အာဏာသိမ်းကာလ ပိုမိုကြာရှည်လာတာနဲ့အမျှ နေ့စဉ် လူနေမှုဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အသုံးအဆောင်တွေနဲ့ ကုန်ပစ္စည်းတွေဟာ ဝယ်ယူ ရရှိဖို့ ခက်ခဲလာနေပါတယ်။အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ အောက်ခြေအလုပ်သမား လူတန်းစား တွေအတွက် တော့ အခက်အခဲတွေ ပိုများလာပါတယ်။
စက်သုံးဆီကစလို့ အိမ်သုံးဂတ်စ် အထိ ဝယ်ယူရခက်ခဲသလို ပစ္စည်းပြတ်လပ်မှုတွေ လည်း မကြာခဏ ဖြစ်နေတာပါ။ ဒါတွေဟာ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ လမ်းခရီးမကောင်းလို့ ကုန်ပစ္စည်း ပြတ်လပ်တာနဲ့ စီမံခန့်ခွဲမှု အမှားတွေကိုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကြောင့် ဖြစ်လာတဲ့အရာတွေလည်းဖြစ်နေပြန်ပါတယ်။
လူမှုအသိုက်အဝန်းတစ်ရပ် လည်ပတ်ဖို့ မဖြစ်မနေ လိုအပ်တဲ့ လျှပ်စစ်မီးဟာဆိုရင် အချိန်မှန်ရရှိခြင်းမရှိသလို အခြားသော အစားထိုး စွမ်းအင်တွေကလည်း လုံလောက်အောင် ရရှိမနေပြန်ပါဘူး။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီဈေးတွေဟာ အရင်ကထက် နှစ်ဆနီးပါး မြင့်တက်လာပေမယ့် အခြေခံ အလုပ်သမားတွေရဲ့ ဝင်ငွေကတော့ တိုးမလာခဲ့ပါဘူး။
ပြည်တွင်းမှာ နေထိုင်သူအများစုဟာ အခြေခံလက်လုပ် လက်စား အလုပ်သမားတွေဖြစ်ပြီး သူတို့ရဲ့ဝင်ငွေတွေဟာ လက်ရှိမှာတော့ ဝဝလင်လင် စားသောက်ဖို့ကို မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။ မြန်မာပြည်မှာနေထိုင်တဲ့ ပြည်သူတွေရဲ့ ထက်ဝက်ကျော်ဟာဆင်းရဲတွင်းထဲ ရောက်ရှိလို့နေပြီဖြစ်ပါတယ်။
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာဘဏ်ရဲ့ မြန်မာစီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရတော့ မြန်မာ့လူဦး ရေရဲ့ (၃၂)ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေ (၁၇)သန်းခွဲက ဆင်းရဲတွင်းထဲ ရောက်သွားပြီလို့ ဇွန်လ (၁၂) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူတွေရဲ့ဆင်းရဲခက်ခဲမှုတွေဟာ ၂၀၁၅ ခုနှစ်မှာ ရှိခဲ့တဲ့အခြေအနေကို ပြန်သွားနေ တာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်ကာလမတိုင်ခင်ကထက် ဆင်းရဲနွမ်းပါးသူ (၁၇)သန်းကျော် တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကြောင့်လည်း နိုင်ငံအနှံ့မှာ ဆင်းရဲနွမ်းပါး နှုန်းဟာ ဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာနေတဲ့ ပြည်သူ ၄၂ သန်းဟာ ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နေရတာ သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ နီးစပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိပြီး အမျိုးသား ၂၆ သန်းကျော်နဲ့ အမျိုးသမီး ၂၉ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေ (၅၁.၄)သန်းမှာ ခန့်မှန်းချေအားနဲ့ တွက်မယ်ဆိုရင်တောင် (၄၂)သန်းက ဆင်းရဲမွဲတေ နေတာပါ။
