမားအရေးကူညီသူတွေနဲ့ ဒေသခံတွေ ထံ က သိရပါတယ်။ 

ပြည်ပ နိုင်ငံ တွေရှိ မြန်မာသံရုံး တွေ မှာ မြန်မာနိုင်ငံကူးလက်မှတ် နဲ့ စပ်လျဉ်း ပြီး သက်တမ်းတိုးခြင်း အတွက် စာအုပ်ဖိုးနှုန်း ထားကိုစက်တင်ဘာ ၁ရက် ကစပြီး တိုးမြှင့်ကောက်ယူမယ်လို့ သံရုံးတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အသိပေးကြေညာထားပါတယ်။ ကိုရီးယားနိုင်ငံ စင်္ကာပူ ဂျပန်နိုင်ငံ အမေရိကန် ဆော်ဒီအာရေဗျနိုင်ငံ တွေမှာဖွင့်လှစ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးတွေက က အသီးသီးစာထုတ်ပြန်ထားတာပါ။

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ရှားလန်း စက်ရှင် ၃၂ Jalan Kebun (ဂျလန် ကဘွန် )ရှိ စက်ရုံ ၂ မှ အထောက်အထားမပြည့်စုံသော မြန်မာအလုပ်သမား ၁၂ဦး အဖမ်းခံရကြောင်း မလေးရှားသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ စက်တင်ဘာ၂ရက် နေ့လည်ပိုင်း က ဆလန်ဂေါပြည်နယ် ရှားလန်း စက်ရှင် ၃၂  ရှိ ကုန်စည်ထုပ်ပိုးတဲ့  ဂိုဒေါင်နှင့် သံထည်စက်ရုံ  တို့ ကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့  အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၄၉၀ အဖြစ်သတ်မှတ်လိုက်ရာ ပြပပေါက်စျေးလည်းပြန်လည်မြင့်တက်လာတယ်လို့သိရပါတယ်။ 

ထိုင်းနိုင်ငံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်ဦးမှာ ထိုင်းထီ အမြင့်ဆုံး ဆု ဖြစ်တဲ့ ဘတ်၆သန်း ဆုကို ဆွတ်ခူးခဲ့တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော (M.H.A.C) မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။ 

စက်တင်ဘာ ၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်းစောင်နယ်မြေရှိ  ဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားပြီး ဘယ်ဘက်လက်(၄)ချောင်းဖြတ်ခဲ့ရတဲ့ မြန်မာအလုပ်သမား  နစ်နာကြေး ဘတ်၄သိန်းကျော် ရရှိခဲ့တယ်လို့ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးတဲ့(M.H.A.C) မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။

လက်ပံတောင်းတောင် သပိတ်အင်အားစုက ၁၀၁၇ ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

စက်တင်ဘာ၄

နိုင်ငံ့ဝန်ထမ်း CDM ၄ သိန်းကျော်နဲ့ မိသားစုဝင်တွေဟာ နွေဦးတော်လှန်ရေးမှာ အခုချိန်ထိ ပါဝင်နေဆဲဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် လုပ်ခလစာဆုံးရှုံးမှု နဲ့အလုပ်သမားအခွင့်အရေးတွေ တောက်လျှောက် ဆုံးရှုံးနေရတာကြောင့်  ILO အနေနဲ့  စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့  မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုရဲ့ တောင်းဆိုချက်များဆိုင်ရာ  ဆွေးနွေးချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာခြင်းမရှိတဲ့အပြင် လျှပ်စစ်မီတာခတွေ တိုးမြှင့် ကောက်ခံတာကြောင့်  အလုပ်သမားတွေ ပိုမို ခက်ခဲလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လက်ရှိ အလုပ်သမားတွေမှာ လုပ်ခလစား တိုးမြှင့်ရရှိတာ မရှိဘဲ မီတာခအပြင် နေထိုင်စရိတ်တွေပါ မြင့်တက်လာလို့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်ပဆေးဝါး ဝယ်ယူတင်သွင်းနေတဲ့ ကုမ္ပဏီတွေကို တင်သွင်းခွင့် လိုင်စင် အသစ်  ပြန်လည် လျှောက်ခိုင်းတာကြောင့် ဆေးဝါးတွေ ဈေးမြင့်တက်လာနိုင်တယ်လို့ ဆေးဝါးရောင်းချသူတွေဆီက သိရပါတယ်။ဆေးဝါးတင်သွင်းမှု ကန့်သတ်ချက်အသစ်ကြောင့် ဆေးကုမ္ပဏီကြီးတွေနဲ့ ဆေးဝါးတင်သွင်းမှု လုပ်ငန်းတွေ ခက်ခဲ  လာနိုင်တဲ့အပြင် ဈေးကွက်အတွင်း ဆေးပစ္စည်းစျေး တွေ ဆက်လက်မြင့်တက်လာနိုင်ဖို ရှိနေတယ်လို့ ရန်ကုန်  အခြေစိုက် ဆေးနှင့်ဆေးပစ္စည်း တင်သွင်းရောင်းချတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

