LAW

၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ

CoverLogo
307 Views

 

၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇။)

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်

(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

နိဒါန်း

ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းတို့တွင် လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ အခြေခံလိုအပ်ချက်များကို ပြည့်မီစေရေးအတွက်လည်းကောင်း၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ ပြည် ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း (၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်များ

၁။ (က) ဤဥပဒေကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်ရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-

(က) အလုပ်သမား ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘော တူညီချက်ပြုလုပ်၍ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ်ကို လုပ်ကိုင် ၍ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခကြေး ငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့်ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပ အလုပ် သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွမ်းမံ ပြင်ဆင်ရေး အလုပ်သမားများလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါအလုပ်သမားများနှင့် ဝန်ထမ်း များ မပါဝင်-

(၁)  အလုပ်ရှင်အပေါ် မှီခို၍ အတူနေပြီး အလုပ်ရှင်၏အလုပ်ကို လုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစု ဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘနှင့် ညီအစ်ကိုမောင်နှမအရင်းများ၊

(၂) နိုင်ငံ့ဝန်ထမ်းများ၊

(၃) ပင်လယ်ကူးသင်္ဘောသားများ။

(ခ) အလုပ်ရှင် ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် သတ်မှတ်ထားသော အရေအတွက်အောက် မလျော့ သော အလုပ်သမားများအား သဘောတူညီချက်ဖြင့် အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားအား အခကြေး ငွေပေးရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များလည်း ပါဝင်သည်-

(၁) အလုပ်ရှင်၏စီမံခန့်ခွဲမှုဆိုင်ရာကိုယ်စားလှယ်၊

(၂) အလုပ်ရှင်ကိုယ်စား အလုပ်သမားအား စီမံအုပ်ချုပ်ရန် တာဝန်ရှိသူ သို့မဟုတ် အခကြေးငွေပေးရန် တာဝန်ရှိသူ၊

(၃) အလုပ်ရှင်သေဆုံးသည့်အခါ အမွေဆက်ခံသူ၊ အလုပ်ရှင်အနေဖြင့် ဆက်ခံသူ သို့မဟုတ် တရားဝင် ကိုယ်စားလှယ်၊

(၄) အစုစပ်လုပ်ငန်းဖြစ်ပါက အစုဝင်တစ်ဦးချင်းသည် လည်းကောင်း၊ အစုဝင်အားလုံးသည် လည်းကောင်း၊ လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်ရန် အစုစပ်လုပ်ငန်းက လွှဲအပ်ခြင်းခံရ သူသည် လည်း ကောင်းအလုပ်ရှင် ဖြစ်သည်။

(၅) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ တည်ထောင်သော ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်များသည်လည်းကောင်း၊ လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်ရန် ကုမ္ပဏီက ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူ၊

(၆) သမဝါယမအသင်းဥပဒေအရ တည်ထောင်သော အသင်းဖြစ်ပါက သမဝါယမအသင်း အမှုဆောင် အဖွဲ့ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်များ။

(ဂ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အမျိုး သား ကော်မတီက ဤဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော ကူးသန်းရောင်း ဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းနှင့် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်း တစ်ခုခုကိုသော်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို သော်လည်းကောင်း၊ ယင်းလုပ်ငန်းများနှင့် ဆက်နွှယ်သော သတ်မှတ်သည့် လုပ်ငန်းတစ်ခုခုကိုသော်လည်းကောင်း ဆိုသည်။

(ဃ) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆိုသည်မှာ အမျိုးသားကော်မတီက ဤဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေနှင့် မြေလွတ်မြေ ရိုင်းတစ်ခုခုတွင် ထွန်ယက်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပျိုးထောင်ခြင်း၊ ပြုစုခြင်း၊ ပြုပြင် ခြင်း သို့မဟုတ် စိုက်ပျိုးရေးထွက်ကုန် ကောက်ပဲသီးနှံများကို ရိတ်သိမ်းခြင်း၊ ခူးဆွတ်ခြင်းလုပ်ငန်းကို သော်လည်းကောင်း၊ ကြက်၊ ဘဲ၊ ငုံး၊ ငှက်နှင့် ပျား အပါအဝင် ခြံမွေး အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း လုပ်ငန်း၊ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်နှင့် ဝက်တို့ အပါအဝင် တိရစ္ဆာန်မွေးမြူခြင်း လုပ်ငန်း၊ ငါးနှင့် ရေသတ္တဝါမွေးမြူခြင်းလုပ်ငန်းကိုသော်လည်းကောင်း၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် ခြင်းလုပ်ငန်းကိုသော်လည်းကောင်း၊ ယင်းလုပ်ငန်းတစ်ခုခုနှင့် ဆက်စပ်၍ သတ်မှတ်သည့် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုခုကို သော်လည်းကောင်း ဆိုသည်။