UNDP ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ သုံးနှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုမှာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း (သို့) ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့ နီးစပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်
ဒီလို နိုင်ငံတကာအဖွဲ့စည်းတွေက ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းတွေဟာ အခြေခံအလုပ်သမားထုရဲ့ ဆင်းရဲ မွဲတေမှု အခြေအနေကို ညွှန်ပြနေတဲ့ ကိန်းဂဏန်းတွေဖြစ်ပါတယ်။
တရိပ်ရိပ်တက်နေတဲ့ ခေတ်ကာလကုန်ဈေးနှုန်းဟာ ပြည်တွင်းမှာ ပေးချေနေတဲ့ လုပ်ခလစာကို ပြက်ရယ်ပြုနေတာ ကာလကြာရှည်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေ ဥပဒေကို (၂၀၁၃)ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အလုပ်သမားတွေ အတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားတစ်ခုကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ ရက်မှာ သတ်မှတ် ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
ပြဋ္ဌာန်းခဲ့တဲ့ အဆိုပြုနှုန်းထားကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစားမခွဲခြားဘဲတစ်နာရီကို ကျပ်(၄၅ဝ)နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တစ်ရက်ကို (၃၆ဝဝ)ပေးရမယ်လို့ စတင်သတ်မှတ်ခဲ့တာပါ။
အဲဒီလို သတ်မှတ်ရာမှာ အလုပ်သမား (၁၅)ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဝန်ကြီးဌာနက ပြဋ္ဌာန်းခဲ့ပါတယ်။
ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂)နှစ်ကို တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် (၂၀၁၈)ခုနှစ်မှာ တော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈) နာရီစာ(တစ်ရက်) လုပ်အားခကို ကျပ်(၃၆၀၀)ကနေ ကျပ်(၄၈၀၀)အထိ တိုးမြှင့်ခဲ့ပါတယ်။
ဒီလိုဒုတိယအကြိမ်တိုးမြှင့်ပေးခဲ့တာဟာ အရပ်သားအစိုးရကာလ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံအစိုးရလက်ထက်မှာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ တော့ အနည်းဆုံးအခကြေးငွေ ပြောင်းလဲသတ်မှတ်ရေးလုပ်ငန်းစဉ်ဟာ ဥပဒေအရ ညှိနှိုင်းလုပ်ဆောင်တာမျိုး မဟုတ်တော့ဘဲ ဝန်ကြီးဌာနဘက်ကပဲ သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစတင်ပြီး အစိုးရဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ကျပ်သုံးသောင်း တိုးပေးမယ်လို့ ၂၀၂၃ စက်တင်ဘာ(၃၀)ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရ ဌာနဆိုင်ရာ မှာ အလုပ်လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကို တစ်ရက်အလုပ်ချိန် (၈) နာရီအတွက် အပိုထောက်ပံ့ကြေးအဖြစ် (၁၀၀၀)ကျပ် တိုးပေးမယ်လို့ ဆိုခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ပြီးနောက်မှာဘဲ အလုပ်ရှင်တွေကလည်း အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်ရေးကို ခေါင်းစဉ်လွှဲပြီး အပိုထောက်ပံ့ကြေးအဖြစ် တစ်ရက်ကျပ် တစ်ထောင် တိုးပေးခဲ့ပါတယ်။ လက်တွေ့မှာတော့ တိုးပေးခဲ့တဲ့ ထောက်ပံ့ကြေးဟာ လက်ဖက်ရည်တစ်ခွက်စာဖိုးတောင် ရှိမနေပါဘူး။ ဒီလိုနဲ့ တတိယအကြိမ် ပြင်ဆင်သတ်မှတ်ရမယ့် အနည်းဆုံး အခကြေးငွေနှုန်းထားလည်း ထွက်ပေါ်မလာတော့ပါဘူး။
