NEWS

SHUNRONG ဆင့်လုံ အထည်ချုပ်စက်ရုံလုပ်သားများ မူလလုပ်ခလစာများအတိုင်း ပြန်လည်ရရှိလိုဟုဆို

CoverLogo
796 Views

လှိုင်သာယာ  စက်မှုဇုန် ၅  ရွှေလီလမ်းက ဆင့်လုံ (SHUNRONG) အထည်ချုပ်စက်ရုံမှ  အလုပ်သမားတွေဟာ   မိမိတို့ရရှိနေတဲ့ လုပ်ခလစာများကိုဖြတ်တောက်ခြင်းမရှိဘဲ မူလအတိုင်းသာပြန်လည်ရရှိလိုတယ်လို့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

အဆိုပါ စက်ရုံမှာ CMP, ဆောက်လုပ်ရေး သမားများ ဝတ်စုံ၊ ကိုယ်ပိုင် brand တို့ချုပ်လုပ်တယ်လို့ သိရပါတယ်။

"အဓိကက အလုပ်သမားတွေဆီက စံချိန်မတရားတောင်းတာ၊ လုပ်ခ တွေကို ပုံမှန်အတိုင်းပေးစေချင်တာ ဒီလကုန်ရင် ကလေးတွေဆီက ရှားပါးစရိတ်ပြန်ဖြုတ်ချမယ်  ရက်မှန်ကြေးတစ်သောင်းခွဲပြန်ဖြုတ်ချမယ် ဂရိတ်ကြေးမပေးတော့ဘူး။ အေ ၄ သောင်းခွဲ  ဘီက သုံးသောင်း စီက တစ်သောင်း ဒီကငါးထောင် သူတိူ့ဖြုတ်ချမယ်ဆိုတာတွေကို ပုံမှန်အတိုင်းပဲပေးစေချင်တာ။ အလုပ်သမားတွေက အပြည့်အ၀ တောင်းဆိုချင်တာပေါ့ ကုန်ဈေးနှုန်းတွေကလည်းတက်နေတာဆိုတော့ လစာနဲ့မလုံလောက်လို့ပါ"လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်များ ဆေးခွင့်များကိုလည်း အလုပ်သမားများ အားလုံးခံစားခွင့် မရရှိဘဲ  ရုံးပေါ်တက်ပြီး နားလည်သော အလုပ်သမားက ရှောင်တခင်ခွင့် ဆေးခွင့် ဆိုပြီး တက်ပြောရဲမှ ခံစားခွင့် ရရှိပြီး မပြောရဲသော အလုပ်သမားများ အတွက် နေထိုင်မကောင်းလို့ အလုပ်တစ်ရက်ပျက်ပါက ရက်မှန်ကြေး၊ ဒေးကြေး ရှားပါစရိတ်  grade ကြေး စုစုပေါင်း ၂၉၃၀၀ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

စူပါ၊ အောစူပါများမှ စံချိန်တောင်းရာတွင် အလုပ်သမားများကို ဆဲဆိုခြင်း ရိုင်းပြစွာပြောဆိုပြီး စံချိန်တောင်းခံခြင်း၊  စံချိန်မပြည့်ပါက အလုပ်ပိတ်ရက်တွင် အချိန်ပိုအိုတီ အလကား ဆင်းပေးရခြင်းများ ရှိနေခြင်း၊ စံချိန်မတရား တောင်းခံလို့ အသဲအသန် အထည်ချုပ်ပေးလျှင်လည်း pair ကျလျှင်လည်း အချိန်ပိုအိုတီ အလကား ထပ်မံဆင်းပေးရပြီး ညဘက် အောနိုက်၊ အောလင်း ဆင်းခိုင်းပြီး အလုပ်သမားများကို အချိန်ပိုအိုတီ မပေးပဲ အလကား ဆင်းခိုင်းတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ယင်းစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပေမဲ့  စက် ရုံရှိအလုပ်သမားတွေကို အကြောင်းမဲ့အပြစ်မရှိဘဲ  အလုပ်ကနေထုတ်ပယ်တာတွေနဲ့   အပစ်မရှိဘဲ ဌာနပြောင်း ရာထူးနေရာချပြောင်း အလုပ်ကို အတင်းအဓမ္မစေခိုင်းတာမျိုးပြုလုပ်လေ့ရှိတယ်လို့လည်း အလုပ်သမား တွေထံကသိရပါတယ်။

