NEWS

EC စာချုပ်မရှိ၊ နားရက်မရှိ၊ သတ်မှတ်လုပ်ခနှင့် ခွင့် မပေးသည့် ကုမ္ပဏီ၊ ဇူလိုင်လ ချိူးဖောက်မှုများ

CoverLogo
688 Views

၂၀၂၃ ခုနှစ် ဇူလိုင်လ အတွင်း Myanmar Labour News မှာ ဖော်ပြခဲ့တဲ့ အလုပ်သမားတွေအပေါ် ချိုးဖောက်မှု ဖြစ်ပွားခဲတဲ့ စက်ရုံသတင်း  ၂၆ ကြိမ် ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အလမ်းနဲ့ အခက်အခဲတွေအကြောင်း သတင်းနဲ့ ဆောင်းပါး ၃၀ ကိုလည်း ဖော်ပြနိုင်ခဲ့ပါတယ်။ 

အလုပ်သမားတွေအပေါ် ချိုးဖောက်လို့ သတင်းဖော်ပြခဲ့ရတဲ့ စက်ရုံ ၂၆ ရုံထဲမှာ ၂ ကြိမ်ဖော်ပြခံထားရတဲ့ စက်ရုံ ၃ ရုံ ပါဝင်ပါတယ်။ 

ဒါကြောင့် ဇူလိုင်လအတွင်း အလုပ်သမားတွေအပေါ် ချိုးဖောက်မှုရှိခဲ့တဲ့ စက်ရုံပေါင်း ၂၃ ရုံ ရှိပြီး  ဒီအထဲမှာ အထည်ချုပ် စက်ရုံတွေ ၊ အလူမီနီယံ စက်ရုံ၊ ရေထွက် မွေးမြူရေး၊ ဖိနပ်စက်ရုံ၊ ပိုက်ဆံအိပ်ချုပ်စက်ရုံနဲ့ ပန်ချီ၊ဓါတ်ပုံဘောင် ထုတ်လုပ်တဲ့ စက်ရုံတွေပါဝင် မြန်မာနိုင်ငံမှာတော့ အထည်ချုပ်စက်ရုံတွေ အများဆုံးရှိ နေလို့ အလုပ်သမားတွေအပေါ် ချိုးဖောက်မှု အများဆုံးဖြစ်ပွားခဲ့တာလည်း ဒီ အထည်ချုပ် စက်ရုံတွေပဲ ဖြစ် ပါတယ်။ 

လုပ်ငန်းသဘောအရ စက်ရုံတွေဟာ ရန်ကုန်၊ ပဲခူး၊ ပုသိမ်နဲ့ မြိတ်မြို့တွေမှာ လုပ်ငန်းတွေ လုပ်ကိုင် နေကြပါတယ်။ 

ဒီစက်ရုံတွေမှာ လုပ်သားအင်အား ၂၀၀ ဝန်းကျင်ကနေ ၄၀၀၀ ကျော်အထိ လုပ်ကိုင်နေလို့ ချိုးဖောက်ခံရတဲ့ အလုပ်သမားအရေအတွက်လည်း မနည်းတာကို တွေ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ၊ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ချုပ်ဦးဆောင်သူတွေကို ဖမ်းဆီး ထောင်ချ သတ်ဖြတ်ခဲ့လို့ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒီလိုအခြေအနေတွေဟာ အလုပ်သမားတွေ အတွက် ကူညီမဲ့ ၊ ဦးဆောင်မဲ့သူတွေမရှိတဲ့ အချိန်မို့ အလုပ်သမားတွေဟာ အခွင့်အရေး ဆိုတာကို အသာထားပြီး ဥပဒေပါအခွင့်အရေး ရရှိဖို့ကို အတော်ကို ရုန်းကန်နေရတဲ့ အချိန်ဖြစ်တယ်ပါ။ 

