NEWS

ခေတ်နဲ့အညီ လုပ်အားခတိုးမြှင့်ပေးဖို့ အလုပ်သမား ၈၀၀ ကျော်လုပ်ငန်းခွင်အတွင်းအလုပ်မလုပ်ဘဲ ဆန္ဒပြ

CoverLogo
3.6K Views

ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အပေါ် လက်ရှိ အလုပ်လုပ်လို့ ရနေတဲ့ ဝင်ငွေနဲ့ လောက်ငှမှုမရှိတော့လို့ ခေတ်နဲ့အညီသင့်တော်တဲ့ လုပ်အားခ တိုးမြှင့်ပေးဖို့ အထည်ချုပ်အလုပ်သမား ၈၀၀ ကျော်ဟာ ဩဂုတ် ၂၉ ရက်နေ့ ကစပြီး လုပ်ငန်းခွင်အတွင်း အလုပ်ရပ်ပြီး ဆန္ဒဖော်ထုတ်နေကြတာပါ။

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် ၁ စက်မှုပဒေသာလမ်းမှာ ဖွင့်လှစ်ထားတဲ့  Myanmar Luxury Group Company အထည်ချုပ်လုပ်ငန်း က လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။ အဆိုပါ စက်ရုံမှာ STRAUSS, STRADIVARIUS, earth  အစရှိတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

" ၂၉ရက်နေ့က စပြီးတောင်းဆိုတာပါ။ အခုတော့ ဦးစီးမှုးတွေနဲ့ညှိနေတာ အဆင်မပြေသေးပါဘူး။ တောင်းဆိုတာကတော့ လက်ရှိကုန်ဈေးနှုန်းနဲ့ အညီ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုတာပါ။ ဘာလို့တိုးတောင်းတာလဲဆိုတော့ အခု ကုန်ဈေးနှုန်းတွေနဲ့ လုပ်ခလစာနဲ့က အဆင်မပြေဘူးပေါ့နော် အဲ့တာကြောင့် တိုးတောင်းတာပါ။ စက်ရုံဘက်ကတော့ အဆင်မပြေဘူး မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြောတယ်။ ဦးစီးမှူးတွေနဲ့လဲ ညှိတယ်ပေါ့နော် လုံးဝအဆင်မပြေဘူး ဒီနေ့အထိ စက်ရုံက မပေးနိုင်ဘူးလို့ပဲ ပြောနေတယ်။  အခြေခံလစာတိုးတောင်းတာ မဟုတ်ဘူးပေါ့နော် သက်သက် ရှားပါးစရိတ်အနေနဲ့ တိုးတောင်းတာပါ။ " လို့ ဆန္ဒပြ အလုပ်သမားတစ်ဦးကပြောပါတယ်။

ကျွမ်းကျင် လုပ်သား တစ်ယောက်အနေနဲ့ လက်ရှိမှာ ဒေးကြေး ၄၈၀၀ အပါအဝင် ကျွမ်းကျင်ကြေး အချိန်ပို ကြေးများရရှိပြီး တစ်လလျှင် စုစုပေါင်း ၂၅၀၀၀၀ ခန့်ရရှိတာဖြစ်ပြီး ကုန်ဈေးနှုန်းက ၃ ဆနီးပါးတက်သွားလို့ အခြေခံအလုပ်သမားတွေအနေနဲ့ အခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။

"ကုန်ဈေးနှုန်းက ၁ဆလဲ မဟုတ် ၂ဆလဲ မဟုတ် ၃ဆလောက်တတ်သွားတဲ့အတွက် အခြေခံ အလုပ်သမားအနေနဲ့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ အတွက်ကြောင့်မို့လို့ အလုပ်ရှင်ဆီ တောင်းဆိုတာပါ။ အခုလောလောဆယ် တောင်းဆိုတာတော့  ဘယ်လိုမှ  အဆင်မပြေသေးဘူး။ အခု ဆီ ၁ပိဿာဆို ၁၃၀၀၀၊ ကြက်သွန်နီ ဆို လုံးဝ သေးသေးလေးတောင် ၁ပိဿာ ၃၀၀၀ကျော်သွားပီ။ ဆန်ဆိုပြောမနေနဲ့တော့ ဆန်ကြမ်းစားတာတောင် အခုလုပ်ခလစာနဲ့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။" လို့ ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးနှုန်းတွေ နေ့စဉ်နဲ့အမျှ မြင့်တက်နေသလို အခြေခံစားသောက်ကုန်နဲ့ဆေးဝါးပါမကျန် တရှိန်ထိုး မြင့်တက်လျှက်ရှိနေတာဖြစ်ပြီး အခြေခံအလုပ်သမားတွေအတွက် ရရှိတဲ့ တရက် လုပ်ခလစာက ၁ ဒေါ်လာစွန်းစွန်းသာရှိပါတော့တယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် စက်မှုဇုန် လုပ်သားတွေအပါအဝင် အခြေခံလုပ်သားတွေကိုယ်တိုင်နဲ့ သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေပါ အခက်တွေ့နေရတဲ့ အနေအထားဖြစ်လာတယ်လို့ လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာနေ့စား အလုပ်သမားတွေလည်း ရှိပြီး ပိတ်ရက်မှာ အလုပ်မလုပ်ရတာကြောင့်  ဝင်ငွေမရှိတာ ကျွမ်းကျင်ကြေးနဲ့ ဘောနပ်တွေ မရရှိတာတွေ ကြောင့် ဝင်ငွေက ပိုမိုနည်းပါးလာတာကိုလည်း ကြုံတွေ့နေရတာကြောင့် အလုပ်သမားတွေရရှိတဲ့ လုပ်အားခတွေကို တိုးမြင့်ပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။