စက်တင်ဘာ၅

ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စေလွှတ်ထားတဲ့အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ငွေ၂၅ရာ ခိုင်နှုန်းအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့အေဂျင်စီ တစ်ရာကျော်ကို Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခံလိုက်ရတယ်လို့ သိရပါတယ်။ 

မိမိတို့ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ရန်သတ်မှတ်ခြင်းဆိုတဲ့​ခေါင်းစဥ်နဲ့ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့်အလုပ်သမား များသည် မိမိတို့ရရှိမည့် လုပ်ခလစာ၏ ၂၅% (၄ ပုံ ၁ ပုံ) ကို မိမိ၏မိသားစုဝင်များထံသို့ လစဉ် သို့မဟုတ် အများဆုံး ၃ လ လျှင် ၁ ကြိမ် တရားဝင်နည်းလမ်းတခုခုဖြင့် ပေးပို့ရမည်ဟု စစ်​ကောင်စီ အလုပ်သမား၀န်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။ သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်း လွှဲ​ပြောင်းခြင်းမပြု သည်ကို စစ်​ဆေး​တွေ့ရှိပါက ပြည်ပ အလုပ်ဖြင့်ထွက်ခွာမှု ပိတ်ပင်ခြင်း၊ OWIC ကတ်ထုတ်​ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့်မပြုခြင်းတို့လုပ်​ဆောင်မယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ၆

စက်တင်ဘာ ၆ ရက်နေ့ရဲ့  စက်သုံးဆီ ရည်ညွှန်းဈေးမှာ ယခင်ကထက် ထပ်မံမြင့်တက်လာရာ  တစ်လီတာလျှင် ကျပ် ၁၀၀ ​ကျော်စီ ထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ သတ်မှတ်ထုတ်ပြန်ချက်အရ သိရပါတယ်။ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီဝယ်ယူရရှိမှုဟာ  ယနေ့အထိတန်းစီဝယ်ယူရတာရှိနေသလို ကျပ်ငါးသောင်းဖိုသာရောင်းချပေးတဲ့  အကန့်အသတ်​တွေရှိနေသေးတာကြောင့် ပြင်ပစက်သုံးဆီပေါက်စျေးဟာ တစ်လီတာ ၄၀၀၀နဲ့အထက်သို့ ရောက်နေတာလို့ သိရပြီးဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေအနေနဲ့လည်း ကယ်ရီခတွေ တိုးမြှင့်ထားရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ၇

ထန်းတပင်မြို့နယ်၊ ရန်ကုန်ပုသိမ်လမ်းမကြီး၊ အစုကြီးရပ်ကွက် ခြံအမှတ်(- )ရှိ  Myanmar SINYOUNG CLOTHES FASHION စက်ရုံမှာ အလုပ်သမားအခွင့်အရေး​တွေ ချိူးဖောက်နေရလို့ ​ဖြေရှင်း​ပေး​စေလိုတယ်လို့ အလုပ်သမား​တွေက​ပြောပါတယ်။ အဆိုပါ စက်ရုံဟာ အလုပ်သမား(၅၀၀)ကျော်နဲ့  လုပ်ငန်းလုပ်ကိုင်ပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ကာ Sinsay အမှတ်တံဆိပ် အင်္ကျီ၊ ဘောင်းဘီ​တွေ ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ 

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ မြေတိုင်းအမှတ်- ၄၉ လမ်း ၊ အမှတ်-ရှိ   Tai Hong Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်မရဘဲ လုပ်အားခတွေခေါင်းပုံ ဖြတ်ခံနေရတာ၊ အထည်စံချိန်အလွန်အကျွံတောင်းခံတာ၊  အချိန်ပိုကို အလုပ်သမားသဘောဆန္ဒမေးမြန်းမှုမရှိဘဲ အတင်းအကျပ်ဆင်းခိုင်းတာတွေအပါအဝင် ဥပဒေပါခွင့်ခံစားခွင့်တွေမပေးတာ စတဲ့ချိုးဖောက်မှုတွေကျူးလွန်နေတာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ် လို့ အလုပ်သမားတွေကပြောပါတယ်။