  • အလုပ်သမားရုံးကဖြေရှင်းပေးမှလစာလျော့နည်းသွား

အလုပ်သမားရုံးက ဖြေရှင်းမှ တရက်လုပ်ခ လျှော့ရသွားသည့် အဖြစ်လည်းတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ထူးခြားတဲ့ အဖြစ်အပျက်ကတော့ လုပ်ခလစာ ပိုပေးတာကို တရားစွဲဆိုလို့ ရတယ်ဆိုပြီး လှိုင်သာယာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးရုံးရဲ့ ခြိမ်းခြောက်မှုဟာလည်း ဥပဒေပါ အခွင့်အရေးကို ချိုးဖောက်တာဖြစ်တဲ့ အပြင် ကုလသမဂ္ဂရဲ့ လူအခွင့်အရေး ကြေညာစာတမ်းကိုပါ ဖောက်ဖျက် တာဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်ဟာ လှိုင်သာယာစက်မှုဇုန် ၄ က Nine Tripord စက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလုပ်သမား ၂၅ ဦးပါ အစုနဲ့ စက်ရုံကြားအငြင်းပွားရာကနေ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးရုံးရဲ့ ဖြေရှင်းမှုက မူလ ရရှိနေတဲ့ ဒေးကြေးပါ လျှော့ချခံရမဲ့ အဖြစ်မျိုးပါ။ 

ဥပဒေမှာ ရေးသားထားတဲ့ စကားလုံးတွေ ထဲမှာ “တရက် အနည်းဆုံး လုပ်ခလစာ” လို့ ဖော်ပြထားလို့ သတ်မှတ်ထားတဲ့ အနည်းဆုံးတရက်လုပ်ခ ၄၈၀၀ ကျပ်ထက် လျှော့ပေးလို့ မရပေမဲ့ ဒီထက် ပိုပေးလို့ရတယ်လို့ Myanmar Labour News က ယူဆထားပါတယ်။ 

တရက်အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ဟာ အလုပ်သမားတွေအတွက် အရေးကြီးပါတယ်။ 

ဒီသတ်မှတ် ချက်ပေါ်ကနေ အချိန်ပို တွက်ချက်တာတွေပြုလုပ်ကြပြီး တခြားကျွမ်းကျင်မှုအတွက် ရပိုင်ခွင့်တွေနဲ့လည်း ဆက်စပ် နေတာကြောင့်ပါ ။

 ဒီသတင်းကို Myanmar Labour News က ဇူလိုင်လ ၅ ရက်မှာ ဖော်ပြထားပါတယ်။

  • အချိန်ပို

ဇူလိုင်လအတွင်း အလုပ်သမားတွေအပေါ်ချိုးဖောက်အများဆုံးအမှုတွေကတော့ အချိန်ပိုခေါ်ယူမှုတွေ ဖြစ်ပါ တယ်။ တချို့ စက်ရုံတွေဟာ နှစ်တနှစ်ရဲ့ တဝက်ဖြစ်တဲ့ ၆ လ နီးပါးကြာအောင် နားရက်မရှိ အချိန်ပိုတွေ လုပ်ကိုင် ခိုင်းခဲ့တာကို တွေ့ရပါတယ်။

ဒီလို ခိုင်းစေမှူတွေဟာ စက်ရုံဘက်က အကျိုးအမြတ်ကြီးပေမဲ့ အလုပ်သမားတွေ အတွက်တော့ နစ်နာမှု များပါတယ်။ 

သာမန်အားဖြင့် အချိန်ပိုတွေလုပ်ကိုင်ရပါက အလုပ်သမားတွေအတွက် ဝင်ငွေတွေကောင်းမှာလို့ မြင်နိုင်ပေမဲ့ လက်တွေ့မှာတော့ အလုပ်သမားတွေဟာ အိမ်ထောင်ရေးပြဿနာ၊ အိမ်တွင်းရေးနဲ့ လူမှုရေးပြဿနာ၊ ကျန်းမာရေးပြဿနာ ၊ ဝင်ငွေနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်ခံရတာ စတာတွေကို အလုပ်သမားတွေ တွေ့ကြုံ ခံစားခဲ့ကြတာပါ ။ ဒါကြောင့်လည်း အဲလို စက်ရုံတွေမှာ အလုပ်သမား မတည်မြဲကြဘူးလို့ လည်း Myanmar Labour News က သိရှိထားပါတယ်။ 