မကြာသေးခင်က အလုပ်သမားဝန်ကြီးဌာနက တရားဝင် မသတ်မှတ်ပေမယ့် အလုပ်ရှင်တွေက ဒေးကြေးတွေ တိုးပေးမယ်ဆိုတဲ့ သတင်းစကားတွေဟာ အလုပ်သမားထုကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းစကားတွေ ပဲ ဖြစ်ခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်တွေလည်း တောက်ပလာခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ လုပ်ခလစာတွေ တိုးလာချိန်မှာတော့ အလုပ်သမားတွေအတွက်အိမ်မက်တွေပျက်ယွင်းသွားပါတယ်။
လုပ်ခလစာ တိုးပေးတယ်ဆိုတဲ့ နောက်ဆက်တွဲမှာ ဒေးကြေးတိုးပေးပေမယ့် တစ်ခြားသော ခံစားခွင့်တွေ ဖြတ် တောက်တာ၊ ဒေးကြေးကို ကျွမ်းကျင်လုပ်သားတွေကိုပဲ တိုးပေးတာ၊ ဒေးကြေး မတိုးပေးဘဲ အပိုထောက်ပံ့ကြေး ဆိုတဲ့ခေါင်းစဉ်နဲ့ ငွေကြေးအနည်းငယ် တိုးပေးတာတွေပဲ ရှိလာပါတယ်။ ဒါ့အပြင် ဒေးကြေးကော ထောက်ပံ့ကြေး ပါ တိုးမလာတဲ့ လုပ်ငန်းခွင်တွေ အများအပြားရှိခဲ့ပါတယ်။ ဒါဟာအလုပ်အများစုအတွက်တော့ အရင်လို မထူးဇာတ်ခင်းခံလိုက် ရတာပါပဲ။
“ဒေးကြေးကို နည်းနည်းပဲ တိုးပေးတယ်။ နောက်အပိုထောက်ပံ့ကြေးဆိုပြီး သုံးသောင်းလောက် တိုးပေးလိုက် တယ်။ ပြောရရင် ဒေးကြေးချည်းပဲ တိုးပေးလိုက်ရင် အချိန်ပိုကြေးတွေ ပိုပေးရမယ်လေ။ ညီမတို့ စက်ရုံတွေက အချိန်ပိုတွေကို တနင်္ဂနွေပိတ်ရက်တွေတောင် ခေါ်တာဆိုတော့ ဒေးကြေးကို အများကြီး တိုးမပေးဘူး။ ပြောမယ်ဆို တိုးတဲ့ငွေကလည်း အခုကုန်ဈေးနှုန်းနဲ့တွက်ရင် မထူးဇာတ်ပါပဲ”လို့ စက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့ မသန္တာ(အမည်လွှဲ)က ပြောပါတယ်။
စက်ရုံတစ်ချို့မှာတော့ ဒေးကြေး ကျပ်(၈၀၀၀)အထိ တိုးပေးနေပြီး အရေအတွက်ကတော့ လက်ချိုးရေလို့ ရပါ တယ်။ ကျန်စက်ရုံတွေကတော့ ဒေးကြေးကိုကျပ်(၇၀၀၀) ပတ်လည်သာ တိုးပေးတာ၊ အပိုထောက်ပံ့ကြေးဆိုပြီး ကျပ်သောင်းဂဏန်း တိုးပေးတာတွေသာ လုပ်ဆောင်ပြီး စက်ရုံအများစုကတော့ တိုးမပေးဘူးလို့ သိရပါတယ်။
အများမြင်သာအောင် တစ်လ ကျပ် ၃၀၀၀၀ တိုးပေးလိုက်ပေမဲ့ ယခင်ပေးထားတဲ့ တိုင်တွေက ရက်မှန်ကြေး၊ ဂရိတ်ကြေးတွေ ထဲက ပြန်လည်လျှော့ချလိုက်လို့ အလုပ်သမားတွေရတဲ့ လုပ်ခက ထူးပြီး တိုးမလာတော့ပါဘူး။
၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်ကစပြီး အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ပေးမယ်လို့ စစ်ကောင်စီ ဝန်ကြီးဌာနက ထပ်မံကတိပြုခဲ့ပေမဲ့ အဲ့ဒီထဲမှာ ပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေအတွက် ပါဝင်ခြင်းမရှိတာတွေ့ရပါတယ်။
