NEWS

"စက်ရုံပိတ်သိမ်း နည်းလမ်းနှင့် သမဂ္ဂဖြိုခွင်းနေလား" စက်တင်ဘာလ ချိုးဖောက်မှုများ

CoverLogo
785 Views

စက်ရုံပိတ်သိမ်း နည်းလမ်းနှင့် သမဂ္ဂဖြိုခွင်းနေလား။

စက်တင်ဘာလ ချိုးဖောက်မှုများ

 

မင်းနီကျော်

Myanmar Labour News မှာ စက်တင်ဘာလအတွင်း အလုပ်သမားသတင်း၊ ဆောင်းပါး စုစုပေါင်း  ၃၉ ပုဒ် တင်ဆက်ခဲ့ရာမှာ  အလုပ်သမားတွေတိုင်ကြားခဲ့တဲ့ စက်ရုံ ၁၈ ရုံရဲ့ သတင်း ၁၉ ပုဒ် ကို ဖော်ပြခဲ့ပါတယ်။ (ပုံ ၁)

 

Figure 1

 

ဖော်ပြထားတဲ့ စက်ရုံသတင်းတွေထဲမှာ စက်ရုံ ပိတ်သိမ်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ စက်ရုံ နှစ်ရုံ  ရှိခဲ့ပါတယ်။ အဲဒီ စက်ရုံတွေကတော့ လှိုင်သာယာ ၊ မြစိမ်းရောင်စက်မှုဇုန်က  Wellgreen outdoor (Myanmar) နဲ့ ရွှေပြည်သာ ၊ သာဓုကန် စက်မှုဇုန်က HONG MIAO Garment Co.Ltd စက်ရုံတို့ ဖြစ်ပါတယ် ။  ဒီစက်ရုံ နှစ်ရုံ ကတော့ အထည်ချုပ် စက်ရုံတွေ ဖြစ်ကြသလို့ နှစ်ရုံပေါင်း အလုပ်သမား ၅၀၀ ကျော် လုပ်ကိုင်နေ ကြပါတယ်။ (ပုံ-၂)

Figure 2

Wellgreen outdoor (Myanmar) စက်ရုံကတော့ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ စက်ရုံ ပိတ်ထားမယ်ဆိုပြီး အလုပ်သမားတွေကို အကြောင်းမကြားဘဲ စက်ရုံထဲက ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့ တာပါ ။ ဒီစက်ရုံမှာ အလုပ်သမားသမဂ္ဂမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖြစ်တဲ့ WCC လည်း မရှိ ပါဘူး ။ စက်ရုံဖွင့်ထားတာ ၅ လခန့်သာရှိသေးပြီး အောလင်း အောနိုက်တွေ လုပ်ကိုင်ခဲ့ရလို့ အလုပ်သမားတွေက ပြောဆို ပါတယ်။ Wellgreen outdoor (Myanmar) စက်ရုံက အခုလို ပိတ်လိုက် ဖွင့်လိုက် ၃ ကြိမ်လောက် ဆောင်ရွက်ခဲ့ တယ်လို့ ဆိုပါတယ်။

စက်ရုံဘက်က ပိတ်သိမ်းမဲ့အကြောင်းကို အလုပ်သမားတွေကို အသိမပေးခဲ့ပေမဲ့ စက်ရုံပစ္စည်းတွေ ရွှေ့ပြောင်းနေ တာကို  နီးစပ်ရာ အလုပ်သမားအချင်းချင်း သတင်းပေးရာကနေ စက်ရုံရွှေ့ပြောင်းနေတာကို  သိခဲ့ရတာပါ။ စက်ရုံရဲ့ တရားဝင်တည်ရှိမှုနဲ့ ဥပဒေချိုးဖောက်မှုတွေကတော့ အလုပ်သမားဝန်ကြီးဌာနကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

