NEWS

စက်တင်ဘာ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
922 Views

စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာပါ။ ဒါကြောင့် ယခုတစ်ပတ်တာ စက်တင်ဘာ၂ ရက်ကနေ စက်တင်ဘာ ၈ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ စက်တင်ဘာ ၂ ရက်နေ့ကနေ  စက်တင်ဘာ ၅ ရက် နေ့အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များမှာ  ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ 92 တစ်လီတာ   ၃၁၀၀ ကျပ်၊ 95 တစ်လီတာ ၃၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ  ၂၆၅၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၉၅ ကျပ်ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်မှာတော့ 92 တစ်လီတာလျှင် ၃၂၁၅ ကျပ်၊ 95 တစ်လီတာ ၃၃၅၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၃၃၉၅ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၈ ရက်အထိ အဆိုပါဈေးတန်းနဲ့ရှိနေတာဖြစ်လို့ ယခင်ကထက် ၁၁၅ ကျပ်အထိ ဈေးမြင့်တက်လာခဲ့တာဖြစ်လို့ နှစ်ပတ်ဆက်တိုက် ကျပ်၁၀၀ ကျော်မြင့်တက်လာတာဖြစ်ပါတယ်။ 

စက်သုံးဆီဝယ်ယူဖို့ အချိန်ကြာမြင့်စွာ  တန်းစီ၀ယ်ယူရတာတွေဟာ လက်ရှိအချိန်ထိဖြစ်ပေါ်နေသေးကာ  ပြင်ပပေါက်ဈေးမှာ 92 နဲ့ 95 တစ်လီတာလျှင် ကျပ် ၄၅၀၀ အထိဈေးမြင့်တက်နေသေးတယ်လို့ သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  စက်တင်ဘာ ၂ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၁၆  ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ သိန်း​ ၅၀ နှင့်  ၄ သောင်းကျော် ဖြစ်ခဲ့ပြီး စက်တင်ဘာ ၅ ရက်အထိ အဆိုပါစျေးတန်းအတိုင်း သတ်မှတ်ထားပြီး စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိမှာတော့ ကျပ် ၅၀ သိန်း ၇ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတာတွေ့ရပါတယ်။

ပြင်ပရွှေဈေးကွက်မှာတော့စက်တင်ဘာ ၂ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်နေ့အထိ  ပြည်တွင်းအခေါက်ရွှေဈေး ၇၂သိန်း၊ စက်တင်ဘာ ၆ ရက်မှာ ၇၁ သိန်း၊ ၇ ရက်နေ့မှာတော့ ၆၉ သိန်း၊ စက်တင်ဘာ ၈ ရက်မှာ ၆၈ သိန်း   ဖြစ်ကာ အရောင်း၀ယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။ 

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ စက်တင်ဘာ ၂ရက်ကနေ စက်တင်ဘာ ၄ ရက်အထိ   ၅၆၅၀ ဖြစ်ကာ စက်တင်ဘာ ၅ရက်မှာ ၅၆၀၀၊ စက်တင်ဘာ ၆ရက်မှာ၊ ၅၄၀၀ ဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှာ ၅၃၀၀ ဖြစ်ပြီး စက်တင်ဘာ ၈ ရက်မှာတော့ ၅၂၀၀ ဖြစ်လို့ အမေရိကန်တစ်ဒေါ်လာစျေး တဖြေးဖြေးကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်ကနေ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ် စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၄၉၀ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် ၈၅ ကျပ်တက်လာတာတွေ့ရပါတယ်။

စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  ကျပ်မှ  ၁၄၀၀၀ အထိအမြင့်ဈေးနဲ့ဆက်လက်တည် ရှိနေတာကြောင့် အနည်းငယ်ကျဆင်းလာပေမဲ့ သတ်မှတ်စျေးအရ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲ့ ရပ်ကျေးကနေတစ်ဆင့် စာအုပ်တွေထုတ်ဝေ နေတယ်လို့လည်း သိရပါတယ်။

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿာလျှင် ၁၄၀၀၀ ဖြစ်ပေမဲ့ စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်ဖြစ်ပြီး  အမြင့်စျေးသာဆက်ရှိနေတာလို့  သိရပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်ကြမ်းတစ်ပြည် ၄၀၀၀ အထက်ဖြစ်ပြီး  ဆန်ချောတစ်ပြည် ၆၈၀၀အထက်ဖြစ်ကာ  ဆန်အရည်အသွေးနိမ့်လာတယ်လို့ စားသုံးသူတွေထံက သိရပါတယ်။ 

ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာတော့ ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၄၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ နဲ့ ၅၀၀၀ ၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက်   အာလူးတစ်ပိဿာ ၆၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။

ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ မှ၅၀၀ကျပ်၊  ဘဲဥတစ်လုံး ၅၅၀  ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။ 

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၅၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံ အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင်ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၀၀၀၀ ကျပ်ဖြစ်တာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၇၀၀အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့  အရည်အသွေးနိမ့် ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲ လာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ဟာလည်း   ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။.

စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ ထောက်ပံ့ကြေးအဖြစ် ကျပ်၂၀၀၀ သာတိုးထားလို့  လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေအရ အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခ လစာဟာ တစ်နေ့ ၆၈၀၀ ကျပ်နဲ့လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က အခြေခံလစာနှစ်သိန်းရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ၄၀ သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာနဲ့   လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးတွေ မရှိတဲ့လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

စက်တင်ဘာလ ပထမအပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (အောက်တိုဘာ၁၃-၁၉)
Oct 19, 2025
Cover
ရွှေဈေးစံချိန်တင်တက်နေပြီး၊ အကျဘက်မရှိတဲ့ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေ ရင်ဆိုင်နေရ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 17, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၅-၁၂)
Oct 13, 2025
Cover
ဒေါ်လာဈေးအနည်းငယ်ပြန်တက်၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းအတက်ဈေးနဲ့ပဲရှိနေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Oct 10, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (စက်တင်ဘာ ၃၀-အောက်တိုဘာ ၄)
Oct 05, 2025
Cover
ဒေါ်လာဈေး ငွေကျပ် ၃၀၀၀ နားအထိ စံချိန်တင်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေကမကျသေး
Oct 03, 2025
Cover
ရွှေနဲ့ဒေါ်လာဈေးတွေ အနည်းငယ်ကျဆင်းလာကာ စက်သုံးဆီဈေးပြန်တက်လာ
Sep 26, 2025
Cover
ထိုက်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်ဖို့ကြိုးစားနေ တယ်လို့ စစ်ကော်မရှင်က ပြောနေပေမယ့် ရွှေဈေးထပ်တက်၊ စားကုန်ဈေးကြီး၊ ဒေါ်လာဈေးငြိမ်
Sep 21, 2025