(င) အခကြေးငွေ ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ် အလုပ် သို့မဟုတ် အခြားအချိန်ပိုင်းအလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်း ကောင်း၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တကောင်းမွန်သဖြင့် အလုပ်ရှင်မှ အပိုပေး သည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစား ခွင့်များသည်လည်းကောင်း ပါဝင်သည်။ သို့ရာတွင် အောက်ပါငွေကြေးများ မပါဝင်-

(၁) ခရီးစရိတ်များ၊

(၂) ပင်စင်လစာနှင့် အငြိမ်းစားလုပ်သက်ဆုငွေ၊

(၃) လူမှုဖူလုံရေး အကျိုးခံစားခွင့်ငွေကြေးများ၊

(၄) နေထိုင်ခနှင့် စားသောက်စရိတ်များ၊ မီးဖိုး၊ ရေဖိုးနှင့် အခွန်အခများ၊

(၅) ဆေးကုသစရိတ်နှင့် အပန်းဖြေခများ၊

(၆) အလုပ်ထုတ်နစ်နာကြေးနှင့် ကရုဏာကြေးများ၊

(၇) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက် ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော အခြားအခကြေးငွေများ။

(စ) အဖွဲ့အစည်း ဆိုသည်မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းကို ဆိုသည်။

(ဆ) အလုပ်သမားနှင့် အလုပ်ရှင်တို့၏ကိုယ်စားလှယ်များ ဆိုသည်မှာ အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင်အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကိုသော်လည်းကောင်း၊ အလုပ် သမားအဖွဲ့အစည်းမရှိသေးပါက အလုပ်သမားများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကိုသော် လည်းကောင်း၊ အလုပ်ရှင်အဖွဲ့အစည်းမရှိသေးပါက အလုပ်ရှင်များအား ကိုယ်စားပြုသည့် ကိုယ်စား လှယ်များကို သော်လည်းကောင်း ဆိုသည်။

(ဇ) အမျိုးသားကော်မတီ ဆိုသည်မှာ ဤဥပဒေအရ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ပါဝင်ဖွဲ့စည်းသည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ဆိုသည်။

(ဈ) ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ဖွဲ့စည်းသော အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီကို ဆိုသည်။

(ည) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနကို ဆိုသည်။

(ဋ) ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးသော ဦးစီးဌာနကို ဆိုသည်။

(ဌ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဤဥပဒေနှင့်ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက် နာဆောင်ရွက်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန် ဆောင်မှုလုပ်ငန်းကိုသော်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို သော်လည်းကောင်း စစ် ဆေးရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် အရာရှိတစ်ဦးဦးကို ဆိုသည်။

 

အခန်း (၂)

အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း

၃။ နိုင်ငံတော်သမ္မတသည်-

(က) အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အလို့ငှာ သက်ဆိုင်ရာအစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်သမား များ၏ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ၊ အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်မည့် အခြားပုဂ္ဂိုလ်များ ပါဝင်သည့် အမျိုးသားကော်မတီကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။ လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော အမျိုးသားကော်မတီ၏သက်တမ်းသည် သုံးနှစ်ဖြစ်ပြီးယင်းသက် တမ်းအတွင်း လိုအပ်ပါက အဖွဲ့ဝင်များကို အစားထိုးပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၄။ အမျိုးသားကော်မတီကို ဖွဲ့စည်းရာ၌-

(က) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အလုပ်သမားရေးရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ ကူသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ လူမှုရေးတို့နှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဖြစ်ရမည်။

(ခ) အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များသည်-

(၁) သက်ဆိုင်ရာအဖွဲ့အစည်း၏ အကျိုးကိုသော်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးကိုသော်လည်းကောင်း သယ်ပိုးလိုသူများ ဖြစ်ရမည်။

(၂) သတ်မှတ်ချက်နှင့်အညီ ဦးရေတူညီရမည့်အပြင် ယင်းကိုယ်စားလှယ်များ၏ ဆန္ဒထုတ်ဖော်ရာတွင် လည်း အခွင့်အရေးတူညီရမည်။

(ဂ) အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သည့် အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦး ထက်ပို၍ ပါဝင်ဖွဲ့စည်းနိုင်ပြီး ထိုသူသည် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိ၍ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား မျှတစွာဆောင်ရွက်တက်သူဖြစ်ရမည်။

 

အခန်း (၃)

အမျိုးသားကော်မတီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၅။ အမျိုးသားကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဤဥပဒေအရ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် အခြေခံသင့်သည့်အချက်များနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့်မူဝါဒများ ချမှတ်ခြင်း၊