စက်ရုံ ရုတ်တရက်ပိတ်သိမ်းလို့ ဥပဒေပါ နို့တစ်ကြေး ၊ လူမှုဖူလုံရေး လုပ်သက်နဲ့ ငွေကြေးတွေကို အလုပ်သမား နစ်နာခဲ့ရတာမို့ လုပ်ခလစာရရုံနဲ့ ပြဿနာ ဖြေရှင်းပြီးသွားတာ မဟုတ်ဘူး ဆိုတာလည်း အလုပ်သမားရေး ဖြေရှင်းသူတွေ ထည့်သွင်းစဉ်းစာရမယ့် အချက်တွေ ဖြစ်ပါတယ်။

သာဓုကန် စက်မှုဇုန်က HONG MIAO Garment Co.Ltd စက်ရုံသတင်းကတော့ တလအတွင်း အလှုပ်ခတ်ဆုံး သတင်းတပုဒ် ဖြစ်ခဲ့တာပါ။ အဲဒီစက်ရုံက အလုပ်သမားတွေကတော့ ဆိုးရွားတဲ့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ခဲ့ ကြပါတယ်။ လုပ်ငန်းခွင် ဆိုးရွားမှုတွေအကြောင်းတွေကို သမဂ္ဂဖွဲ့စည်းပြီး ပြောပြနိုင်ဖို့ကြိုးစားတဲ့ အလုပ်သမား ၅၀ နီးပါးကို လည်း စက်ရုံတာဝန်ရှိသူတွေက အလုပ်ထုတ်ခဲ့တာပါ။

လျှပ်စစ်နဲ့ လုပ်ကိုင်ရတဲ့ စက်လိုင်းတွေထဲအထိ ရေတွေဝင်ရောက်တာ၊ သုံးရေတွေ မသန့်ရှင်းတာတွေရှိတယ်လို့ အလုပ်သမား အရေးဆောင်ရွက်သူတွေက ဖော်ထုတ်နိုင်ခဲ့ပေမဲ့ စက်ရုံနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူ တွေကတော့ ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

စက်ရုံကို စစ်ဆေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ပေမဲ့ အဲဒီနေ့မှာ လုပ်ငန်းခွင်အတွင်း အသုံးပြုတယ်ဆိုပြီး ထုတ်ပြတဲ့ ပန်ကာတွေကို နောက်ရက်မှာပဲ  ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ လုပ်ငန်းခွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် တာတွေမရှိသလို သမဂ္ဂဖွဲ့စည်းရေး ဦးဆောင်ကြတဲ့ အလုပ်သမားတချို့ကိုလည်း စက်ရုံက ပြန်လည် ခန့်ထား တာမရှိခဲ့ပါဘူး ။ ဒီနောက်မှာတော့ စက်ရုံ ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ခဲ့ပြီး စက်ရုံအတွင်း ရဲလုံခြုံရေး ချထားတာတွေပါ  ပြုလုပ်ခဲ့ပါတယ်။  

