ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
( ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅။)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်)
ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ
၁။ (က) ဤဥပဒေကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ဟုခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် နေ့ရက်မှ စတင် အာဏာတည် စေရမည်။
(ဂ) ဤဥပဒေသည် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ အကျုံးဝင်သက်ဆိုင်ခဲ့သည့် အရပ်ဒေသများတွင် ဆက်လက်အကျုံးဝင်သက်ဆိုင်စေရမည်။ ဤဥပဒေ ထပ်မံ အကျုံးဝင်သက် ဆိုင်စေရမည့် အရပ်ဒေသများကို အလုပ်သမား ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေ ရမည်-
(က) အလုပ်သမား ဆိုသည်မှာ လုပ်ငန်းဌာန တစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကို အသုံးပြုပြီးလုပ်ကိုင်၍ ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကျောင်း မှုပြုနေသူကိုဆိုသည်။ ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သင်များ၊ ပညာသင်များလည်းပါဝင်သည်။ သို့ရာတွင် အလုပ်ရှင်နှင့် အတူနေပြီး အလုပ်ရှင်အပေါ် မှီခိုနေသော အလုပ်ရှင်၏မိသားစု မပါဝင်။
(ခ) အလုပ်ရှင် ဆိုသည်မှာ အလုပ်သမားအား လုပ်ခပေးရန် တာဝန်ရှိသူ၊ အလုပ်ခန့်ထားမှု သဘောတူညီချက်ဖြင့် အလုပ်သမားအား ခန့်ထားသူ၊ အလုပ်ရှင်၏ကိုယ်စား စီမံအုပ်ချုပ်သူ တို့ကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေ၌ အခြားနည်းဖြင့် သီးခြားပြဋ္ဌာန်းထားခြင်းမရှိလျှင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် အကျိုးတူဖက်စပ်လုပ်ငန်း လုပ်ကိုင်သူနှင့် အလုပ်ရှင်သေဆုံးသည့်အခါ ယင်း၏အမွေဆက်ခံသူ၊ လုပ်ငန်းဆက်ခံသူ သို့မဟုတ် တရားဝင် ကိုယ်စားလှယ်တို့လည်း ပါဝင်သည်။
(ဂ) အာမခံထားသူ ဆိုသည်မှာ ဤဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနတစ်ခုခုတွင် လုပ်ကိုင် လျက်ရှိပြီး၊ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့တွင် မှတ်ပုံတင်ပြီး အာမခံထားရှိသော အလုပ်သမားကိုသော်လည်းကောင်း၊ အာမခံထားရန် တာဝန်ရှိသော အလုပ်သမားကိုသော်လည်းကောင်း၊ ဤဥပဒေနှင့် သက်ဆိုင်သောလုပ်ငန်းဌာနတစ်ခုခုတွင် လုပ်ကိုင် ခြင်းမရှိစေကာမူ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့တွင် မိမိတို့ ဆန္ဒအလျောက် အာမခံထားရှိသူကို သော်လည်းကောင်းဆိုသည်။
(ဃ) လုပ်ငန်းဌာန ဆိုသည်မှာ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ အလုပ်ရုံနှင့် အဖွဲ့အစည်းများကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါလုပ်ငန်းဌာန၏ အလုပ်ကိုလုပ်ကိုင်သော အလုပ်နေရာတစ်ခုခုလည်း ပါဝင် သည်။
(င) လူမှုဖူလုံရေးရန်ပုံငွေ ဆိုသည်မှာ အာမခံထားသူများအတွက် နောင်ရေးစိတ်အေးပြီး ပူပင်သောက မရှိစေရန် စီမံထားရှိသော ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု ရန်ပုံငွေ၊ မိသားစုထောက်ပံ့မှု ရန်ပုံငွေ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေ၊ အလုပ်လက်မဲ့ဖြစ်မှုအတွက် အကျိုးခံစားခွင့်ရန်ပုံငွေ၊ လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေတို့ကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားလူမှုဖူလုံရေး ရန်ပုံငွေတို့ကို လည်းကောင်း ဆိုသည်။
(စ) အလုပ်တွင်ထိခိုက်မှု ဆိုသည်မှာ အလုပ်သမားသည် အလုပ်ခွင်အတွင်းနှင့် အလုပ်ခွင်ပြင်ပတွင် အလုပ်ကို အကြောင်းပြု၍ဖြစ်စေ၊ အလုပ်တာဝန်နှင့် ဆက်စပ်၍ဖြစ်စေ၊ အလုပ်ရှင်၏အကျိုးငှာ အခြား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ၊ အလုပ်တာဝန်ထမ်း ဆောင်ရန် အလုပ်ခွင်သို့အသွား သို့မဟုတ် အလုပ်ခွင်မှအပြန် လမ်းခရီးတွင်ဖြစ်စေ ဖြစ်ပေါ်သော မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင်သည့် ရောဂါရရှိမှုကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်းသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တမင်ပျက်ကွက်ခြင်းကြောင့်ရရှိသည့် ထိခိုက်မှုသော်လည်းကောင်း၊ စီမံထားရှိသည့် ဘေးအန္တရာယ် အကာအကွယ်၊ အတားအဆီး ပစ္စည်းကိရိယာများကို ဖယ်ရှားခြင်း သို့မဟုတ် အသုံးမပြုခြင်းကြောင့် ရရှိသည့် ထိခိုက်မှုသော်လည်းကောင်း၊ အရက်သေစာ သောက်စားမှု သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှု ကြောင့်ရရှိသည့် ထိခိုက်မှုသော်လည်းကောင်း မပါဝင်။
(ဆ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု ဆိုသည်မှာ အလုပ်တွင်ထိခိုက်မှုကြောင့်မဟုတ်ဘဲ မကျန်းမာမှုနှင့် မီးဖွားမှု အပါအဝင် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ရရှိသည့် ထိခိုက်မှု သို့မဟုတ် ရောဂါရရှိမှု ဖြစ်ပေါ်ရာမှ အမြဲတမ်း အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုကိုဆိုသည်။
(ဇ) အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေ ဆိုသည်မှာ အလုပ်ရှင်က မိမိ၏ အလုပ်သမားများ အတွက် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်များရရှိစေရန် ပေးသွင်းသည့် ထည့်ဝင်ကြေးငွေများဖြင့် ထူထောင်ထားရှိသော ရန်ပုံငွေကို ဆိုသည်။
(ဈ) လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ဆိုသည်မှာ အာမခံထားသူများအား လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့မှ ဤဥပဒေအရ ပေးသော အကျိုးခံစားခွင့်များကို ဆိုသည်။
(ည) လုပ်ခ ဆိုသည်မှာ အလုပ်ရှင်က ခိုင်းစေသော အလုပ်ကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက် ပေးသည့်အတွက် ရသင့်သော အခကြေးငွေအားလုံးကိုဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခနှင့် ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားအခကြေးငွေများလည်း ပါဝင်သည်။ သို့ရာတွင် ခရီးစရိတ်၊ အငြိမ်းစား လုပ်သက်ဆုငွေ၊ အလုပ်သမားအား နှစ်စဉ်အပိုပေးသော ဆုကြေးငွေနှင့် အလုပ်သမား ဝန်ကြီးဌာနက လုပ်ခနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခကြေးငွေတို့ မပါဝင်။
(ဋ) ဆေးသက်သေခံလက်မှတ် ဆိုသည်မှာ ဤဥပဒေပါ အကျိုးခံစားခွင့်ကိစ္စအလို့ငှာ လူမှုဖူလုံရေး အဖွဲ့က ခန့်ထားသည့် သို့မဟုတ် အသိအမှတ်ပြုသည့် ဆရာဝန်က အာမခံထားသူ သို့မဟုတ် အာမခံထားမည့်သူအား ကျန်းမာရေး စစ်ဆေးပြီး ထုတ်ပေးသော ကျန်းမာရေး စစ်ဆေးချက် ဆေးသက်သေခံလက်မှတ်ကို ဆိုသည်။
(ဌ) မှီခိုသူ ဆိုသည်မှာ အလုပ်သမားကို မှီခိုနေသော အလုပ်သမား၏ဇနီး သို့မဟုတ် ခင်ပွန်းကို လည်းကောင်း၊ ထိုအလုပ်သမား၏ အသက် ၁၈ နှစ်အောက် သားသမီးနှင့် အချိန်ပြည့် ပညာသင်ကြားနေပြီး အိမ်ထောင်မပြုသေးသော အသက် ၂၁ နှစ် နှင့် အောက်ရှိသည့် သားသမီးတို့ကိုလည်းကောင်း၊ ထိုအလုပ်သမား၏ မိဘကို လည်းကောင်းဆိုသည်။
(ဍ) အလုပ်အမှုဆောင်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီကို ဆိုသည်။
(ဎ) အလုပ်သမားဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာနကို ဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစု ဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေ ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊
(ခ) အများပြည်သူတို့က မိမိတို့၏ ဆန္ဒအလျောက် အာမခံထားရှိနိုင်ပြီး လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုရရှိ ခံစားနိုင်စေရန်၊
(ဂ) လက်တွေ့ပကတိ အခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့်များပေးခြင်းဖြင့် လူမှုဖူလုံရေးစနစ် အပေါ် အများပြည်သူယုံကြည်ကိုးစားမှုများ ပိုမိုတိုးပွားလာစေရန်၊
(ဃ) အလုပ်ရှင်နှင့် အလုပ်သမားတို့က ပေးသွင်းထားသည့် အချို့သောထည့်ဝင်ကြေးငွေများကို စုဆောင်းငွေကဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ထုတ်ယူခံစားခွင့်ရှိစေရန်၊
(င) အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင် ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊ ကျန်ရစ်သူ အကျိုးခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အိမ်ရာ နေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များကိုပါ ရရှိစေရန်။
အခန်း(၃)
လူမှုဖူလုံရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အဖွဲ့အစည်း များမှ သင့်လျော်သောပုဂ္ဂိုလ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင် သူများပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော လူမှုဖူလုံရေးအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းခြင်း ပြုနိုင်သည်။
၅။ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှု ပြုခြင်း၊
(ခ) လူမှုဖူလုံရေးအဖွဲ့က လွှဲအပ်ပေးသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင် ကော်မတီကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
(ဂ) လူမှုဖူလုံရေးအဖွဲ့လုပ်ငန်းကို သုတေသနနှင့် ဖွံ့ဖြိုးမှုအစီအစဉ်များ၊ စီမံချက်များချမှတ်ပြီး ဆောင်ရွက်စေခြင်းနှင့် တွေ့ရှိချက်ကို တင်ပြစေခြင်း၊
(ဃ) ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်း တာဝန်များ သတ်မှတ်ခြင်း၊
(င) ကျန်းမာမှုမြှင့်တင်ရေးလုပ်ငန်းများ၊ လုပ်ငန်းခွင်ကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် ကျန်းမာ ရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ဖြစ်ပေါ်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်စေခြင်း၊
(စ) အမြဲတမ်း မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များကို သတ်မှတ်ရာ၌ အခြေခံရမည့် လုပ်အား ဆုံးရှုံးမှုရာခိုင်နှုန်းများ ထုတ်ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အလုပ်သမား ဝန်ကြီးဌာနသို့ အကြံပြု တင်ပြခြင်း၊
(ဆ) အလုပ်နှင့်သက်ဆိုင်သည့် ရောဂါများစာရင်းကို ထုတ်ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အလုပ်သမားဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊
(ဇ) အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးသွားသူများအတွက် လစ်လပ်သောအလုပ်များကို ခန့်ထားရန် လုပ်ငန်းဌာန အမျိုးအစားအလိုက် အနည်းဆုံးထားရှိရမည့် အချိုးအစားကို သတ်မှတ်ခြင်း၊
(ဈ) လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်ရန်လိုအပ်ပါက သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး သင့်လျော်သောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား လွှဲအပ်တာဝန်ပေးခြင်း၊
(ည) လူမှုဖူလုံရေးရုံးချုပ်နှင့် ဒေသဆိုင်ရာ လူမှုဖူလုံရေးရုံး အဆင့်ဆင့်တို့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ပိုင် သို့မဟုတ် ယင်းအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထား သော ဆေးရုံများ၊ ဆေးခန်းများ၏ လုပ်ငန်းတာဝန်များ နှင့် စပ်လျဉ်း၍လည်းကောင်း လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဋ) နိုင်ငံတော်ကခွင့်ပြုသော မြေကွက်များတွင်ဖြစ်စေ၊ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့မှ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဝယ်ယူသော မြေကွက်များ တွင်ဖြစ်စေ စီမံကိန်းများချမှတ်၍ လူမှုဖူလုံရေးအိမ်ရာများ ထူထောင်ခြင်း၊
(ဌ) လူမှုဖူလုံရေး အိမ်ရာများနှင့် စပ်လျဉ်း၍ သတ်မှတ်သောစည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်၊ ရောင်းချခွင့် သို့မဟုတ် အခြားတစ်နည်း နည်းဖြင့် လွှဲပြောင်းခွင့်ပြုခြင်းနှင့် ယင်းအိမ်ရာ ဝယ်ယူနိုင်ရေးအတွက် ငွေချေးခွင့်ပြုခြင်း၊
(ဍ) သတ်မှတ်ထားသော စည်းကမ်းချက်များကိုဖောက်ဖျက်သည့် ပုဒ်မခွဲ(ဌ)ပါ ခွင့်ပြုချက်ရရှိသူများ အား အရေးယူဆောင်ရွက်ရေး နှင့် လိုအပ်ပါက ထိုသူတို့အား လူမှုဖူလုံရေးအိမ်ရာမှ သတ်မှတ်ချက်များ နှင့်အညီ ဖယ်ရှားရေးတို့အတွက် သက်ဆိုင်ရာ လူမှုဖူလုံရေး အရာရှိအား တာဝန်ပေးအပ်ခြင်း၊
(ဎ) လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်များ ပိုမိုထိရောက်စွာ ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ဏ) လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှု အစီရင်ခံစာကို သတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း၊
(တ) ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အလုပ်သမားဝန်ကြီးဌာနတို့က ပေးအပ်သော အခြားလုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။
၆။ လူမှုဖူလုံရေးအဖွဲ့သည်-
(က) ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ တည်ထောင်ခဲ့သော လူမှုဖူလုံရေးအဖွဲ့ပိုင် မရွှေ့မပြောင်း နိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် ရန်ပုံငွေများကိုလည်းကောင်း၊ လူမှုဖူလုံရေးလုပ်ငန်းကိစ္စ များကိုလည်းကောင်း၊ လူမှုဖူလုံရေးရန်ပုံငွေ တိုးပွားရေးအတွက် လုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ် ငန်းများကို လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုလည်းကောင်း အသီး သီးဆက်ခံရမည်။
(ခ) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက် ပိုင်ခွင့်၊ တရားစွဲ ဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခြင်း ခံနိုင်ခွင့်တို့ ရှိစေရမည်။
၇။ လူမှုဖူလုံရေးအဖွဲ့၏ အစိုးရဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်နှင့် အလုပ်အမှုဆောင်ကော်မတီဝင်တို့သည် ဤဥပဒေအရ လူမှုဖူလုံရေး အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့် နေ့ရက်များအတွက် သတ်မှတ်ထားသော စရိတ်နှင့် အခကြေးငွေများကို လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့မှ ကျခံသုံးစွဲရမည်။
အခန်း(၄)
လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများ၊ ဆေးခန်းများဖွဲ့စည်းခြင်းနှင့် ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးခြင်း
၈။ (က) အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ငန်းတာဝန်များနှင့် လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကို ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ အောက်ဖော်ပြပါ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများကို လိုအပ်ချက်အရ ဖွဲ့စည်းတည်ထောင်၍ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးနိုင်သည်-
(၁) လူမှုဖူလုံရေးရုံးချုပ်၊
(၂) တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဖူလုံရေးရုံးများ၊
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း လူမှုဖူလုံရေးရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုဖူလုံရေးရုံးများ၊
(၄) ခရိုင်လူမှုဖူလုံရေးရုံးများ၊
(၅) မြို့နယ်လူမှုဖူလုံရေးရုံးများ၊
(၆) လူမှုဖူလုံရေးဆေးရုံများ၊
(၇) လူမှုဖူလုံရေးဆေးခန်းများ။
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော လူမှုဖူလုံရေးရုံးများတွင် ခန့်အပ်တာဝန်ပေးခြင်းခံရသော ဝန်ထမ်းများသည် အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အခြားခံစားခွင့်များကိုလည်းကောင်း ခံစားခွင့်ရှိပြီး ဝန်ထမ်းရေးရာ စည်းမျဉ်းများ၊ စည်းကမ်းများနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။