(ခ) အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာ စိစစ် တွက်ချက်ပြီး အကြံပြုချက်များ တင်ပြနိုင်ရန် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် ပြည် ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊

(ဂ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာ စိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသော အမျိုးသားအဆင့်မူဝါ ဒများနှင့်အညီ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ နှင့် ပြည်နယ်ကော်မတီများ အား လမ်းညွှန်ခြင်း၊

(ဃ) အနည်းဆုံးအခကြေးငွေသတ်မှတ်ရာတွင် အခြေခံသင့်သည့်အချက်များနှင့်စပ်လျဉ်း၍ သုတေသန ပြုလုပ်ခြင်း၊ စာရင်းစစ်တမ်းများကောက်ယူ၍ စိစစ်တွက်ချက်ခြင်း၊ စီမံကိန်းများနှင့် အစီအစဉ်များချ မှတ်ခြင်း၊

(င) အနည်းဆုံး အခကြေး ငွေကို နိုင်ငံတစ်ဝန်းလုံး အတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက်သော်လည်းကောင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသ ကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များကို လေ့လာစိစစ်ပြီးဤဥပဒေ အခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်သင့်သည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထား များကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခြင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနည်းဆုံးအခကြေးငွေနှုန်းထားများကို သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း၊

(စ) ပုဒ်မခွဲ (င) အရ အမိန့်ကြော်ငြာစာထုတ်ပြန်မည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားများတွင် အလုပ်ကျွမ်းကျင်မှုအလိုက် အလုပ်ချိန် တစ်နာရီ၊ တစ်ရက်၊ ရက်သတ္တပတ်၊ တစ်လအတွက် အခ ကြေးငွေ သို့မဟုတ် အခြားအချိန်ပိုင်းအလုပ်တစ်ခုခုအတွက် အခကြေးငွေနှုန်းထားကို လုပ်ငန်းခွင်ဘေး အန္တရာယ်ရှိနိုင်မှု အလားအလာအပေါ် လေ့လာစိစစ်ပြီး ထည့်သွင်းဖော်ပြခြင်း၊

(ဆ) အမျိုးသားကော်မတီ၏ အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက်ရှိခဲ့လျှင် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏  သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းစေပြီး ပြန်လည်တင်ပြသည့် အနည်းဆုံးအခကြေးငွေနှုန်းထား ကို အမျိုးသားကော်မတီ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် စိစစ်၍သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေနှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊

(ဇ) သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားကို ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန် ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက်သော် လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိ နိုင်မှုတို့ကို ခွဲခြား၍ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့နှင့်အညီ စိစစ်ပြီးနှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်း၊

(ဈ) အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး၊ ပြန်လည်သုံးသပ်ရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သောလုပ် ငန်းကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊

(ည) အမျိုးသားကော်မတီ၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့် အညီ ကျင်းပခြင်း၊

(ဋ) အမျိုးသားကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အခါအားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့ သို့ တင်ပြခြင်း။

 

အခန်း (၄)

လုပ်ငန်းအမျိုးအစားများသတ်မှတ်ခြင်း

၆။ အမျိုးသားကော်မတီသည် ဤဥပဒေပါ အနည်းဆုံးအခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် သက် ဆိုင်စေရမည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံးအတွက်ဖြစ်စေ၊ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်ဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ် ရမည်။ ထို့အပြင် အဆိုပါလုပ်ငန်းများကို ပြောင်းလဲလာသော အခြေအနေနှင့်အညီ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။

 

အခန်း (၅)

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အခြေခံရမည့်အချက်များ

၇။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသ ကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများက လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုရာတွင်လည်းကောင်း၊ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင်လည်းကောင်း အောက်ဖော်ပြပါအ ချက်များကို အခြေခံရမည်-

(က) အလုပ်သမားများနှင့် ယင်းတို့၏မိသားစုလိုအပ်ချက်များ၊

(ခ) လက်ရှိလုပ်ခများ၊

(ဂ) လူမှုဖူလုံရေးအကျိုးခံစားခွင့်များ၊

(ဃ) စားဝတ်နေရေးကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ ပြောင်းလဲချက်များ၊

(င) လိုက်လျောညီထွေမှုရှိမည့် လူနေမှုဘဝအဆင့်အတန်း၊

(စ) နိုင်ငံတော်၏ စီးပွားရေးနှင့်ကုန်ထုတ်စွမ်းအားတိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ၊

(ဆ) နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊

(ဇ) ကျန်းမာရေးကို ထိခိုက်စေနိုင်သော အသက်အန္တရာယ်ဖြစ်စေနိုင်သော အလုပ်၊ လုပ်ငန်းခွင်၏ သဘောသဘာဝ၊

