ARTICLE

ကိုရီးယားအိပ်မက် မက်ကြသူများ

CoverLogo
423 Views

ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သားတွေ ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေဟာ၂၀၂၃ ခုနှစ်ထဲမှာတော့ လူငယ်တွေသာမက လူလတ်ပိုင်းတွေပါ စိတ်ဝင်စားမှု အများဆုံး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက ကိုရီးယားနိုင်ငံကို သူနာပြု၊ အိမ်အကူ၊ စိုက်ပျိုးရေးလုပ်သားအဖြစ် ပို့ဆောင်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည် တာတွေဟာ နယ်ဒေသတွေမှာ အများအပြား ဖြစ်ပွားခဲ့တာပါ။ 

၂၀၂၃ ခုနှစ်မှာတော့ ရန်ကုန်တိုင်းထဲမှာကို သင်တန်း ကျောင်းတွေ ဖွင့်လှစ်၊ ကိုရီးယားလူမျိုးတွေကို ဟန်ပြခေါ်ယူပြတာတွေ၊ စာတွေ့လက်တွေ့သင်တန်း ပေးတာတွေအထိလုပ်ဆောင်ပြီး လိမ်လည်တာတွေရှိခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဒီလိုငွေကြေးလိမ်လည်ခံရတာတွေအတွက် ငွေကြေးပြန်လည်တောင်းခံတာ၊ တရားစွဲဆိုတာ တွေဟာ သတင်းမီဒီယာတွေမှာတင်မကဘဲ နိုင်ငံပိုင်သတင်းစာတွေမှာပါ ထည့်သွင်းကြေညာတာတွေ ရှိလာပါတယ်။ဒီလိုလိမ်လည်တာတွေကို ထိထိရောက်ရောက် အရေးယူတာတွေ မတွေ့ရသေးပါဘူး။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ကျဆင်းလာတာ၊ နေထိုင်သွားလာရေးလုံခြုံမှု မရှိတော့တာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူ များပြားလာပါတယ်။ 

ဒီအခြေအနေမှာ ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သား (စိုက်ပျိုးရေးလုပ်သား)တွေ ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နှံ့လာပြီး အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေပါ ကိုရီးယားအိပ်မက်မက်ကြတာပါပဲ။

“အစက ဂျပန်စာလုပ်နေတာပါ။ ဒါပေမယ့် ကိုရီးယားက ရာသီချိန်လုပ်သားခေါ်မယ်။ စာလည်းသိပ်မလိုဘူး။ ပိုက်ဆံပိုရမယ်ဆိုလို့ သွားဖို့လုပ်ခဲ့တာပါ”လို့ ငွေကြေးလိမ်လည်ခံခဲ့ရသူ မသန္တာ(အမည်လွှဲ)က ပြောပါတယ်။ 

မသန္တာတို့အဖွဲ့မှာတော့ အမျိုးသမီး (၈) ဦးပါဝင်ပြီး ဂျပန်စာသင်တန်းကျောင်း ဖွင့်လှစ်ထားသူအဒေါ်က ချိတ်ဆက် ပေးခဲ့တာပါ။ သူတို့ချိတ်ဆက်ခဲ့တဲ့ သူကတော့ အရင်ကတည်းက ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်နေသူဖြစ်ပြီး အဒေါ်ဖြစ်သူကလည်း စိတ်ချယုံကြည်ရလို့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

“စစချင်းတော့ တစ်ယောက်ကို (၂၅)သိန်းစရံ အရင်ပေးရတယ်။ ပတ်စပို့စ်အပ်ရတယ်။ အတိအကျ ပြောရရင် တစ်ယောက်ကို (၆၅)သိန်း ကုန်မယ်ပြောတယ်။ နောက်သူတို့တက်ခိုင်းတဲ့ ကိုရီးယားဘာသာ စကားသင်တန်းကို မြို့ထဲမှာသွားတက်ရတယ်”လို့ သူက ပြောပါတယ်။ 

ဒါ့အပြင် ဝန်ဆောင်ခနှုန်းထားတွေကလည်း ကွာခြားမှုရှိပြီး အမြန်သွားချင်တဲ့သူတွေကို ကျပ် (၈၅)သိန်းထိ ကောက်ခံတယ်လို့ သိရပါတယ်။