(ဂ) လူမှုဖူလုံရေးအဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ငန်း တာဝန်များ နှင့် လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာတာဝန်များကို ဆောင်ရွက် နိုင်ရေးအတွက် မိမိ၏ရန်ပုံငွေ အခြေအနေပေါ်မူတည်၍ ပုဒ်မခွဲ(က)ပါ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများ နှင့် ဆေးခန်းများကို ဖွဲ့စည်းတည်ထောင်ခြင်း၊ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ် တာဝန်ပေးခြင်းတို့ နှင့်စပ်လျဉ်း၍ ပုဒ်မခွဲ(ခ)ပါ ခံစားခွင့်များအစား လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အခြားခံစားခွင့်များကိုလည်းကောင်း မိမိရန်ပုံငွေဖြင့် ခံစားခွင့်ပြုနိုင်သည်။
၉။ (က) အလုပ်သမားဝန်ကြီးဌာနသည် ဤဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုပေး နိုင်ရန် အလို့ငှာ-
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆေးကောင်စီ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သူနာပြုနှင့် သားဖွားကောင်စီတို့က ထုတ်ပေးသော ဆေးကုသခွင့် လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ် ရရှိသည့် ဆရာဝန်များ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားများ၊ နည်းပညာ ကျွမ်းကျင်သူ များကိုလည်းကောင်း၊ တိုင်းရင်းဆေးကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ရရှိသည့် တိုင်းရင်းဆေးဆရာများကို လည်းကောင်း ကျန်းမာရေး ဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ တွဲဖက်တာဝန်ပေးခြင်း၊ လွှဲပြောင်းတာဝန်ပေးခြင်း သို့မဟုတ် ခန့်အပ်တာဝန် ပေးခြင်း ပြုနိုင်သည်။
(၂) လိုအပ်ပါက အဆိုပါကောင်စီအသီးသီးက ထုတ်ပေးသော ဆေးကုသခွင့်လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ် ရရှိသော ဆရာဝန်များ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားများ၊ နည်းပညာကျွမ်းကျင်သူများနှင့် တိုင်းရင်းဆေးဆရာ များကိုလည်း ကာလကန့်သတ် ချက်ဖြင့် ငှားရမ်း၍ဖြစ်စေ၊ သဘောတူ စာချုပ်ချုပ်ဆို၍ဖြစ်စေ ခန့်အပ်ပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ ခန့်အပ်တာဝန်ပေးခြင်း ခံရသူများသည် သီးခြားသဘောတူညီချက်မရှိလျှင် အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ လုပ်သက် ဆုငွေ၊ ပင်စင်နှင့် အခြားခံစားခွင့်များကိုလည်းကောင်း ခံစားခွင့်ရှိပြီး ဝန်ထမ်းရေးရာ စည်းမျဉ်းများ၊ စည်းကမ်းများနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။
၁၀။ လူမှုဖူလုံရေးရုံးချုပ် ညွှန်ကြားရေးမှူးချုပ်သည်-
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာ တာဝန်များကိုလည်း ကောင်း တာဝန်ခံ၍ ဆောင်ရွက်ရမည်။
(ခ) လူမှုဖူလုံရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အောက်ဖော်ပြပါ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုကို ကြီးကြပ်ရမည်-
(၁) လူမှုဖူလုံရေးရုံးချုပ်၊
(၂) တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဖူလုံရေးရုံးများ၊
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း လူမှုဖူလုံရေးရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုဖူလုံရေးရုံးများ၊
(၄) ခရိုင်လူမှုဖူလုံရေးရုံးများ၊
(၅) မြို့နယ်လူမှုဖူလုံရေးရုံးများ၊
(၆) လူမှုဖူလုံရေးဆေးရုံများ၊
(၇) လူမှုဖူလုံရေးဆေးခန်းများ၊
(၈) လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ဆေးရုံများနှင့် ဆေးခန်းများ။
အခန်း(၅)
လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များ
သက်ဆိုင်သော လုပ်ငန်းဌာနများ
၁၁။ (က) အောက်ပါလုပ်ငန်းဌာနများသည် အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ သတ်မှတ်ထားသော အနည်းဆုံး အလုပ်သမားဦးရေနှင့်အထက် အလုပ်လုပ်ကိုင်ပါက ဤဥပဒေပါ လူမှု ဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေ ရမည်-
(၁) စက်အား သို့မဟုတ် စွမ်းအားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ အသုံးမပြုဘဲဖြစ်စေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော စက်မှုလက်မှု အလုပ်ဌာနများ၊ ပစ္စည်းထုတ်လုပ်မှု၊ ပြုပြင်မှု၊ ဝန်ဆောင်မှုလုပ်ငန်း များ သို့မဟုတ် အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်သောလုပ်ငန်းများ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ဌာနများ၊
(၂) စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊
(၃) စည်ပင်သာယာရေး အဖွဲ့အစည်းများ၊
(၄) ငွေရေးကြေးရေး အဖွဲ့အစည်းများ၊
(၅) စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းများနှင့် ယင်းတို့၏ လက်အောက်ခံ လုပ်ငန်းဌာနများနှင့် ရုံးခွဲများ၊
(၆) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ၊ အများပြည်သူဖျော်ဖြေရေး အလုပ်ဌာနများ၊
(၇) စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့အစည်းပိုင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ယင်းဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် ဖြစ်စေ၊ ယင်းဌာန၊ အဖွဲ့အစည်းနှင့် ဖက်စပ်ဖြစ်စေ စီးပွားရေးအရ လုပ်ကိုင်သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊
(၈) အလုပ်ခန့်ထားမှု သဘောတူညီချက်ဖြင့် တစ်နှစ်နှင့်အထက် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊
(၉) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်ဖြစ်စေ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်ဖြစ်စေ လုပ်ကိုင်သော လုပ်ငန်းများ နှင့်ဖက်စပ် လုပ်ငန်းများ၊
(၁၀) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ သတ္တုတွင်းနှင့် ကျောက်မျက်ရတနာဆိုင်ရာ လုပ်ငန်းများ၊
(၁၁) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများ၊
(၁၂) တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ဆိပ်ကမ်းများနှင့် ပြင်ပဆိပ်ကမ်းများ၊
(၁၃) ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် လုပ်ကိုင်သော လုပ်ငန်းအဖွဲ့အစည်းများ၊
(၁၄) အလုပ်သမားဝန်ကြီးဌာနနှင့် ယင်း၏လက်အောက်ခံဌာန၊ အဖွဲ့အစည်းများ၊
(၁၅) ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်သည်ဟု အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်သော လုပ်ငန်းဌာနများ။
(ခ) ပုဒ်မခွဲ(က)ပါမှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော လုပ်ငန်းဌာနတစ်ခုခုသည် အောက်ပါအခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်သော်လည်း ထိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေလျှင် သတ်မှတ်ချက်များနှင့် ဆန့်ကျင် ခြင်းမရှိပါက ဤဥပဒေနှင့် ဆက်လက်၍ သက်ဆိုင်စေရမည်-
(၁) သတ်မှတ်ထားသော အနည်းဆုံးအလုပ်သမားဦးရေအောက် လျော့နည်း၍ တစ်ဦးနှင့်အထက် လုပ်ကိုင်ခြင်း၊
(၂) အလုပ်ရှင် ပြောင်းလဲခြင်း သို့မဟုတ် လုပ်ငန်းအမျိုးအစား ပြောင်းလဲခြင်း။
သက်ဆိုင်ခြင်းမရှိသောလုပ်ငန်းဌာနနှင့် အလုပ်သမားများ
၁၂။ (က) အောက်ပါလုပ်ငန်းဌာနများသည် ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များ အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ-
(၁) စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ သို့မဟုတ် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊
(၂) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရ၏ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၊
(၃) ရာသီအလိုက် လုပ်ကိုင်သော စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများ၊
(၄) အမြတ်အစွန်းမရည်ရွယ်သော ကုမ္ပဏီ၊ အသင်း သို့မဟုတ် အဖွဲ့အစည်းများ၊
(၅) သုံးလအောက်နည်းသည့် ကာလအတွက်သာ အလုပ်လုပ်ကိုင်သည့် လုပ်ငန်းဌာနများ၊
(၆) အလုပ်သမားမပါရှိဘဲ မိမိ၏ မိသားစုဖြင့်သာ လုပ်ကိုင်သော ကိုယ်ပိုင်လုပ်ငန်းဌာနများ၊
(၇) စီးပွားရေးလုပ်ငန်းအတွက် မဟုတ်သော အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းများ၊
(၈) ပုဒ်မ ၉၉ အရ ကင်းလွတ်ခွင့် ပြုထားသည့် လုပ်ငန်းဌာနများ။
(ခ) လုပ်ငန်းဌာနတစ်ခုခုတွင် အလုပ်လုပ်ကိုင်စေကာမူ အောက်ပါအလုပ်သမားများသည် ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင် ခြင်းမရှိစေရ-
(၁) တည်ဆဲဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိသော အသက်မပြည့်သေးသည့် အလုပ်သမားများနှင့် ပုဒ်မ ၃၄ အရ သက်ပြည့် အငြိမ်းစားယူခွင့်ရှိသည့် အသက်ပြည့်သည့် အလုပ်သမားများ၊
(၂) ပျံကျလမ်းဘေး စျေးသည်နှင့် စက်ဘီး၊ တွန်းလှည်းစသည်များဖြင့် လှည့်လည်ရောင်းချသူများ၊
(၃) ရံဖန်ရံခါ အလုပ်လုပ်ခိုင်းသည့် နေ့စား၊ အချိန်ပိုင်း၊ ပုတ်ပြတ် သို့မဟုတ် ပြင်ပအလုပ်သမားများ၊
(၄) ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမရှိဟု အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်သည့် အခြားအလုပ်သမားများ။
(ဂ) ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းဌာနများမှ အလုပ်သမားများသည် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးပေးသွင်း၍ အာမခံထားလျှင် ဤဥပဒေပါ လူမှုဖူလုံရေး အကျိုးခံစား ခွင့်များရရှိစေရမည်။
လူမှုဖူလုံရေးစနစ်
၁၃။ လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူများက လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစား နိုင်ရေးအတွက် အောက်ပါ လူမှုဖူလုံရေးစနစ်များကို သတ်မှတ်ချက်များနှင့်အညီ စီမံထား ရှိရမည်-
(က) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်-
(၁) မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊
(၂) ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊
(၃) အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှုဆက်လက်ခံယူခွင့်၊
(၄) မည်သည့် အကြောင်းကြောင့်မဆို သေဆုံးမှုအတွက် နာရေးစရိတ် ခံစားခွင့်။
(ခ) မိသားစု ထောက်ပံ့မှု အာမခံစနစ်-
(၁) သတ်မှတ်ထားသော ဝင်ငွေပမာဏအောက် နည်းသည့်အာမခံထားသူ၏ ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်ခံစားခွင့်၊
(၂) သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်၊
(၃) မှီခိုသူမိသားစုအတွက် သင့်လျော်သော အကျိုးခံစားခွင့်။
(ဂ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်-
(၁) အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊
(၂) သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊
(၃) အလုပ်ကို အကြောင်းပြု၍ မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်။
(ဃ) အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်-
(၁) အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိသူများအား ကျန်းမာရေးစောင့်ရှောက်ခွင့်၊
(၂) လုပ်ငန်းခွင်မှ အလုပ်လက်မဲ့ ဖြစ်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊
(င) အခြားလူမှုဖူလုံရေးစနစ်-
(၁) အိမ်ရာစီမံကိန်းများဖြင့် ထူထောင်ထားသည့် လူမှုဖူလုံရေးအိမ်ရာများတွင် အာမခံထားသူများအား သတ်မှတ်ချက် များနှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်၊
(၂) အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍သတ်မှတ်သော မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး ငွေပေးသွင်းရမည့် လူမှုဖူလုံရေးစနစ် သို့မဟုတ် မိမိတို့၏ဆန္ဒအလျောက် ထည့်ဝင်နိုင်သည့် အခြားလူမှုဖူ လုံရေးစနစ်များ။
၁၄။ အစိုးရဝန်ထမ်းများသည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ(ဂ) နှင့် (ဃ) တို့ပါ အာမခံစနစ်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။ သို့ရာတွင် အစိုးရဝန်ထမ်းများသည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ(ဂ) ပါ အာမခံစနစ်သို့ မိမိတို့၏ ဆန္ဒအလျောက်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေ ပေးသွင်း၍ အာမခံထားလျှင် သက်ဆိုင်ရာ အကျိုးခံစား ခွင့်များကို သတ်မှတ်ချက်များနှင့်အညီ ရထိုက်ခွင့်ရှိစေရမည်။
လူမှုဖူလုံရေးရန်ပုံငွေ
၁၅။ (က) လူမှုဖူလုံရေးရန်ပုံငွေတွင် အောက်ပါ ရန်ပုံငွေများပါဝင်သည်-
(၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေ၊
(၂) မိသားစုထောက်ပံ့မှုရန်ပုံငွေ၊
(၃) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေ၊
(၄) အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေ၊
(၅) ပုဒ်မ ၁၃၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၂) အရ အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေပေးသွင်းရမည်ဟု သတ်မှတ်သော လူမှုဖူ လုံရေး စနစ်အတွက် အခြားလူမှုဖူလုံရေး ရန်ပုံငွေများ၊
(၆) ပုဒ်မ ၁၃၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ်(၂)အရ မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေ ပေးသွင်းနိုင်သည်ဟု သတ်မှတ်သော အခြားလူမှုဖူလုံရေး ရန်ပုံငွေများ၊
(၇) လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေ။
(ခ) လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အလုပ်သမားများတို့သည် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)၊ (၃)၊ (၄) နှင့် (၅)တို့ပါ ရန်ပုံငွေများသို့ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေများ ပေးသွင်းရမည်။
(ဂ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)ပါ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့် ရန်ပုံငွေအတွက် ထည့်ဝင်ကြေး ငွေကို သီးခြား သတ်မှတ်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ထား သော အချိုးအစားဖြင့် လွှဲပြောင်းသုံးစွဲရမည်။
(ဃ) လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အလုပ်သမားများတို့သည် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၆) နှင့် (၇)ပါ ရန်ပုံငွေများသို့ မိမိတို့ ဆန္ဒအလျောက် ထည့်ဝင်ကြေးငွေများ ပေးသွင်းနိုင်သည်။
လူမှုဖူလုံရေးအတွက် မှတ်ပုံတင်ပြီး အာမခံ ထားရှိခြင်းနှင့် ထည့်ဝင်ကြေးများ
၁၆။ (က) အောက်ဖော်ပြပါ အလုပ်ရှင်များသည် မိမိတို့၏ လုပ်ငန်းဌာနများရှိ အလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်စေရန် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံမ တင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးကို ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၃)၊ (၄) နှင့် (၅) တို့ ပါလူမှုဖူလုံရေးရန်ပုံငွေသို့ သတ်မှတ်ချက်များနှင့်အညီ ပေးသွင်း၍ အာမခံထားရှိရမည်-
(၁) လုပ်ငန်းဌာနများ၏ အလုပ်ရှင်များ၊
(၂) အလုပ်သမား အနည်းဆုံး တစ်ဦးနှင့် အလုပ်ရှင်ကို မှီခိုနေသည့် ဇနီး၊ ခင်ပွန်း၊ သားသမီးနှင့် မိဘတို့မှအပ အလုပ်ရှင်၏ ဆွေမျိုးများ အပါအဝင်ပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)အရ သတ်မှတ်ထားသော အလုပ်သမားဦးရေနှင့်အထက် အလုပ် လုပ်ကိုင်သော လုပ်ငန်းဌာနများ၏ အလုပ်ရှင်များ၊
(၃) လုပ်ခ မရရှိသော အလုပ်သင်နှင့် ပညာသင်တို့၏ အလုပ်ရှင်များ။
(ခ) လူမှုဖူလုံရေးစနစ်နှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အလုပ်သမား များသည်လည်းကောင်း၊ ပုဒ်မ ၂၀ ပါ ပုဂ္ဂိုလ်များသည်လည်းကောင်း ဤဥပဒေအရ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိခံစားလိုပါက အာမခံစနစ် တစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူ လုံရေးရုံးတွင် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ပုဒ်မ ၁၅ ပါ ရန်ပုံငွေများသို့ သတ်မှတ်ချက်များ နှင့်အညီ ထည့်ဝင်ကြေးများကို ပေးသွင်းရမည်။