HONG MIAO Garment Co.Ltd အထည်ချုပ် စက်ရုံနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူကတော့ ဥပဒေ အတိုင်း သမဂ္ဂဖွဲ့စည်းရေးဆောင်ရွက်မှုတွေ လျစ်လျူရှုခဲ့သလို အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကတော့ ကျင့်ဝတ်ပိုင်း ဖောက်ဖျက်ကြပါတယ်။ အလုပ်သမားဝန်ကြီဌာန တာဝန်ရှိသူတွေဟာ ကျင့်ဝတ်ပိုင်း ဖောက်ဖျက်ပြီး သမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားတဲ့ အလုပ်သမားအမည်တွေကို စက်ရုံဘက်ကို ပေးခဲ့သလို ၊ စက်ရုံဘက် ကလည်း အဲဒီအလုပ်သမားတွေအားလုံးကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေက အလုပ်သမားတချို့ကို ပြန်လည်ခန့်အပ်ဖို့ ညှိနှိုင်းတဲ့ စာချုပ်ကို အလုပ်သမားရှေ့ တမျိုး၊ စက်ရုံပိုင်ရှင်ရှေ့တမျိုး အမျိုးမျိုးပြင်ဆင်လုပ်ဆောင်ခဲ့မှုတွေဟာ ကျင့်ဝတ်ပိုင်း မေးခွန်း ထုတ်စရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုံပိုင်ရှင်ရဲ့ ဥပဒေချိုးဖောက်မှုတွေကိုလည်း မျက်ကွယ်ပြုခဲ့တာကို ဒီအဖြစ်အပျက်မှာ ထင်ရှားစွာတွေ့နိုင်မှာ ဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂဖွဲ့စည်းတယ်ဆိုတာ အလုပ်ရှင်၊ အလုပ်သမား နဲ့ နိုင်ငံအကျိုးစီးပွားအတွက်ဆိုတဲ့ အမြင်မရှိမှု က နိုင်ငံအတွက် ၊ ကိုယ်ကျိုးစီးပွားအတွက် ကောင်းတဲ့အလားလာ မဟုတ်ဘူးဆိုတာ လုပ်ငန်းရှင်နဲ့ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေ သိရှိဖို့လိုအပ်တယ်လို့ Myanmar Labour News က သုံးသပ်ပါတယ်။

နောက်ဆုံးသတင်းတွေအရ စက်ရုံပိုင်က အလုပ်သမားတွေကို နို့တစ်ကြေညာတယ်ဆိုပြီး နို့တစ်ကြေးမပေးဘဲ ထောက်ပံကြေးဆိုတဲ့ အသုံးနှုန်းနဲ့ ငွေကြေးအနည်းငယ် ထောက်ပံ့ပေးအပ်ပါတယ်။

HONG MIAO Garment Co.Ltd အထည်ချုပ် စက်ရုံကနေ နိုင်ငံတကာ ကုန်အမှတ်တံဆိတ် FieldCore ချုပ်လုပ်နေပါတယ်။

သမဂ္ဂဖွဲ့စည်းခွင့်မရတဲ့ စက်ရုံကတော့ လှိုင်သာယာ စက်မှုဇုန် ၂ က Myanmar Zande Garment အထည်ချုပ် စက်ရုံဖြစ်ပါတယ်။ ဒီစက်ရုံမှာဆို အချိန်ပိုအတွက် အလုပ်သမားတွေရဲ့ ဆန္ဒတောင်းခံတာမရှိတာ၊ အော်အလင်း လုပ်ကိုင်ခိုင်းတာ၊ အချိန်ပိုလုပ်ကိုင်ခိုင်းမှုကို ငြင်းဆန်ခွင့်မရှိတာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။  

Myanmar Zande Garment စက်ရုံကတော့ LERROS ကုန်အမှတ်တံကို ချုပ်လုပ်နေတာပါ ။

သမဂ္ဂဖွဲ့စည်းခွင့်မပြုတဲ့ စက်ရုံတိုင်းဟာ အလုပ်သမားဥပဒေကို အများဆုံး ချိုးဖောက် ကြတယ်ဆိုတာ Myanmar Labour News ရဲ့ စုဆောင်းထားတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက် အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားအရေးလှုပ်ရှားသူတွေကို ဖမ်းဝရမ်းထုတ် တာ၊ လုပ်ခလစာတိုးတောင်း သူတွေကို ဖမ်းဆီးတာတွေနဲ့ သမဂ္ဂဖွဲ့စည်းဖို့ ခက်ခဲအောင် ပြုလုပ်ထားတွေ ကြောင့်  အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်ဖို့က တော်တော်ကြီးခက်ခဲတာကို စက်တင်ဘာလအတွင်း ဖော်ပြခဲ့တဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

 

 

WCC က အားကိုးလို့ရပါ့မလား

မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေထဲမှာ စက်ရုံနဲ့ အလုပ်သမားတွေကြားဖြစ်ပွားတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရေးအတွက်  WCC ကို မဖြစ်မနေဖွဲ့စည်းဖို့ ဥပဒေမှာ သေချာသတ်မှတ်ထားပါတယ်။ စက်တင်ဘာ လအတွင်း Myanmar Labour News က သတင်းဖော်ပြထားတဲ့ စက်ရုံ ၁၈ ရုံထဲမှာ ၄ ရုံကပဲ WCC ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ (ပုံ-၃)