“ငွေအကြေ ချေပြီး ဆက်လုပ်တဲ့ သူတွေကို မေးကြည့်တော့ ငွေအပြည့်သွင်းပြီးရင် အကြာဆုံး တပတ် အတွင်း ကမ့်ဝင်ခိုင်းတယ် ပြောတယ်။ သူတို့အပြောတော့ နှစ်နေရာရှိတယ်။ မြင်သာနဲ့ ညောင်နှစ်ပင် နှစ်နေရာတဲ့။ ညောင်နှစ်ပင်မှာဆို ၁၅ ရက် ဝင်ရတယ်။ အဲဒီမှာ လက်တွေ့ပိုင်း နည်းနည်းသင်တယ် ပြောတယ်။ ပြောမယ်ဆို စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ တွန်းလှည်း သုံးတာတို့၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တာ နည်းနည်း သင်ပေး တယ်။ နောက်ပြီး မျက်လုံးအရောင် (color blind) စစ်တယ်။ ဆီးစစ်ရတယ်။ သွေးစစ်ရတယ်။ မြင်သာမှာ ကတော့ တစ်ပတ်ပဲ။ သူတို့လည်း စစ်ရတယ်။ Camp သဘောနေရ၊ စားရတယ်။ သင်တန်းတက်ခဲ့တဲ့ သူတွေပြောတာတော့ အခြေခံ(၁၉)လုံးကို တမျက်နှာနှုန်းနဲ့ ၁၉ ရွက်ရေး ရတယ်။ နောက် ဟောပြောပွဲ ပုံစံလုပ်တယ်”လို့ မသန္တာ(အမည်လွှဲ)က ပြောပါတယ်။

ဒါ့အပြင် သင်တန်းကာလမှာ ကိုရီးယားလူမျိုးတစ်ချို့ခေါ်ကာ သင်တန်းသားတွေကို တွေ့ဆုံပေးတာ၊ ကိုရီးယား နိုင်ငံမှာ ရာသီချိန်လုပ်သားအဖြစ်လုပ်ကိုင်နေသူက အဆင်ပြေတယ်လို့ ပြောဆိုထားတဲ့ ရုပ်သံဖိုင်တွေပြတာ၊ မြန်မာ့အလင်းသတင်းစာမှာပါတဲ့ အလုပ်သမားဝန်ကြီးဌာနက MOU ထိုးဖို့ ကြိုးပမ်းနေတာကို ဖော်ပြထားတဲ့ သတင်းတွေကိုလည်း ပြတယ်လို့ သိရပါတယ်။

“Camp စခန်းလို လုပ်ပြီး လက်တွေ့ပါ သင်တန်းပေးတဲ့ ပုံစံလုပ်တယ်။ အနေအစားက စုတ်ပြတ်နေတာ ပဲတဲ့။ တက်ဖူးတဲ့သူတွေက ပြောတယ်။ လူတကိုယ်စာ ကော်ဇောလေးတွေနဲ့ သံမံတလင်းပေါ် ၁၅ ရက် လုံး အိပ်ရတယ် ပြောတယ်။ ညီမတို့ကတော့ စရန်ပဲ ပေးလိုက်ရတော့ အဲဒါတွေ မကြုံခဲ့ရပါဘူး”လို့ မသန္တာ (အမည်လွှဲ)က ပြောပါတယ်။

သူတို့အုပ်စုကတော့ စရန်ငွေအထိပဲ ပေးသွင်းခဲ့တာကြောင့် လက်တွေ့သင်တန်းတွေ မတက်ခဲ့ရပါဘူး။ ဒါပေမယ့် ငွေကြေးလိမ်လည်ခံရမှန်းသိတဲ့အခါမှာ ပေးသွင်းထားတဲ့ ငွေကြေးနဲ့ ပတ်စပို့စ် စာအုပ်တွေ ရရှိဖို့တော့ သက်ဆိုင် ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့ရသလို အချိန်ကုန်၊ လူပင်ပန်း ဖြစ်ခဲ့ရပါတယ်။

ဒီလိုရာသီချိန်လုပ်သား အလုပ်အကိုင်ဗန်းကိုပြပြီး ငွေကြေးလိမ်လည်တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သင်တန်းသား (၁၂၆) ဦးဆီက ငွေကြေးတွေလိမ်လည်တောင်းခံထားတာကို ပြန်လည်ဖြေရှင်းပေးဖို့ နိုင်ငံပိုင် သတင်းစာမှာ ထည့်သွင်းကြေညာတာတွေ ရှိခဲ့ပါတယ်။ 

နောက်ဆက်တွဲအနေနဲ့ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါတွေဟာ ရာသီချိန်လုပ်သား အလုပ်အကိုင်ဗန်းပြပြီး ငွေကြေးလိမ် လည်မှု ဖြစ်စဉ်တွေပါ။ 