(ဂ) ပုဒ်မခွဲ(က) နှင့် (ခ)တို့အရ မှတ်ပုံတင်ပြီး အာမခံထားရှိခြင်း မပြုမီ အာမခံထားမည့်သူသည် ကျန်းမာရေး စစ်ဆေးမှုကို သတ်မှတ်ချက်များနှင့်အညီ ခံယူပြီး အာမခံထားသူအဖြစ် မှတ်ပုံတင်သည့် အခါ ဆေးသက်သေခံလက်မှတ်ကို တင်ပြရမည်။
၁၇။ အာမခံထားသူများနှင့် ထိုသူတို့ သေဆုံးပြီးနောက် ကျန်ရစ်သော မှီခိုသူများအား ဤဥပဒေအရ ပေးသည့် အကျိုးခံစားခွင့်များ အတွက်လည်းကောင်း၊ စီမံခန့်ခွဲမှုအတွက်လည်းကောင်း ကုန်ကျသည့် စရိတ်များကို ကျခံရန်အလို့ငှာ ပုဒ်မ ၁၅ ပါ လူမှုဖူလုံရေး ရန်ပုံငွေ အသီးသီးသို့ အလုပ်ရှင်နှင့် အလုပ်သမားတို့က အလုပ်သမား၏ တစ်လအတွက်လုပ်ခအပေါ်မူတည်၍ ပေးသွင်းရမည့် ထည့်ဝင် ကြေးနှုန်းထားများကို အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားရမည်။
၁၈။ (က) လူမှုဖူလုံရေးစနစ်နှင့်သက်ဆိုင်သည့် လုပ်ငန်းဌာနအသီးသီးရှိ အလုပ်သမားများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ အလုပ်သမား၏ လုပ်ခအလိုက် အလုပ်ရှင်နှင့် အလုပ်သမားတို့က ထည့်ဝင်ရမည့် ပုဒ်မ ၁၇ အရ သတ်မှတ်ထားသော နှုန်းထားများနှင့်အညီ ထည့်ဝင်ကြေးကို ပုဒ်မ ၃၄ အရ အငြိမ်းစားယူရ မည့် အသက်ပြည့်သည်အထိ သို့မဟုတ် ထိုအငြိမ်းစားယူရမည့် အသက်ပြည့်သော်လည်း ဆက်လက်၍ အလုပ်လုပ်ကိုင်နေလျှင် ထိုသို့လုပ်ကိုင်နေသည့် ကာလအထိ သက်ဆိုင်ရာလူမှုဖူလုံရေး ရန်ပုံငွေသို့ သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းကြရမည်။
(ခ) အလုပ်ရှင်သည် ဤဥပဒေအရ မိမိ၏ အလုပ်သမားက ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေကို ယင်း ၏လုပ်ခထဲမှနုတ်ယူပြီး မိမိကပေးသွင်းရမည့် ထည့်ဝင်ကြေးငွေနှင့်အတူ သက်ဆိုင်ရာလူမှုဖူလုံရေး ရန်ပုံငွေသို့ ပေးသွင်းရမည်။ ထိုသို့ ပေးသွင်းရသည့် ကုန်ကျစရိတ်ကိုလည်း အလုပ်ရှင်ကကျခံရ မည်။
(ဂ) လူမှုဖူလုံရေးအဖွဲ့သည် ထည့်ဝင်ကြေးငွေပေးသွင်းရန် ပျက်ကွက်သော အလုပ်ရှင်အား ထည့်ဝင် ကြေးငွေအပြင် ပုဒ်မ ၈၈ အရ သတ်မှတ်ထားသော ပျက်ကွက်ကြေးကို ထပ်ဆောင်း၍ ပေးသွင်းရန် ဆုံးဖြတ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကျခံသုံးစွဲခြင်း
၁၉။ လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသပေးမှု အတွက် မိမိအဖွဲ့၏ရန်ပုံငွေဖြင့် လုံလောက်မှုမရှိပါက မိမိအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုသော မတည်ငွေဖြင့်ဖြစ်စေ၊ ထောက်ပံ့ ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ဆေးရုံ၊ ဆေးခန်းများ တည်ထောင်ဖွင့်လှစ်ပေးခြင်း၊ ငှားရမ်းအသုံးပြု ခြင်းနှင့် ကျခံ သုံးစွဲခြင်းတို့ပြုနိုင်သည်။
လူမှုဖူလုံရေးအတွက် မိမိတို့၏ ဆန္ဒအလျောက်အာမခံထားရှိခြင်း
၂၀။ ဤဥပဒေအရ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ခံစားနိုင်ရန်အလို့ငှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ် များသည် မိမိတို့နှစ်သက်သည့် သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေသို့ သတ်မှတ်ထားသည့် ထည့်ဝင်ကြေး ငွေကို မိမိတို့၏ ဆန္ဒအလျောက် ထည့်ဝင်စုဆောင်းနိုင်ပြီး သက်ဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့် များကို သတ်မှတ်ချက်များနှင့်အညီ ခံစားနိုင်သည်-
(က) ဤဥပဒေပါ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသည့် လုပ်ငန်းဌာနများရှိ အလုပ်ရှင်များနှင့် အလုပ်သမားများ၊
(ခ) လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်ခြင်းမရှိသော အများပြည်သူများ၊
(ဂ) ကျောင်းသူ ကျောင်းသားများ၊ လုပ်ငန်းခွင်နှင့် ကင်းကွာနေသူများ၊ အိမ်ဖော်များနှင့် နိုင်ငံခြားသို့ သွားရောက်၍ အလုပ်လုပ်ကိုင် နေသူများ၊
(ဃ) ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ စုပေါင်းလုပ်ငန်း လုပ်ကိုင်သူများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်သူများနှင့် တောင်သူလယ်သမားများ၊
(င) အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် မိမိတို့၏ဆန္ဒအလျောက် မှတ်ပုံတင်၍ အာမခံထားနိုင်သည်ဟု အခါအားလျော်စွာ သတ်မှတ် ထားသည့် လုပ်ငန်းဌာနများမှ ပုဂ္ဂိုလ်များ။
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် အကျိုးခံစားခွင့်များ
၂၁။ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍-
(က) အာမခံထားသူသည် အောက်ပါ အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိ သည်-
(၁) ကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မဆို မကျန်းမာမှုအတွက် ရောဂါအမျိုးအစားကို အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊
(၂) အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်၊ ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊
(၃) ဇနီးဖြစ်သူ မီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊
(၄) အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်။
(ခ) အာမခံထားသူ သေဆုံးသည့်အခါ ထိုသူက အမည်စာရင်းပေးသွင်းထားခြင်း ခံရသူကဖြစ်စေ၊ ထိုသို့ အမည်စာရင်း ပေးသွင်းခဲ့ခြင်း မရှိလျှင် ထိုသူအား မှီခိုသူ သို့မဟုတ် နာရေးစရိတ်ကို စိုက်ထုတ်ပေးသူက ဖြစ်စေ တောင်းခံလာလျှင် ထိုသို့တောင်းခံလာသူသည် ပုဒ်မ ၃၀ ပါ ပြဋ္ဌာန်းချက် နှင့်အညီ နာရေးစရိတ် ကို ခံစားခွင့်ရှိသည်။
မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ကုန်ကျစရိတ်ကျခံခြင်း
၂၂။ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အာမခံထား သူ မကျန်းမာသည့် အခါ အာမခံထားသူသည်-
(က) ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ ဆေးစတင် ကုသသည့်နေ့မှ ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့် ရှိသည်။ သို့ရာတွင် ထပ်တလဲလဲ မကျန်းမာမှု၊ နာတာရှည်ရောဂါနှင့် ရောဂါတစ်မျိုး ထက်ပို၍ ဖြစ်ပွားမှု သို့မဟုတ် အထူးအရေးကြီးသော မကျန်းမာမှုအတွက် ရက်သတ္တပတ် ၅၂ ပတ် သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့က သီးခြားသတ်မှတ်ပေးသည့်ကာလအထိ ဆေးကုသမှု ခံယူခွင့်ရှိသည်။
(ခ) လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူစာချုပ်ချုပ် ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ အလုပ်ရှင် ကစီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်နှင့် ဆေးကုသမှု ခံယူခွင့်ရှိသည်။
(ဂ) လူမှုဖူလုံရေးအဖွဲ့ပိုင် သို့မဟုတ် ယင်းအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသည့် ဆေးရုံ၊ ဆေးခန်း များသို့မလာရောက်နိုင်ပါက လူမှုဖူလုံရေးအဖွဲ့၏စီစဉ်ပေးချက်အရ အာမခံထားသူ၏အလုပ်လုပ်ကိုင်ရာ လုပ်ငန်းဌာနသို့ လာရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးခြင်းကို ခံယူခွင့်ရှိ သည်။
(ဃ) ပုဒ်မ ၂၁ နှင့် ဤပုဒ်မတို့အရ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု ခံယူရာတွင် ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ချက်များ နှင့်အညီ ခံစားပိုင်ခွင့်ရှိသည်။
မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်
၂၃။ အာမခံထားသူသည်-
(က) မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှုစတင်ဖြစ်သည့်နေ့မတိုင်မီ အနည်းဆုံး ခြောက်လမှ စတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါခြောက်လအတွင်း အနည်းဆုံး လေးလအတွက် ထည့်ဝင်ကြေးငွေ ပေးသွင်းပြီးမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။
(ခ) မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ် တင်ပြနိုင်ပြီး အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့ နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲ ခြင်းဖြစ်လျှင် အလုပ်မလုပ်နိုင်သည့် ကာလအတွက် ပုဒ်မခွဲ(က)ပါ သတ်မှတ်ချက်နှင့်အညီ လွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှု နှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ ပတ်အထိ ခံစားခွင့်ရှိသည်။
၂၄။ မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားနေသော အာမခံထားသူက အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ လူမှုဖူလုံရေးအဖွဲ့သည် အဆိုပါ အကျိုးခံစားခွင့်ကို လုံးဝ ဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ မပေးဘဲ ရပ်ဆိုင်းထားနိုင်သည်-
(က) မိမိကိုယ်ကို မိမိ တမင်မကျန်းမာမှုဖြစ်အောင် ပြုခြင်း၊
(ခ) ပြစ်ဒဏ်ထိုက်သင့်သည့် မိမိ၏ပြုလုပ်မှုကြောင့် မကျန်းမာခြင်း၊
(ဂ) ဆေးကုသမှုခံယူရန် သို့မဟုတ် ဆေးကုသပေးသော ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရန် ခိုင်လုံသောအကြောင်း မရှိဘဲ တမင်ပျက်ကွက်ခြင်း၊
(ဃ) မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ရရှိရန် လိမ်လည်၍ တောင်းဆိုခဲ့ခြင်း၊
(င) ပြန်လည်ထူထောင်ရေးကိစ္စများဆောင်ရွက်ရန် ခိုင်လုံသောအကြောင်းမရှိဘဲ တမင်ပျက်ကွက်ခြင်း၊
(စ) ပြည်ပသို့ အပြီးအပိုင်ထွက်ခွာသွားခြင်း၊
(ဆ) အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော အခြားစည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရန် ပျက်ကွက်ခြင်း။
အာမခံထားသူအမျိုးသမီး၏ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်
၂၅။ အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်း များ၊ အမိန့်များနှင့် ညွှန်ကြားချက်များတွင် မည်သို့ပင်ပါရှိစေကာမူ အာမခံထားသူ အမျိုးသမီးအလုပ် သမားသည် သတ်မှတ်ချက်များနှင့်အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်-
(က) ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့်ဆေးရုံ၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှု ခံယူခွင့်၊
(ခ) မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ ကလေးကို ဆေးကုသမှု ခံယူခွင့်၊
(ဂ) မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ် ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့ပြင် အမြွှာကလေး မွေးပါက မီးဖွားခွင့်ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက် ခံစားခွင့်၊
(ဃ) ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့် ကိစ္စတွင် အများဆုံး ရက်သတ္တပတ် ခြောက်ပတ် အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်၊
(င) ကိုယ်ဝန်ဆောင်စဉ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေး ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်၊
(စ) တစ်နှစ်အောက် ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ် ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ် ရှစ်ပတ်ထက်မကျော်သော ခွင့်ကို မွေးစား ကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါ ခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက် ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ(က)ပါ ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်။
မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ
၂၆။ အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်ခဲ့သူ ဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံးခြောက်လအတွက် ထည့်ဝင် ကြေးပေးသွင်းပြီးသူဖြစ်မှသာ ခံစားခွင့် ရှိစေရမည်။
၂၇။ အာမခံထားသူ အမျိုးသမီး အလုပ်သမားသည် အောက်ပါတို့ကို ဆေးသက်သေခံလက်မှတ်အရ သတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်-
(က) ပုဒ်မ ၂၅၊ ပုဒ်မခွဲ(ဂ) အရ ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုး ခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း၊
(ခ) ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွှာ ကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာကလေး သုံးဦးနှင့်အထက်မွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း၊
(ဂ) ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှ လုပ်ခ၏ ၇၀ ရာခိုင်နှုန်း။
၂၈။ အာမခံထားသူ အမျိုးသားသည် ဇနီးမီးဖွားမှုအတွက် ဆေးသက်သေခံလက်မှတ်အရ သတ်မှတ် ချက်များနှင့် အညီ အောက်ပါ ဖခင်ဘ၀အကျိုးခံစားခွင့်ရှိသည်-
(က) အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက်ခံစားခွင့်၊
(ခ) အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ ပုဒ်မခွဲ(က)ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင် သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်၊
(ဂ) အာမခံထားသူ မဟုတ်သော ဇနီးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ(က) နှင့်(ခ)တို့ပါ အကျိုးခံစားခွင့် များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ)ပါ မီးဖွားစရိတ်ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်။
အငြိမ်းစားယူသူများဆေးဝါးကုသခွင့်
၂၉။ အာမခံထားသော အစိုးရဝန်ထမ်းများသည် အငြိမ်းစားယူပြီး နောက်တွင်သော်လည်းကောင်း၊ အာမခံထားသူသည် ပုဒ်မ ၃၃ နှင့် ၃၅ တို့အရ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်နှင့် သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့် ရရှိပြီးနောက် တွင်သော်လည်းကောင်း အောက်ပါအချက်များနှင့် အကျုံးဝင်လျှင် ဆေးဝါးကုသမှုကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(က) ထည့်ဝင်ကြေးကို လပေါင်း ၁၈၀ နှင့်အထက် ပေးသွင်းခဲ့သူဖြစ်ခြင်း၊
(ခ) အငြိမ်းစားယူပြီးနောက် မြို့နယ်လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသော အငြိမ်းစားစိစစ်ရေးသက် သေခံလက်မှတ် ကိုင်ဆောင် ထားသူဖြစ်ခြင်း။
နာရေးစရိတ်ခံစားခွင့်
၃၀။ အလုပ်တွင်ထိခိုက်မှု သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် အာမခံထားသူ သေဆုံးလျှင် နာရေးစရိတ်ကို အာမခံထားသူက အမည်စာရင်း ပေးသွင်းခဲ့ခြင်းခံရသူက ဖြစ်စေ၊ ထိုသို့အမည်စာရင်း ပေးသွင်းခဲ့ခြင်း မရှိလျှင် ထိုသူအားမှီခိုသူ သို့မဟုတ်၊ နာရေးစရိတ် စိုက်ထုတ်ပေးထားသူက တောင်းခံ လာလျှင်ဖြစ်စေ ထိုသေဆုံးသူ၏ နောက်ဆုံးလေးလအတွင်း ပျမ်းမျှလုပ်ခတစ်လစာ၏ အများဆုံးငါးဆ အထိ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
မိသားစုထောက်ပံ့မှုအာမခံစနစ် အကျိုးခံစားခွင့်များ
၃၁။ (က) ပညာသင်ကြားနေသော သားသမီးအတွက် ပညာသင်စရိတ်ခံစားခွင့်နှင့် စပ်လျဉ်း၍-
(၁) ထည့်ဝင်ကြေးငွေကို အနည်းဆုံး ၃၆ လပေးသွင်းထားပြီး သတ်မှတ်ထားသော ဝင်ငွေပမာဏ အောက်နည်းသည့် အာမခံထားသူသည် အချိန်ပြည့် ပညာသင်ကြားနေသော သားသမီးများရှိပါက ပညာသင်စရိတ်ကို မိသားစုထောက်ပံ့မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
(၂) သတ်မှတ်ထားသော ဝင်ငွေပမာဏအောက် နည်းသည့် အာမခံထားသူ ဇနီးမောင်နှံတို့က မွေးဖွား သော သားသမီးအတွက် ပုဒ်မခွဲငယ်(၁)ပါ ပညာသင်စရိတ်ကို အာမခံထားသူ တစ်ဦးကသာ ခံစားခွင့်ရှိ စေရမည်။
(ခ) အာမခံထားသူနှင့် မိသားစုတို့သည် သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါ အောက်ပါ ကျန်းမာ ရေး စောင့်ရှောက်မှု၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ငွေကြေးထောက်ပံ့ကူညီမှုများကို မိသားစုထောက်ပံ့မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိ သည်-
(၁) သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားရသည့်အတွက် ကိုယ်နှင့်စိတ်ကို ထိခိုက်ဒဏ်ရာရရှိလျှင်ဖြစ်စေ၊ ရောဂါရရှိလျှင် ဖြစ်စေ ဆေးကုသမှုခံယူခွင့်၊