"ချုပ်တာကရောင်ပြန်ထည်တွေ  အပြင်အော်ဒါတွေ   ဆောက်လုပ်ရေး၀တ်တဲ့ရောင်ပြန် ဘောင်းဘီအင်္ကျီတွေချုပ်တယ်။ စက်ရုံထဲမှာ  သမဂ္ဂမရှိဘူး။ အောတစ်၀င်မယ်ဆိုမှ ညပိုင်းမှာသူတို့အလုပ်ရှင်တွေကေက်ဖွဲ့ထားတာ ကျွန်တော်တို့မသိရဘူး။ သူတို့ဘာသာစည်းရုံးပြီးဖွဲ့ထားတာပဲရှိတယ်။ WCC ကျွန်တော်တို့ဘာမှမသိရဘူး။  ခုဖြစ်တဲ့ကိစ္စတွေမှာ ညှိနှိုင်းတာမျိုးမရှိဘူး။  နှစ်ကြီးသမားတွေဆိုရင်လည်း အလုပ်မှာဆက်မလုပ်ချင်အောင် စိတ်ဆင်းရဲအောင်လုပ်တယ် အခြားဌာနတွေလုပ်ခိုင်း အလုပ်သမားကစိတ်ညစ်ပြီးထွက်ရင် လက်မှတ်ထိုးသွားခိုင်းတယ်လို့လည်း ဆိုပါတယ်။  

အကြောင်းမဲ့အလုပ်ထုတ်ခံရတာတွေဟာ ဆယ်ဦးထက်မနည်းရှိနေပြီး အလုပ်သမားအခွင့်အရေး နည်းနည်းပါးပါးနားလည် သူတွေဆိုရင် နစ်နာကြေးရရှိပေမဲ့  မသိနားမလည်တဲ့သူတွေဆိုရင် ဘာမှမရဘဲ အလုပ်ထုတ်ခံရတဲ့သူတွေဟာ တစ်နှစ်ကျော်တွေနဲ့ အနည်းဆုံး၃လတွေ ခြောက်လတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးလုပ်သားတွေအများအပြားရှိနေပြီး  သူဌေးရောက်ပြီးမှ ထုတ်လိုက်တာတွေလည်းအများကြီးရှိသလို အောတစ်၀င်စစ်ဆေးမည့်နေ့ဆို   ကလေးလုပ်သားတွေကို အလုပ်နားခိုင်းထားခြင်း၊  အလုပ်သမားများ ညဘက်၁၁ခွဲအထိအိုတီဆင်းရတာရှိသလို  တစ်ခါတစ်လေ အောလင်း (ညလုံးပေါက်)ဆင်းရပြီး  အောလင်းကနေတစ်ညလုံးမိုးလင်းဆင်းရပြီးတော့ နောက်တစ်နေ့လုံးမနားရတာတွေအလုပ်ဆက်တိုက်တမ်းဆင်းရတာတွေရှိသေးတယ်လို့လည်း ဆိုပါတယ်။

အချိန်ပိုဆင်းရသူတစ်ချို့ကအိုတီရရှိပေမဲ့  တစ်ချို့စံချိန်မမီတဲ့သူတွေဖြစ်တာကြောင့် အချိန်ပိုကြေးမရရှိဘဲ  အလကားဆင်းပေးရတာနဲ့ ပိတ်ရက်တွေမှာ အလကားဆင်းပေးရတဲ့ရက်တွေလည်းရှိတယ်လို့ သိရပါတယ်။

စက်ရုံ၀င်ပြီးသုံးလဆိုအီးစီ (EC contract)ချုပ်ပေးထားပေမဲ့  အလုပ်ထုတ်ခံရတာတွေရှိနေတာဖြစ်ပြီး  အလုပ်သမားတွေကို စိတ်ဆင်းရဲအောင်ပြုမူကာ မိမိတို့ကိုယ်တိုင်အလုပ်မှထွက်လိုစိတ်ဖြစ်သည်အထိ ဆောင်ရွက်တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