ကိုရီးယားနိုင်ငံဟာ ပြည်တွင်းကနေ လုပ်သားတွေ သွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံတစ်ခုပါပဲ။ လက်ရှိမှာတော့ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် အမျိုးသားအလုပ်သမားတွေ စေလွှတ်နေတာပါ။ ဒီနှစ်မှာတော့ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားတွေအတွက် အမျိုးသမီးတွေကို စတင်စေလွှတ်ဖို့ လုပ်ဆောင်နေပါတယ်။ 

ကိုရီးယားနိုင်ငံက အခြေခံလုပ်အားခကို နှစ်စဉ် တိုးပေးနေတဲ့နိုင်ငံတစ်ခုဖြစ်ပြီး ပြည်တွင်းက သွားရောက်လုပ်ကိုင်လိုသူ အများဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် လိမ်လည်ခံရတဲ့ဖြစ်စဉ်တွေက သိသိသာသာ များလာတာပဲ ဖြစ်ပါတယ်။

“ကိုရီးယား အလုပ်အကိုင်ပြပြီး ငွေကြေးလိမ်တာက အရင်ကတည်းက ရှိတယ်။ ဒါပေမယ့် ဒီလိုရာသီချိန်လုပ်သား အကြောင်းပြပြီးလိမ်တာလောက် မများတာ။ နယ်ဘက်တွေမှာ အရင်ကတည်းက ရှိတယ်။ ရန်ကုန်မှာတော့ နည်းတာပေါ့။ အခုကတော့ တကယ်ကို အလိမ်ခံရတာ အုံနဲ့ကျင်းနဲ့ ဖြစ်သွားတာ”လို့ အလုပ်သမားဝန်ကြီး ဌာနက အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

ရာသီချိန်လုပ်သားကို တရားဝင်စေလွှတ်ခွင့်ရဖို့အတွက်  ပြည်တွင်းက လိုင်စင်ရအေဂျင်စီတွေလည်း ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီလိုအလွတ်တမ်းဆွေးနွေးတာတွေ၊ ဝန်ကြီးဌာနကို တင်ပြတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ကိုရီးယားနိုင်ငံဘက်က အလုပ်ခေါ်ယူမှု မရှိသေးပါဘူး။

လက်ရှိမှာ မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားတွေ စေလွှတ်ဖို့ အွန်လိုင်းက ဖြစ်စေ၊ လူပုဂ္ဂိုလ်တွေက ဖြစ်စေ ကြေညာ ခေါ်ယူနေကြတာဟာ လိမ်လည်နေတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယားနိုင်ငံတွင်းမှာ မြန်မာနိုင်ငံက ရာသီချိန်လုပ်သားမခေါ်ယူဖို့ကို ကိုရီးယားနိုင်ငံအတွင်းက ဒေသတချို့ ရုံးတွေမှာ ညွှန်ကြားစာ ထုတ်ပြန်ထားတယ်လို့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ (ကိုရီးယား ) က ၂၀၂၄ခုနှစ် ဇန်နဝါရီလထဲမှာလည်း သတင်းထုတ်ပြန်ထားပါတယ် ။ 

“ကျွန်တော်သိသလောက်တော့ ရာသီချိန်လုပ်သားက ခေါ်ယူဖို့ မရှိသေးဘူး။ အဓိကက ဘာပြဿာနာ ဖြစ်သွားလဲဆိုတော့ ကြံ့ခိုင်ရေးပါတီက ရာသီချိန်လုပ်သားလွှတ်ဖို့ လူစုတာတွေ လိုင်းပေါ်မှာ စာတွေပြန့်လာတယ်။ နောက်ဆက်တွဲမှာတော့ အေဂျင်စီတွေ၊ သင်တန်းကျောင်းနာမည်ခံ လုပ်စားတဲ့သူတွေက လွှတ်ချင်ပါတယ်ပေါ့။ အဲဒီမှာပဲ နိုင်ငံရေးနဲ့ အလုပ်အကိုင်ဟာ ရောသွားတာထင်တယ်”လို့ ကိုရီးယားရောက် မြန်မာအလုပ်သမား တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်အများစုရဲ့ ပြည်ပမှာသွားရောက်လုပ်ကိုင်ချင်တဲ့ အိပ်မက် တွေက ပိုများလာပါတယ်။ 

