NEWS

စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
85 Views

Myanmar Labour News မှာ စက်တင်ဘာ ၁၆ ရက် ကနေ ၂၂ ရက်နေ့အထိ တပတ်တာအတွင်းဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်ပအလုပ်အကိုင် နဲ့ ဒေသတွင်း သတင်းအနှစ်ချုပ်ကိုဖော်ပြပေးထားပါတယ်။

 

ရည်ရွယ်ချက်ကတော့ တပတ်အတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်တိုအတွင်း သိရှိနိုင်ဖို့ပါ။

 

စက်တင်ဘာ (၁၆) ရက်

 

အင်အားကြီးတိုင်ဖုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံတဲ့မြို့နယ် (၅၆) မြို့နယ်ထိတိုးလာပြီး ရေဘေးသင့်ပြည်သူ သုံးသိန်းနှစ်သောင်းကျော်ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့်မြေပြိုကျကာ ဒေသခံ (၂၅) ဦး နဲ့ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် စုစုပေါင်း လူ(၁၀၀)ခန့် သေဆုံးခဲ့ပါတယ်။

 

ရန်ကုန်တိုင်းထဲမှာ စာအုန်းဆီကို ဆီစာအုပ်တွေနဲ့ ခွဲတမ်းအလိုက် ရောင်းချနေပြီး ဝယ်ယူသူတွေကိုယ်တိုင် လက်မှတ်ထိုးပြီး ဝယ်ယူရတာကြောင့် အလုပ်သမားတွေမှာအခက်အခဲတွေ ရှိနေပါတယ်။ 

 

ပြည်တွင်းကနေ အိမ်နီးချင်းနိုင်ငံတွေကို ဦးတည်ပြီး အငှားကိုယ်ဝန်‌‌ဆောင်ကာ လူကုန်ကူးတာတွေ ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်း‌လေးဒေသမှာ ရေကြီးရေလျှံမှုကြောင့် လူ (၂၀)နီးပါး သေဆုံးကာ ခရမ်းချဉ်သီး ပိဿာချိန်များစွာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

 

ထိုင်းနိုင်ငံ ချွန်ပူလီမြို့နယ် Thaioil ဆောက်လုပ်ရေးဆိုက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၅၀) ကျော်ကို လုပ်အားခတစ်လခွဲစာမပေးတဲ့အပြင် အကြောင်းမဲ့ အလုပ်ထုတ်တာကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

 

ကယားပြည်နယ် လွိုင်ကော်ဒေသမှာ ရေကြီးနစ်မြှုပ်မှုတွေကြောင့်ဒေသခံတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေမှာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးမယ့် လူမှုရေးအသင်းအဖွဲ့တွေကို ထောက်ခံစာပါမှ ပေးဝင်မယ်လို့ သတ်မှတ်ချက်တွေ လုပ်ဆောင်နေပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ထန်းခြောက်ပင်လမ်းဆုံမှာရှိတဲ့ ဘေးတွဲကယ်ရီဂိတ်မှာ ကယ်ရီမောင်းသူတွေကို ကယ်ရီဂိတ်မှူးတစ်ဦးက စစ်သင်တန်းတက်ရောက်ဖို့ ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးနစ်မြှုပ်မှုတွေကြောင့် အခက်အခဲ ဖြစ်ပေါ်နေတဲ့ ပြည်သူတွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်ဖို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက အလှူငွေလက်ခံတာတွေ လုပ်ဆောင်နေပါတယ်။

 

အလုပ်သမား (၅၀၀) နီးပါး အလုပ်လုပ်ကိုင်နေတဲ့ Myanmar SHIN WON GARMENT မှာ အလုပ်သမားတွေကို အချိန်ပိုတွေ အလွန်အကျွံ ခိုင်းစေနေပါတယ်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လက်ပံတောင်းဒေသခံတွေက စက်တင်ဘာလ (၁၆ )ရက် မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

စက်တင်ဘာလ (၁၇) ရက်

 

စက်တင်ဘာလ (၁၇) ရက်ကနေ (၂၃) ရက်တွင်း ရန်ကုန်မြစ်တွင်းမှာ ထူးကဲဒီရေဟာ အခြေခံရေစစ်မျဉ်း အထက် ပေ(၂၀)ကနေ (၂၁) ပေအထိ မြင့်တက်လာနိုင်တယ်လို့ မြန်မာဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန် ထားပါတယ်။