(ဈ) ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက်များ။

 

အခန်း (၆)

အနည်းဆုံးအခကြေးငွေသတ်မှတ်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း

၈။ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ် ကော်မတီတို့ သည်အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံသင့်သည့် အချက်များ နှင့်ထည့်သွင်း စဉ်းစားရမည့်အချက်များကို လေ့လာပြီး သတ်မှတ် သင့်သည့်နှုန်းထားများကို အမျိုးသား ကော်မတီသို့ သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ အကြံပြုချက်များ တင်ပြရမည်။

၉။ အထူးစီးပွားရေးဇုန်များရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍-

(က) သက်ဆိုင်ရာအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားနှင့် ဝန်ထမ်းတို့အတွက် သတ်မှတ်သင့်သည့်အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားများကို အမျိုးသားကော်မတီသို့ တင်ပြရမည်။

(ခ) ပုဒ်မခွဲ (က) အရ တင်ပြချက်အပေါ် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသား ကော်မတီက သတ်မှတ်ပေးရမည်။

၁၀။ အမျိုးသားကော်မတီသည်-

(က) ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့အရ အကြံပြုချက်အပေါ် စဉ်းစားသုံးသပ်ပြီးနောက် အနည်းဆုံးအခကြေး ငွေသတ်မှတ်မည့် အဆိုပြုအမိန့်ကြော်ငြာစာကို အများပြည်သူသိရှိစေရန်နှင့် ကန့်ကွက်လိုကကန့်ကွက် နိုင်ရန် အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာများတွင်ထည့်သွင်း ထုတ်ပြန်ကြေညာရေးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများအား အသိ ပေးကြောင်းကြားရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။

(ခ) အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက်မရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ အနည်းဆုံးအခကြေးငွေနှုန်းထားကို သတ်မှတ်ရမည်။

(ဂ) အကယ်၍ အဆိုပြု အနည်းဆုံးအခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက်ရှိသည့်ကိစ္စတွင် ပြည် ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီအား ကန့်ကွက် ချက်နှင့်စပ်လျဉ်း၍ ညှိနှိုင်းစေပြီး အဆိုပြုနှုန်းထားကို ပြန်လည်တင်ပြစေရမည်။

(ဃ) သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော် မတီက ပုဒ်မခွဲ (ဂ) အရ ထပ်မံအဆိုပြုတင်ပြသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံးအခကြေးငွေနှုန်းထားကို ဆုံးဖြတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ အနည်းဆုံးအခကြေးငွေနှုန်းထားကို သတ်မှတ်ရ မည်။

(င) ပုဒ်မခွဲ (ခ) သို့မဟုတ် (ဃ) အရ သတ်မှတ်သော အနည်းဆုံးအခကြေးငွေနှုန်းထားကို ပုဒ်မခွဲ (က) နှင့်အညီ အများပြည်သူသိရှိရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အလုပ်ရှင်နှင့် အလုပ်သမားများ သိရှိ ရန်ထုတ်ပြန်ကြေညာရေးနှင့် အသိပေးအကြောင်းကြားရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။

၁၁။ ပုဒ်မ ၉ နှင့် ၁၀တို့အရ အမျိုးသားကော်မတီက သတ်မှတ်သော အနည်းဆုံး အခကြေးငွေ နှုန်းထားကို ကျေနပ်မှုမရှိသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင် စုတရားစီရင်ရေးဥပဒေတို့နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် အမိန့်တစ်ရပ် ရပ်ထုတ်၍ ပြင်ဆင်ပေးရန် လျှောက်ထားနိုင်သည်။

 

အခန်း (၇)

အလုပ်ရှင်၏တာဝန်များ

၁၂။ အလုပ်ရှင်သည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက် လျော့နည်း၍ အလုပ်သမား အား အခကြေးငွေပေးခြင်းမပြုရ။

(ခ) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် ပို၍ ပေးနိုင်သည်။

(ဂ) ဤဥပဒေအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် အနည်းဆုံးအခကြေးငွေမှ နုတ်ယူခွင့်ရှိသည် ဟု သတ်မှတ်ထားသော အခကြေးငွေမှအပ အခြားအခကြေးငွေကို နုတ်ယူခွင့်မရှိစေရ။

(ဃ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင် နေသော အလုပ်သမားများအား အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ပေးရမည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့် အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမား၏ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သောပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ပေးနိုင်သည်။