ဇူလိုင်လအတွင်း အချိန်ပို ရက်ဆက်ခေါ်လို့ Myanmar Labour News ကို အလုပ်သမားတွေကိုယ်တိုင် ပြောပြ ထားတဲ့ စက်ရုံ ၃ ရုံ ရှိပါတယ်။

အဲဒီစက်ရုံတွေကတော့  ရန်ကုန် အခြေစိုက် W&F အထည်ချုပ် စက်ရုံနဲ့ Myanmar Bestex Garment စက်ရုံတွေ ဖြစ်ပါတယ်။ နောက်ထပ် စက်ရုံကတော့ Jun Sheng Garment ဖြစ်ပါတယ်။  

တိုင်ကြားမှုတွေ ရှိနေတဲ့ W&F စက်ရုံကိုတော့ အချိန်ပိုလုပ်ကိုင်နေစဉ် စစ်ကောင်စီတပ်တွေ ဝင်ရောက် စစ်ဆေး ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပြထားပါတယ်။ အဲဒီနောက်မှာ သတင်းဖော်ပြထားတဲ့ အချက် ၁၀ ချက်ထဲ က ၆ ချက်က မှန်ကန်မှု မရှိဘူး ဆိုပြီး ကျန် အချက် ၄ ချက်နဲ့ စက်ရုံကို ဝန်ကြီးဌာနက အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Jun Sheng Garment စက်ရုံကတော့ ဥပဒေပါ ရက်သတ္တပတ် ပိတ်ရက်၊ အစိုးရပိတ်ရက်တွေပါ မချန် အချိန်ပို တွေ ရက်ဆက်ခေါ်ယူခဲ့လို့ အလုပ်သမားတွေက Myanmar Labour News ကို တိုင်းကြားမှုတွေပြုလုပ်ခဲ့လို့ သတင်း ဖော်ပြခဲ့ပါတယ်။ 

Jun Sheng Garment နဲ့ Myanmar Bestex Garment စက်ရုံ နှစ်ရုံကိုတော့ ဝန်ကြီးဌာနက ဝင်ရောက် စစ်ဆေးတယ်လို့ ကြားသိရပေမဲ့ အရေးယူတယ် မယူဘူးဆိုတာ ဖော်ပြတာမရှိပါဘူး ။ ဒီစက်ရုံတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို Myanmar Labour News ရဲ့ website စာမျက်နှာတွေမှာ ဖတ်ရှုနိုင် ပါတယ်။ 

အချိန်ပိုခေါ်ယူမှုကို တိုင်တန်းလို့ဆိုပြီး ဖုန်းသိမ်း
HENG RUN (MYANMAR) စက်ရုံကတော့ အချိန်ပို တွေရက်ဆက်ခေါ်ယူနေလို့ တိုင်းကြားခဲ့တဲ့ အလုပ်သမားကို စုံစမ်းခဲ့ပြီး၊ စက်ရုံ အုပ်ချုပ်ရေးနဲ့ ကြီးကြပ်ရေးဝန်ထမ်းတွေက လွဲပြီး စက်ရုံ အလုပ်သမား အားလုံးရဲ့ ကိုယ်ပိုင် လက်ကိုင်ဖုန်းတွေကို သိမ်းယူခဲ့တာပါ။ 