(၂) သဘာဝဘေးအန္တရာယ်မကြုံတွေ့မီ ထည့်ဝင်ကြေးငွေကို အနည်းဆုံး ၃၆ လပေးသွင်းပြီးနောက် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အတွက် မိမိပိုင်ပစ္စည်း ဥစ္စာများဆုံးရှုံးလျှင် ထိုသို့ ကြုံတွေ့ရသော နေ့မတိုင်မီ တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၄၀ ရာခိုင်နှုန်း ငွေကြေးထောက်ပံ့မှု ခံစားခွင့်နှင့် လူမှုဖူလုံရေးအဖွဲ့က ထောက်ပံ့သည့် ကယ်ဆယ်ရေး ပစ္စည်းများ ခံစားခွင့်။
(ဂ) အာမခံထားသူသည် မိမိအား မှီခိုသူမိသားစုအတွက် လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုသည့် သင့်လျော် သော အကျိုးခံစားခွင့်များကို မိသားစုထောက်ပံ့မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိ သည်။
အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်
၃၂။ အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် မဟုတ်ဘဲ မကျန်းမာမှုနှင့် မီးဖွားမှုအပါအဝင် အကြောင်း တစ်ခုခုကြောင့် အလုပ်ကို လုံးဝလုပ်ကိုင်နိုင်စွမ်းမရှိတော့လျှင် ဆေးသက်သေခံလက်မှတ် အရ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်ကို ပုဒ်မ ၃၃ နှင့်အညီ ခံစားခွင့်ရှိသည်။
အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအတွက် ငွေကြေးအကျိုးခံစားခွင့်
၃၃။ (က) အာမခံထားသူသည် ပုဒ်မ ၃၂ နှင့်အညီ အမြဲတမ်းအလုပ်လုပ်ကိုင်နိုင်စွမ်း မရှိသည့်အခါ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ သတ်မှတ်ချက်များ နှင့်အညီ အောက်ပါအကျိုးခံစားခွင့်များကို ခံစားခွင့် ရှိသည်-
(၁) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း ဆေးသက်သေခံလက်မှတ်ဖြင့် ခွင့်ပြုသည့်နေ့မတိုင်မီ ထည့်ဝင် ကြေးငွေကို လပေါင်း ၁၈၀ ပေးသွင်းပြီးဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေးငွေ ပေးသွင်းခဲ့သော ကာလတွင်ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၅ ဆကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံး တစ်ခဲတည်းဖြစ်စေခံစားခွင့်၊
(၂) ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ထက်ပို၍ ပေးသွင်းထားပါက ထိုသို့ပို၍ပေးသွင်းထားသည့် ကာလနှင့် စပ်လျဉ်း၍ ပုဒ်မခွဲငယ် (၁)ပါ ခံစားခွင့်တွင် သတ်မှတ်ချက်များနှင့်အညီ ထပ်ပေါင်း၍ ခံစားခွင့်၊
(၃) ထည့်ဝင်ကြေးငွေကို ၁၂ လနှင့်အထက်မှ လပေါင်း ၁၈၀ အောက် ထည့်ဝင်ထားသည့် ကိစ္စတွင်မူ အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်း ထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ် ချက်များနှင့် အညီ အတိုးနှင့်တကွ ခံစားခွင့်၊
(၄) ထည့်ဝင်ကြေးငွေကို ၁၂ လ အောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည်ထုတ်ယူခွင့်၊
(ခ) အလုပ်ရှင်သည် အာမခံထားသူက အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် ရရှိသည့်အခါ ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၃)ပါ ရန်ပုံငွေသို့ မိမိက ၁၂ လနှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။
သက်ပြည့်အငြိမ်းစားယူရမည့် အသက်နှင့် ငွေကြေး အကျိုးခံစားခွင့်
၃၄။ အာမခံထားသူ၏ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်ရရှိမည့်အသက်သည် အလုပ်သမားဝန်ကြီး ဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သည့် အတိုင်းဖြစ်စေရမည်။
၃၅။ (က) အာမခံထားသူ သက်ပြည့် အငြိမ်းစားယူသည့်အခါ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစား ခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့်ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ အောက်ပါအကျိုး ခံစားခွင့်များကို သတ်မှတ်ချက်များ နှင့်အညီ ခံစားခွင့်ရှိသည်-
(၁) သက်ပြည့်အငြိမ်းစား ခံစားခွင့်ရသည့်နေ့ မတိုင်မီ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ပေးသွင်းပြီး ဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေးငွေ ပေးသွင်းခဲ့သော ကာလများတွင် ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ တစ်လစာ၏ ၁၅ ဆကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်၊
(၂) ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ထက်ပို၍ပေးသွင်းထားပါက ထိုသို့ ပို၍ပေးသွင်းထားသည့် ကာ လနှင့်စပ်လျဉ်း၍ ပုဒ်မခွဲငယ် (၁) ပါခံစားခွင့်တွင် သတ်မှတ်ချက်များနှင့်အညီ ထပ်ပေါင်း၍ခံစားခွင့်၊
(၃) ထည့်ဝင်ကြေးငွေကို ၁၂ လနှင့်အထက်မှ လပေါင်း ၁၈၀ အောက်ပေးသွင်းထားသည့် ကိစ္စတွင် အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုအာမခံထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ခံစားခွင့်၊
(၄) ထည့်ဝင်ကြေးငွေကို ၁၂ လ အောက်နည်း၍ ပေးသွင်းထားသည့်ကိစ္စတွင် ထိုအာမခံထားသူ ပေးသွင်းထားပြီးသော ငွေများကို တစ်လုံးတစ်ခဲတည်း ပြန်လည်ထုတ်ယူခွင့်။
(ခ) အလုပ်ရှင်သည် အာမခံထားသူက သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ရရှိသည့်အခါ ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၃)ပါ ရန်ပုံငွေသို့ မိမိက ၁၂ လနှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေး ငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။
အလုပ်တွင်ထိခိုက်မှုကြောင့်မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်
၃၆။ အလုပ်တွင်ထိခိုက်မှုကြောင့်မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် သက်ပြည့်အငြိမ်းစားယူရ မည့် အသက်မပြည့်မီ အာမခံထားသူ သေဆုံးသည့်အခါ-
(က) အာမခံထားသူက အမည်စာရင်း ပေးသွင်းထားခြင်းခံရသူသည် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ပုဒ်မ ၃၃ ပါ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်များအတိုင်း ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ် စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
(ခ) ပုဒ်မခွဲ(က)ပါ အမည်စာရင်းပေးသွင်းထားခြင်းခံရသူ မရှိလျှင် ထိုအာမခံထားသူ၏ လုပ်ခကို မှီခိုနေထိုင်သူများသည် အောက်ပါအစီအစဉ်အလိုက် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ပုဒ်မ ၃၃ ပါ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်အတိုင်း ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲ တည်းဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(၁) သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း၊
(၂) သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်းမရှိလျှင် ထိုသူ၏ သားသမီးများ၊
(၃) သေဆုံးသူ၏ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ မရှိလျှင် ထိုသူ၏မိခင်နှင့် ဖခင်။
(ဂ) ပုဒ်မခွဲ(က) နှင့်(ခ)တို့ပါ အကျိုးခံစားခွင့်များကို ရထိုက်သူရှိလျှင် အလုပ်ရှင်သည် အလုပ်လုပ် ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၁၂ လ နှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်း ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ရထိုက်ခွင့်ရှိသည်။
(ဃ) ပုဒ်မခွဲ(က)နှင့်(ခ)တို့ပါ အကျိုးခံစားခွင့်များကို ရထိုက်သူမရှိလျှင် အလုပ်ရှင်သည် အလုပ်လုပ် ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
အလုပ်လက်မဲ့အကျိုးခံစားခွင့်အတွက် လိုအပ်ချက်များ
၃၇။ အာမခံထားသူသည် ထည့်ဝင်ကြေးငွေကို အနည်းဆုံး ၃၆ လပေးသွင်းပြီးသူ ဖြစ်သည့်ပြင် အောက်ပါ အချက်များနှင့် အကျုံးဝင်လျှင် အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရထိုက်စေရမည်-
(က) မိမိသဘောအလျောက် နုတ်ထွက်ခြင်းမဟုတ်ဘဲ အလုပ်ထုတ်ခံရခြင်းကြောင့်ဖြစ်စေ၊ အလုပ်အမြဲ ပိတ်သိမ်း၍ အလုပ် ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ အလုပ်လက်မဲ့ဖြစ်ခြင်း၊
(ခ) အလုပ်နှင့်စပ်လျဉ်း၍ ပြစ်မှုပြစ်ဒဏ် ထိုက်သင့်သဖြင့် အလုပ်ထုတ်ခံရသူသော်လည်းကောင်း၊ အလွဲသုံးစားပြုမှုကြောင့်ဖြစ်စေ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုကြောင့်ဖြစ်စေ၊ အလုပ်ခွင်စည်းကမ်း များကို လိုက်နာရန် တမင်ပျက်ကွက်မှုကြောင့် ဖြစ်စေ အလုပ်မှထုတ်ပစ်ခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်းခံရသူသော်လည်းကောင်း မဟုတ်ခြင်း၊
(ဂ) ကျန်းမာရေးကောင်းမွန်၍ အလုပ်လုပ်ကိုင်နိုင်သူ ဖြစ်ရမည့်ပြင် အလုပ်လုပ်ကိုင်လိုစိတ်ရှိသူဖြစ်ခြင်း၊
(ဃ) သက်ဆိုင်ရာမြို့နယ် အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေးရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ထားသူဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်ကြောင်း ထိုရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံးသို့ တစ်လတစ် ကြိမ်သတင်းပို့ထားသူဖြစ်ခြင်း။
အလုပ်လက်မဲ့အကျိုးခံစားခွင့် ကာလနှင့် အကျိုးခံစားခွင့်များ
၃၈။ အာမခံထားသူသည် ပုဒ်မ ၃၇ နှင့်အညီ အလုပ်လက်မဲ့အကျိုးခံစားခွင့်ရသည့်အခါ-
(က) ထည့်ဝင်ကြေးငွေကို ၃၆ လထိ ထည့်ဝင်ပြီးသူဖြစ်ပါက နောက်ဆုံးတစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၅၀ ရာခိုင်နှုန်းကို အလုပ်လက်မဲ့ အကျိုးခံစားခွင့်အဖြစ် နှစ်လအထိ လစဉ်ခံစားခွင့်ရှိသည်။ ထည့်ဝင်ကြေးငွေကို ၃၆ လအထက် ထည့်ဝင်ထားသူဖြစ်ပါကထည့်ဝင်ကြေးငွေ ၁၂ လတိုးတိုင်း အလုပ် လက်မဲ့ အကျိုးခံစားခွင့်ကို တစ်လစီ တိုး၍ခံစားခွင့်ရှိသည်။ သို့ရာတွင် အလုပ်လက်မဲ့ အကျိုးခံစားခွင့် ကာလ စုစုပေါင်းသည် ခြောက်လအထိသာ ခံစားခွင့်ရှိသည်။
(ခ) အလုပ်လက်မဲ့ဖြစ်ချိန်တွင် အိမ်ထောင်ရှိသူဖြစ်ပါက ထိုသူအား မှီခိုသူများ၏ အခြေအနေကို မူတည်၍ လူမှုဖူလုံရေးအဖွဲ့က ထပ်ဆောင်း၍ချီးမြှင့်သော ပုဒ်မခွဲ(က)ပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ၏ ၁၀ ရာခိုင်နှုန်းထက် မပိုသည့်ငွေကြေးကို အထက်ဖော်ပြပါ သက်ဆိုင်ရာကာလ အတွင်း လစဉ်ခံစား ခွင့်ရှိသည်။
(ဂ) မကျန်းမာမှုဖြစ်လျှင် ပုဒ်မ ၂၁၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)နှင့် ပုဒ်မ ၂၃၊ ပုဒ်မခွဲ(က)နှင့်(ခ)တို့ပါ ခံစားခွင့်များကို ဤပုဒ်မ၏ ပုဒ်မခွဲ(က) နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်တို့ရှိသည်။
(ဃ) ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ပုဒ်မ ၂၁၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့ပါ ခံစားခွင့်များကို ဤပုဒ်မ၏ ပုဒ်မခွဲ(က)နှင့်အညီ အနည်းဆုံး နှစ်လမှ အများဆုံး ခြောက်လအထိ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် တို့ရှိသည်။
(င) လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုသည့် ကျွမ်းကျင်မှုသင်တန်းများသို့ တက်ရောက်သင်ကြားခွင့်ရှိသည်။
(စ) ပုဒ်မခွဲ(က)ပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ကို ခံစားနေစဉ်ကာလအတွင်း အာမခံထားသူ သေဆုံးပါက နာရေးစရိတ် ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
အလုပ်လက်မဲ့အကျိုးခံစားခွင့် ကန့်သတ်ချက်
၃၉။ (က) အာမခံထားသူသည်-
(၁) ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) နှင့်(ခ)တို့ပါ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို လုပ်ငန်းဌာနတစ်ခုတွင် တစ်ကြိမ်သာ ခံစားခွင့် ရှိသည်။
(၂) အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ပုဒ်မခွဲငယ်(၁)အရ တစ်ကြိမ်ခံစားပြီးနောက် ထိုလုပ်ငန်းဌာန တွင်ပင် အလုပ်ပြန်လည် ဝင်ရောက်လုပ်ကိုင်ပြီး တစ်ဖန်အလုပ်လက်မဲ့ဖြစ်ပါက ထည့်ဝင်ကြေးကို ၃၆ လ ထပ်မံပေးသွင်းပြီးမှသာ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ကို သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည်။
(ခ) အလုပ်ရှင်သည် အလုပ်လက်မဲ့ဖြစ်သော အာမခံထားသူအတွက် တည်ဆဲအလုပ်သမားဆိုင်ရာ ဥပဒေ များအရဖြစ်စေ၊ အလုပ်ခန့်ထားမှု သဘောတူညီချက်အရဖြစ်စေ ထိုအာမခံထားသူသို့ ပေးရန်ရှိသည့် နစ်နာကြေးငွေများထဲမှ ဤဥပဒေအရ ထိုအာမခံထားသူ ရထိုက်ခွင့်ရှိသော အလုပ်လက်မဲ့ အကျိုးခံစား ခွင့်ကို သတ်မှတ်ချက်များနှင့်အညီ နုတ်ယူနိုင်သည်။
အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရပ်စဲခြင်း
၄၀။ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရရှိနေသူသည် အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လျှင် ထိုခံစားခွင့်ရပ်စဲစေရမည်-
(က) သက်ဆိုင်ရာ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးကဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးကဖြစ်စေ အလုပ်လုပ်ရန် အကြောင်းကြားသောအလုပ်ကို ခိုင်လုံသော အကြောင်းမရှိဘဲ ငြင်းဆိုခြင်း၊
(ခ) လူမှုဖူလုံရေးအဖွဲ့က ညွှန်ကြားသော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို တက်ရောက် ရန်ခိုင်လုံသောအကြောင်း မရှိဘဲ ငြင်းဆိုခြင်း၊
(ဂ) အလုပ်အကိုင်အသစ် ပြန်လည်ရရှိခြင်း၊
(ဃ) ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်း၊
(င) နိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားခြင်း သို့မဟုတ် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်ခြင်း။
အလုပ်လက်မဲ့အကျိုးခံစားခွင့် ရရှိပြီးနောက် လူမှုဖူလုံရေးရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်
၄၁။ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရရှိသည့် အာမခံထားသူက အလုပ်လက်မဲ့အကျိုးခံစားခွင့် ကာလ ကုန်ဆုံးသော်လည်း မိမိ၏ မူလအလုပ်ကိုဖြစ်စေ၊ ဤဥပဒေအရ လူမှုဖူလုံရေးစနစ်နှင့် သက်ဆိုင်သည့် အခြားအလုပ်တစ်ခုခုကိုဖြစ်စေ ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိပါက-
(က) အာမခံထားသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုး ခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို ၃၆ လနှင့်အထက် မိမိအတွက် အလုပ်ရှင်ကပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် မိမိကပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူ ပိုင်ခွင့်ရှိသည်။
(ခ) အလုပ်ရှင်သည် ပုဒ်မခွဲ (က) ပါရန်ပုံငွေသို့ ၃၆ လနှင့်အထက် ပေးသွင်းထားသော မိမိထည့်ဝင် ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူပိုင်ခွင့်ရှိ သည်။
အခြားလူမှုဖူလုံရေး စနစ်များအတွက် အကျိုးခံစားခွင့်များနှင့်တာဝန်
၄၂။ (က) ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၇)ပါ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းရန်ပုံငွေသို့ မိမိ၏ ဆန္ဒအလျောက် ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူသည် လူမှုဖူလုံရေးအိမ်ရာများနှင့် စပ်လျဉ်း၍ သတ်မှတ်သော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်၊ ရောင်းချခွင့် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခွင့်နှင့် ယင်းအိမ်ရာ ဝယ်ယူနိုင် ရေးအတွက် ငွေချေးခွင့်တို့ကို ဦးစားပေးရထိုက်ခွင့်ရှိသည်။
(ခ) ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၇)ပါ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေ ပေးသွင်းထားခြင်းမရှိသော အာမခံထားသူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် လူမှုဖူလုံရေး အိမ်ရာများနှင့်စပ်လျဉ်း၍ နေထိုင်ခွင့်၊ ငှားရမ်းနေထိုင်ခွင့်၊ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်၊ ရောင်းချခွင့် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခွင့်နှင့် ယင်းအိမ်ရာ ဝယ်ယူနိုင်ရေးအတွက် ငွေချေးခွင့်တို့ကို ခံစားခွင့်ရှိသည်။