(င) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများအား အနည်းဆုံးအခကြေး ငွေပေးရာတွင် ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်း သဘောတူညီချက်အရဖြစ်စေ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ပေးနိုင်သည်။ ထိုသို့ပေးခြင်းသည် အလုပ်သမားနှင့် ယင်း၏မိသားစု ကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့် တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။

၁၃။ အလုပ်ရှင်သည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားများအနက် လုပ်ငန်းနှင့်သက် ဆိုင်သော အနည်းဆုံးအခကြေးငွေနှုန်းထားများကို အလုပ်သမားများအား အသိပေးရမည့်အပြင် လုပ် ငန်းခွင်တွင် သက်ဆိုင်ရာအလုပ်သမားများ မြင်နိုင်စေရန် ကြော်ငြာထားရမည်။

(ခ) အလုပ်သမားများ၏စာရင်း၊ ဇယားနှင့်စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို သတ်မှတ် ချက်များနှင့်အညီ မှန်ကန်စွာမှတ်တမ်းပြုစုထားရှိရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ပြုစုထားရှိသော စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများကို သတ်မှတ်ချက် များနှင့်အညီ သက်ဆိုင်ရာဦးစီးဌာနသို့ အစီရင်ခံရမည်။

(ဃ) စစ်ဆေးရေးအရာရှိက စစ်ဆေးရန် ဆင့်ဆိုသည့်အခါ သွားရောက်စစ်ဆေးခံရမည်။ ထို့ပြင် အဆိုပါ စာရင်းနှင့် မှတ်တမ်းများကို တောင်းခံသည့်အခါ တင်ပြရမည်။

(င) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ စစ်ဆေးရေးအရာရှိက ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သောအကူအညီများ ပေးရမည်။

(စ) အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ်ကိုင်နိုင်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ ဆေးကုသ ရန် အလုပ်နားခွင့်ပေးရမည်။

(ဆ) အလုပ်သမားများ၏မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံးအခကြေးငွေ မှ ဖြတ်တောက်ခြင်းမပြုဘဲ သတ်မှတ်ချက်များနှင့်အညီ အလုပ်နားခွင့်ပေးရမည်။

 

အခန်း (၈)

အနည်းဆုံးအခကြေးငွေနှင့်စပ်လျဉ်း၍ အလုပ်သမားများ၏အခွင့်အရေးများ

၁၄။ ဤဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်နေသော အလုပ်သမားသည်-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို သော်လည်းကောင်း၊ ထိုအခကြေး ငွေထက် အလုပ်ရှင်က ပို၍ပေးပါက ပိုပေးသည့် အခကြေးငွေကိုသော်လည်းကောင်း ရထိုက် ခွင့်ရှိသည်။

(ခ) ဤဥပဒေ အာဏာမတည်မီက ရရှိနေသော အခကြေးငွေသည် ဤဥပဒေအရ သတ်မှတ်သောအနည်း ဆုံးအခကြေးငွေထက် ပိုမိုရရှိနေပါက ပိုမိုရရှိသောအခကြေးငွေကို ဆက်လက်ခံစားခွင့်ရှိသည်။

(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်ပါ အနည်းဆုံးအခကြေးငွေမှာ ဤဥပဒေအရ သတ်မှတ် ထားသောအနည်းဆုံးအခကြေးငွေထက် လျော့နည်းနေပါက ဤဥပဒေအရ သတ်မှတ်ထားသော အနည်း ဆုံးအခကြေးငွေကို ရထိုက်ခွင့်ရှိသည်။

(ဃ) အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အလုပ်ကို လုပ်ကိုင်သည့်အခါ လုပ်ကိုင်သော အလုပ် အသီးသီးအတွက် သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် မနည်းစေဘဲ ခံစားခွင့် ရှိသည်။

(င) အချိန်ပိုင်း၊ နာရီပိုင်းအလုပ်တွင် အလုပ်လုပ်သည့်အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို ခံစားခွင့်ရှိစေရမည်။

(စ) လစားအလုပ်အတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ရက် နားခွင့်ရှိပြီး ထိုနားရက်အတွက် အခကြေး ငွေရထိုက်ခွင့်ရှိသည်။ အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပိုလုပ် ခ ရထိုက်ခွင့်ရှိသည်။

(ဆ) နေ့စားအလုပ်တွင် သတ်မှတ်ထားသည့် တစ်နေ့အလုပ်ချိန်နာရီထက်လျော့၍ အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ဆန္ဒအရမဟုတ်လျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရ လျှင်သော်လည်းကောင်း အချိန်ပြည့်အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေရထိုက်ခွင့်ရှိသည်။

(ဇ) သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ခံစားခွင့် ရှိစေရမည်။

(ဈ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင် သောအလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ရထိုက်ခွင့်ရှိသည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့် အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်း ဖြင့်သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ဖြစ်စေ ရထိုက်ခွင့်ရှိသည်။