 

Figure 3

 

WCC ဆိုတာကတော့ အလုပ်သမားကိုယ်စားလှယ်တွေ၊ စက်ရုံဘက်က ကိုယ်စားလှယ်တွေ စုဖွဲ့ပြီး လုပ်ငန်းခွင် အငြင်းပွားမှုတွေလျှော့နည်းသွားဖို့ ရည်ရွယ်ချက်နဲ့  ဖွဲ့ထားတဲ့ အဖွဲ့စည်းဖြစ်ပါတယ်။ လက်ရှိ WCC အဖွဲ့တွေရဲ့ အခြေအနေကတော့ အဖွဲ့ဝင်တွေကို ပွင့်လင်းမြင်သာတဲ့ ရွေးကောက်မှု မလုပ်တာ ၊ စက်ရုံကို ကိုယ်စားပြုတဲ့ လုပ်ရပ်တွေကို လုပ်ကိုင်တာ၊  WCC အလုပ်သမားကိုယ်စားလှယ် ကိုယ်တိုင် အလုပ်သမားအရေးကို စက်ရုံဘက် ကို ပြောဆိုဖို့ ဝန်လေးတာ၊ အလုပ်သမားအရေး အာရုံမစိုက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတာနဲ့ WCC အဖွဲ့ကို စက်ရုံ စိတ်ကြိုက်ဖွဲစည်းထားတာတွေ ရှိနေတာပါ။ ဒါကြောင့်လည်း သက်ဆိုင်တဲ့ အလုပ်သမားထုက WCC အဖွဲ့အစည်းကို လုံးဝ အယုံအကြည်မရှိကြပါဘူး ။ ဒါက လက်ရှိ WCC အဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေ ဖြစ်ပါတယ်။

ဒီလိုအားနည်းချက်တွေကြောင့် သမဂ္ဂဖွဲ့စည်းခွင့်မရတဲ့၊ မရှိတဲ့ စက်ရုံတွေဟာ လုပ်ငန်းခွင်မှာ ပြဿနာများများ ဖြစ်နေတာလည်း တွေ့မြင်ရပါတယ်။ (ပုံ- ၃)

 

စက်ရုံ တာဝန်ရှိသူများ၏ ဖိအားပေးမှုနှင့် သက်ရောက်မှုများ

 

ရွှေလင်ဗန်းစက်မှုဇုန် BOHUA Fashion စက်ရုံမှာ အချိန်ပိုခေါ်ယူတာကို အလုပ်သမားတွေကို ကြိုတင်အကြောင်း မကြားတာ၊ နားချိန်မရတာ၊ နေ့လည်စာအတွက် ခုံလုံလောက်မှုမရှိတာ၊ အလုပ်ခန့်တဲ့ လုပ်ခနဲ့ ပေးချေတဲ့ လုပ်ခ မတူတာ၊ တရုတ်အမျိုးသမီးက လုပ်ငန်းခွင်အတွင်း အော်ဟစ်ခိုင်းစေတာ၊ ဖိအားပေးပြောဆိုတာ၊ ခေါင်းဆောင် တွေက ဆဲဆို ခိုင်းစေတာ၊ စံချိန်တောင်းရာမှာလည်း တရက်ထက်တရက် တိုးတောင်းတာ ၊ အလုပ်ဌာနမတူပေမဲ့ အချိန်ပိုဆင်းရတာ၊ စနေနေ့တိုင်း အော်လင်း လုပ်ကိုင်ပေးရတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆို ပါတယ်။

