NEWS

စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
64 Views

Myanmar Labour News မှာ စက်တင်ဘာ ၂၃ ရက် ကနေ ၂၉ ရက်နေ့အထိ တပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်ပအလုပ်အကိုင် နဲ့ ဒေသတွင်း သတင်းအနှစ်ချုပ်ကိုဖော်ပြပေးထားပါတယ်။
ရည်ရွယ်ချက်ကတော့ တပတ်အတွင်း  ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်တိုအတွင်း သိရှိနိုင်ဖို့ပါ။

စက်တင်ဘာ ၂၃

၂၀၂၄ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေကနေ နိုင်ငံအလိုက် စေလွှတ် ခဲ့ တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲ ပို့ငွေ အထောက်အထားတွေကို တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ တွေ ကို ထပ်မံ တောင်းထားတယ်လို့ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။


စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ များစွာ ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်လာသည့် အပေါ် မကျေနပ်တဲ့ ထိုင်းနိုင်ငံသား အချို့က စက်တင်ဘာ ၂၃ရက် မှာ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေထံက သိရပါတယ်။

ထိုင်းနိုင်ငံ အတွင်း တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးတာ မှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာအလုပ်သမား ၂သိန်းနီးပါး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စက်မှုဇုန် ၊ ပြည်တော်သာလမ်းမှာ ဖွင့်ထားတဲ့ Newell ( Myanmar ) Co.Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို အီးစီစာချုပ် ချုပ်ဆိုခြင်းမပြုဘဲ အလုပ်ထွက်အောင် ဖိအားပေးနေတာကို ပေးစာအနေနဲ့ အလုပ်သမားတွေက ပေးပို့ချက်ကို ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁၃ ဦး ကို CHINA MINGHUA GROUP CO.LTD မှ လုပ်အားခ ခြောက်လစာမပေးဘဲ အလုပ်ထုတ်တဲ့အပြင် မြန်မာအလုပ်သမား၆ ဦး ကိုပါ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့ ရှိ ဆိပ်ကမ်း အနီး သဲတင် သင်္ဘောပေါ်မှာ လုပ်အားခမပေး ဘဲ ခိုင်းစေထား ကာ နေရပ်ကိုပြန်မခေါ်ပေးတဲ့ အတွက် အလုပ်သမားတွေ ဒုက္ခရောက်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
စက်တင်ဘာ ၂၅

ထိုင်းနိုင်ငံ ဖရာ့နခေါစီအယုဒ္ဓယခရိုင် ဥထိုင်မြို့ နောင်နမ်းစုမ့် ကျေးရွာအုပ်စုနယ်မြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တရားမဝင် မြန်မာအလုပ်သမား ၂၆၀ ကျော် အဖမ်းခံရတယ်လို့  ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြိုSKY (သံရုံ)မှာ အလုပ်  လုပ်ကိုင်နေတဲ့မြန်မာလုပ်သမား (၃)ဦး မှာ လုပ်ငန်းခွင် အတွင်း မတော်တဆထိခိုက်မှုကြောင့် မျက်လုံးကွယ်သည်အထိ ဖြစ်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က နစ်နာကြေးမပေးဘဲ တာဝန်ယူမှုမရှိဘူးလိုထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲထံကသိရပါတယ်။

အချိန်ပို ခေါ်ယူမှုတွေကြောင့် တိုင်ကြားခံရပြီး အလုပ်ချိန်ပြောင်းလဲမှုကြောင့် Prettex Myanmar အထည်ချုပ် လုပ်သားတွေ အခက်အခဲတွေ့နေရတယ် သိရပါတယ်။ စက်ရုံဘက်က အလုပ်ချိန်မနက် ၇နာရီခွဲကနေ ညနေ ၆နာရီ အစား ညနေ ၇နာရီကို ပြောင်းလဲလိုက်တာကြောင့် အခက်အခဲ ဖြစ်ရတာကို ပြောပြပေမဲ့ အလုပ်ထွက် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

29 ရွှေဆိုင်ရဲ့ အလုပ်သမားတွေ  ခွင့်ရက်ရယူရာမှာ ဥပဒေနဲ့မညီတဲ့စာချုပ်ပေါ်ထွက်လာပြီးနောက် အဆိုပါ ဆိုင်မှာ အလုပ်လုပ်တဲ့ အလုပ်သမားတိုင်းစရံငွေပေးသွင်းရပြီး အလုပ်ထွက်ပါက စရံငွေပြန်မရဘဲ ခြိမ်းခြောက်ခံရတာတွေသာ ကြုံရတယ်လို့ အလုပ်ထွက်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေ များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။  

