NEWS

ခြံအမှတ်(၅၄)ကို လေလံကြမ်းခင်းဈေးလျော့ချပြီး ထုတ်ရောင်းဖို့ ထပ်မံတင်ပြထား

CoverLogo
459 Views
 
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်အမည်ပေါက် ပိုင်ဆိုင်တဲ့ ခြံအမှတ်(၅၄) အမွေဆိုင် နေအိမ်ကို သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက ကျပ်‌ငွေဘီလီယံ၂၉၀ အထိဈေးလျော့ချကာ လေလံတင်ရောင်းဖို့ မနေ့က ရုံးချိန်းမှာတရားရုံးကို တင်ပြလိုက်တယ်လို့တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
အဆိုပါ ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦးဘက်က အောက်တိုဘာ၂၂ရက်က ပြုလုပ်တဲ့ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံး ရဲ့ရုံးချိန်းမှာ တင်ပြ ခဲ့တာဖြစ်ပြီး အဲ့ဒီလို တင်ပြမှုအပေါ် လာမဲ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြန်လည်တင်ပြဖို့ရှိနေပြီး နှစ်ဖက်စလုံးကို တင်ပြချက်တွေကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
 
ခြံအမှတ်(၅၄)နဲ့ပတ်သက်တဲ့ ဆုံးဖြတ်တာတွေပြုလုပ်နိုင်ဖို့ လာမယ့်ရုံးချိန်းကို နိုဝင်ဘာလ ၁၃ရက်နေ့ကို တရားရုံးကပြန်လည် ချိန်းဆိုထားရာဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေအနေနဲ့ ရုံးချိန်းရက်မတိုင်မီဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရဖို့ကြိုးပမ်းနေတယ်လို့လည်းသိရပါတယ်။
 
အထက်ပါ အိမ်နဲ့ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တစ်ကြိမ်၊ ၃၀၀ ဘီလီယံနဲ့ တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူသူ မရှိခဲ့တာကြောင့် ဦးအောင်ဆန်းဦး အနေနဲ့ ဈေးနှုန်းကျပ်ဘီလီယံ၂၉၀ အထိ​လျှော့ကာ တတိယအကြိမ်လေလံတင်ရောင်းချနိုင်ရေးတင်ပြတာလို့ ဆိုပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့် ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ ကန့်ကွက်မှုတွေ တောက်လျှောက်လုပ်နေတယ်လို့သိရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမနှစ်ဦး ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာ ဖြစ်ပါတယ်။
 
၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမနေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက် ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
 
အဲ့ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်ခဲ့ပြီး ပယ်ချခံခဲ့ရပေမယ့်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။
 
အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးက လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ဒီအခြေအနေအထိ ရောက်လာတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026