(ည) စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သောအလုပ်သမားဖြစ်ပါက အနည်းဆုံးအခ ကြေးငွေကို ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘော တူညီချက်အရဖြစ်စေ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သောပစ္စည်းတချို့ တစ်ဝက်တွဲဖက်၍ အလုပ်သမားနှင့် ၎င်း၏မိသားစုအတွက် သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိ သည်။

၁၅။ ပုဒ်မ ၁၄ အရ အခကြေးငွေနှင့် အခြားခံစားခွင့်များ ရထိုက်ခွင့်ရှိသော အလုပ်သမားသည်-

(က) ရထိုက်ခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့်အားလုံးကို မရရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက်လျော့နည်း၍ ရရှိလျှင်သော်လည်းကောင်း အဆိုပါ နစ်နာသော အခကြေးငွေနှင့် အခြားခံစားခွင့်များရရှိရေးအတွက် ရထိုက်ခွင့်ရှိသည့်နေ့မှတစ်နှစ် အတွင်း သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ဦးစီးဌာနသို့တင်ပြနိုင်သည်။

(ခ) ရထိုက်ခွင့်ရှိသော အခကြေးငွေအားလုံးအတွက် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည်။

၁၆။ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့်များကို အလုပ်သ မားအား ပေးရန်ပျက်ကွက်ခြင်းကြောင့် သော်လည်းကောင်း၊ ထိုအနည်းဆုံးအခကြေးငွေထက် လျော့ နည်း၍ အလုပ်သမားအား ပေးခြင်းကြောင့်သော်လည်းကောင်း အလုပ်ရှင်အပေါ် တရားရုံးက ပြစ်ဒဏ် ချမှတ်ပြီးနောက် ပေးရန်ပျက်ကွက်သော အခကြေးငွေနှင့် အခြားခံစားခွင့်ကို ဒဏ်ငွေအဖြစ် သက်ဆိုင်ရာ အလုပ်သမားအား ပေးရန် အမိန့်ချမှတ်စေကာမူ ပုဒ်မ ၁၄ အရ ထိုအလုပ်သမားသည် ခံစားခွင့်ရှိ သောအခကြေးငွေနှင့် အခြားခံစားခွင့် အပြည့်အဝမရရှိပါက ထိုအခကြေးငွေနှင့် ခံစားခွင့်များ အတွက် တရားမကြောင်းအရ တရားစွဲဆိုတောင်းခံခွင့်ကို ထိခိုက်ခြင်းမရှိစေရ။

 

အခန်း (၉)

စစ်ဆေးရေးအရာရှိများအား တာဝန်ပေးအပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူခြင်း

၁၇။ ဝန်ကြီးဌာနသည် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ နှင့် စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်  ဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း စစ်ဆေးရန်အလို့ငှာ သက်ဆိုင် ရာဦးစီးဌာနမှ အရာရှိများအား စစ်ဆေးရေးအရာရှိများအဖြစ် တာဝန်ပေးရမည်။

၁၈။ စစ်ဆေးရေးအရာရှိသည်-

(က) အလုပ်ရှင်က ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို လည်း ကောင်း၊ အလုပ်သမားများဆိုင်ရာ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို မှန်ကန်စွာမှတ်တမ်းပြုစုထားခြင်း ရှိ မရှိကိုလည်းကောင်း၊ အဆိုပါစာရင်း၊ ဇယားနှင့် စာတမ်းအမှတ် အသားများကို ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ  အစီရင်ခံတင်ပြခြင်း ရှိ မရှိကို လည်းကောင်း သက်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်၊ ဝန်ဆောင်မှုလုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ ဝင်ရောက်စစ်ဆေးခွင့်  ရှိ သည်။

(ခ) ဦးစီးဌာန၏ တာဝန်ပေးအပ်ချက်အရ သက်ဆိုင်သည့်ပုဂ္ဂိုလ်များအား ဆင့်ဆိုခြင်း၊ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများကို တောင်းခံခြင်းနှင့် မိတ္တူကူးယူခြင်းတို့ ပြုနိုင်သည်။

(ဂ) အလုပ်ရှင်ထံတွင် ပြင်ပအလုပ်သမားများရှိပါက ထိုပြင်ပအလုပ်သမားများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ယင်းတို့၏အမည်နှင့် နေရပ်လိပ်စာများကို စစ်ဆေးခွင့်၊ လုပ်ငန်းခွင်ပြင်ပ အလုပ်သမားများ၏ စာရင်းနှင့် အခကြေးငွေဆိုင်ရာ စာရင်းဇယားမှတ်တမ်းများကို တောင်းခံခွင့်၊ မိတ္တူ ကူးခွင့်ရှိသည်။