သတ်မှတ်ထားတဲ့ ဝန်ဆောင်ခထက် ပိုမိုကောက်ခံနေတဲ့ အေဂျင်စီဝန်ဆောင်ခတွေ၊ သတင်းအချက်အလက် ရရှိမှုအားနည်းတာကြောင့် ငွေကြေးလိမ်လည်ခံရတာတွေနဲ့ ဘယ်အချိန်မှ ပြည်ပထွက် ရမလဲ မျှော်တလင့်လင့်စောင့်စားနေသူတွေဟာ မနည်းလှပါဘူး။

ဒီအခြေအနေတွေဟာ ငွေကြေးလိမ်လည်ချင်သူတွေအတွက် အခွင့်အလမ်းတစ်ခုလို ဖြစ်နေတာပါပဲ။ ရာသီချိန် လုပ်သား အလုပ်အကိုင်ကို အကြောင်းပြပြီး ဒီလိုငွေကြေးလိမ်လည်နေတာတွေကို အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီရော အလုပ်သမားဝန်ကြီးဌာနကပါ သိရှိထားပေမယ့် အခုထိတော့ တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။

အမှန်တကယ်တော့ ဒီအခြေအနေမှာ တာဝန်ရှိသူတွေက ဝင်ရောက်ထိန်းသိမ်းတာတွေ လုပ်ဆောင်ရတော့မှာပါ။ 

လူအများအပြား ငွေတွေပေးသွင်းတုန်းကလည်း ဝန်ကြီးဌာနက MOU ထိုးဖို့ ညှိနှိုင်းနေပါတယ်ဆိုတဲ့ နိုင်ငံပိုင် သတင်းစာက ဖော်ပြချက်ကို ယုံကြည်ခဲ့ကြတာပါ။ ဒါပေမယ့် အခုထိတော့ ဝန်ကြီးဌာနက မဆိုင်သလို မျက်ကွယ်ပြုထားတုန်းပဲဖြစ်ပါတယ်။ 

လက်ရှိမှာ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်ချင်သူ အများစုဟာ မှန်ကန်တဲ့ သတင်းအချက်အလက် ရရှိဖို့ အားနည်းနေပါတယ်။ ဝန်ကြီးဌာနကလည်း အလုပ်သမားတွေဆီက အခွန်အခကောက်ခံဖို့နဲ့ နိုင်ငံခြားငွေရရှိဖို့ပဲ စိတ်ဝင်စားပြီး အလိမ်မခံကြရဖို့ ပညာပေးလုပ်ငန်းလုပ်ဆောင်တာ၊ အခြေအနေမှန်ကို ထုတ်ပြန်တာမျိုး မလုပ်ဆောင်ပါဘူး။ 

မှန်ကန်တဲ့သတင်းတွေကို မသိတာကြောင့် လိမ်လည်ခံရတာတွေ၊ သတ်မှတ်ဝန်ဆောင်ခတွေထက် ပိုပေးနေရတာတွေ၊ ခံစားခွင့်တွေကို မသိတာတွေကြောင့် လုပ်ငန်းခွင်မှာ နစ်နာနေရတာတွေ ရှိနေပါတယ်။ 

ကိုရီးယားနိုင်ငံ က ရာသီချိန်လုပ်သား အလုပ်အကိုင်ဗန်းပြပြီး ငွေကြေးလိမ်လည်ခံရတာကလည်း မှန်ကန်တဲ့ သတင်းအချက် အလက် ရရှိမှုအားနည်းတာရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဖြစ်ပါတယ်။  

ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေ သတင်းအချက်အလက် ရရှိဖို့ ၊ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အသိပညာတွေ ပိုမို ရရှိဖို့ လုပ်ဆောင်ရမှာဖြစ်သလို ဘေးကင်းစွာ ရွှေ့ပြောင်းသွားလာခွင့် အတွက် ဘက်ပေါင်းစုံက အကူအညီတွေလိုအပ်နေတယ်ဆိုတာ အထက်ပါ ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။


Related posts

Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024
Cover
ပြောပြရဦးမယ် လူမှုဖူလုံရေးတွေအကြောင်း
Nov 17, 2024
Cover
ခါးသီးသောဆုံးဖြတ်ချက်များ၏ နောက်ကွယ်
Nov 08, 2024
Cover
စစ်မှုထမ်းရှောင် ပြည်ပရောက် ဒုက္ခသားကောင်များ
Nov 03, 2024
Cover
ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု
Oct 25, 2024
Cover
အချိန်တို ကုထုံး လိုအပ်နေသူတွေ ....
Oct 20, 2024