၄၃။ လူမှုဖူလုံရေးအိမ်ရာများတွင် ပုဒ်မ ၄၂ ပါ ခံစားခွင့်ရှိသူသည်-
(က) သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်။
(ခ) အဆိုပါစည်းကမ်းချက်များကို ဖောက်ဖျက်ပါက သတ်မှတ်ချက်များနှင့်အညီ အရေးယူဆောင်ရွက် ခြင်းခံရမည့်အပြင် လူမှုဖူလုံရေးအိမ်ရာမှ ဖယ်ရှားခြင်းခံရမည်။
၄၄။ ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၅)နှင့် (၆)တို့ပါ လူမှုဖူလုံရေးရန်ပုံငွေအသီးသီးသို့ ထည့်ဝင် ကြေးငွေ ပေးသွင်းထားသူများသည် အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည် ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသော အကျိုးခံစားခွင့်များကို ရရှိစေရမည်။
အခန်း(၆)
အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်နှင့် သက်ဆိုင်ခြင်း၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေနှင့် အကျိုးခံစားခွင့်များသက်ဆိုင်ခြင်း
၄၅။ ဤဥပဒေပါ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ သည် အောက်ပါအလုပ်သမားများနှင့် သက်ဆိုင်စေရမည်-
(က) ပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)နှင့်အညီ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ ငယ်(၁)၊ (၃)၊ (၄)နှင့် (၅)တို့ပါ လူမှုဖူလုံရေးရန်ပုံငွေများသို့ ထည့်ဝင်ကြေးငွေပေးသွင်းထားသည့် လူမှုဖူ လုံရေးစနစ်နှင့် သက်ဆိုင်သောလုပ်ငန်းဌာနများရှိ အလုပ်သမားများ၊
(ခ) အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ဆိုင်ရာ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည်ဟု သတ်မှတ်ထားသော အလုပ်သမားများ။
၄၆။ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသော ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)ပါလုပ်ငန်းဌာနများမှ အလုပ်ရှင်များသည် ယင်းတို့၏ အလုပ်သမားများအတွက် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ခံစားနိုင်ရန် မိမိတို့၏ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေပေးသွင်းထားခြင်းမရှိလျှင် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံ စနစ်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်နှင့် မှတ်ပုံတင်ခြင်း
၄၇။ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ကိုအလုပ်ရှင်က တစ်ကြိမ်တည်း၊ တစ် လုံးတစ်ခဲတည်းပေးရခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များကို အလုပ် သမားက ရရှိခံစားနိုင်စေရန်အလို့ငှာ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ကို သတ်မှတ် ချက်များနှင့်အညီ စီမံထားရှိရမည်-
(က) ဆေးကုသမှုခံယူခွင့်၊
(ခ) ယာယီ မသန်စွမ်းမှု အကျိုးခံစားခွင့်၊
(ဂ) အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်၊
(ဃ) အလုပ်ကို အကြောင်းပြု၍ သေဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်။
၄၈။ (က) အလုပ်ရှင်သည် ပုဒ်မ ၄၅ ပါ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သောအလုပ်သမားများက အလုပ်တွင်ထိခိုက်မှု အကျိုး ခံစားခွင့်များရရှိစေရန် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ပြီး အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ ထည့်ဝင်၍ အာမခံထားရှိရ မည်။
(ခ) အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်အတွက် မှတ်ပုံမတင်မနေရပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသော အလုပ်သမားများအတွက် အလုပ်ရှင်များသည် မိမိတို့၏ဆန္ဒအလျောက် မှတ်ပုံ တင်ပြီး အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ သတ်မှတ်ထားသော ထည့်ဝင်ကြေးငွေကို ပေး သွင်းပြီး အာမခံထားရှိနိုင်သည်။
(ဂ) ပုဒ်မခွဲ (က)နှင့် (ခ) တို့အရ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံထားရှိရေးအတွက် မှတ်ပုံတင်သည့်အခါ အလုပ်သမားသည် ဆေးသက်သေခံလက်မှတ်ကိုတင်ပြရမည်။
အလုပ်သမားလျော်ကြေး အက်ဥပဒေနှင့် မသက်ဆိုင်ခြင်း
၄၉။ (က) ပုဒ်မ ၄၈၊ ပုဒ်မခွဲ (က) အရ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေသို့ အလုပ်ရှင်က မှတ်ပုံမတင်မနေရ မှတ်ပုံတင်၍ဖြစ်စေ၊ ပုဒ်မ ၄၈၊ ပုဒ်မခွဲ (ခ) အရ အလုပ်ရှင်၏ ဆန္ဒအရ မှတ်ပုံတင်၍ဖြစ်စေ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသော လုပ်ငန်းဌာနများ၏ အလုပ်ရှင်နှင့် အာမခံ ထားသူများသည် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်နှင့် စပ်လျဉ်း၍ အလုပ်သမားလျော်ကြေး အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(ခ) ပုဒ်မ ၄၈၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အတွက် အာမခံထား သူတို့သည် ဤဥပဒေပါ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်များကိုသာ ခံစားခွင့်ရှိစေရမည်။
အလုပ်တွင်ထိခိုက်မှု အာမခံစနစ်အတွက် ထည့်ဝင်ကြေးငွေများ
၅၀။ အလုပ်သမားက အလုပ်တွင်ထိခိုက်မှုအတွက် ပုဒ်မ ၄၇ ပါ အကျိုးခံစားခွင့်များကို ခံစားနိုင်ရန် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ အလုပ်ရှင်က ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေနှင့် စပ်လျဉ်း၍ အလုပ်သမား၏ လုပ်ခအလိုက် လုပ်ငန်းဌာနများ၏ ဘေးအန္တရာယ်ရှိနိုင်မှု အနည်းအများ အပေါ်မူတည်ပြီး ထည့်ဝင်ရမည့်နှုန်းထားများကို အလုပ်သမား ဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားရ မည်။
၅၁။ အလုပ်ရှင်သည်-
(က) ပုဒ်မ ၅၀ အရ သတ်မှတ်ထားသော နှုန်းထားဖြင့် ထည့်ဝင်ကြေးငွေကို အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ လစဉ်ပေးသွင်းရမည်။ ထို့ပြင် ထိုသို့ပေးသွင်းသည့်အတွက် ကုန်ကျစရိတ် များကိုလည်း ကျခံရမည်။
(ခ) အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံထားပြီးနောက် ထည့်ဝင်ကြေးငွေပေးသွင်းရန် ပျက်ကွက်ပါက ထည့်ဝင်ကြေးငွေအပြင် ပုဒ်မ ၈၈ အရ သတ်မှတ်သည့် ပျက်ကွက်ကြေးကို ထပ်ဆောင်း၍ ပေးသွင်းရမည်။
အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှု ခံယူခွင့်နှင့် အခြားအကျိုးခံစားခွင့်များ
၅၂။ (က) အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်လျှင် သတ်မှတ်ချက်များနှင့်အညီ ဆေးကုသမှုခံယူခွင့်ရှိသည့် အပြင် ဤအခန်းပါ အခြားအကျိုးခံစားခွင့်လည်းရှိသည်။
(ခ) ပုဒ်မခွဲ(က)ပါအလုပ်ကိုအကြောင်းပြု၍ဖြစ်သော ရောဂါအမျိုးအစားသည် နည်းဥပဒေများ၊ စည်းမျဉ်းများဖြင့် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး
၅၃။ (က) အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်ငန်းဌာနများ၌ အလုပ်သမားများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပညာပေးလုပ်ငန်းများအပြင် အလုပ်တွင် မတော်တဆဖြစ်ပွားမှုများကိုလည်းကောင်း၊ အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိမှု၊ ရောဂါရရှိမှုနှင့် သေဆုံးမှုဖြစ်ပွားခြင်းတို့ကိုလည်းကောင်း ကာကွယ်ရန်အလို့ငှာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံချက်များ ထားရှိခြင်းတို့ နှင့် စပ်လျဉ်း၍ လူမှုဖူလုံရေးအဖွဲ့နှင့်ဖြစ်စေ၊ အာမခံကိုယ်စားလှယ်ဌာနများနှင့်ဖြစ်စေ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်။
(ခ) အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ် ထိုက်သင့်သောပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ အလုပ် ရှင်ကလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်း ကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှု ကုန်ကျစရိတ်များနှင့် ဤ ဥပဒေအရ ခံစားခွင့်ရှိသည့် အခြားအကျိုးခံစားခွင့်များကို အလုပ်ရှင်က သတ်မှတ်ချက်များနှင့်အညီ ကျခံရ မည်ဖြစ်ပြီး ပျက်ကွက်ခြင်းမရှိစေရ။
၅၄။ (က) အလုပ်ရှင်သည် မိမိ၏အာမခံထားသူအလုပ်သမား ပြင်းထန်သည့်မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုဖြစ်ပွားပါက သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ ချက်ချင်း အစီရင်ခံရမည်။ ထိုသို့အစီရင်ခံရန် ခိုင်လုံသော အကြောင်းမရှိဘဲ နှောင့်နှေး ကြန့်ကြာခြင်းမရှိစေရ။
(ခ) လုပ်ငန်းဌာနများအား ကြည့်ရှုစစ်ဆေးသော အရာထမ်း၊ အမှုထမ်းအဖွဲ့သည် အလုပ်နှင့် သက်ဆိုင် သော မတော်တဆထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုနှင့် ရောဂါရမှုများဖြစ်ပွားကြောင်း တွေ့ရှိပါက သက်ဆိုင် ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံရမည်။
ယာယီ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်
၅၅။ အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်မလုပ်နိုင်၍ ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အခမဲ့ဆေးကုသမှု ခံယူခွင့်ရှိသည့်အပြင် ဆေးသက်သေခံလက်မှတ် အရ ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလ အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို အလုပ်စတင်မလုပ်နိုင်သည့်နေ့မှ အများဆုံး ၁၂ လ အထိ ခံစားခွင့်ရှိသည်။
၅၆။ (က) ပုဒ်မ ၅၅ အရ ယာယီ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်သည် ၁၂ လ အတွင်း ထိုအာမ ခံထားသူ ပြန်လည် အလုပ်လုပ်နိုင်သည့် နေ့ရက်မှစ၍ ရပ်စဲရမည်။
(ခ) အာမခံထားသူသည် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့် ၁၂ လ ကုန်ဆုံးသော်လည်း ဆက်လက်၍ အလုပ်မလုပ်နိုင်လျှင် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ပြောင်းလဲပြီး ခံစားခွင့်ရှိသည်။
(ဂ) အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့် ခံစားနေစဉ် ၁၂ လ အတွင်းမှာပင် ဆေးသက်သေခံလက်မှတ်အရ အမြဲတမ်းမသန်စွမ်းမှု ဖြစ်မည်ဟု ကြိုတင်မှန်းဆ၍ရပါက ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကိုရပ်စဲပြီး အမြဲတမ်း မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ပြောင်းလဲ၍ ခံစားခွင့်ရှိသည်။
အမြဲတမ်းမသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်
၅၇။ အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်လုပ်နိုင်သည့်အင်အား တစ်စိတ်တစ်ဒေသ အမြဲတမ်း ဆုံးရှုံးနိုင်ဖွယ်ရာ အကြောင်းရှိလျှင် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကိုလည်းကောင်း၊ အလုပ်လုပ်နိုင်သည့်အင်အား လုံးဝအမြဲတမ်း ဆုံးရှုံးနိုင်ဖွယ် ရာအကြောင်းရှိလျှင် အမြဲတမ်းလုံးဝမသန်စွမ်းမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ကိုလည်း ကောင်း ခံစားခွင့်ရှိသည်။ ထိုခံစားခွင့်အတွက် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၀ ရာခိုင်နှုန်းကို ဆေးဘက်ဆိုင်ရာအဖွဲ့၏ အမြဲတမ်းလုပ်အား ဆုံးရှုံးမှု ရာခိုင်နှုန်း ဆုံးဖြတ်ချက်အပေါ်အခြေပြု၍ တွက်ချက်ရရှိမည့်ငွေကြေး အကျိုးခံစားခွင့်ကိုတစ်လအတွက် ခံစားခွင့် ဟု သတ်မှတ်၍ ပုဒ်မ ၅၈ နှင့်အညီ ခံစားခွင့်ရှိသည်။
၅၈။ လုပ်အားဆုံးရှုံးသူသည် ပုဒ်မ ၅၇ ပါပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၀ ရာခိုင်နှုန်းအပေါ် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းကိုအခြေပြု၍ တွက်ချက်ရရှိသော အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုး ခံစားခွင့်ကို အောက်ပါအတိုင်း သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(က) လုပ်အားဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းနှင့်အောက်ဖြစ်ပါက ထိုသူခံစားခွင့်ရှိသော လစဉ်အကျိုးခံစား ခွင့်၏ ငါးနှစ်အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို တစ်လုံးတစ်ခဲတည်း ခံစားခွင့်၊
(ခ) လုပ်အားဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းအထက်မှ ၇၅ ရာခိုင်နှုန်းအထိဖြစ်ပါက ထိုသူ ခံစားခွင့်ရှိသော လစဉ်အကျိုးခံစားခွင့်၏ ခုနစ်နှစ်အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို ထိုသူ၏ဆန္ဒအရ အရစ်ကျ ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်၊
(ဂ) လုပ်အားဆုံးရှုံးမှုမှာ ၇၅ ရာခိုင်နှုန်းအထက်ဖြစ်ပါက ထိုသူခံစားခွင့်ရှိသော လစဉ် အကျိုးခံစားခွင့်၏ ကိုးနှစ်အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဉ် အသက်ထက်ဆုံးအထိဖြစ်စေ ခံစားခွင့်၊
(ဃ) ပုဒ်မခွဲ(ဂ)ပါ အမြဲတမ်း လုံးဝမသန်စွမ်းသူကို အခြားသူတစ်ဦးတစ်ယောက်က အမြဲမပြတ် ပြုစု ရန်လိုအပ်ကြောင်း ဆေးသက်သေခံလက်မှတ် တင်ပြလျှင် ပုဒ်မခွဲ (ဂ) ပါ ခံစားခွင့်အပြင် ထိုသူခံစား ခွင့်ရှိသော အကျိုးခံစားခွင့်၏ ၁၀ ရာခိုင်နှုန်း နှင့် ညီမျှသောငွေကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဉ် အသက်ထက်ဆုံးအထိဖြစ်စေ ထပ်ဆောင်း၍ ခံစားခွင့်။
၅၉။ (က) အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်နှင့် အမြဲတမ်း လုံးဝ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တို့၏ အချိုးအစားသည် အလုပ်တွင်ထိခိုက် ဒဏ်ရာရမှုကြောင့် အလုပ်လုပ်နိုင်သော အင်အားဆုံးရှုံးမှု၏ အချိုးအစားနှင့် ညီမျှရမည်။
(ခ) အမြဲတမ်း တစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရရှိခဲ့သော အာမခံထားသူ သည် အလုပ်တွင် အခြားဒဏ်ရာရမှုတစ်ရပ်ရပ်ဖြစ်ပွားလျှင် ယခင်သတ်မှတ်ထားသည့် လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်းကို ထည့်သွင်းစဉ်းစားပြီး ထိုသူ၏ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းကို အသစ်ထပ်မံ သတ်မှတ်ရ မည်။ ထိုသို့ နှစ်ကြိမ်သတ်မှတ်ထားသော လုပ်အားဆုံးရှုံးမှုနှစ်ရပ်ပေါင်းသည် ထိုသူဆုံးရှုံးခဲ့သော စုစု ပေါင်းလုပ်အားဆုံးရှုံးမှုတန်ဖိုးဖြတ် ရာခိုင်နှုန်းထက်မကျော်စေရ။ ထိုသို့ အသစ်ထပ်မံ သတ်မှတ်ခြင်း ကြောင့်တိုးလာသော လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းအတွက် ထိုက်သင့်သော ငွေကြေးအကျိုးခံစားခွင့်ကို သတ်မှတ်ချက်များနှင့်အညီ ရထိုက်ခွင့်ရှိသည်။
ပြန်လည်ထူထောင်ပေးခြင်းနှင့် အလုပ်နေရာများ စီစဉ်ထားရှိခြင်း
၆၀။ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင်ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါဆုံးရှုံးသူများအား ပြန်လည် ထူ ထောင်ပေးရန် သို့မဟုတ် ထိုသူတို့အလုပ်လုပ်ရန် မစွမ်းဆောင်နိုင်သည်ကို စွမ်းဆောင်လာနိုင်စေရေး အတွက် ပြုလုပ်ပေးရန် လိုအပ်သည့်အခါ-
(က) ဆေးသက်သေခံလက်မှတ်အရ ခွဲစိတ်ကုသရန် ကိရိယာတန်ဆာပလာများ၊ ဖြည့်စွက်ကုသရန်နှင့် တပ်ဆင်ရန် ကိရိယာတန်ဆာပလာများကို ပြုလုပ်ခြင်း၊ တပ်ဆင်ခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေး ရမည်။
(ခ) လုပ်ငန်းနှင့်ဆိုင်သော လေ့ကျင့်မှုသင်တန်းများပေးခြင်းနှင့် လူမှုအသိုက်အဝန်းတွင် ပြန်လည် ဝင်ဆံ့လာစေရေးအတွက် ပြုစုပျိုးထောင်ပေးခြင်းများ ပြုလုပ်ပေးရမည်။
၆၁။ သတ်မှတ်သော အလုပ်သမားအရေအတွက်ထက် ပိုမိုသည့်အပြင် ဤဥပဒေနှင့် သက်ဆိုင်သော လုပ်ငန်းဌာနများအား အလုပ်တွင်ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါပျက်ယွင်း၍ မသန်စွမ်းဖြစ်ပြီး လုပ်အား ဆုံးရှုံးယုတ်လျော့သွားသော အလုပ်သမားများအတွက် ခန့်ပေးရမည့်လုပ်ငန်းဌာန အမျိုးအစားအလိုက် အနည်းဆုံးထားရှိရမည့် အချိုးအစားကို လူမှုဖူလုံရေးအဖွဲ့က အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သတ်မှတ်နိုင်သည်။
အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်
၆၂။ အလုပ်တွင်ထိခိုက်မှုကြောင့် အာမခံထားသူ သေဆုံးသည့်အခါ-