အလုပ်သမားတွေမှာ နားရက်မရှိ လုပ်ကိုင်ပေးရတာနဲ့ ဖိအားပေး လုပ်ကိုင်တာတွေကြောင့် အုပ်ချုပ်မှုပိုင်းနဲ့ အလုပ်သမားသမားတွေကြား မကြာခဏ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကြီးကြပ်ရေးမှူး အဆင့် အလုပ်သမားတွေနဲ့ အခြေခံလုပ်သားတွေကြားမှာပဲ ချောမွေ့တဲ့ ဆက်ဆံရေမျိုး မရှိကြဘူးလို့ တိုင်ကြားတဲ့ အလုပ်သမားတွေက Myanmar Labour News ကို ပြောကြားထားပါတယ်။ BOHUA Fashion Co.,ltd စက်ရုံသတင်းတွေကို စက်တင်ဘာလအတွင်း Myanmar Labour News မှာ ၃ ကြိမ်ဖော်ပြခံခဲ့ရပြီး တိုင်ကြားသူတွေအားလုံးကတော့ ကြီးကြပ်ရေးမှူးတွေနဲ့ အလုပ်သမားတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေး မရှိကြဘူးလို့ တညီတညွတ်ထဲ ပြောကြားကြပါတယ်။

BOHUA Fashion Co.,ltd ကတော့ Sinsay၊ CROPP၊ P&VV၊ PROTECTION စတဲ့ ဥရောပ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။

 

အချိန်ပိုအတွက် ဆန္ဒမပါ ၊ ခြိမ်းခြောက် ၊ အလုပ်ထုတ်မှုများ

လစဉ်တိုင်း အလုပ်သမားတွေကြုံတွေ့နေရတဲ့ အကြောင်းအရာတွေထဲမှာ အချိန်ပို လုပ်ကိုင်ဖို့ ဆန္ဒမေးမြန်းမှု မရှိတာ ၊ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံရတာ နဲ့ အလုပ်ထုတ်ခံရတာတွေ ဖြစ်ပါတယ် ။ ခြိမ်းခြောက်မှုတွေ တော်တော် များများကတော့ ကြီးကြပ်ရေးမှူးတွေက ပြောဆိုကြတာဖြစ်ပါတယ်။  စက်ရုံတာဝန်ရှိသူတွေရဲ့ ချိုးဖောက်တွေကတော့ အချိန်ပိုဆင်းဖို့ကို အလုပ်သမားတွေရဲ့ဆန္ဒကို မေးမြန်းမှုမရှိတာနဲ့ အချိန်ပိုမဆင်းတာကို စည်းကမ်းဖောက်မှုလို သဘောထားပြီး အလွယ်တကူ အလုပ်က ထုတ်ပယ်ဖို့ ဝန်မလေး ကြတာလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ (ပုံ-၄)

Figure 4

အချိန်ပို လုပ်ကိုင်ခိုင်းရာမှာ ဥပဒေချိုးဖောက်ခိုင်းစေတယ်လို့ စက်တင်ဘာလအတွင်း တိုင်ကြားခံခဲ့ရတဲ့ စက်ရုံ ပေါင်း ၉ ရုံရှိပါတယ်။ အဲဒီ စက်ရုံတွေကတော့ Glory HomeFord GloryLian Cheng(Myanmar)Myanmar Zande GarmentBOHUA FashionJun Sheng Garment Co, LTDS-M MYANMAR Garment CO,LTDLAT WAR (3) ၊ (Myanmar ) SYNERGY GARMENT တို့ဖြစ်ပါတယ်။