ဒီလို အစိုးရဝန်ထမ်းတွေအတွက် တိုးပေးလိုက်ပေမဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေအတွက်လည်း လုံလောက်တဲ့ ပမာဏမဟုတ်လို့ အထူးအထွေ စိတ်ဝင်စားကြခြင်းမရှိပါဘူး။
၂၀၂၀ ပြည့်နှစ်မှာ အလုပ်သမားတစ်ယောက်ရဲ့လစာဟာ ဒေါ်လာ ၁၆၀ ရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ ခုနှစ်မှာတော့ အလုပ်သမားတစ်ယောက်ရဲ့ အခြေခံလုပ်ခလစာဟာ ဒေါ်လာ ၄၀ ကျော်သာရရှိတော့တာဖြစ်လို့ ခေတ်နဲ့အညီ လုပ်ခလစာပေးချေပေမယ်ဆိုပါက တစ်ရက်လုပ်ခ အနိမ့်ဆုံး ၅ ဒေါ်လာပေးချေရမှာဖြစ်ပါတယ်။
ဒီပမာဏဟာ စစ်အာဏာရှင်ကိုသာ အခွန်အခ၊ အထောက်အပံ့ပေးပြီး လုပ်ငန်းပြီးမြောက်လိုတဲ့ လုပ်ငန်းရှင်နဲ့ လက်နက် အာဏာတည် မြဲပြီး စိုးမိုးချယ်လှယ်လိုတဲ့ စစ်ကောင်စီအတွက် အိမ်မက်ဆိုးတစ်ခုလိုတောင်ဖြစ်နေနိုင်ပါတယ်။
အဲ့ဒီလို တစ်စတစ်စ ကျဉ်းမြောင်းကျပ်တည်းလာမှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကို အလုပ်လုပ်နေတဲ့အလုပ်သမားတိုင်း အရင်ဆုံး ခါးစည်း ရင်ဆိုင်နေရပြီးနောက်မှာတော့ ပြည်တွင်းလုပ်ငန်းခွင်ကို စွန့်ခွာပြီး ပြည်ပလုပ်ငန်းခွင်တွေကို ကျွမ်းကျင်လုပ်သားတွေအနေနဲ့ ရွေးချယ်ဖို့ စဉ်းစားလာကြပါတယ်။
“အခုထိုင်းဘက်တွေ၊ တရုတ်ဘက်တွေကို သွားလုပ်တဲ့သူတွေလည်း များလာပြီ။ ကိုယ်လည်း သွားမလား တွေးနေမိတယ်။ အရင်ကဆို လက်ထဲအပိုငွေဆိုတာ နည်းနည်းလေး စုမိတယ်။ အာဏာသိမ်းပြီးစကတော့ မစုနိုင်ပေမယ့် စားလို့လောက်သေးတယ်။ အခုကျ ဝဝလင်လင်လည်း မစားရဘူး။ အကြွေးပါ တက်နေပြီ”လို့ မသန္တာက ဆိုပါတယ်။
သူ့မှာတော့ ကျောင်းတက်နေတဲ့ ကလေးတစ်ဦးသာ ရှိနေပေမယ့် အမျိုးသားဖြစ်သူက အလုပ်ပုံမှန်မရှိတာ ကြောင့် သူ့ရဲ့လစာကိုသာ အဓိက အားထားနေရတာ ဖြစ်ပါတယ်။ ယောက္ခမဖြစ်သူနေအိမ်မှာ စုပေါင်းနေထိုင်ကျ တာကြောင့် အိမ်ငှားခကုန်ကျစရိတ် မရှိပေမယ့် ဝင်ငွေက ကလေးကျောင်းစရိတ်နဲ့ မိသားစုစားသောက်စရိတ် တောင် မလောက်ငှဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ အလုပ်လုပ်ကိုင်နေပေမယ့် မငတ်ရုံသာ စားသောက်နေရတဲ့ မိသားစုတွေက ပြည်တွင်းမှာ တိုးပွားလာပါ တယ်။
ပြည်တွင်းမှာ နေထိုင်၊ အလုပ်လုပ်ကိုင်နေသူတိုင်း ဝင်ငွေ၊ ထွက်ငွေ မမျှတတဲ့ ပြဿနာကို ရင်ဆိုင်နေရတာဖြစ်ပြီး စစ်အာဏာရှင်တွေ ရှိနေသမျှ ပြေလည်သွားမယ့် အရိပ်အယောင်မတွေ့ရပါဘူး။
“အင်တာနက် ပေါ်မှာလေ စားသောက်ကုန်စုပါ၊ အရေးပေါ်အခြေအနေမှာ စားလို့ရအောင်စုကြပါ ပြောကြတယ်ရပ်ကွက် ထဲမှာလည်း အဲ့လို ပြောကြပါတယ်။ ဒါပေမယ့် ရယ်စရာကြီးလိုပဲ ခံစားမိတယ်။ တစ်ရက်ချင်းတောင် မငတ်အောင် စားနေရ တဲ့ ကျွန်မတို့လို လူတန်းစားတွေကို စစ်ဖြစ်ရင် ဆန်၊ ဆီဝယ်မရရင် ငတ်ကုန်မယ် ပြောတော့ ဘာကိုကြောက် ရမှာလဲ။ ကျွန်မတို့အတွက် တရားမျှတမှု မရှိသလို ခံစားနေရတယ်။ မိုးလင်းမိုးချုပ် အလုပ်လုပ်ရတယ်။ ပိတ်ရက် ဆိုတာ မနည်းစဉ်းစားရတယ်။ ပိုက်ဆံပိုရပြီးရော ကျွန်မတို့ အလုပ်လုပ်ကြတယ်။ ဒါပေမယ့် ကျွန်မအိမ်မှာ အသားဟင်း ဝဝလင်လင် မစားရဘူး။ လကုန်ရက်ကို ထမီတစ်ထည် ဝယ်ဖို့ဆိုတာ ဝေးရော။ ထမင်းလေး ဝဝလင်လင် စားရဖို့ပဲ မျှော်ရတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက သူ့ရဲ့ အခြအနေကို ပြောပါတယ်။