(က) အာမခံထားသူက အမည်စာရင်း ပေးသွင်းထားခြင်းခံရသူသည် ထိုအာမခံထားသူ မသေဆုံးမီ လေးလအတွင်းရရှိသော ပျမ်းမျှလုပ်ခအရ ထည့်ဝင်ကြေးငွေပေးသွင်းထားသည့် ကာလကို အခြေပြု၍ အောက်ပါအတိုင်း ကျန်ရစ်သူအကျိုးခံစားခွင့်များကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲ တည်းဖြစ်စေ ရထိုက်ခွင့်ရှိသည်-
(၁) ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ နှင့်အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၃၀ ဆ၊
(၂) ထည့်ဝင်ကြေးငွေကို လပေါင်း ၆၀ အထက်မှ လပေါင်း ၁၂၀ နှင့်အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ဆ၊
(၃) ထည့်ဝင်ကြေးငွေကို လပေါင်း ၁၂၀ အထက်မှ လပေါင်း ၂၄၀ နှင့်အောက်ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခ တစ်လစာ၏ ၆၀ ဆ၊
(၄) ထည့်ဝင်ကြေးငွေကို လပေါင်း ၂၄၀ အထက် ပေးသွင်းပြီးဖြစ်ပါက ပျမ်းမျှလုပ်ခတစ်လစာ၏ ၈၀ ဆ။
(ခ) ပုဒ်မခွဲ (က)ပါ အမည်စာရင်း ပေးသွင်းထားခြင်းခံရသူမရှိလျှင် ထိုအာမခံထားသူ၏ လုပ်ခကို မှီခို နေထိုင်သူများသည် အောက်ပါအစီအစဉ်အလိုက် ပုဒ်မခွဲ(က)ပါ ကျန်ရစ်သူအကျိုးခံစားခွင့်ကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(၁) သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း၊
(၂) သေဆုံးသူ၏ ဇနီး သို့မဟုတ် ခင်ပွန်း မရှိလျှင် ထိုသူ၏ သားသမီးများ၊
(၃) သေဆုံးသူ၏ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ မရှိလျှင် ထိုသူ၏ မိခင်နှင့် ဖခင်။
အခန်း(၇)
လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေ နှစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ
တစ်ပြိုင်တည်း မပေးရသော အကျိုးခံစားခွင့်များ
၆၃။ (က) အောက်ပါငွေကြေးအကျိုးခံစားခွင့်များကို အာမခံထားသူအား တစ်ပြိုင်တည်းမပေးရ-
(၁) မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(၂) မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(၃) မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(၄) မကျန်းမာမှု၊ မီးဖွားမှု၊ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်များနှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့်။ (ခ) ပုဒ်မခွဲ (က) ပါ အကျိုးခံစားခွင့်များအနက် အကျိုးခံစားခွင့်နှစ်မျိုးကို ပေးရမည့်ကိစ္စများတွင် ထိုနှစ်မျိုးမှာ ငွေပမာဏမတူလျှင် အကျိုးခံစားခွင့်ရသူအား ထိုအကျိုးခံစားခွင့်များ၏ ငွေပမာဏနှစ်ရပ် အနက် များရာငွေပမာဏကိုပေးရမည်။
အကျိုးခံစားခွင့်များရပ်ဆိုင်းခြင်း
၆၄။ မကျန်းမာမှု၊ မီးဖွားမှုနှင့် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် တစ်ခုခုခံစားနေသော အာမခံထားသူ တစ်ဦးဦးသည် အလုပ်မလုပ်နိုင်ကြောင်း ဆေးသက်သေခံလက်မှတ်ထုတ်ပေးထားသည့် လုပ်ငန်းဌာန တွင်ဖြစ်စေ၊ အခြားလုပ်ငန်းဌာန တစ်ခုခုတွင် ဖြစ်စေ လုပ်ခဖြင့် ဝင်ရောက်လုပ်ကိုင်နေလျှင် ထိုသူအား အဆိုပါအကျိုးခံစားခွင့်များကို ရပ်ဆိုင်းရမည်။
စိုက်ထုတ် ကုန်ကျစရိတ်များ ပြန်လည်ရထိုက်ခွင့်
၆၅။ အလုပ်ရှင်သည်-
(က) အာမခံထားသူအား ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသမှုနှင့် အခြားအကျိုးခံစားခွင့်ရှိသော ကိစ္စများအတွက် လူမှုရေးအရ စိုက်ထုတ်ကုန်ကျထားသည့် စရိတ်များကို ဤဥပဒေအရခွင့်ပြုသော အကျိုးခံစားခွင့်ငွေများအနက်မှ ပြန်လည်ရထိုက်ခွင့်ရှိသည်။
(ခ) အာမခံထားသူအား ဤဥပဒေအရ မကျန်းမာမှု၊ မီးဖွားမှုနှင့် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် တစ်ခုခုပေးနေသည့် ကာလအတွင်း ယင်းအား ထုတ်ပေးထားသောလုပ်ခနှင့် ငွေလက်ငင်းအကျိုးခံစား ခွင့်တို့၏ စုစုပေါင်းမှာ ထိုအာမခံထားသူ သာမန်အားဖြင့်ရရှိသည့် လုပ်ခထက်ပိုလျှင် ထိုပိုငွေကို ဤ ဥပဒေအရခွင့်ပြုသည့် ငွေလက်ငင်းအကျိုးခံစားခွင့်များအနက်မှ နုတ်ယူနိုင်သည်။ ထိုသို့ပို၍ ထုတ်ပေး ထားကြောင်း သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်။
အလုပ်နှင့်စပ်လျဉ်း၍ တားမြစ်ချက်
၆၆။ (က) အလုပ်ရှင်သည် ပုဒ်မ ၆၇ နှင့် ၆၈ တို့အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို အထောက်အထား ပြုလျက်-
(၁) ဤဥပဒေအရ မကျန်းမာမှု အကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့် တစ်ခုခုခံစားနေသော အာမခံထားသူအား ထိုသို့ ခံစားနေသည့်ကာလ အပိုင်းအခြားအတွင်း အလုပ်မှ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်းကိုသော်လည်းကောင်း၊ ထိုသူ၏ လုပ်ခထက်လျော့နည်းသည့်အဆင့်သို့ လျှော့ချခြင်းကို သော်လည်းကောင်း မပြုရ။
(၂) ဤဥပဒေအရ ထည့်ဝင်ကြေးငွေများ ပေးသွင်းရမည့်တာဝန်ကြောင့် မိမိအလုပ်သမား၏ လုပ်ခနှင့် အခကြေးငွေများကို လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းမပြုရ။
(ခ) အာမခံထားသူသည် ပုဒ်မခွဲ(က)ပါတားမြစ်ချက်များကို အလုပ်ရှင်က ဖောက်ဖျက်ကျူးလွန်သည့် အတွက် ထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ တင်ပြနိုင်သည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးခြင်း
၆၇။ (က) အလုပ်ရှင်သည် အာမခံထားသူ မိမိ၏ အလုပ်သမားများအား ဆေးကုသပေးနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်းကမ်းချက်များရယူပြီးနောက် တည်ဆဲဥပဒေနှင့်အညီ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတည်ထောင်ဖွင့်လှစ်၍ မိမိခန့်ထားသော ဆရာဝန်များ၊ သူနာပြုများဖြင့် သတ်မှတ်ချက် များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးနိုင် သည်။
(ခ) လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူ အများအပြားရှိပြီး သတ်မှတ်ထားသည့် ဦးရေနှင့်အထက် ရှိသော လုပ်ငန်းဌာနများတွင် လုပ်သားအင်အား အချိုးအစားအလိုက် ဆေးခန်းများဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်ပေးရမည်။
(ဂ) လူမှုဖူလုံရေးအဖွဲ့သည် ပုဒ်မခွဲ(က) နှင့် (ခ)တို့အရဖွင့်လှစ်သော ဆေးရုံ၊ ဆေးခန်းများတွင် လိုအပ် သော ဆေးဝါးပစ္စည်းများနှင့် ဆရာဝန်များ၊ သူနာပြုများအတွက် ကုန်ကျစရိတ်များကို သတ်မှတ်ချက် များနှင့်အညီ ထောက်ပံ့ရမည်။
၆၈။ လူမှုဖူလုံရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုတို့နှင့် စပ်လျဉ်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ-
(က) ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် ညှိနှိုင်းပြီး လူမှုဖူလုံရေးဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာလုပ်ငန်းတာဝန်များ သတ်မှတ်ပေးရမည်။
(ခ) ဤဥပဒေနှင့် သက်ဆိုင်သောလုပ်ငန်းဌာနများရှိ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ ပညာပေးခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ပြုရမည်။
(ဂ) လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများသို့ ဆေးကုသမှုခံယူရန်လာရောက်သော အာမခံထား သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများပေးရန် ကြပ်မတ်စီစဉ် ဆောင် ရွက်ပေးရမည်။
(ဃ) လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး သဘောတူစာချုပ်များချုပ်ဆို၍ နိုင်ငံပိုင် ဆေးရုံ၊ ဆေးခန်းများတွင်ဆေးကုသပေးခြင်း သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု အတွက် ကုန်ကျစရိတ်ကို သတ်မှတ်ချက်များနှင့်အညီ ကျခံခြင်းပြုနိုင်သည်။
(င) ဌာနဆိုင်ရာဆေးရုံ၊ ဆေးခန်းများ၏ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေး ခန်းများ၏ လုပ်ငန်းရှင်များနှင့်လည်းကောင်း သဘောတူစာချုပ်များ ချုပ်ဆို၍ သတ်မှတ်ချက်များနှင့် အညီ ကျန်မာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုပေးခြင်းကို ခွင့်ပြုနိုင်သည်။
(စ) ကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို စီမံချက်များ ချမှတ်၍ ဆောင်ရွက်ရမည်။
ထည့်ဝင်ကြေးငွေပေးသွင်းရန် ပျက်ကွက်သော်လည်း အကျိုးခံစားခွင့် ဆုံးရှုံးမှုမရှိခြင်း
၆၉။ (က) ပုဒ်မ ၁၆ နှင့် ပုဒ်မ ၄၈ တို့အရ မှတ်ပုံတင်ခဲ့သော အလုပ်ရှင်ကသော်လည်းကောင်း၊ မှတ်ပုံတင်ရန်တာဝန်ရှိသော အလုပ်ရှင်ကသော်လည်းကောင်း ထည်ဝင်ကြေးငွေများပေးသွင်းခြင်း မပြု စေကာမူ သို့မဟုတ် အလုပ်သမား၏လုပ်ခထဲမှ ထည့်ဝင်ကြေးငွေကို နုတ်ယူပေးသွင်းခြင်း မပြုစေကာမူ အာမခံထားသူသည်လည်းကောင်း၊ အာမခံထားသူသေဆုံးပြီးနောက် ထိုသူက အမည်စာရင်းပေးသွင်း ခြင်းခံရသူ သို့မဟုတ် ထိုသို့ အမည်စာရင်းပေးသွင်းခြင်းမရှိခဲ့လျှင် ထိုသူအား မှီခိုသူသည် လည်း ကောင်း ဤဥပဒေပါ အကျိုးခံစားခွင့်များကို ရထိုက်ခွင့်ရှိစေရမည်။
(ခ) ထည့်ဝင်ကြေးငွေ ပေးသွင်းရန် ပျက်ကွက်သည့် အလုပ်ရှင်သည် ပုဒ်မ ၁၇ နှင့် ပုဒ်မ ၅၀ တို့အရ ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေများနှင့် ပုဒ်မ ၈၈ အရ သတ်မှတ်ထားသော ပျက်ကွက်ကြေးကိုပါ ပေးသွင်းရမည့်အပြင် အာမခံထားသူအားပေးရမည့် အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ် အားလုံးကို လည်း ကျခံရမည်။
သက်ဆိုင်ရာလူမှုဖူလုံရေးရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်
၇၀။ (က) ပုဒ်မ ၃၄ အရ သတ်မှတ်သောသက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်ရရှိမည့် အသက်မပြည့်မီ အာမခံထားသူက မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်ခြင်း သို့မဟုတ် ဤဥပဒေနှင့် မသက်ဆိုင်သည့် အခြားလုပ်ငန်းဌာန တစ်ခုခုသို့ ပြောင်းရွှေ့ခြင်းပြုသောအခါ-
(၁) အာမခံထားသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုး ခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ အထိ ပေးသွင်း ပြီးဖြစ်လျှင် ထိုအာမခံထားသူ ထည့်ဝင်ကြေးပေးသွင်းခဲ့သော ကာလတွင်ရရှိခဲ့သည့် ပျမ်းမျှလုပ်ခတစ် လစာ၏ ၁၂ ဆ ကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိသည်။
(၂) အာမခံထားသူသည် ထည့်ဝင်ကြေးငွေကို လပေါင်း ၁၈၀ ထက်ပို၍ပေးသွင်းထားလျှင် ပုဒ်မခွဲ ငယ်(၁) ပါ ခံစားခွင့်များအပြင် ထိုကာလအတွင်း အလုပ်ရှင်က ထည့်ဝင်ခဲ့သည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုသို့ မိမိကပို၍ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေတို့ကို သတ်မှတ်ချက်များနှင့် အညီ အတိုးနှင့်အကွ ထိုရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
(၃) အာမခံထားသူသည် ပုဒ်မခွဲငယ် (၁) ပါ ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို ၃၆ လ အထက်မှ လပေါင်း ၁၈၀ အောက် ပေးသွင်းထားပါက အလုပ်ရှင်က မိမိအတွက်အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစား ခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ရန်ပုံငွေသို့ ပေးသွင်းထား သည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်းနှင့် ထိုကာလအတွင်း မိမိကထည့်ဝင်ခဲ့သည့် ထည့်ဝင်ကြေးငွေ တို့ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည် ထုတ်ယူခွင့်ရှိသည်။
(၄) အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့် နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ အာမခံထားသူအတွက် မိမိက ၃၆ လနှင့်အထက် ပေးသွင်း ထားသည့် ထည့်ဝင်ကြေးငွေများ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
(ခ) အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် အာမခံထားသူအမြဲတမ်း လုံးဝမသန်စွမ်းခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်သည့်အခါ-
(၁) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ ၃၆ လနှင့်အထက် အာမခံထားသူက ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ ကိုလည်းကောင်း၊ အလုပ်ရှင်က ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၄၀ ရာခိုင်နှုန်း ကိုလည်း ကောင်း အာမခံထားသူကဖြစ်စေ၊ ထိုသူမသေဆုံးမီ အမည်စာရင်းပေးသွင်းခြင်း ခံရသူကဖြစ်စေ၊ ထိုသို့ အမည်စာရင်းပေးသွင်းခြင်းမရှိခဲ့လျှင် အာမခံထားသူအား မှီခိုသူကဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
(၂) အလုပ်ရှင်သည် အာမခံထားသူအတွက် ပုဒ်မခွဲငယ်(၁)ပါ ရန်ပုံငွေသို့ မိမိက ၃၆ လနှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ထိုရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
(ဂ) အာမခံထားသူက မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်ခြင်း၊ ဤဥပဒေနှင့် မသက်ဆိုင်သည့် အခြားလုပ်ငန်းဌာန တစ်ခုခုသို့ ပြောင်းရွှေ့ခြင်း၊ သက်ပြည့်အငြိမ်းစားယူခြင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိခြင်း၊ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းလုံးဝ မသန်စွမ်းခြင်း သို့မဟုတ် မည်သည့်အကြောင်း ကြောင့်မဆို သေဆုံးခြင်းဖြစ်သည့်အခါ-
(၁) ထိုအာမခံထားသူသည်လည်းကောင်း၊ အာမခံထားသူသေဆုံးပြီးနောက် ထိုသူက အမည်စာရင်းပေး သွင်းခြင်းခံရသူ သို့မဟုတ် ထိုသို့အမည်စာရင်း ပေးသွင်းခြင်းမရှိခဲ့လျှင် ထိုသူအား မှီခိုသူသည်လည်း ကောင်း အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေသို့ အာမခံထားသူက ၃၆ လနှင့်အထက် ပေးသွင်းထား သည့် ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
(၂) အလုပ်ရှင်သည် ထိုအာမခံထားသူအတွက် အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၃၆ လ နှင့်အထက် ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်။
(ဃ) လူမှုဖူလုံရေး အိမ်ရာစီမံကိန်းရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေပေးသွင်းထားသူသည် အိမ်ရာနှင့် စပ်လျဉ်းသည့် အကျိုး ခံစားခွင့် တစ်စုံတစ်ရာမရရှိမီ အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်ပါက အာမခံထားသူကဖြစ်စေ၊ ထိုအာမခံထားသူသေဆုံးပါက ထိုသူမသေဆုံးမီ အမည်စာရင်း ပေးသွင်းခြင်း ခံရသူကဖြစ်စေ၊ ထိုသို့အမည်စာရင်း ပေးသွင်းခဲ့ခြင်းမရှိခဲ့လျှင် အာမခံထားသူအား မှီခိုသူကဖြစ်စေ ထိုအာမခံထားသူက လူမှုဖူလုံရေးအိမ်ရာစီမံကိန်းရန်ပုံငွေသို့ ပေးသွင်းခဲ့သော ထည့်ဝင်ကြေးငွေအားလုံး ကို သတ်မှတ်ချက်များနှင့်အညီ အတိုးနှင့်တကွ ပြန်လည်ထုတ်ယူခွင့်ရှိသည်-
(၁) သက်ပြည့်အငြိမ်းစားယူခြင်း၊
(၂) အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှုဖြစ်ခြင်း၊
(၃) အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းလုံးဝ မသန်စွမ်းခြင်း၊
(၄) အလုပ်မှ နုတ်ထွက်ခြင်း၊ အလုပ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် သေဆုံးခြင်း။
အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍ တားမြစ်ချက်
၇၁။ မည်သူမျှ-
(က) ဤဥပဒေနှင့်အညီပေးသည့် အကျိုးခံစားခွင့်များကို ဝရမ်းကပ်ခြင်းသော်လည်းကောင်း၊ လူမှုဖူလုံ ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်း သို့မဟုတ် လက်ခံခြင်းသော်လည်းကောင်း မပြုရ။
(ခ) လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို မရိုးမဖြောင့်သော သဘောဖြင့် တောင်းဆိုခြင်းမပြုရ။
ကျန်ရစ်သူ အကျိုးခံစားခွင့်
၇၂။ အကျိုးခံစားခွင့် ရထိုက်ခွင့်ရှိသော အာမခံထားသူသေဆုံးလျှင် ထိုသေဆုံးသည့်နေ့ရက်အထိ မပေး ရသေးသော အကျိုးခံစားခွင့်ကို အာမခံထားသူက အမည်စာရင်းပေးသွင်းခြင်း ခံရသူသည်လည်း ကောင်း၊ ထိုသို့ အမည်စာရင်းပေးသွင်းခြင်းမရှိခဲ့လျှင် ထိုသူအားမှီခိုသူသည်လည်းကောင်း သတ်မှတ် ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
အကျိုးခံစားခွင့်များ တောင်းဆိုရမည့်ကာလ ကန့်သတ်ချက်
၇၃။ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့မှ ခံစားခွင့်ရှိသူအား ပေးသည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍-