အချိန်ပိုလုပ်ကိုင်ရပေမဲ့ အချိန်ပိုကြေးမပေးဘူးဆိုတဲ့ စက်ရုံတွေကတော့ (Myanmar ) SYNERGY GARMENT နဲ့  Jun Sheng Garment Co, LTD ဖြစ်ပါတယ်။ နောက် Lian Cheng(Myanmar) စက်ရုံကတော့ ticket ကြေးနဲ့ လုပ်ခ ပေးတယ် ဆိုပြီး  ည ၈ နာရီအထိ ဆင်းခိုင်းကာ အချိန်ပိုအတွက် လုပ်ခမပေးခဲ့ဘူးလို့ သိရပါတယ်။ အချိန်ပို လုပ်ကိုင်ခိုင်းပြီး နာရီတချို့ကို ပိတ်ရက်အတွက် ရက်စားသတ်မှတ်တဲ့ စက်ရုံကတော့ LAT WAR (3) စက်ရုံ ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်း အချိန်ပိုနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေကတော့ အချိန်ပိုကို မဖြစ်မနေ လုပ်ကိုင်ခိုင်းတာ၊ ငြင်းဆန်ရင်အလုပ်ထုတ်မယ် ဆိုပြီး ခြိမ်းခြောက်တာ၊ တခြားနည်းလမ်းနဲ့ ခြိမ်းခြောက်တာ၊ ခွဲခြားဆက်ဆံတာ၊ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းမှုမရှိတာ၊ ဥပဒေက သတ်မှတ်ထားတဲ့ အချိန်ပို အလုပ်ချိန် ထက်ပိုလုပ်ရတာ၊ နားရက်မရှိ လုပ်ကိုင်ရတာ၊ ရက်သတ္တပတ်ပိတ်ရက်တွေပါ ရက်ဆက်လုပ်ကိုင်ရတာတွေ ဖြစ်တာကို တွေ့ရပါ တယ်။

မြစိမ်းရောင်စက်မှုဇုန်က Glory Home ‌မွေ့ယာစက်ရုံ အလုပ်သမားတွေဟာ တရက်ကို အလုပ်ချိန် ၁၀ နာရီ လုပ်ကိုင်ခဲ့ရပြီး ဥပဒေမှာ သတ်မှတ်ထားတဲ့ ရက်သတ္တပတ်ပိတ်ရက်နဲ့ တနင်္ဂနွေနေ့ပါ အချိန်ပိုလုပ်ကိုင်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့ အလုပ်နားမယ်ဆိုပါကလည်း သတိပေးလက်မှတ်(ဝမ်တိန်) ထိုးရတယ်လို့ ပြောပါတယ်။ အဲဒီ တနင်္ဂနွေနေ့ နှစ်ခါ အလုပ်ပျက်မယ်ဆိုရင်တော့ အလုပ်ထုတ်ခံရတယ်လို့ ပြောဆိုထားပါတယ်။ (ပုံ- ၅)

Figure 5

စက်တင်ဘာလအတွင်း အလုပ်သမားတွေတိုင်ကြားခဲ့တဲ့ စက်ရုံ ၁၈ ရုံရဲ့ လုပ်ငန်းအမျိုးအစား အားလုံးနီးပါဟာ အထည်ချုပ်စက်တွေဖြစ်ပြီး တခြားလုပ်ငန်းအမျိုးအစားအနေနဲ့ မွေ့ယာ စက်ရုံ တရုံသာပါဝင်ပါတယ်။

 

အချိန်ပိုရက်ဆက်ခေါ်ပေမဲ့ ခွင့်မရခဲ့

 

မြန်မာအလုပ်သမား ဥပဒေတွေမှာ ခွင့်ရက်နဲ့ ပတ်သက်ပြီး တိတိကျကျပြဌာန်းထားပါတယ် ။ အလုပ်သမားတွေ အတွက်  ဆေးခွင့်၊ ရှောင်တခင်ခွင့်တွေနဲ့ လုပ်သက်ခွင့်တွေကိုလည်း သတ်မှတ်ပြဌာန်းထားပါ တယ်။ ဒါပေမဲ့ Myanmar Labour News မှာ သတင်းဖော်ပြခဲ့တဲ့ အထည်ချုပ်စက်ရုံတွေ၊ အလုပ်ရုံတွေ အများစု ကတော့ ခွင့်နဲ့ ပတ်သတ်တဲ့ ဥပဒေကို ချိုးဖောက်ပြီး၊ အဲဒီချိုးဖောက်မှုကို စက်ရုံ စည်းကမ်းသတ်မှတ်ချက်မှာ ထည့်သွင်းကာ အလုပ်သမားတွေအပေါ် လိုသလို ချိုးဖောက်ကြတာကို တွေ့ရှိရပါတယ်။