စက်ရုံအဝင်ဝကနေ အလုပ်သမားတွေရဲ့ဖုန်းတွေကို သိမ်းယူပြီး အလုပ်ဆင်းမှ ပြန်ပေးခဲ့တာပါ။ ဒါဟာ ဥပဒေရှုဒေါင့်က ဖြစ်ဖြစ်၊ အခွင့်အရေးရှုဒေါင့်က ဖြစ်ဖြစ် ဘယ်လို ကြည့်ကြည့် ချိုးဖောက်မှု ဖြစ်ပါတယ်။ 

HENG RUN (MYANMAR) စက်ရုံဟာ ဇွန်လ တလလုံး အချိန်ပိုခေါ်ယူခဲ့ပြီး ဥပဒေမှာ သတ်မှတ်ထား ရက်သတ္တပတ် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့နဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေပါ အချိန်ပိုဆင်းခိုင်းခဲ့ တယ်ဆိုပြီး အလုပ်သမားတွေက Myanmar Labour News ကို ပြောကြားခဲ့ပါတယ် ။

ကျန်စက်ရုံတွေကတော့ တရက် အချိန် ၄ နာရီဝန်းကျင်လုပ်ကိုင်ရတာ ၊ ဥပဒေပါ သတ်မှတ်ထားတဲ့ အချိန်ပို အချိန်ထက် ပိုမိုလုပ်ကိုင်ကြရတာတွေကိုတိုင်းတန်းထားကြပါတယ်။ 

အဲဒီထဲမှာ  Erdos (Myanmar) Knitwear Company Limited  က အလုပ်သမားတဦးကတော့ အချိန်ပို နာရီပေါင်း ၂၀၀ နီးပါးရရှိခဲ့တယ်လို့ Myanmar Labour News ကို ပြောကြားခဲ့ပါတယ်။ 

အချိန်ပိုနဲ့ပတ်သက်ပြီး တိုင်ကြားခံရတဲ့ စက်ရုံပေါင်း ၁၃ ရုံရှိခဲ့ပြီး အဲဒီထဲက နှစ်ရုံကတော့ သတင်း ၂ ကြိမ်ဖော်ပြ ခံရပါတယ်။  

W&F GROUP၊ YOYIKA Garment၊ MYANMAR TIANNAN GARMENT CO.LTD၊ RUI XIN SHOES၊ SEN YU၊ HENG RUN (MYANMAR)၊ Myanmar Bestex Garment Co,Ltd၊ Myanmar of HuaMeng ၊ ရွှေမြန်မာစံ အထည်ချုပ် စက်ရုံ၊ FZ ၊ Jun Sheng Garment Factory၊ Erdos (Myanmar) Knitwear Company Limited ၊ KSENG (Myanmar ) Apparel စတဲ့ စက်ရုံတွေက အချိန်ပိုနဲ့ ပတ်သက်ပြီး တိုင်ကြားခံခဲ့ရတာပါ ။ အဲဒီထဲက Myanmar Bestex Garment Co,Ltd၊ HENG RUN (MYANMAR) စက်ရုံနှစ်ရုံကတော့ သတင်း ၂ ကြိမ်စီ ဖော်ပြခံခဲ့ ရပါတယ်။ 

  • အလုပ်သမားတွေအချိန်ပိုလုပ်ကိုင်ဖို့ငြင်းဆန်ရင်ဘာတွေဖြစ်မလဲ။ 

အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေ အကြောင်းကြောင်းကြောင့် အချိန်ပိုဆင်းဖို့ ငြင်းဆန်ပါက အလုပ်ထုတ် ခံရမယ်ဆိုပြီး  ခြိမ်းခြောက်ခံရတာ ဖြစ်ပါတယ်။ 