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ ၁၃ နှစ်အရွယ် ကိုရင်တစ်ပါးညှင်းပန်းနှိပ်စက်ခံရပြီး ပျံလွန်တဲ့အပေါ်ပြည်သူတွေကြားမှာဝေဖန်မှုမြင့်တက်နေပါတယ်။ စက်တင်ဘာလထဲမှာဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာရှိ သရက်တောဘုန်းတော်ကြီးကျောင်းမှာပညာသင်ကြားရေး ကိုရင်ငယ်တစ်ပါးကို ဖုန်းခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ရိုက်နှက်တာကြောင့်ပျံလွန်ခဲ့တာပါ။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ အမှတ် - မှာဖွင့်လှစ်ထားတဲ့ MENGYUE GARMENT မှာ အီးစီစာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ခိုင်းစေနေပြီး အခွင့်အရေးချိုးဖောက်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀ ကျော်နဲ့ လုပ်ကိုင်နေတာလို့ ဆိုပါတယ်။ ချုပ်လုပ်တဲ့အမှတ်တံဆိပ်ကတော့ PALLTEX အမှတ်တံဆိပ် စားဖိုမှူးဝတ်စုံတွေချုပ်တာလို့ ပြောပါတယ်။ 

စက်တင်ဘာ ၂၆

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ယာ စကားဝါလမ်း အမှတ်-  တွင် တည်ရှိသော Nyein Hsu Latt Security ကုမ္ပဏီက အလုပ်သမားကိုဖမ်းဆီးငွေညှစ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လုံခြုံရေး အလုပ်သမားနှစ်ဦးအား မတရားချုပ်နှောင်ထားပြီး ငွေကြေးတောင်းခံနေတဲ့အတွက် မိသားစုဝင်များမှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန်ဆောင်ရွက်စဥ် စက်တင်ဘာ ၂၃ ရက်ညလယ် ၁၁:၃၀ တွင် လုံခြုံရေး ကုမ္ပဏီ မှ ဖမ်းခေါ်ထားသော ဝန်ထမ်း၂ ဦးအား ရွှေပြည်သာ စခန်းတွင် ကာယကံရှင် မိသားစု ထံသို့ စခန်းမှူးရှေ့၌ပင် ပြန်လည်အပ်နှံခဲ့ရတယ်လို့သိရပါတယ်။ 

ထိုင်းနိုင်ငံအတွင်း က  အထောက်အထားမဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းဝန်ကြီးအစည်းဝေးမှာ အတည်ပြုပြောကြားထားပါတယ်။ ဒါ​ပေမယ့် ရက်ချိန်းအတိအကျမကြေညာသေးဘဲ ဘတ်လုပ်ပေးမယ့် အေဂျင်စီနဲ့ပွဲစားတွေကိုငွေကြိုလွှဲပေးတာတွေ မပြုလုပ်ဖို့ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးသူတွေကသတိပေးထားပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်ခရိုင် ၊ ရွှေပြည်သာစက်မှုဇုန် (၃) မြတောင်ဝန်ကြီးဦးမှိုလမ်း ၊ အမှတ် (-) မှာရှိတဲ့  တရုတ်နိုင်ငံသားပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံမှာ  ဝမ်တိမ်လက်မှတ်မထိုးလို့ဆိုကာ အလုပ်သမားတစ်ဦးအလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာကြောင့် တနိုင်တပိုင် အစားအသောက် ပြုလုပ်ရောင်းချသူတွေ အခက်အခဲမျိုးစုံကြုံနေရပါတယ်။ မုန့်ဖတ်ထုတ်ကို ဖောက်သည်ဈေး ကျပ် ၂၀၀ နဲ့ ယူရောင်းပြီး အမြတ်အစွန်းရခဲ့တဲ့ ဗျော့ကြီးတစ်ယောက် ကုန်ဈေးနှုန်းကြီးမြင့်လို့ မုန့်ဖတ်ထုတ် ဖောက်သည်ဈေးတက်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ "ဗျော့ကြီး မုန့်မရောင်းနိုင်တော့ပါ"  ဆောင်းပါးမှာ ဖတ်ရှု့နိုင်မှာပါ။ 

စက်တင်ဘာ ၂၇ 

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Beaume International Garment Mfg Limited  မှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ရှိနေတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေကပြောပါတယ်။အဆိုပါ စက်ရုံမှာ  I’Z FRONTIER၊ COOL WORK၊ Beaume၊ TOM TOMPSON၊ NEODRY အမှတ်တံဆိပ် ဂျပန်အော်ဒါ အနွေးထည်၊ ဂျာကင်ထည်၊ ဂျာကင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေချုပ်နေပြီး အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေတာလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခဲ့ပြီး ဖြစ်တဲ့ မြန်မာအလုပ်သမား ၁၂၇ဦး ကို စက်တင်ဘာ၂၆ရက် နေ့လည်ပိုင်းကမြန်မာပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထိုင်းနိုင်ငံလူဝင်မှု့ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ မြေတိုင်းအမှတ်- ၄၉ လမ်း ၊ အမှတ်-ရှိ   Tai Hong Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ဆိုးဆိုးရွားရွားခြိမ်း​​ခြောက်ခံရမှုကို အလုပ်သမားရုံးသို့ တိုင်ကြားခဲ့လို့ ညှိနှိုင်းရာ ပြေလည်မှုရရှိခဲ့တယ်လို့  သိရပါတယ်။ အလုပ်သမားတွေဟာ အလုပ်ရှင်ထံသို့ စက်ရုံကနိုင်ငံခြားသားအတတ်ပညာရှင်များက အလုပ်သမားကိုတိုက်ရိုက်မအုပ်ချုပ်ဖို့နဲ့ ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခြင်းမပြုရန်၊ အလုပ်ရှင်ရောအလုပ်သမားရောနှစ်ဦးနှစ်ဖက်လုံးက အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်အပေါ် လေးစားလိုက်နာရန် နဲ့ အလုပ်သမားများအပေါ် အငြိုးအတေးထားကာ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ဖို့ကို အလုပ်ရှင်အလုပ်သမားညှိနှိုင်းသဘောတူညီပြီး အဆင်ပြေစွာစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၇ ရက်နေ့ရဲ့ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာငွေလဲနှုန်းအရ တစ်ဒေါ်လာလျှင် ၄၈၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာတယ်လို့  ပြင်ပစျေးကွက်ပေါက်စျေးအရ  သိရပါတယ်။ 

အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ၊ အထည်စံချိန် အလွန်အကျွံသတ်မှတ်တောင်းခံတာ ၊ အမျိုးသမီးအလုပ်သမားတွေကို ခွင့်ပြုချက်မရှိဘဲ ဓါတ်ပုံရိုက်ယူတာတွေ အပါ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်တာတွေကျူးလွန်နေတာကြောင့် ဖြေရှင်းပေးဖို့ Ten Da Garment စက်ရုံ အလုပ်သမားတွေကပြောပါတယ်။
စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာ အရှေ့၊ စက်မှုဇုန် ၄ ၊ ဝက်မစွပ် ဝန်ထောက် လမ်း အမှတ် - ၊ မှာဖွင့်လှစ်ထားပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

"အလုပ်အကိုင်တခုအတွက် ပေးဆပ်ရမှုများ" ဆိုတဲ့ သတင်းဆောင်းပါးမှာတော့ အထူးသဖြင့် ရန်ကုန်မြို့မှာ အလုပ်အကိုင်ရှာဖွေနေရတဲ့ လူငယ်တွေ အလုပ်လျှောက်လွှာအတွက် ပေးရတဲ့ ကုန်ကျစရိတ်တွေ အဆမတန်ဖြစ်နေပြီး တကယ်တမ်းအလုပ်ရမှသာ မူရင်းစာရွက်စာတမ်းတွေတောင်းယူဖို့ဆိုတဲ့အချက်ကို အလုပ်ရှင်တွေ ထည့်သွင်းစဉ်းစားပေးနိုင်ဖို့ ရေးသားဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၈ 

ပြည်တွင်း လုပ်သားထုရဲ့ အခြေအနေဟာ အလုပ်ရှင်ဘက်က ချိုးဖောက်ထားတဲ့ ဥပဒေပါအခွင့်အရေးတွေ ၊ ဥပဒေစည်းကျပ်တဲ့ ဌာန ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လျစ်လျူပြုမှုတွေ နဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြား ထမင်းတနပ် နဲ့တနပ်အကြား သောကများနေရတဲ့ အလုပ်သမားတွေအကြောင်းကို ပိုမိုသိရှိစေဖို့ "အမေ့လျော့ခံ လုပ်သားထုရဲ့ ချိုးဖောက်ခံနေရတဲ့ စာရွက်ပေါ်က ဥပဒေများ"ဆိုတဲ့သတင်းဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ 

စက်တင်ဘာ ၂၉

ယာဉ်ထိန်းရဲများနှင့် စစ်သားများ ပူးပေါင်းကာ  အကြောင်းအမျိုးမျိုးရှာပြီး ယာဉ်တွေကို ဖမ်းဆီး ငွေတောင်းနေတဲ့ လို့ အဆိုပါ မော်တော်ပီကယ်(ယာဉ်ထိန်းရဲ) တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက  အရေးယူပေးဖို့ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြိုတွေကို လှည့်လည် သွားလာနေရတဲ့ ယာဉ်မောင်း လုပ်သားက ပေးစာအနေနဲ့ ပေးပို့ချက်ကို ဖော်ပြခဲ့ပါတယ်။

မြန်မာ အလုပ်သမား ၃၀၀ နီးပါး MOU စာချုပ် ချိုးဖောက်ခံရပြီး အလုပ်အကိုင်အတွက် အခက်အခဲတွေ့ရတယ်လို့အလုပ်သမား တဦးက Myanmar Labour News ကို ပြောပါတယ်။ မြန်မာနိုင်ငံက ZIN TUN WIN 999 CO.,LTD ကုမ္ပဏီမှာ MOU စာချုပ် ချုပ်ဆိုပြီး မြန်မာအလုပ်သမား ၂၇၃ ဦးက ထိုင်းနိုင်ငံကို ရောက်ရှိလာတာလို သိရပါတယ်။  

တပတ်တာ သတင်းအနှစ်ချုပ်ကို ဆုလာဘ်ဖြူက စုစည်းပေးထားတာပါ။ 


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024
Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024