(ဃ) စစ်ဆေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအလုပ်ရှင်က အထောက်အထားကို တောင်းဆိုပါကသက်ဆိုင်ရာဦးစီးဌာနက ထုတ်ပေး ထားသည့် ဝန်ထမ်းစိစစ်ရေးသက်သေခံလက်မှတ်ကို ပြသရမည်။

(င) ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့အရ စစ်ဆေးတွေ့ရှိချက်နှင့် တောင်းခံသည့် အ​ထောက်အထားစာရွက် စာတမ်းများနှင့် စပ်လျဉ်း၍ ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံရမည်။

၁၉။ ဦးစီးဌာနသည် ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေပေးဆောင်ရန် ပျက်ကွက်သည့် အလုပ်ရှင်ထံမှလည်းကောင်း၊ အနည်းဆုံးအခကြေးငွေ ပေးဆောင်ရန် ကျန်ရှိသော အလုပ်ရှင်ထံမှလည်းကောင်း အလုပ်သမားကရရန်ရှိသော အခကြေးငွေများကို ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့တင်ပြ၍ထိုကော်မတီ၏ ဆုံးဖြတ် ချက်အရတောင်းခံပြီး ပေးရမည်။

၂၀။ ဦးစီးဌာနသည် ပုဒ်မ ၁၉ အရ တောင်းခံသော်လည်း သတ်မှတ်ပေးသောအချိန်အတွင်း အလုပ်ရှင်က အနည်းဆုံးအခကြေးငွေပေးရန် ပျက်ကွက်လျှင် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မ တီ သို့မဟုတ်ပြည်နယ်ကော်မတီ၏ သဘောတူညီချက်ဖြင့် ထိုအလုပ်ရှင်အား သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုစေရန် စစ်ဆေးရေးအရာရှိတစ်ဦးဦးအား တာဝန်ပေးရမည်။

၂၁။ စစ်ဆေးရေးအရာရှိများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူအား ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ချက်တို့အရ တရားစွဲဆိုနိုင်သည်။

 

အခန်း (၁၀)

တားမြစ်ချက်နှင့်ပြစ်ဒဏ်များ

၂၂။ မည်သည့်အလုပ်ရှင်မျှ-

(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို အလုပ်သမားအား ပေးဆောင်ရန် ပျက်ကွက်ခြင်းမရှိစေရ။

(ခ) ပုဒ်မ ၁၄ အရ အလုပ်သမားရထိုက်ခွင့်ရှိသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့်များ အောက် လျော့နည်း၍ အလုပ်သမားအား ပေးခြင်းမပြုရ။

(ဂ) အလုပ်သမားများ၏စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေစာရင်းများနှင့် စပ်လျဉ်း၍-

(၁) မမှန်မကန်ရေးသွင်းခြင်း၊ လိမ်လည်၍ မှတ်တမ်းပြုစုခြင်း သို့မဟုတ် မမှန်မကန်လိမ်လည်၍ အစီရင်ခံခြင်းမပြုရ။

(၂) သက်ဆိုင်ရာဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံတင်ပြရန် ပျက်ကွက်ခြင်း မရှိစေရ။

(၃) စစ်ဆေးရေးအရာရှိက တောင်းခံသည့်အခါ တင်ပြရန် ပျက်ကွက်ခြင်းမရှိစေရ။

(ဃ) စစ်ဆေးရေးအရာရှိက ဆင့်ဆိုလျှင် သွားရောက်စစ်ဆေးခံရန် ခိုင်လုံသောအကြောင်းမရှိဘဲ ပျက် ကွက်ခြင်းမရှိစေရ။

(င) တာဝန်အရ လာရောက်စစ်ဆေးသော စစ်ဆေးရေးအရာရှိအား ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက် ခြင်းပြုရ။

၂၃။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

၂၄။ မည်သည့်အလုပ်ရှင်မျှ-

(က) အနည်းဆုံးအခကြေးငွေ အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းမပြုရ။

(ခ) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားများအနက် မိမိ၏ အလုပ် သမားများနှင့်သက်ဆိုင်သော အနည်းဆုံးအခကြေးငွေနှုန်းထားများနှင့် စပ်လျဉ်း၍ အလုပ်သမားများ အားအသိပေးပြီး လုပ်ငန်းဌာနနှင့် လုပ်ငန်းခွင်တို့တွင် အလုပ်သမားများ မြင်နိုင်မည့်နေရာ၌ ကြော်ငြာ ထားရန် ပျက်ကွက်ခြင်းမရှိစေရ။