နောက်တမျိုးက နောက်ရက် အချိန်ပိုဆင်းဖို့မလိုဘူး လို့ ပြောဆို ခံရတာပါ။ ဒါ့အပြင် ရက်မှန်ကြေး၊ ဆုကြေး (ဂရိတ်) စတဲ့ရပိုင်ခွင့်ကို ဖြတ်တောက်ခံရတာပါ။ ရက်သတ္တပတ် ပိတ်ရက် တနင်္ဂနွေနေ့ အချိန်ပိုမဆင်းလို့ ဒေးကြေးပါ ဖြတ်တောက်တာတွေပါရှိတယ်လို့ အလုပ်သမားတွေက ပြောကြား ပါတယ်။  

ဒါအပြင် အချိန်ပိုဆင်းဖို့ ငြင်းပါက လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရတာ ၊ ဆဲဆိုတာ၊ အော်ဟစ်တာ၊ သာမန် အလုပ်ချိန် အပြင် အချိန်ပိုလုပ်ကိုင်ရပေမဲ့ လုပ်ခ မပေးတာ၊ အနားချိန်တွေထဲက အလုပ်ချိန်ခိုးယူခံရတာ၊ အောအလင်းကို ဆန္ဒမပါဘဲ ဆင်းရတာတွေလည်း အလုပ်သမားတွေ တွေ့ကြုံနေရတာပါ ။ 

အလုပ်ထုတ်မယ်လို့ ပြောတာ စက်ရုံ တာဝန်ရှိသူတွေမဟုတ်ဘဲ ကြီးကြပ်သူတွေလို့ ဆိုပေမဲ့ တာဝန်ခံရမှာ စက်ရုံဘက်ကလို့လည်း နားလည်ထား ပါတယ်။ စက်ရုံဘက်က တာဝန်ရှိတာက ဒေးကြေးနဲ့ ရပိုင်ခွင့် ဖြတ်တောက်မှု ဖြစ်ပါတယ်။ 

  • EC စာချုပ်မရှိ၊ အလုပ်နားရက်မရှိ၊ သတ်မှတ်လုပ်ခနှင့် ခွင့် မပေးသည့် ကုမ္ပဏီ

မြိတ်မြို့တဖက်ကမ်းက Kaung Kaung Aquaculture Co.Ltd ကတော့ ချိုးဖောက်မှု အများအပြားရှိတဲ့ ကုမ္ပဏီ တခုဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တည်ရှိမှုကလည်း ဥပဒေကို ချိုးဖောက်ဖို့ အခွင့်အရေးပေးသလို ဖြစ်နေတဲ့ မြိတ်မြို့ မျက်နှာချင်းဆိုင် ကျွန်းတကျွန်းပေါ်က ကုမ္ပဏီ  ဖြစ်ပါတယ်။ 

အလုပ်စဝင်ကတည်းက EC စာချုပ် မချုပ်သလို ဘယ်လို လုပ်ငန်း၊ ဘာတာဝန်ရှိတယ်ဆိုတာလည်း အလုပ်သမား တွေကို ရှင်းလင်းပြောဆိုတာမရှိပါဘူး။ 

အလုပ်သမားဥပဒေတွေမှာ သတ်မှတ်ထားတဲ့ သာမန်အလုပ်ချိန် ၈ နာရီ ထက် နေစဉ်  ၂ နာရီ ပိုပြိး အလုပ်သမားတွေ လုပ်ကိုင်နေရပါတယ်။ အဓိကလုပ်ငန်းက ကဏန်းဖောင် ကြည့်တဲ့ အလုပ် ဖြစ်ပေမဲ့လည်း အလုပ်သမားတွေရဲ့ နားချိန်မှာ သစ်သယ်၊ ငါးစာကျွေး၊ ကြံသယ်လုပ်ငန်းတွေပါ နေ့စဉ် လုပ်ကိုင်နေရတာဖြစ်ပါတယ်။ 