"လစားတွေကတစ်ရက် ၄၈၀၀ ကျပ်  အ်ိုတီ ၁၂၀၀  နေ့စားတွေက ၃၆၀၀ပဲ ပေးတယ်။စက်ရုံမှာနားလည်သူကတက်ပြောတော့ ဆန္ဒပြသလိုဖြစ်သွားပြီး ၄၈၀၀ ပြန်ပေးတယ်။  ပထမအကြိမ်ဆန္ဒပြတော့ သူတို့အလုပ်သမားနဲ့သဘောတူတယ်ဆိုပြီး ရေသောက်တဲ့နားကပ်ထားတယ်။ နောက် HR ကိုထုတ်ပစ်လိုက်တယ်။ ထုတ်ပစ်ပြီးအဲ့စာရွက်ဖြုတ်ပြီးပြန်သိမ်းသွားတယ်။ အဲ့လိုဖြစ်ထားတာ တစ်လကျော်နှစ်လနီးပါးရှိတယ်။ နောက်လကျ ကလေးတွေကို ဂရိတ်ကြေးမပေးဘူးဆိုပြီးပြောတော့ HR ကတောင်းပေးတယ်။ HR ကလေးတွေဘက်ပါလို့ဆိုပြီး အလုပ်ထုတ်တယ်။ HRကတော့ သူ့ဂုဏ်သိက္ခာအရ သူကိုယ်တိုင်ထွက်သွားတယ်" လို့ ဆိုပါတယ်။

အလုပ်တက်ချိန်မှာ ၇:၃၀ ဖြစ်ပြီး သန့်ရှင်းရေး အလုပ်သမားများကို  နံနက် ၆ နာရီ အလုပ်ကို ၁နာရီအစော အရောက်လာခိုင်းပြီး အလုပ်ဝင်ခိုင်းပြီး အချိန်ပိုအိုတီကြေး မပေးပဲ ခိုင်းစေခြင်း
အလုပ်ရှင်ဘက်မှ အလုပ်သမားများကို မိမိခန့်အပ်ထားသော စက်ရုံမဟုတ်ပဲ အခြားစက်ရုံသို့ စေလွှတ်ပြီး ခိုင်းစေရာတွင် အလုပ်သမားသဘော ဆန္ဒမပါပဲ လွှတ်ခြင်း၊ ငြင်းမရပဲ သွားရလျှင်လည်း မိမိခရီးစရိတ်ဖြင့် သွားခိုင်းတာတွေရှိနေတယ်လို့ဆိုပါတယ်။

လုပ်ငန်းခွင်တွင် အလုပ်သမားများ သောက်သုံး‌သည့်ရေမှာ သန့်ရှင်းစင်ကြယ်စွာ မရှိသော သောက်ရေကို သောက်နေရခြင်း  လုပ်ငန်းခွင် ထိခိုက်မှုများရှိလျှင် အလုပ်ရှင်ဘက်မှ တာ၀န်ယူ ဆောင်ရွက်ပေးမှု  မရှိခြင်း အလုပ်သမားများ အသုံးပြုသော အမျိုးသမီး အမျိုးသား အိမ်သာ ရှေ့တည့်တည့်တွင်  CCTV များတပ်ဆင်ထားခြင်းကြောင့် အမျိုးသမီး မိန်းခလေးများ အတွက် အဆင်မပြေမှုများ ရှိနေခြင်း
အလုပ်သမားများကို အကြောင်းပြချက် ခိုင်လုံမှုမရှိပဲ အလုပ်မှ ထုတ်ပယ်ခြင်း၊ ယခုအခါတွင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများကို စရင်းများ လိုက်လံကောက်ခံပြီး အလုပ်မှထုတ်ပယ်မည်ဟု ကြားသိနေရတယ်လို့ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း နိုင်ငံရေး မကောင်းသည့် အပေါ်အခွင့်ကောင်း ယူကာ အလုပ်သမားများကို အမျိုးမျိုး ဖိအားပေးပြီး ပြောဆိုခြင်း ခြိမ်းခြောက်ခြင်း၊ တစ်ခုခုပြောလျှင်လည်း မလုပ်နိုင်ရင် အလုပ်ထွက်ဟုပဲ အမြဲပြောဆိုနေလို့ စိုးရိမ်ပူပန်စွာ အလုပ်လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့ကြောင့်  အလုပ်သမားတွေဟာမိမိတို့ရရှိလိုတဲ့တောင်းဆိုချက်တွေဖြစ်တဲ့  ၁- သုံးလပြည့်ပြီးသော အလုပ်သမားများကို ၀န်ထမ်းခန့်ပြီး ဒေးကြေး၄၈၀၀ ကျပ်ပေးရန်။ 
.
၂-လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားသော အတည်တကျနေရာတွင်အလုပ်သမားများခိုင်းစေရန်။