၂၅။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

၂၆။ တရားရုံးသည် ပုဒ်မ ၂၃ နှင့် ၂၅ တို့အရ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်သည့်အခါ အလုပ်ရှင်က ပေးဆောင်ရန်ပျက်ကွက်သော အခကြေးငွေကို ငွေဒဏ်အဖြစ် ချမှတ်ပြီး အလုပ်သမားအား ပေးရမည်။

၂၇။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

 

အခန်း (၁၁)

အထွေထွေ

၂၈။ ဤဥပဒေ အာဏာမတည်မီကဖြစ်စေ၊ ဤဥပဒေအာဏာတည်ပြီးနောက်ဖြစ်စေ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက် လျော့နည်း၍ ချုပ်ဆိုထားသော အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်၊ အလုပ်ခန့်ထားမှုဆိုင်ရာ နှုတ်ပဋိညာဉ် သို့မဟုတ် သဘောသက်ရောက်သော ပဋိညာဉ်ပါ အခကြေးငွေနှင့်သက်ဆိုင်သမျှ သဘောတူညီချက်သည် ဤဥပဒေနှင့် ဆန့်ကျင်သမျှ ပျက်ပြယ် စေရမည်။

၂၉။ (က) နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားကော်မတီဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။

(ခ) နိုင်ငံ့ဝန်ထမ်းမဟုတ်သော ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ် ကော်မတီ၏ အဖွဲ့ဝင်များသည် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သည့် ချီး မြှင့်ငွေကို ခံစားခွင့်ရှိသည်။

၃၀။ ဤဥပဒေပါ လုပ်ငန်းတာဝန်နှင့်စပ်လျဉ်းသည့် အမျိုးသားကော်မတီ၏ ကုန်ကျစရိတ်အဝဝကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အရအသုံးခန့်မှန်းခြေငွေစာရင်းမှလည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော် မတီ၏ ကုန်ကျစရိတ်အဝဝကို နေပြည်တော်ကောင်စီ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းမှလည်း ကောင်း၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီ၏ ကုန်ကျစရိတ်အဝဝကို သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အရအသုံးခန့်မှန်းခြေငွေစာရင်းမှလည်းကောင်း ကျခံရမည်။

၃၁။ ဝန်ကြီးဌာနသည် အမျိုးသားကော်မတီနှင့် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မ တီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် ရုံးလုပ်ငန်းတာဝန်များ ကို စီစဉ် ဆောင်ရွက်ပေးရမည်။

၃၂။ ဤဥပဒေပါ ပြစ်မှုများကို ဦးစီးဌာနက တာဝန်ပေးအပ်သော စစ်ဆေးရေးအရာရှိကသာ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုခွင့်ရှိသည်။

၃၃။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားကော်မတီ၏ အဖွဲ့ဝင်များသည်လည်းကောင်း၊ ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီဝင်များသည် လည်းကောင်း၊ ဤဥပဒေအရ လိုအပ်၍ သီးခြားတာဝန်ပေးသည့် ပုဂ္ဂိုလ် သို့မဟုတ် အခြားအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်များ သည်လည်းကောင်း ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၃၄။ ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့်ဆောင်ရွက်သော ကော်မတီဝင် တစ်ဦးဦးကိုဖြစ်စေ၊ စစ်ဆေးရေးအရာရှိတစ်ဦးဦးကိုဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရ။

၃၅။ ဦးစီးဌာနသည် အနည်းဆုံးအခကြေးငွေနှင့်စပ်လျဉ်းသည့် အောက်ပါအချက်အလက်များကို ဝန်ကြီး ဌာနသို့ တင်ပြရမည်-

(က) အနည်းဆုံးအခကြေးငွေ သတ်မှတ်သည့် ကော်မတီများ ဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းပုံနည်းလမ်းများ၊

(ခ)  အနည်းဆုံးအခကြေးငွေနှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့် ခန့်မှန်းအလုပ်သမားဦးရေ၊

(ဂ)  သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေများ၊

(ဃ) အနည်းဆုံး အခကြေးငွေနှုန်းထားများနှင့် စပ်လျဉ်း၍ အခြားအရေးကြီးသောကိစ္စများ ရှိပါက ထိုကိစ္စများ။

၃၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) အမျိုးသားကော်မတီနှင့် ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၃၇။ ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ အောက်ပါအက်ဥပဒေများကို အာဏာတည်ခြင်းမှ ရပ်စဲစေရမည်-

(က) ၁၉၄၉ ခုနှစ်၊ အနည်းဆုံးအခကြေးငွေအက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၆)၊

(ခ) လယ်ယာအလုပ်သမား အနည်းဆုံးအခကြေးငွေ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၄)။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်