ညပိုင်း အချိန်ပို ၅ နာရီအတွက် ကျပ် ၃၁၅၀ နဲ့ မနက်စော အချိန်ပိုလုပ်ခ ၅ နာရီ အတွက် ကျပ် ၃၈၅၀ သာ အလုပ်သမားတွေက ရရှိပါတယ်။ ဒါ့အပြင် ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အနည်းလုပ်ခလစာကို ချိုးဖောက်ပြီး ကုမ္ပဏီက ၄၆၄၅ ကျပ်သာပေးပြီး အလုပ်ထွက်ပါက ကျပ် ၃၀၀၀၀ ဖြတ်တောက်လို့ Kaung Kaung Aquaculture Co.Ltd အလုပ်သမားတွေဟာ ဆုပ်လည်းစူး စားလည်းရူး ဘဝ ရောက်နေကြတာပါ။

မြိတ်မြို့ကို ဇူလိုင် ၂၇ ရက်က  အလုပ်သမားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းရှိန် သွားရောက်ခဲ့ပြီး တခြား စက်ရုံတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ Kaung Kaung Aquaculture Co.Ltd  အလုပ်သမားတွေရဲ့ နစ်နာမှု တွေကတော့ မူလအတိုင်းရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ 

ကျန်တဲ့ စက်ရုံတွေကတော့  ရက်ပျက်က ရက်မှန်ကြေးနဲ့ ဒေးကြေးဖြတ်တောက်တာ၊ ပိတ်ရက်ကို ဖိအားပေး ဆင်း ခိုင်းတာ၊ ဒေးကြေးခွဲခြားပေးတာ၊ ဆဲဆိုတာ၊ အလုပ်ထွက်ဖို့ ဖိအားပေးတာ၊ ရက်စားဆင်းဖို့ အတင်းကျပ် လက်မှတ်ထိုး ခိုင်းတာ၊ သာမန်အလုပ်ချိန်ထက်ပိုပြီး လုပ်ကိုင်ပေးရတာ၊ ပိတ်ရက်နဲ့ EC စာချုပ်မရှိတာ၊ အနည်းဆုံး လုပ်ခထက် လျှော့ပေးတာ၊ အလုပ်ထွက်ပါက လျော်ကြေးတောင်းတာ ၊ ခွင့်ခံစာခွင်မရတာ၊ ဆေးခွင့်ကို လစာဖြတ်တောက်တာ၊ ဆုကြေး အပြည့်မပေးတာ၊ ကိုယ်ထိလက်ရောက် ခိုင်းစေတာ၊ ကာယိန္ဒြေပျက် အောင် ပြောဆိုတာ၊ မှတ်ပုံတင်အတုဆိုပြီး အလုပ်ထုတ်တာ၊ ခွဲခြားဆက်ဆံတာ၊ လိင်ပိုင်းဆိုင်ရာထိပါးနောက်ယှက်တာ၊ လုပ်ငန်းခွင်အတွင်းစိတ်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တာ တွေ ဖြစ်ပွားနေတယ်လို့ သက်ဆိုင်ရာ အလုပ်သမားတွေ က တိုင်ကြားခဲ့တာပါ။

တိုင်ကြားခံထားရတဲ့ လက်ကျန်ကုမ္ပဏီတွေကတော့ Shinsung၊ MK၊ Myanmar Guotai Huasheng Glory Fashion Garment၊ Eslite Garment Co.Ltd၊ Huabo Time ၊ Yangon Art Materials Incorporation Limited၊ Hakers Enterprise Myanmar၊ GNS (Bago) Healthcare Co,Ltd၊ Yangon Art Materials Incorporation Limited ဖြစ်ကြပါတယ်။ 

  • ကာယိန္ဒြေပျက်အောင်ပြောဆိုလုပ်ကိုင်ခြင်းနှင့် လုပ်ငန်းခွင် အနိုင်ကျင့်မှု

အထည်ချုပ်အလုပ်သမားတွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ မြန်မာအမျိုးသမီးတွေ ဖြစ်လို့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးထမ်းစဉ်လာကို လက်ခံကြတာများပါတယ်။ ဒါပေမဲ့ အထည်ချုပ်စက်ရုံတွေ အများစုမှာ အခုထိ မဖျောက်ဖျက်နိုင်ပဲ အစဉ်လာလို ဖြစ်လာတာကတော့ ဆဲဆိုတာဖြစ်ပါတယ်။