သူ့ရဲ့ စကားရပ်ကတော့ ခေတ်အခြေအနေနဲ့ အခြေခံ အလုပ်သမား လူတန်းစားရဲ့ လူနေမှုဘဝကို လှစ်ဟနေပါတယ်။ လက်ရှိမှာ အလုပ်လုပ်နေရင် ခက်ခဲနေတဲ့ဘဝတွေက လက်ညှိးထိုးမလွှဲ ဖြစ်နေပါပြီ။
အခုလို အလုပ်သမား တိုင်းကို ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာရရှိဖို့ သတ်မှတ်ညွှန်ကြားပေးရမှာက အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်ပဲဖြစ်ပါတယ်။ဒါပေမယ့် တိုင်းပြည် ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ ဒီအခြေအနေတွေကို မျက်ကွယ်ပြုနေပါတယ်။
လစဉ်ဝင်ငွေဟာ စားမလောက်ကြောင်း၊ လူမှုဘဝအတွက် လုံလောက်တဲ့ လုပ်ခလစာ ရရှိလိုကြောင်း ပြောဆို နေတဲ့ အလုပ်သမားထုရဲ့အသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာကို လျစ်လျူရှု့နေတာဟာ ဝန်ကြီးဌာနရဲ့ သရုပ်သကန် စွမ်းဆောင် ရည်ကို မီးမောင်းထိုးပြနေပါတယ်။
လုပ်ငန်းခွင်မှာ ဖိနှိပ်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာ တွေရှိနေပေမဲ့ စားဝတ်နေရေးကြောင့် အခွင့်အရေးချိုးဖောက်ခံရပြီးလုပ်ကိုင်နေရသလို အငြင်းပွားမှုတွေကိုပါ ဖြေရှင်းမပေးတာ၊ လုပ်ခနည်းပါးလို့ အလုပ်ချိန် အလွန်အကျွံခိုင်းစေခံနေရတာတွေအပြင် လူမှုဖူလုံရေးခံစားခွင့်တွေအထိပါ ဆုံးရှုံးနေရတာတွေဟာ တာဝန်ယူထားတဲ့ ဌာနဆိုင်ရာတွေရဲ့ အားနည်းပျက်ကွက်မှုတွေကြောင့်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
အလုပ်သမား ထုရဲ့ ညည်းတွားသံတွေ၊ အခက်အခဲတွေက ယင်းတို့နဲ့ သက်ဆိုင်မှု မရှိသလို နေနေကြတာ ဝမ်းနည်းဖွယ် ဖြစ်ပါတယ်။ မကြာသေးခင်က တော့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဌာနဟာ အလုပ်သမားတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးရတဲ့ ဌာနဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ အခြေခံလုပ်သားထုဟာ ဆင်းရဲတွင်းရဲ့ အောက်ခြေမှာ အချိန်တော်တော်ကြာကြာ သည်းခံနေထိုင်ခဲ့ပြီးပါပြီ။
အချုပ်အားဖြင့်ဆိုရင်တော့ စစ်အာဏာရှင် တည်မြဲရေး အထောက်အပံ့သာဖြစ်စေတဲ့ စစ်အုပ်စု ထောက်တိုင် အလုပ်သမားဝန်ကြီးဌာနဆီကနေ အလုပ်သမားထုအတွက် ကောင်းမွန်တဲ့လုပ်ဆောင်ချက်ကို မျှော်လင့်လို့ မရနိုင်တော့ဘူးလို့ ယင်းတို့ရဲ့ လုပ်ရပ်တွေက ထင်ထင်ရှားရှားပြသနေပါတယ်။
တရားဝင်ရွေးကောက်ခံမှုကို ငြင်းပယ်ထားပြီး လက်နက်အားကိုးနဲ့ မတရားအာဏာလုယူထားတဲ့ စစ်အာဏာရှင်တွေကျဆုံးရေးအတွက် အလုပ်သမားထု ပူးပေါင်းပါဝင်ခြင်းကသာ တခုတည်းသော အဖြေဖြစ်လာပါလိမ့်မယ်လို့ ကောက်ချက်ချရတော့မှာဖြစ်ပါတယ်။