မြန်မာအထည်ချုပ်စက်ရုံတွေမှာ လုပ်သား ၉၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

အမျိုးသမီး တွေရဲ့ ခန္ဓာကိုယ်သဘောအရနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆောင်ရွက်မှု အားနည်းမှုတွေကြောင့် မြန်မာ အမျိုးသမီး အထည်ချုပ်လုပ်သားတွေမှာ ကျန်းမာရေးအတွက် စိန်ခေါ်ချက်တွေရှိနေသလို့ ခွင့်ရရှိဖို့လည်း ခက်ခဲနေဆဲပါ။

စက်တင်ဘာလအတွင်း ခွင့်နဲ့ ပတ်သက်လို့ တိုင်ကြားခံရတဲ့ စက်ရုံ ၅ ရုံရှိပြီး အဲဒီစက်ရုံတွေကတော့ BOHUA Fashion ၊ Jun Sheng Garment Co, LTD ၊ Gibaek Myanmar Co.,Ltd ၊ LAT WAR (3) နဲ့ Galaxy ( Myanmar ) တို့ ဖြစ်ကြပါတယ်။ ခွင့်နဲ့ ပတ်သက်ပြီး ချိုးဖောက်မှုတွေကတော့ ဆေးခွင်၊ ရှောင်တခွင့် မရအောင် တင်းကျပ် ထာ၊ ခွင့်မပေးတာ တို့ဖြစ်ကြပါတယ်။ အဲဒီ စက်ရုံတွေမှာ ခွင့်ယူတာနဲ့ ခွင့်မရလို့ ရက်ပျက်ပါက အလုပ်သမား တွေရဲ့ ငွေကြေး ရပိုင်ခွင့်ဖြစ်တဲ့ ရက်မှန်ကြေး ၊ဂရိတ်ကြေး စတာတွေကို ဖြတ်တောက်တာတွေကို စက်ရုံဘက်က ပြုလုပ်ကြတယ်လို့ အလုပ်သမားတွေက ပြောပြထားပါတယ်။

 

လုပ်ငန်းခွင် ဆဲဆိုမှုတွေ

 

စက်တင်ဘာလအတွင်း ဆဲဆိုမှုတွေရှိတယ်လို့ တိုင်ကြားခံရတဲ့ စက်ရုံအရေအတွက်ကတော့ ဆက်လက် မြင့်မား နေဆဲပဲဖြစ်ပါတယ်။ တိုင်ကြားခံရတဲ့ စက်ရုံ ၁၈ ရုံထဲမှာ ဆဲဆိုမှုတွေရှိနေတယ်လို့ တိုင်ကြားခံရတဲ့ စက်ရုံ  ၈ ရုံအထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ဆဲဆိုတာ၊ အောင်ဟစ်ကြိမ်းမောင်းတာ၊ ခြိမ်းခြောက်တာနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ လုပ်ငန်းခွင် အေးချမ်းမှုကို ထိခိုက်ပြီး ကုန်ထုတ်လုပ်မှုကို ထိခိုက်စေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ခံစားရသူမှာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတယ်ဆိုလည်း အလုပ်သမားတွေက ပြောပြပါတယ်။