"တောင်းတဲ့ ပမာဏတော့သတ်မှတ်ထားတာမရှိဘူး ခေတ်နဲ့အညီကုန်ဈေးနှုန်းနဲ့ လုပ်ခလစာတွေတိုးပေးဖို့ ပဲ ၊ ဘယ်လောက်ဆိုတာတော့မရှိပါဘူး။ အများရဲ့ ဆန္ဒမှာကျတော့ ဘယ်လောက်ဆိုအဆင်ပြေတယ်ဆိုရင် အများဆန္ဒအတိုင်းပဲပေါ့။ အခုအခြေအနေနဲ့ ကုန်ဈေးနှုန်းနဲ့က စက်ရုံတိုင်း စက်ရုံတိုင်းမှာ ခံစားခွင့်တွေ တချို့ကျတော့ လည်း နားလည်မှုနဲ့ပေးတဲ့စက်ရုံတွေရှိတယ် တချို့ကျတော့လည်း မပေးဘဲ တင်းခံနေတဲ့ စက်ရုံတွေရှိတယ် အဲ့လို ကုန်ဈေးနှုန်းနဲ့ အခြေခံလစာက ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ အလုပ်သမားတိုင်းက နားလည်တယ် ဘယ်လိုမှအဆင်မပြေတာ" လို့ ဆန္ဒပြအလုပ်သမားတစ်ဦးက ဆက်ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်ရပ်နားပြီး ဆန္ဒထုတ်ဖော်နေသည့်  Myanmar Luxury Group Company အလုပ်သမားများအားတွေ့ရစဉ်။

 

"အခုလုပ်ခလစာကို တိုးမပေးဘူးဆိုရင် အလုပ်သမားတွေတော်တော်များများက နယ်က လာလုပ်ကြတာဆိုတော့ ချေးငှားဖို့လည်းအဆင်မပြေဘူး ဒီလုပ်ခလစာနဲ့ စားနပ်ရိက္ခာနဲ့က ဘယ်လိုမှအဆင်မပြေဘူး အခုဆို လျှော့နိုင်သလောက် တော်တော်လျှော့ထားတယ် မနက်စာဆိုလည်း မစားဖြစ်တော့တာများတယ် လျှော့ စားနေရတဲ့အခြေအနေမျိုးမှာရှိနေတယ်။ သရေစာတွေလည်းမစားတော့ဘူး စားချင်တာတွေ မစားရတာတို့ အာဟာရပြည့်ဝအောင် မစားရတာတွေကတော့ ရှိတာပေါ့။ အိမ်ပြန်မပို့နိုင်မှာလည်း စိုးတယ် ဒီမှာလည်း လုံးဝမလောက်တဲ့အတွက်ကြောင့် ကန်စွန်းရွက်တစည်းဆိုရင် ၅၀၀၊  ၂ ခါ ခွဲကြော်စားရတဲ့ သဘောမျိုးဖြစ်နေတယ်။  အရင်က တပတ်ကို အသား ၂ ရက်ချက်တယ် အခုဆို အသားမစားနိုင်တော့ဘူး အသီးအရွက် တွေကအစ ဈေးကြီးနေတော့ အသီးအရွက် ၂ မျိုးပေါင်းပြီး ဟင်းရည်ပုံစံမျိုးချက်စားနေရတယ်" လို့ ယင်းက ဆက်ပြောပါတယ်။

MyanmarLabourNews


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026