NEWS

ကျန်းမာရေးထိခိုက်တဲ့ အထိ အချိန်ပို ခေါ်ယူမှုကြောင့် မတော်တဆ​သေဆုံးမှု​တွေပါဖြစ်​နေ

CoverLogo
772 Views

ETERNAL FASHION CO.LTD မှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပိုနာရီတွေကို ည(၁၂) ထိ လုပ်ကိုင်ခိုင်းတဲ့အပြင် အလုပ်များတဲ့နေ့တွေမှာ ညလုံးပေါက် ခိုင်းစေတာတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိလာပြီး မတော်တဆ ​သေဆုံး မှုတွေပါ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ်မှာဖွင့်လှစ်ထားတာပါ။ 

လက်ရှိမှာ တော့ အလုပ်သမား တစ်သောင်းနီးပါးနဲ့ လုပ်ငန်းလည်ပတ်နေပြီး ဂျပန်အော်ဒါဖြစ်တဲ့ balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA, mini တို့ကို ချုပ်လုပ်နေတာဖြစ်ပါတယ်။ 

“စက်ရုံကသုံးထပ်ပါ။ ပေါင်းလိုက်ရင် အလုပ်သမားတစ်သောင်းနီးပါးလောက် ရှိပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်ချိန်တွေကတော့ မတူပါဘူး။ အဓိက ပြဿနာက အချိန်ပိုတွေကို ည (၁၂) နာရီထိ ဆင်းခိုင်းတာပါ၊ တစ်ခါတစ်လေ အလုပ်အရေးကြီးရင် မိုးလင်းထိ ဆင်းရပါတယ်။ တနင်္ဂနွေနေ့တွေလည်း ပိတ်ရက်မရပါဘူး။ အလုပ်သမားတွေ သဘောဆန္ဒကိုမမေးဘဲ ည(၁၂)နာရီထိ အချိန်ပိုဆင်းခိုင်းတယ်။ ပြီးရင်စက်ရုံထဲမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အိပ်ရပါတယ်။ မနက် (၅) နာရီထိုးရင် ဖယ်ရီကလာကြိုတယ်။ အိမ်ပြန်ရတယ်။ အိမ်ရောက်ရင် ရေမိုးချိုးပြီး မနက်အလုပ်ချိန်မီအောင် ဖယ်ရီပြန်စီးရပါတယ်။ အချိန်ပိုမဆင်းတဲ့သူတွေကိုလည်း အလုပ်မလာဖို့ ဆဲဆိုခံရတာရှိပါတယ်။  အခုလည်း အောက်တိုဘာလ၊ ၁၅ ရက်နေ့ကို ဂျပန်အော်ဒါ အပြီးပေးရမှာ မလို့ စက်တင်ဘာလ၊ ၂၆ ရက်ကစပြီး အောက်တိုဘာလ ၁၅ ရက်နေ့ထိကို အချိန်ပို ည၁၂ နာရီထိ ဆင်းရမယ်လို့ ပြောပါတယ်။ 

အလုပ်သမားတွေက အချိန်ပို အလွန်အကျွံဆင်းနေရတော့ လုပ်ငန်းခွင်မှာ ထိခိုက်တာတွေ၊ လုပ်ငန်းခွင်အတွင်း အားနည်းလာ တာတွေနဲ့ အချိန်မရှိ ဆက်တိုက်အိမ်ပြန်ရတာ​တွေ​ကြောင့် ဂယောင်ခြောက်ခြားတွေနဲ့ ကားပေါ်က ပြုတ်ကျ သေဆုံးတာတွေပါ ရှိလာတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

စက်ရုံမှာ အခြေခံသမဂ္ဂအဖွဲ့အစည်းမရှိဘဲ အလုပ်ရှင် သဘောကျ ဖွဲ့စည်းပေးထားတဲ့ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးကော်မတီ  (WCC) ပဲ ရှိနေပါတယ်။ 

အလုပ်လာရောက်လျှောက်ထားသူတွေထဲမှာ အလုပ်သမားအရေး ဆောင်ရွက်သူတွေရှိပါကလည်း အလုပ်ကထွက်တဲ့အထိ ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။ 

“အထည်စံချိန်တွေ တောင်းရင်လည်း စူပါတွေ၊ အောစူပါတွေက ဆဲဆိုပြီးတောင်းတယ်။ စက်ရုံထဲမှာ ဆေးခန်း ကော ဆရာမကောတော့ ရှိတယ်။ ဒါပေမယ့်ဆေးမရှိဘူး။ နောက်ပြီးသောက်ရေအတွက်ဆိုပြီး ရေသန့်စက် တပ်ပေးတယ်။ ဒါပေမယ့် ရေကမသန့်ဘူး။ သံချေးတွေပါတယ်။ နွံအနံ့ရှိတယ်။ သောက်လို့အဆင်မပြေဘူး။ အလုပ်သမားတွေက အချိန်ပိုတွေ မတရားဆင်းရလို့ အလုပ်ကပင်ပန်းတယ်။ အပူဒဏ်ကိုလည်း ခံရတယ်။ သောက်ရေကမသန့်တော့လည်း ကျန်းမာရေး ထိခိုက်မှာစိုးရိမ်ရတယ်။ နောက်ရှောင်တခင်ခွင့် ယူမယ်ဆိုရင် တစ်ရက်ကြိုတင်ရတယ်။ အကြောင်းကိစ္စရှိလာလို့ ဖုန်းဆက်ပြီး ခွင့်တင်ရင်မပေးဘူး။ ဆေးခွင့်တော့ ရပါတယ်။ ဒါပေမယ့် အလွယ်တကူတော့ မရဘူး” လို့  အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

စက်ရုံအလုပ်သမားတွေက အချိန်ပိုတွေကို အလုပ်သမားသဘောဆန္ဒကို ရယူပြီးမှ ခေါ်ဖို့၊ သောက်ရေကို ရေသန့်ဗူးကြီးတွေ ဝယ်တိုက်ဖို့၊ ခွင့်ရက်တွေကို အလုပ်သမားဥပဒေနဲ့ အညီပေးဖို့၊ အလုပ်သမားအရေးဆောင်ရွက် သူတွေကို အလုပ်ကထုတ်ဖို့ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်တာတွေရပ်ဖို့၊ လုပ်ငန်းခွင်ထဲမှာ ဆဲဆိုတာတွေကို လုပ်ငန်းခွင် စည်းမျဥ်းအတိုင်းအရေးယူဆောင်ရွက်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်း ဆေးခန်းမှာ ဆရာဝန်နဲ့ဆေး ထားပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။ 

 


Related posts

Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း
Mar 22, 2026
Cover
Jin Shi Yuan Garment အလုပ်သမားဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ခိုင်း
Mar 22, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026