စက်တင်ဘာလအတွင်း လုပ်ငန်းခွင်ထဲ ဆဲဆိုမှုတွေမှာ  စက်ရုံပိုင်ရှင်ကိုယ်တိုင် ပါဝင်တာရှိသလို မန်နေဂျာ၊ စကားပြန်၊ အောစူပါ ၊ လိုင်းစူပါ နဲ့ လီဒါတွေ အထိ အဆင့်လိုက် ပါဝင်နေတာတွေကိုလည်း အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လုပ်ငန်းခွင်အတွင် ဆဲဆိုမှုတွေရှိတယ် ဆိုပြီး စက်တင်ဘာလအတွင်း တိုင်တန်းခံရတဲ့ စက်ရုံတွေကတော့ Kfine International Garment (Myanmar)၊ Myanmar Zande Garment၊ Myanmar Guotai Huasheng Glory Fashion ၊ BOHUA Fashion၊ Jun Sheng Garment Co, LTD၊ S-M MYANMAR Garment CO,LTD ၊ LAT WAR (3) ၊ (Myanmar ) SYNERGY GARMENT စတဲ့ စက်ရုံတွေ ဖြစ်ကြပါတယ်။ လှိုင်သာယာစက်မှုဇုန် ၂ က  Galaxy ( Myanmar ) အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်ဟာလည်း လုပ်ငန်းခွင်အတွင်း အော်ဟစ်တာ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက် တာစတဲ့ ကြမ်းတမ်းတဲ့ အပြုမူတွေ ပြုမူတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလအတွင်း ဥပဒေမှာ ပြဌာန်းထားတဲ့  ခွင့်နဲ့ အချိန်ပို ပြဌာန်းချက်တွေကို ချိုး ဖောက်ပြီး လုပ်ငန်းခွင် အတွင်း ဆဲဆိုမှုတွေရှိနေတယ်လို့ တိုင်ကြားခံရတဲ့စက်ရုံတွေကတော့ ရွှေလင်းဗန်းစက်မှုဇုန်က BOHUA Fashion အထည်ချုပ်စက်ရုံနဲ့ Jun Sheng Garment Co, LTD အထည်ချုပ် စက်ရုံ၊ လှိုင်သာယာစက်မှုဇုန်က LAT WAR 3 အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ် ။

ဥပဒေကို ချိုးဖောက်ပြီး အချိန်ပိုခေါ်တာနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုရှိနေတဲ့ စက်ရုံတွေကတော့ လှိုင်သာယာ စက်မှုဇုန် ၂ က Myanmar Zande Garment အထည်ချုပ်စက်ရုံနဲ့ (Myanmar )  SYNERGY GARMENT ၊ ရွှေသံလွင် စက်မှုဇုန်က  S-M MYANMAR Garment CO,LTD တို့ ဖြစ်ကြပါတယ်။ (ပုံ-၆ )

Figure 6

အလုပ်သမားဥပဒေနဲ့ ကျင့်ဝတ် ဖေါက်ဖျက်တဲ့ အထည်ချုပ်စက်ရုံတွေမှာ ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ် တွေကတော့  SINSAY၊ Sustianable Product ၊ Support the cotton made in Africa ၊ Bpc selection၊ SNI ၊ RESERVED ၊ ZARA၊ LERROS၊ PRIMARK၊ esmara၊ Inextenso၊ mayorl  ၊ FieldCore စတာတွေ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၃ ခုနှစ်စက်တင်ဘာလအတွင်း Myanmar Labour News မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းခွင် ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုနဲ့ သက်ဆိုင်တဲ့ သတင်းအနှစ်အချုပ်ဖြစ်ပါတယ်။

PDF File Download Link

Myanmar Labour News
Research Team
www.myanmarlabournews.com

 

 

 


Related posts

Cover
မှားယွင်းဖော်ပြခြင်းအတွက် တောင်းပန်လွှာ
Apr 23, 2024
Cover
အချိန်ပို၊ ခွင့်ခံစားခွင့်၊ အလုပ်ထုတ်ခံမှုများ၊ ဆဲဆိုခံရမှု နှင့် ဩဂုတ်လ  ချိုးဖောက်မှုများ
Sep 03, 2023
Cover
EC စာချုပ်မရှိ၊ နားရက်မရှိ၊ သတ်မှတ်လုပ်ခနှင့် ခွင့် မပေးသည့် ကုမ္ပဏီ၊ ဇူလိုင်လ ချိူးဖောက်မှုများ
Aug 04, 2023