စက်တင်ဘာ ၈

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ အိမ်ထောင်စုအလိုက်စားဆီစာအုပ်ပြုလုပ်ကာ ရပ်ကွက်တစ်ချို့မှာစတင်ရောင်းချနေပါတယ်။ ဆီစာအုပ်နဲ့ဝယ်ယူခွင့်ရရှိဖို့ သန်းခေါင်စာရင်းမှာပါတဲ့ လူဦးရေ အရေအတွက်ကိုစာရင်းဖြည့်သွင်းရ‌တာကြောင့်မိသားစုတစ်ချို့ကလည်းဆီစာအုပ်လုပ်ဖို့ကိုစိုးရိမ်စိတ်တွေရှိနေပါတယ်။ သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေကိုလိုက်လံအသိပေးပြီး အိမ်ထောင်စုလူဦးရေးစာရင်းကောက်ယူနေသလို ရပ်ကွက်ရုံးမှာလာရောက်လုပ်ဆောင်ဖို့လည်း လိုက်လံအသိပေးမှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားပိုင် LZS Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါခံစားခွင့်တွေကိုမပေးတဲ့အပြင် အဓမ္မခိုင်းစေတာတွေကို လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်လမ်းမကြီး၊ သံလွင်လမ်းမှာ ဖွင့်လှစ်ထားတာပါ။လက်ရှိမှာလုပ်သားအင်အား(၈၀၀)ကျော်နဲ့လုပ်ငန်းလည်ပတ်နေပြီးတော့နေ့စားအလုပ်သမားတွေကိုလည်းခေါ်ယူခိုင်းစေနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်ထဲမှာတော့ဂတ်ဘူးသေးတစ်ဘူးကိုကျပ် ၂၀၀၀ နဲ့ဂတ်စ်တစ်ပိဿာကိုကျပ် ၁၃၀၀၀ အထိ စံချိန်တင် ပေါက်ဈေးရှိခဲ့ပါတယ်။ လက်ရှိမှာဂတ်စ်ဘူးသေးတစ်ဘူးကိုကျပ်(၁၇၀၀)နဲ့တစ်ပိဿာကိုကျပ်(၁၁၀၀၀)ထိ‌ ဈေးနှုန်းပြန်လည်ကျဆင်းလာတာပဲဖြစ်ပါတယ်။အိမ်သုံးဂတ်စ်(LPG)ဈေးနှုန်းတွေပြန်လည်ကျဆင်းလာပေမယ့် ဈေးကွက်တွင်းမှာအရောင်းအဝယ်အေးနေတယ်လို့ဂတ်စ်အရောင်းဆိုင်ဖွင့်လှစ်ထားသူတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ အမှတ် (- )  ဝါးတစ်ရာလမ်းရှိ  Gysen Myanmar အထည်ချုပ်စက်ရုံက စူပါဝန်ထမ်းတွေအနေနဲ့ အလုပ်သမားတွေအပေါ် အော်ဟစ်ပြောဆိုခြင်းနဲ့ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဖို့ နဲ့ ယင်းကဲ့သို့ ချိုးဖောက်မှုတွေ ထပ်မံမဖြစ်စေရန်  စက်ရုံပိုင်ရှင်ကတာ၀န်ယူဖို့ အလုပ်သမားညွှန်ကြားရေး မှူးရုံးရှေ့မှောက်မှာ ၀န်ခံလက်မှတ်ရေးထိုးထားရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ အဆိုပါစက်ရုံရှိ Packing ဌာနတွင် စက်ရုံမှူးမှ မီတင် ပြုလုပ်ခဲ့သောအကြောင်းအရာ နှင့် ပတ်သက်ပြီး  ဝန်ထမ်းများမှ နားမလည်သဖြင့် packing ဌာန စူပါကိုထပ်မံမေးမြန်းခဲ့ရာ စူပါမှစိတ်မရှည်သော ပုံစံဖြင့် လူအများကြားတွင်အော်ဟစ်ပြောဆိုခဲ့ရာက ဝန်ထမ်းများမှမကျေနပ်သဖြင့်( ၂ . ၉ . ၂၀၂၄  ) ရက်နေ့တွင်  ရွှေပြည်သာမြို့နယ်အလုပ်သမားညွှန်ကြားရေးမှူးရုံးတွင် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

တပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းပေးတာကတော့ ဆုလာဘ်ဖြူဖြစ်ပါတယ်။

 

 


Related posts

Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024
Cover
စက်တင်ဘာလ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 15, 2024
Cover
စက်တင်ဘာ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု
Sep 08, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024