ဒီထက် နည်းနည်းလျော့ရင် အော်ဟစ် ပြောဆို လုပ်ကိုင်စေတာဖြစ်ပါတယ်။ 
ဆဲဆိုမှုတွေ၊ အော်ဟစ်မှုတွေဟာ လက်ခံသူမှာ အတိုင်းအတာ ရှိပြီး အဲဒီထက်ပိုလာရင်တော့ တရားစွဲဆိုတာနဲ့ ဒီထက်ဆိုးတဲ့ တုန့်ပြန်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် အေးချမ်းပျော်ရွှင်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ဆို စက်ရုံပိုင်ရှင်၊ စက်ရုံက တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ၊ အဆင့်ဆင့်ကြီးကြပ်သူတွေနဲ့ အလုပ်သမားတွေ အားလုံး ပူးပေါင်းအဖြေ ရှာဖို့ လိုအပ်ပြီး ပေါ့ဆလျစ်လျူရှုဖို့ မရတဲ့ ပြဿနာဖြစ်ပါတယ်။ 

ဒီထက်ဆိုတားတာတွေရှိပါတယ်။ ကိုယ်ထိ လက်ရောက် ပြုမူတာပါ ။ ကိုယ်တိုင် ထိတွေ့မှမဟုတ်ပါဘူး တခြား အရာဝတ္တု ပစ္စည်းနဲ့ ပစ်ပေါက်တာတွေ ကလည်း ကိုယ်ထိလက်ရောက်ပြုမှုတာတွေဖြစ်ပါတယ်။ 

လုပ်ငန်းခွင် အနိုင်ကျင့်မှုထဲမှာတော့ အော်ဟစ်ဆူပူတာပါဝင်ပြီး လုပ်ငန်းခွင် အများရှေ့မှာ အရှက်ရအောင် ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ဆူပူကြိမ်းမောင်းတာ၊ ဆဲဆိုတာ၊ ရိုင်းစိုင်းတဲ့ ကိုယ်အမူအရာ မျိုးပြုလုပ် တာတွေက လုပ်ငန်းခွင်အနိုင်ကျင့်မှုဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆိုပါတယ်။ 

တကယ်တော့ ကာယိန္ဒြေပျက်အောင် ပြောဆို လုပ်ကိုင်တာနဲ့ လုပ်ငန်းခွင် အနိုင်ကျင့်မှု ဆိုတာ အလွှာပါး ပါးလေးခြားထားပေမဲ့ သဘောသဘာဝကတော့ အတူပါပဲ ။ 

ကာယိန္ဒြေပျက်အောင် ပြောဆိုခံရလို့ တိုင်ကြားခံခဲ့ရတဲ့ စက်ရုံ သုံးရုံ ရှိပါတယ်။ Eslite Garment Co.Ltd က အောစူပါ တဦးက စက်ရုံအလုပ်သမားတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Myanmar Labour News က ရရှိထား တဲ့ အချက်အလက်တွေမှာဆိုရင် အဲ့ဒီ အောစူပါဆိုသူဟာ “ကောင်မ”၊”အလုပ်ထွက်”၊ “ခွင့်ယူလို့ မေးတာ ဘာဖြစ်လဲ”စတဲ့ စကားလုံးတွေကို သုံးဆွဲပြောဆိုခဲ့ပါတယ်။ ဒီလို့ပြောဆိုခံရလို့ ကာယိန္ဒြေပျက်အောင်တဲ့ အထိ ခံစားခဲ့ရတယ်လို့ အလုပ်သမားတချို့က ပြောကြားခဲ့တာပါ။ 