(က) တောင်းဆိုပိုင်ခွင့်ရှိသူသည် အကျိုးခံစားခွင့်အတွက် အရစ်ကျဖြစ်စေ၊ လစဉ်ဖြစ်စေ ပေးရန်ခွင့်ပြု ပါကထုတ်ယူခွင့်ရှိသည့်နေ့မှစ၍ အောက်ပါကာလအတွင်း သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ အထောက်အထားများပူးတွဲ၍ တောင်းဆိုရမည်-
(၁) သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်ကို အာမခံထားသူ ပုဒ်မ ၃၄ အရ သတ်မှတ်သော အငြိမ်းစားယူရန် အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်၊
(၂) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်ထုတ်ပေးသည့်နေ့မှစ၍ တစ်နှစ်၊
(၃) အလုပ်ကို အကြောင်းပြု၍မဟုတ်ဘဲ သေဆုံးမှုအတွက်ကျန်ရစ်သူ အကျိုးခံစားခွင့်ကို အာမခံထားသူ သေဆုံးသည့် နေ့မှစ၍ တစ်နှစ်၊
(၄) အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်ကို အာမခံထားသူ ထိခိုက်သည့်နေ့ သို့မဟုတ် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် ကာလကုန်ဆုံးသည့် နေ့မှစ၍ တစ်နှစ်၊
(၅) အလုပ်ကိုအကြောင်းပြု၍ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ကို အာမခံထားသူ သေဆုံးသည့် နေ့မှစ၍ တစ်နှစ်၊
(ခ) ပုဒ်မခွဲ (က) ပါ အကျိုးခံစားခွင့်များမှအပ ဤဥပဒေပါ ကျန်အကျိုးခံစားခွင့်များအတွက် တောင်း ဆိုသင့်သည့်နေ့မှစ၍ သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ အထောက်အထားများ ပူးတွဲ ၍ တောင်းဆိုရမည်။
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ)တို့အရ သတ်မှတ်ထားသည့် ကာလကျော်လွန်သော်လည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြတောင်းဆို နိုင်သည်။ ခိုင်လုံသောအကြောင်းပြချက်မရှိပါက တောင်းဆိုခွင့် မရှိစေရ။
ထည့်ဝင်ကြေးငွေနှင့် အကျိုးခံစားခွင့် မှတ်တမ်းများထားရှိခြင်းနှင့် တင်ပြခြင်း
၇၄။ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းဌာနအသီးသီး၏ အလုပ်ရှင်သည် မိမိနှင့် မိမိ၏ အာမခံထားသူ အလုပ်သမားများအတွက် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစား ခွင့် ရန်ပုံငွေများသို့ ထည့်ဝင်ကြေးငွေများ ပေးသွင်းသော မှတ်တမ်းထားရှိခြင်း၊ အာမခံထားသူတစ်ဦးချင်း အလိုက်ရရှိသော အကျိုးခံစားခွင့်များကို မှတ်တမ်းထားရှိခြင်းနှင့် အာမခံထားသူ တစ်ဦးချင်းစီအတွက် ငွေစာရင်းဖွင့်လှစ် ထားရှိခြင်းတို့ကို ပြုလုပ်ရမည်။ ထိုမှတ်တမ်းနှင့် စာရင်းများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။
အလုပ်မှတ်တမ်းနှင့် စာရင်းများထားရှိခြင်း
၇၅။ ဤဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းဌာနများ၏ အလုပ်ရှင်သည်-
(က) အောက်ပါမှတ်တမ်းနှင့် စာရင်းများကို မှန်ကန်စွာပြုစုထားရှိပြီး သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်-
(၁) အလုပ်သမားများ နေ့စဉ်အလုပ်တက်ဆင်း မှတ်တမ်းနှင့် စာရင်းများ၊
(၂) အလုပ်သမား အသစ်ခန့်ထားခြင်း၊ အလုပ်သမားအား အလုပ်ပြောင်းလဲ၍ အလုပ်လုပ်စေခြင်း၊ အလုပ်ရပ်စဲခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းနှင့် အလုပ်မှ နုတ်ထွက်ခြင်းမှတ်တမ်းများ၊
(၃) အလုပ်သမားအား ရာထူးတိုးမြှင့်ပေးခြင်းနှင့် လုပ်ခပေးခြင်း မှတ်တမ်းများ၊
(၄) အလုပ်ရှင်၊ မန်နေဂျာနှင့် အုပ်ချုပ်သူတို့၏မှတ်တမ်းနှင့်စာရင်းများ၊ ယင်းတို့အပြောင်းအလဲ မှတ်တမ်းများ။
(ခ) အောက်ပါကိစ္စများပေါ်ပေါက်ပါက သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်-
(၁) အလုပ်သမားဦးရေ ပြောင်းလဲခြင်းနှင့် လုပ်ငန်းဌာနနေရပ်လိပ်စာ ပြောင်းလဲခြင်းများ၊
(၂) အလုပ်ရှင် ပြောင်းလဲခြင်း၊ လုပ်ငန်းပြောင်းလဲခြင်း၊ အလုပ်ရပ်ဆိုင်းခြင်းနှင့် အလုပ်ပိတ်သိမ်းခြင်း များ၊
(၃) အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့်ရောဂါရခြင်းများ။
(ဂ) အလုပ်မှတ်တမ်းနှင့် စာရင်းများကို ဤဥပဒေအရ လူမှုဖူလုံရေးရုံးချုပ်နှင့် ဒေသဆိုင်ရာ လူမှုဖူလုံ ရေးရုံး အဆင့်ဆင့်တို့က တာဝန်ပေးအပ်သော စစ်ဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိက တောင်းဆိုသည့် အခါ တင်ပြရမည်။
စုံစမ်းစစ်ဆေးခြင်း
၇၆။ လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှုအာမခံ အကျိုးခံစားခွင့်နှင့် စပ်လျဉ်း၍-
(က) လူမှုဖူလုံရေးအဖွဲ့သည် အလုပ်ရှင်များက ဤဥပဒေအရထားရှိရမည့် အလုပ်မှတ်တမ်းနှင့် စာရင်း များကို စနစ်တကျထားရှိခြင်း ရှိ မရှိ၊ လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေများသို့ ထည့်ဝင်ကြေး ပေးသွင်းသော မှတ်တမ်းများထားရှိခြင်း ရှိ မရှိ၊ မှန်ကန်စွာ ပေးသွင်းခြင်း ရှိ မရှိ၊ အာမခံထားသူ တစ်ဦးချင်းအလိုက် ငွေစာရင်းများ ဖွင့်လှစ်ထားခြင်း ရှိ မရှိ၊ အာမခံထားသူ အလုပ်သမားများက လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်များကို မှန်ကန်စွာ ထုတ်ယူရ ရှိခြင်း ရှိ မရှိ နှင့် သတ်မှတ်ထားသော အစီရင်ခံစာများတင်ပြခြင်း ရှိ မရှိတို့ကို သိရှိနိုင်ရန်နှင့် ဖြေရှင်း ဆုံးဖြတ်နိုင်ရန် အလို့ငှာ သက်ဆိုင်ရာလုပ်ငန်းဌာနသို့ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သင့်လျော်သော ပုဂ္ဂိုလ်ကိုဖြစ်စေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ဖြစ်စေ စုံစမ်းစစ်ဆေး စေခြင်းပြုနိုင်သည်။
(ခ) လူမှုဖူလုံရေးအဖွဲ့ကဖြစ်စေ၊ ယင်းအဖွဲ့က တာဝန်ပေးခြင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် စုံစမ်းစစ်ဆေး ရေးအဖွဲ့က ဖြစ်စေလိုအပ်ပါကသက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားများကို လည်းကောင်း၊ စုံစမ်း စစ်ဆေးရာတွင် လိုအပ်သော အခြားပုဂ္ဂိုလ်များကိုလည်းကောင်း ဆင့်ဆိုစစ်မေးခြင်းနှင့် သက်သေခံစာ တမ်း အမှတ်အသားများကို တင်ပြစေခြင်းတို့ ပြုနိုင်သည်။
(ဂ) လူမှုဖူလုံရေးအဖွဲ့ကဖြစ်စေ၊ ယင်းအဖွဲ့က တာဝန်ပေးခြင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် စုံစမ်းစစ်ဆေး ရေးအဖွဲ့ကဖြစ်စေ လိုအပ်ပါက လုပ်ငန်းဌာနအတွင်း ဝင်ရောက်စစ်ဆေးခြင်း ပြုနိုင်သည်။
အလုပ်ရှင်များ၏ တာဝန်နှင့် စပ်လျဉ်း၍ တားမြစ်ချက်များ
၇၇။ လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်နှင့် သက်ဆိုင်သော လုပ်ငန်းဌာန၏ မည်သည့်အလုပ်ရှင်မျှ-
(က) ပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၅၊ ပုဒ်မခွဲ (က) တို့ပါ မှတ်တမ်းများကို မမှန်မကန် ပြုစုထားရှိခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းမပြုရ။
(ခ) သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ အလုပ်သမားဦးရေနှင့် ထည့်ဝင်ကြေးငွေတို့နှင့် စပ်လျဉ်း၍ မမှန်မကန်တင်ပြ အစီရင်ခံ ခြင်းမပြုရ။
(ဂ) ဤဥပဒေအရ ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့၏ တာဝန်ပေးအပ်ချက်အရ ဖြစ်စေ စစ်ဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိက ထိုမှတ်တမ်းများ၊ အစီရင်ခံစာများ နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများကို တင်ပြရန် တောင်းဆိုသည့်အခါ ငြင်းဆိုခြင်းမပြုရ။
(ဃ) ဤဥပဒေအရဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့၏ တာဝန်ပေးအပ်ချက်အရဖြစ်စေ၊ ဒေသဆိုင်ရာ လူမှုဖူလုံရေးရုံးအဆင့်ဆင့်၏ တာဝန်ပေးအပ်ချက်အရဖြစ်စေ စစ်ဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိက ဆင့်ခေါ်သည့်အခါ လာရောက်ရန် ပျက်ကွက်ခြင်း မရှိစေရ။
ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို အရကောက်ခံခြင်း
၇၈။ (က) လူမှုဖူလုံရေးအဖွဲ့က တာ၀န်ပေးအပ်သော အရာရှိသည် ပုဒ်မ ၁၇၊ ၅၀ နှင့် ၈၈ တို့အရ ပေးသွင်းရန် ပျက်ကွက်သည့် ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် ပျက်ကွက်လျှင် ဖြစ်စေ၊ ပုဒ်မ ၆၉၊ ပုဒ်မခွဲ (ခ) အရ ကျခံရမည့် အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ်များကို ပေးသွင်းရန်ပျက်ကွက်လျှင်ဖြစ်စေ မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ လည်းကောင်း၊ တရားမမှုတွင် ဒီကရီကို အတည်ပြုသကဲ့သို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ လိုအပ်သော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အရကောက်ခံရမည်။
(ခ) ပုဒ်မခွဲ (က) အရ ကောက်ခံရရှိမှုကို စီမံခန့်ခွဲရာတွင် လူမွဲအဖြစ်ခံယူခြင်း အက်ဥပဒေအရဖြစ်စေ၊ မြန်မာကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီကိုလည်းကောင်း၊ အစုစပ်လုပ်ငန်းအက်ဥပဒေအရ အစုစပ် လုပ်ငန်းကိုလည်းကောင်း ဖျက်သိမ်းသည့် အခါတွင်ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ရရန်ရှိသည့် ကြွေးမြီများထက် လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေအတွက် ဦးစားပေး၍ ရထိုက်ခွင့် ရှိစေရမည်။
(ဂ) ပုဒ်မခွဲ (က) နှင့်အညီ ကောက်ခံခြင်းခံရသည့် ငွေပေးသွင်းရန် ပျက်ကွက်သူသည် ထိုသို့ အရကောက် ခံနေသည့် ကာလအတွင်း မိမိပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတို့ကို ဖျောက်ဖျက်ခြင်းကိုသော်လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ သို့မဟုတ် ယင်းအဖွဲ့က တာဝန်ပေးအပ်သော အရာရှိ၏ ခွင့်ပြုချက်မရှိဘဲ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းကိုသော်လည်းကောင်း မပြုရ။
အခန်း(၈)
လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ကို ထူထောင်ထိန်းသိမ်းခြင်း
၇၉။ (က) လူမှုဖူလုံရေးအဖွဲ့သည် ဤဥပဒေပါ ရည်ရွယ်ချက်များကိုအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အလို့ငှာ လူမှုဖူလုံရေး ရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတို့ကို ထူထောင်၍ ထိန်းသိမ်းထားရှိရမည်။
(ခ) လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်ရမည်။
(ဂ) လူမှုဖူလုံရေးရန်ပုံငွေကို အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးငွေများဖြင့်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကခွင့်ပြုသည့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့် လည်း ကောင်း ထူထောင်ရမည်။
(ဃ) အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေကို အလုပ်ရှင်များ၏ ထည့်ဝင်ကြေးငွေများဖြင့် လည်း ကောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့်လည်းကောင်း ထူထောင်ရမည်။
(င) ထူထောင်ထားသည့် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့ကို နိုင်ငံတော်ဘဏ်တစ်ခုခုတွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က ညွှန်ကြားသည့်အခြားဘဏ်တစ်ခုခုတွင်ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ဘဏ်စာရင်းဖွင့်၍ အပ်နှံထားရမည်။
(စ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့တွင် ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ပါ ထည့်ဝင်ကြေးငွေနှင့် ထောက်ပံ့ငွေများအပြင် အောက်ပါတို့လည်းပါဝင်သည်-
(၁) ရန်ပုံငွေမှ ငွေစုဆောင်းမှု၊ အပ်နှံမှုနှင့် ချေးငှားမှုများမှ ရရှိသော အတိုးငွေများ၊
(၂) ဤဥပဒေအရ ချမှတ်သည့် ပျက်ကွက်ကြေးများ၊
(၃) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ တိုးပွားငွေများ၊
(၄) ပြည်တွင်း ပြည်ပမှ စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းသည့်ငွေများ။
၈၀။ လူမှုဖူလုံရေးအဖွဲ့၏ ငွေစာရင်းတွင် အောက်ဖော်ပြပါ အဓိကရန်ပုံငွေ နှစ်ရပ် ပါဝင်ရမည်-
(က) လူမှုဖူလုံရေး ရန်ပုံငွေ-
(၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေ၊
(၂) မိသားစု ထောက်ပံ့မှုရန်ပုံငွေ၊
(၃) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေ၊
(၄) အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရန်ပုံငွေ၊
(၅) လူမှုဖူလုံရေး အိမ်ရာစီမံကိန်း ရန်ပုံငွေ၊
(၆) ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) နှင့် (၆)တို့အရ သတ်မှတ်သော အခြားလူမှုဖူလုံရေးရန်ပုံငွေ။
(ခ) အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေ။
၈၁။ လူမှုဖူလုံရေးအဖွဲ့သည် ပုဒ်မ ၈၀ အရ ဘဏ်ငွေစာရင်းဖွင့်လှစ်ထိန်းသိမ်းထားသော ရန်ပုံငွေများကို အာမခံထားသူများ အကျိုးအတွက် လိုအပ်ပါက ရန်ပုံငွေခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်း ပြုနိုင်သည်။
၈၂။ (က) လူမှုဖူလုံရေးအဖွဲ့သည် သတ်မှတ်ထားသည့်ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ-
(၁) မိမိ၏ ရန်ပုံငွေကို ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ်တို့နှင့် သက်ဆိုင်ရာ အကျိုးခံစားခွင့်များနှင့် စီမံခန့်ခွဲရေးကိစ္စများအတွက်သာ သုံးစွဲခွင့်ရှိသည်။
(၂) နိုင်ငံခြားသုံးငွေ ရရှိပါက ထိုနိုင်ငံခြားသုံးငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ်တို့နှင့် သက်ဆိုင်ရာ အကျိုးခံစားခွင့်များနှင့် စီမံခန့်ခွဲရေးကိစ္စများအတွက်သာ သုံးစွဲခွင့်ရှိသည်။
(ခ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့သည် အာမခံထားသူ အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အတွက် ထည့်ဝင် စုဆောင်း ထားသောငွေ ဖြစ်သဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ရငွေအဖြစ် လွှဲပြောင်းပေးသွင်းခြင်းမပြုရ။
၈၃။ လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့ကို နည်းလမ်းတကျ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် စစ်ဆေးခြင်း ပြုနိုင်ရန်အလို့ငှာ ငွေစာရင်း လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်း၍ ရေးဆွဲပြီး ယင်းလုပ်ထုံးလုပ်နည်းများနှင့် အညီ ငွေစာရင်းများကို ပြုစုထိန်းသိမ်းထားရှိရမည်။
၈၄။ လူမှုဖူလုံရေးအဖွဲ့သည် ပုဒ်မ ၇၉ နှင့် ပုဒ်မ ၈၀ တို့အရ ထူထောင်ထားသည့် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေတို့ကို တိုးပွားစေရေးအတွက် လတ်တလော အသုံးပြုရန် မလိုသေးသည့် ရန်ပုံငွေဖြင့် တည်ဆဲဥပဒေနှင့် ညီညွတ်ပြီး အကျိုးအမြတ်ရရှိနိုင်မည့် အောက်ပါလုပ်ငန်း ကိစ္စတို့ကို ဆောင်ရွက်နိုင်သည်-
(က) နိုင်ငံတော်ဘဏ် တစ်ခုခုတွင်ဖြစ်စေ၊ အခြားဘဏ်တစ်ခုခုတွင်ဖြစ်စေ ငွေအပ်နှံခြင်း၊ စုဆောင်း ခြင်း၊ ငွေစုလက်မှတ် ဝယ်ယူခြင်းနှင့် ငွေချေးသက်သေခံလက်မှတ် ဝယ်ယူခြင်း၊
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုခုကို လုပ်ကိုင်ခြင်းနှင့် အရင်းအနှီး ထည့်ဝင်ခြင်း၊
(ဂ) ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူများအား သင့်လျော်သော စည်းကမ်းချက်များဖြင့် အတိုးသတ် မှတ်၍ ချေးငွေများ ထုတ်ချေးခြင်း၊
(ဃ) စီမံကိန်းများချမှတ်၍ လူမှုဖူလုံရေး အိမ်ရာများ တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံခြင်း၊
(င) လူမှုဖူလုံရေးအဖွဲ့ပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ငှားရမ်း ခြင်း၊ အသုံးမလိုသည့် ထိုပစ္စည်းတစ်ခုခုကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊
(စ) လူမှုဖူလုံရေးအဖွဲ့၏ အကျိုးအတွက် အခြားလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ခြင်း။
၈၅။ လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့နှင့် စပ်လျဉ်း၍ လာမည့်ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းခြေရငွေနှင့် သုံးငွေများကို ဖော်ပြသည့် ရသုံးမှန်းခြေ ငွေစာရင်းကို ပြုစုပြီး အလုပ်သမားဝန်ကြီးဌာနမှ တဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။
အခန်း(၉)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ထောက်ပံ့ခြင်း