 

ရာဂီမုန်တိုင်းရဲ့အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် (၉)ခုက မြို့နယ် (၅၉) မြို့နယ်က လူဦးရေ (၆) သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂရုံး OCHA Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

 

ကမ္ဘောဇဘဏ်လီမီတက်က ရေကြီးရေလျှံမှု ဖြစ်ပွားမှုနေတဲ့ သဘာဝဘေးအန္တရာယ်သင့်ဒေသတွေက ပြည်သူ တွေအတွက် ကျပ် (၁၀) ဘီလီယံ လှူဒါန်းမယ်လို့ သတင်းထုတ်ပြန်ပြီးနောက်မှာ K pay အကောင့် ပိတ်ခံရသူတွေ များလာတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

 

စက်တင်လဘာ (၁၈) ရက်

 

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် ပြည်တွင်းမှာ ဒေသအလိုက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ပြည်ပရောက်တရားဝင်အလုပ်သမားတွေကို တရားဝင်ငွေလွှဲလမ်းကြောင်းကနေ မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း ကိစ္စနဲ့ပတ်သက်ပြီး သတ်မှတ်ရာခိုင်နှုန်းပြည့်မီအောင် ပြန်လည် ပြုလုပ်ပေးတဲ့အတွက် စေလွှတ်ရေးရပ်ဆိုင်းထားတဲ့ အေဂျင်စီ ၁၅၀ ကိုယခင်အတိုင်း စေလွှတ်ရေးလုပ်ငန်းစဉ်များ ပုံမှန်ပြန်လည် ဆောင်ရွက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ပါတယ်။

 

ကမ္ဘောဇဘဏ်လီမီတက်က အွန်လိုင်းအကောင့်တွေကို အကြောင်းမဲ့ပိတ်နေတာကြောင့် လုပ်ငန်းအတွက် အသုံးပြုသူတွေ စိုးရိမ်မှုတွေ ရှိနေတယ်လို့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

 

Wonder Apparel စက်ရုံမှာ EC စာချုပ်ပါအချက်တွေကို ချိုးဖောက်တာ၊ ဥပဒေမဲ့ အလုပ်ထုတ်ပစ်တာ၊ ငွေကြေးဖြတ်တောက်တာတွေ လုပ်ဆောင်နေပါတယ်။

 

စက်တင်ဘာလ (၁၉) ရက်

 

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာရေလုပ်သားတစ်ဦးဟာ စက်တင်ဘာလ (၁၆) ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ဘတ်(၆)သန်းဆု ပေါက်ခဲ့ပါတယ်။

 

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ GYSEN Myanmar အထည်ချုပ်စက်ရုံမှာ အချိန်ပိုအတင်းအဓမ္မ ခေါ်ယူမှုကို တိုင်ကြားပေမဲ့ သက်ဆိုင်ရာ အလရက ဖြေရှင်ပေးမှုမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

 

ပြည်ပရောက်မြန်မာအလုပ်သမားတွေကို မိသားစုထံလွှဲပို့ငွေ (၂၅) ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး ဘဏ်တွေက တစ်ဆင့် ငွေလွှဲပေးဖို့ စက်ရုံအလုပ်ရုံတွေအထိ လိုက်လံဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

 

စက်တင်ဘာလ (၂၀) ရက်

 

ထူးကဲဒီရေတက်လာတာနဲ့အတူ ငမိုးရိပ်ချောင်း ရေတက်လာတဲ့အတွက် အနီးအနားက မြို့နယ်တွေဖြစ်တဲ့ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ ရေဝင်ရောက်မှုတွေရှိနေပြီး အချို့နေရာတွေမှာ ရေ၂ပေခန့် ဝင်ရောက်လာတယ်လို့ ဒေသခံသတင်းတွေကနေ သိရပါတယ်။

 

စစ်ပွဲဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် မြေမြှုပ်မိုင်းတွေ နေရာရွေ့နိုင်တဲ့အတွက် သတိပြုလိုက်နာရမယ့် စည်းကမ်းချက်များကို တော်လှန်ရေးအဖွဲ့အစည်းတွေက စက်တင်ဘာလ (၁၉)ရက် ထုတ်ပြန်အသိပေးထားပါတယ်။