နောက်ထပ် စက်ရုံကတော့ ပုသိမ်အခြေစိုက် Huabo Times အထည်ချုပ်စက်ရုံဖြစ်ပြီး လိုင်းခေါင်းဆောင် ဆိုသူက ဆဲဆိုခိုင်းစေတဲ့အပြင် ကိုယ်လက်ရောက် ပြုမှုခဲ့တယ်လို့ အလုပ်သမားတွေက ပြောကြားခဲ့တာပါ။ 

ဒါ့အပြင် ရွှေလင်းဗန်းစက်မှုဇုန်က Shinsung အထည်ချုပ်စက်ရုံ မှာ အရှက်ရအောင် ဆဲဆိုတာ ၊ ရက်ပျက် ပါက ဆဲဆိုခံရတာ၊ လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ စောင်ကားခံရပြီး  နှောင့်ယှက်ခံခဲ့ရတယ်လို့ အလုပ်သမား တွေက ပြောဆိုပါတယ်။ 
ဒီထက်ပိုဆိုးတဲ့ စက်ရုံတရုံလည်း ဇူလိုင်လထဲမှာ တိုင်ကြားခံခဲ့ရပါတယ်။ နိုင်ငံခြားသား ကျွမ်းကျင်သူတဦးက စက်ရုံက အလုပ်သမားအမျိုးသမီး တချို့ကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် တချို့ နိုင်ငံခြားသားဝန်ထမ်းတွေကတော့ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ အပြုအမူတွေ ပြုမူတာ ၊ အလုပ်ကိုင်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာ၊ ငိုကြွေးရတဲ့အထိ အော်ဟစ် ပြောဆိုတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ဇူလိုင်လအတွင်း စက်ရုံတွေရဲ့ ဥပဒေကို ချိုးဖောက်မှုတွေထဲ အချိန်ပို လုပ်ကိုင်တာတွေနဲ့ အရှက်ရ ကာယိန္ဒြေပျက်လောက်အောင် ပြောဆိုမှု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ အချိန်ပိုမရှိရင် လုပ်သားတွေ အခက်အခဲဖြစ်မယ်ဆိုတဲ့ ဂျင်းစကားတွေလည်း ပြောဆိုတာတွေ့ရပါတယ်။ 

လုပ်ငန်းတွေ အောင်မြင်တာ ၊ ကျဆုံးတာ အားလုံးကတော့ စီမံခန့်ခွဲမှုက အဓိကကျပါတယ်။ အလုပ်သမား တွေ ကို ပင်ပန်းအောင်လုပ် တာလည်း ဒီစီမံခန့်ခွဲမှုပါပဲ ။ အချိန်ပိုကို ရက်ရှည်၊ နာရီရှည် မလုပ်ရအောင် ဘာတွေ လုပ်သင့်သလဲဆို စီမံခန့်ခွဲသူတွေ စဉ်းစားနိုင်မယ်ဆိုရင် အောင်မြင်မှုရရှိမှာပါ။ စက်ရုံပိုင်ရှင်အတွက်ပဲ  ဦးတည် လုပ်ကိုင်ရင်တော့ ဥပဒေနဲ့ ညှိစွန်းမိမှာ အသေအချာဖြစ်သလို့ ဘဝမှာ အမဲစက် တခု စွန်းမိသွာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

#MyanmarLabourNews


Related posts

Cover
မှားယွင်းဖော်ပြခြင်းအတွက် တောင်းပန်လွှာ
Apr 23, 2024
Cover
"စက်ရုံပိတ်သိမ်း နည်းလမ်းနှင့် သမဂ္ဂဖြိုခွင်းနေလား" စက်တင်ဘာလ ချိုးဖောက်မှုများ
Oct 04, 2023
Cover
အချိန်ပို၊ ခွင့်ခံစားခွင့်၊ အလုပ်ထုတ်ခံမှုများ၊ ဆဲဆိုခံရမှု နှင့် ဩဂုတ်လ  ချိုးဖောက်မှုများ
Sep 03, 2023