၃-အလုပ်သမားများနဲ့မသက်ဆိုင်သော အခြားစက်ရုံတွင်မခိုင်းစေရန်နဲ့ ခိုင်းစေပါက အလုပ်သမားဆန္ဒမေးမြန်းခြင်းနဲ့ ခရီးစရိတ်ကိုအလုပ်ရှင်မှပေးရန်။

၄-အလုပ်သမားများသောက်သုံးရေကို သန့်ရှင်းစွာဆောင်ရွက်ပေးရန်။

၅-အိမ်သာအရှေ့တွင်တပ်ထားသော CCTV ဖြုတ်ပေးရန်နဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးများအား အလုပ်မထုတ်ရန်။

၆-ယခင်ကပေးထားသောရက်မှန်ကြေး ကျွမ်းကျင်ကြေး ရှားပါးစရိတ် မဖြတ်တောက်ရန်။

၇-အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်ဆေးခွင့်များကို ခံစားခွင့်ပေးရန် စတဲ့တောင်းဆိုချက် ၇ ချက်ကို တောင်းဆိုလိုတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
အချိန်ပိုကြေးမပေးဘဲ ခိုင်းစေ တိုင်ကြားပါက အလုပ်မရအောင် ခြိမ်းခြောက်နေ
Jan 06, 2025
Cover
စက်လိုင်းတွင်း အလုပ်သမားအင်အား ထက်ဝက်လျော့နည်းသွားသော်လည်း အထည်စံချိန်ကို ယခင်ကထက် ပိုမိုတောင်းခံပြီး ဖိအားပေးမှုများလုပ်နေ
Dec 31, 2024
Cover
Diamond Rental Myanmar ကုမ္ပဏီ စာချုပ်အလုပ်သမားများအား လုပ်သက် အကျုံးမဝင်ဟု ပြောဆို
Dec 31, 2024
Cover
အလုပ်သမားဒုဝန်ကြီး လာရောက် စစ်ဆေးခဲ့တဲ့ Sunrise Myanmar Fashion Garment စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေ
Dec 31, 2024
Cover
Myanmar Huasheng Kefu Fashion စက်ရုံမှာ အချိန်ပိုမဆင်းလို့အလုပ်ထုတ်
Dec 31, 2024
Cover
စစ်ကောင်စီရဲ့ညမထွက်ရအမိန့် တညတာ ပယ်ဖျက်မှုအပေါ် လူငယ်တွေယုံကြည်မှုမရှိဟုဆို
Dec 31, 2024
Cover
ည ၉ နာရီထိ အချိန်ပိုတွေ နေ့စဉ်ခေါ်ယူနေပြီး သွားလာရေး မစီစဉ်ပေးသည့်အတွက် အလုပ်သမားများ အခက် တွေ့နေ
Dec 30, 2024
Cover
ပိတ်ရက်အစားထိုးအလုပ်ခေါ်ယူမှု အလုပ်ရှင်သတ်မှတ်သည့်ရက်ကိုမလုပ်နိုင်ပါက လစာမပေးနိုင်ကြောင်းခြိမ်းခြောက်
Dec 30, 2024