 

ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေနဲ့ နိုင်ငံသားတွေအပေါ် စစ်ကောင်စီ မှ အလုပ်သမားအခွင့်ရေးချိုးဖောက်နေမှုတွေ ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

 

ပြည်တွင်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် ဆောင်ရွက်ပေးမှု အားနည်းတာကို ဝန်ကြီးဌာနက စနစ်တကျ ကြပ်မတ် လုပ်ဆောင်တာ မရှိပေမဲ့ အာဆီယံအဆင့် ပြိုင်ပွဲမှာ ဆု ရရှိခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်မှာစက်တင်ဘာလ ၂၀ ရက်နေ့လည်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ DDMSC က ထုတ်ပြန်ပါတယ်။ လူထုသပိတ်လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင် ပြုလုပ်ခဲ့တာပါ။

 

အထည်ချုပ်လောကမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေဟာ မိုးလင်းမိုးချုပ် လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင် နေရတာကြောင့် သတင်အချက်အလက်တွေ မရရှိသလို လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း သိရှိမှု အားနည်းနေတယ်ဆိုတဲ့အကြောင်းအရာတွေပါ၀င်တဲ့ အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာကို ဖော်ပြထားပါတယ်။

 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မင်းသိဒ္ဓိကျော်စွာလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ Best Choice Garment Co.,Ltd မှာ တစ်လလုံးပိတ်ရက်မရှိ အလုပ်ဆင်းခိုင်းပြီးတော့ အချိန်ပိုအလွန်အကျွံခိုင်းစေတာ ၊ ဥပဒေပါခွင့်တွေယူပါက ရက်မှန်ကြေးဖြတ်တောက်တာ အထည်စံချိန်ကို ချုပ်နိုင်တဲ့ပမာဏထက်ပိုမိုတောင်းခံတာ လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေတာ တွေ ပြုလုပ်နေတာကြောင့် အလုပ်သမားအခွင့်အရေး ဆိုင်ရာနစ်နာမှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

စက်တင်ဘာ (၂၁) ရက်

အလုပ်ရှင်အလုပ်သမားအကြား အလုပ်သမား ခွင့်ရက်ရယူရာမှာ ဥပဒေနဲ့မညီတဲ့စာချုပ်မျိုးတွေကို 29 ရတနာရွှေဆိုင်သာမက ရွှေဆိုင်အများစုက အသုံးပြုနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေရဲ့ ထောက်ပြချက်အရ သိရပါတယ်။ 

 

လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ 29 စိန်ရွှေရတနာဆိုင်ရဲ့ အလုပ်ရှင်နဲ့အလုပ်သမားအကြား ချုပ်ဆိုရတဲ့ ခွင့်ရက်ရယူခြင်းဆိုင်ရာသဘောတူစာချုပ်ထွက်ပေါ်လာပြီး အလုပ်သမားတွေရဲ့ ချိုးဖောက်ခံရမှုတွေ ထွက်ပေါ်လာတာပါ။

 

-“CC2024 Our Ambassador Myanmar's Voice"(၇၉)ကြိမ်မြောက် UN General Assembly(UNGA 79)အစည်းအဝေးကို လာမယ့် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀-၂၄)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ သံအမတ်ကြီး ဦီးကျော်မိုးထွန်းကို မြန်မာနိုင်ငံသားတွေက ထောက်ပံ့အားပေးကြောင်းပြသရင်း တော်လှန်ရေးတွင် ပါဝင်ကြပါဖို့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ (UN)တွင် ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရေးနဲ့ အထွေထွေညီလာခံကြီးမှာ ကိုယ်စားလှယ်တွေရဲ့ လုပ်ထုံးလုပ် နည်းများအတိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးနဲ့ ပြည်တွင်းပြည်ပကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာ လှုပ်ရှားမှုကြီးတွင် အားလုံးထောက်ခံပါဝင်ကြောင်းပြသရင်း နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့ တိုက်တွန်းထားပါ တယ်။

 

 

ယခုတပတ်တာရဲ့ သတင်းအနှစ်ချုပ်ကို " မမ" က စုစည်းပေးထားတာဖြစ်ပါတယ်။ 


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024
Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024