၈၆။ အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများတွင် ဝန်ထမ်းများ ကို ခန့်အပ်တာဝန်ပေးပြီး ၎င်းတို့၏ လစာ၊ စရိတ်၊ ပင်စင်လစာနှင့် အခြားခံစားခွင့်များကို အစိုးရဝန် ထမ်းများနှင့် သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ပြုရမည်။
၈၇။ (က) လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေ တို့ဖြင့်ရပ်တည်၍ ထိုရန်ပုံငွေတို့မှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှုမရှိပါက အကျိုး အကြောင်းဖော်ပြ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း သို့မဟုတ် ချေးငွေများ ထုတ်ချေးခြင်းပြုနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ တောင်းခံနိုင်သည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) အရ တင်ပြတောင်းခံချက်နှင့် စပ်လျဉ်း၍စိစစ်ပြီး သင့်လျော်သော ငွေပမာဏကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း သို့မဟုတ် သင့်လျော်သည့် စည်းကမ်းချက်များဖြင့် ချေးငွေများ ထုတ်ချေးခြင်းပြုနိုင်သည်။
(ဂ) အလုပ်သမားဝန်ကြီးဌာနသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲသည့်ငွေ၊ ထည့်ဝင်ငွေ၊ ထောက်ပံ့ငွေတို့နှင့် စပ်လျဉ်း၍ နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူပြီး လူမှုဖူလုံရေးအဖွဲ့အား စီမံခန့်ခွဲစေရမည်။
(ဃ) လူမှုဖူလုံရေးအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲသည့်ငွေ၊ ထည့်ဝင်ငွေ၊ ထောက်ပံ့ ငွေတို့နှင့်စပ်လျဉ်း၍ ပုံမှန်စာရင်းစစ်ဆေးမှု ပြုလုပ်ရမည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကိုလည်း ခံယူရမည်။ ထို့ပြင် နှစ်စဉ် စာရင်းစစ်ဆေးချက် အစီရင်ခံစာကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြရမည်။
(င) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (င) ၊ ပုဒ်မခွဲငယ် (၁) နှင့် ပုဒ်မ ၈၄၊ ပုဒ်မခွဲ (ဃ)တို့ အရ အကောင်အထည်ဖော် ဆောင်ရွက်မည့် လူမှုဖူလုံရေး အိမ်ရာစီမံကိန်းများအတွက် မြေနေရာနှင့် စပ်လျဉ်း၍ လူမှုဖူလုံရေးအဖွဲ့၏ တင်ပြတောင်းခံချက်အပေါ် အစိုးရကစီမံခန့်ခွဲသောမြေများမှ သင့်လျော် သည့် မြေကွက်များကို စည်းကမ်းချက်များသတ်မှတ်၍ သုံးစွဲခွင့်ပြုနိုင်သည်။ ထို့ပြင် ပြည်ထောင်စု အစိုး ရအဖွဲ့သည် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လိုအပ်သလို ထောက်ပံ့ ပေးနိုင်သည်။
အခန်း(၁၀)
စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ခြင်းနှင့် အယူခံခြင်း
ထည့်ဝင်ကြေးငွေပေးသွင်းရန် ပျက်ကွက်မှုအတွက် ပျက်ကွက်ကြေး
၈၈။ (က) ဤဥပဒေအရ ထည့်ဝင်ကြေးငွေပေးရန် တာဝန်ရှိသော အလုပ်ရှင်သည်-
(၁) သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင် ကြေးငွေပေးသွင်းရန် ပျက်ကွက်လျှင် ပျက်ကွက်သည့်လအတွက် ထည့်ဝင်ကြေးငွေအပြင် ထည့်ဝင် ကြေးငွေ၏ ၁၀ ရာခိုင်နှုန်းကို ပျက်ကွက်ကြေးအဖြစ် ထပ်ဆောင်း၍ သတ်မှတ်ချက်များနှင့်အညီ ပေး သွင်းရမည်။ ထို့ပြင် ထည့်ဝင်ကြေးငွေပေးသွင်းရန် ဆက်လက်၍ ပျက်ကွက်နေလျှင် ပျက်ကွက်သည့်လ အသီးသီးအတွက် ဖော်ပြပါပျက်ကွက်ကြေးကို ထပ်ဆောင်း၍ ပေးသွင်းရမည်။
(၂) သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ အာမခံထား သူအလုပ်သမား၏လုပ်ခကို လျှော့ပြပြီး ပေးသွင်းရမည့်ထည့်ဝင်ကြေးငွေကို လျှော့၍ ပေးသွင်းလျှင် သော်လည်းကောင်း၊ အလုပ်သမားဦးရေကိုထိမ်ချန်၍ ထည့်ဝင်ကြေးငွေပေးသွင်း လျှင်သော်လည်း ကောင်း၊ အလုပ်သမား၏လုပ်ခထဲမှ နုတ်ယူထားသည့် ထည့်ဝင်ကြေးငွေကို ပေးသွင်းရန် ပျက်ကွက် လျှင်သော်လည်းကောင်း ပုဒ်မခွဲငယ် (၁) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပျက်ကွက်သည့်လအတွက် လျော့နည်းသည့် ထည့်ဝင်ကြေးငွေ သို့မဟုတ် နုတ်ယူထားသည့် ထည့်ဝင်ကြေးငွေတို့အပြင် လျော့နည်း ၍ ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေ၏ ၁၀ ရာခိုင်နှုန်းကို ပျက်ကွက်ကြေးအဖြစ် သက်ဆိုင်ရာ ရန်ပုံ ငွေသို့ သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းရမည်။ ထိုသို့ ပေးသွင်းရန်ဆက်လက်၍ ပျက်ကွက်နေလျှင် ပျက်ကွက်သည့် လအသီးသီးအတွက် ဖော်ပြပါ ပျက်ကွက်ကြေးကို ထပ်ဆောင်း၍ ပေးသွင်းရမည်။
(ခ) သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသည် ပုဒ်မခွဲ (က) အရ ပေးသွင်းရန်ရှိသော ထည့်ဝင်ကြေးငွေ နှင့် ပျက်ကွက်ကြေးတို့ကို တွက်ချက်ပြီး သတ်မှတ်သည့် နေ့ရက်အတွင်းပေးသွင်းရန် သက်ဆိုင်ရာ အလုပ်ရှင်ထံသို့ အကြောင်းကြားရမည်။ ထို့ပြင် ပေးသွင်းသည့် ငွေကြေးများကို သက်ဆိုင်ရာ ရန်ပုံငွေသို့ ပေးသွင်းစေရမည်။
အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ခြင်း
၈၉။ (က) အောက်ဖော်ပြပါ ကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော အငြင်းပွားမှုများကို ဖြေရှင်း ဆုံးဖြတ်ပေးရန် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ တင်ပြနိုင်သည်-
(၁) လုပ်ငန်းဌာန တစ်ခုခုသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း ရှိ မရှိ ကိစ္စ၊
(၂) အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း ရှိ မရှိ ကိစ္စ၊
(၃) ဤဥပဒေအရ ထည့်ဝင်ကြေးပေးရန် တာဝန်နှင့် ထည့်ဝင်ကြေးငွေ၊ ပျက်ကွက်ကြေးငွေ ပမာဏနှင့် စပ်လျဉ်းသည့် ကိစ္စ၊
(၄) အကျိုးခံစားခွင့်များ ရထိုက်ခွင့် ရှိ မရှိ ကိစ္စ၊
(၅) အကျိုးခံစားခွင့်အပြည့်အဝ ရ မရ နှင့် ငွေကြေးအကျိုးခံစားခွင့် ပမာဏ သို့မဟုတ် ယင်းအကျိုး ခံစားခွင့်ပေးသည့် နည်းလမ်းတို့နှင့်စပ်လျဉ်းသည့်ကိစ္စ၊
(၆) အလုပ်ရှင်က ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သည့်အတွက် ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ အာမခံထားသူက တင်ပြသည့်ကိစ္စ။
(ခ) ပုဒ်မခွဲ (က) ပါ အငြင်းပွားမှုများအနက် လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် တစ်ရပ်ရပ်နှင့် သက်ဆိုင်သော အငြင်းပွားမှုကိုလည်းကောင်း၊ အလုပ်ရှင်က ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သည့်အတွက် ထိခိုက်နစ်နာမှုနှင့် သက်ဆိုင်သော အငြင်းပွားမှု ကိုလည်းကောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် အငြင်းပွားသူများကို ဆင့်ခေါ်၍ သတ်မှတ်ချက်များနှင့်အညီ ဦးစွာစေ့စပ်ညှိနှိုင်းပြီး နှစ်ဖက်သဘောတူ ဖြေရှင်းပေးရမည်။
(ဂ) မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် ပုဒ်မခွဲ (ခ) အရ စေ့စပ်ညှိနှိုင်းပြီး နှစ်ဖက်သဘောတူ ဖြေရှင်းပေးသော်လည်း ပြေလည်မှုမရရှိသည့် ကိစ္စကိုလည်းကောင်း၊ ပုဒ်မခွဲ (က) ပါ အငြင်းပွားမှုကိစ္စ တစ်ရပ်ရပ်ကိုလည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး သင့်လျော်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်နိုင်ရန် ထိုစုံစမ်းစစ်ဆေးချက်များကို သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံးသို့ တင်ပြရမည်။
(ဃ) ပုဒ်မခွဲ (က) ပါ အငြင်းပွားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ တရားမ ကြောင်းအရ တရားစွဲဆိုခွင့် မရှိစေရ။ သို့ရာတွင် ကျန်ရစ်သော မှီခိုသူများမှ တရားဝင် အမွေဆက်ခံ သူများ ဟုတ် မဟုတ်ကိုလည်းကောင်း၊ ထိုသူတို့က တရားဝင်အကျိုးဆက်ခံခွင့် ရှိ မရှိကိုလည်းကောင်း အငြင်းပွားမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်စေရမည်။
၉၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံးသည်-
(က) ပုဒ်မ ၈၉၊ ပုဒ်မခွဲ (ဂ) အရ တင်ပြချက်ကို စိစစ်ပြီးလိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ထပ်မံပြု လုပ်ခြင်း သို့မဟုတ် ထပ်မံပြုလုပ်စေခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ အငြင်းပွားသူများအား ထုချေဖြေရှင်းခွင့် ပေးခြင်းနှင့် နှစ်ဖက်ကြားနာခြင်းများပြုပြီး အငြင်းပွားမှုနှင့်စပ်လျဉ်း၍ သင့်လျော်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကိုချမှတ် နိုင်သည်။
လူမှုဖူလုံရေး အယူခံခုံအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အယူခံခြင်း
၉၁။ (က) လူမှုဖူလုံရေးအဖွဲ့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဖူလုံရေးရုံး၏ ဆုံးဖြတ်ချက် အပေါ် အယူခံမှုကို ကြားနာနိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် လူမှုဖူလုံရေး အယူခံခုံအဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မ ၉၀၊ ပုဒ်မခွဲ (ခ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် လူမှုဖူလုံရေး အယူခံခုံအဖွဲ့သို့ ထိုဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။
(ဂ) လူမှုဖူလုံရေး အယူခံခုံအဖွဲ့သည် ပုဒ်မခွဲ (ခ) အရ အယူခံမှုကို စိစစ်ကြားနာပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဖူလုံရေးရုံး၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်စေပြီး ပြန်လည်တင်ပြစေကာ ဆုံးဖြတ်ခြင်း ပြုနိုင်သည်။
ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးပေးသွင်းရန် တမင်ပျက်ကွက်မှုအတွက် တရားစွဲဆိုခြင်း
၉၂။ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသည် အလုပ်ရှင်က ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများ ကိုပေးသွင်းရန် တမင်ပျက်ကွက်ကြောင်း တွေ့ရှိရသည့်အခါ အောက်ပါအချက် တစ်ရပ်ရပ်ပေါ်ပေါက်ပါ က ထိုပျက်ကွက်သည့် အလုပ်ရှင်အား သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုနိုင်သည်-
(က) ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများပေးသွင်းရန် ပျက်ကွက်သည့်အတွက် မြို့နယ် လူမှုဖူလုံ ရေးရုံးက နောက်ဆုံးထား၍ ပေးသွင်းရန်သတ်မှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်က ပေးသွင်းမှုမရှိခြင်း၊
(ခ) ပုဒ်မ ၉၁၊ ပုဒ်မခွဲ (ခ) အရ အလုပ်ရှင်က အယူခံနိုင်သည့်ကာလ ကုန်ဆုံးခြင်း၊
(ဂ) ပုဒ်မ ၉၁၊ ပုဒ်မခွဲ (ခ) အရ အလုပ်ရှင်က အယူခံမှုတွင် လူမှုဖူလုံရေး အယူခံခုံအဖွဲ့က ကြားနာပြီး ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများ ပေးသွင်းရန် ဆုံးဖြတ်ချက် ချမှတ်သော်လည်း အလုပ်ရှင်က ပေးသွင်းရန် ပျက်ကွက်ခြင်း။
အခန်း(၁၁)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၉၃။ ပုဒ်မ ၉၂ အရ တရားစွဲဆိုခြင်းခံရသော မည်သည့်အလုပ်ရှင်မဆို ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက် ကြေးများကို ပေးသွင်းရန် တမင်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၉၄။ (က) မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၄၈၊ ပုဒ်မခွဲ (က) တို့ပါ မှတ်ပုံတင်၍ အာမခံထားရန် တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ခ) မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၅၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၇၇ နှင့် ပုဒ်မ ၇၈၊ ပုဒ်မခွဲ (ဂ) တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လ ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
(ဂ) မည်သူမဆို ပုဒ်မ ၇၁ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
(ဃ) မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၅၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၅ တို့ပါလိုက်နာရမည့် တာဝန် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(င) မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း(၁၂)
အထွေထွေ
၉၅။ (က) သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသည် ပုဒ်မ ၉၃ နှင့် ပုဒ်မ ၉၄ တို့အရ ပြစ်မှုများကို လူမှုဖူလုံရေးအဖွဲ့၏ တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုချက် ရရှိမှသာ တရားစွဲဆိုရမည်။
(ခ) ပေးရန်ရှိသည့် ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများအားလုံးကို ပုဒ်မခွဲ (က) အရ တရားစွဲဆို ခြင်းခံရသူက တရားစွဲဆိုခံရပြီးနောက် အပြီးသတ်အမိန့်ချမှတ်ခြင်းမပြုမီ သက်ဆိုင်ရာ ရန်ပုံငွေသို့ ပေးသွင်းသည့်အခါ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက လူမှုဖူလုံရေး အဖွဲ့၏ ခွင့်ပြုချက်ရယူပြီး ထိုအမှုကို ရုပ်သိမ်းပေးရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားရမည်။
၉၆။ ဤဥပဒေအရ ပေးအပ်သောလုပ်ငန်းတာဝန်များကို သဘောရိုးဖြင့်ဆောင်ရွက်သော မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော် လည်းကောင်း တရားစွဲဆိုခွင့် မရှိစေရ။
၉၇။ အစိုးရဝန်ထမ်းမဟုတ်သော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်၊ အလုပ်အမှုဆောင် ကော်မတီဝင်၊ လူမှုဖူ လုံရေး အယူခံခုံအဖွဲ့၏ အဖွဲ့ဝင်၊ ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့၏အဖွဲ့ဝင်နှင့် ဤဥပဒေအရ တာဝန် ပေးအပ်သည့် အခြားအဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၉၈။ ဤဥပဒေအရ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေသို့ ထည့်ဝင် ကြေးငွေနှင့် ပျက်ကွက်ကြေးများ ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဤဥပဒေအရ ထုတ်ပေး သောအကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍လည်းကောင်း တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရှိစေရမည်။
၉၉။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏အကျိုးငှာ ဤဥပဒေပါပြဋ္ဌာန်းချက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အရ လတ်တလော ဆောင်ရွက်ရန် မလိုအပ်သေးသော ဒေသများကိုသော်လည်းကောင်း၊ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းဌာနတစ်ခုခုကိုသော်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အမျိုးအစားကိုသော်လည်း ကောင်း အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုနိုင်သည်။
၁၀၀။ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရန်ပုံငွေဖူလုံမှု နှင့် လုပ်ငန်းဌာနများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်းကောင်း၊ ပြောင်းလဲလာသည့် လူမှုရေး လိုအပ်ချက်များကိုလည်းကောင်း၊ နယ်မြေဒေသအလိုက် ဇုန်အလိုက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ကိုလည်းကောင်း အခြေပြု၍ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေ အတွက် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထားများနှင့် အကျိုးခံစားခွင့်များကို ပြင်ဆင်ခြင်းနှင့် အာမခံစနစ်များ အဆင့်ဆင့်အကောင်အထည်ဖော်ခြင်းကို လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဆောင်ရွက် နိုင်သည်။
၁၀၁။ (က) ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေအရ သတ်မှတ်ထားသော အာမခံစနစ်အတွက် ထည့် ဝင်ကြေးငွေ ပေးသွင်းခဲ့သည့် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ဤဥပဒေနှင့်အညီ တည်ထောင်ထား သော လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ပေးသွင်းရမည်။
(ခ) ဤဥပဒေ အာဏာတည်ပြီးနောက် တောင်းဆိုခွင့်ရှိသော အကျိုးခံစားခွင့် အားလုံးနှင့်စပ်လျဉ်း၍ ဤဥပဒေအရ သတ်မှတ်ထားသည့် ထည့်ဝင်ကြေးကာလ ပြည့်မီမှသာလျှင် ဤဥပဒေအရ ခွင့်ပြုထား သော အကျိုးခံစားခွင့်များကို သတ်မှတ်ချက်များ နှင့်အညီ ခံစားခွင့်ရှိစေရမည်။
(ဂ) ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ ပေးရန်ရှိသည့် အထွေထွေအရပ်ရပ် အာမခံစနစ်အတွက် အကျိုးခံစားခွင့်များကို ဤဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
(ဃ) ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ ပေးရန်ရှိသည့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ်အတွက် အကျိုးခံစားခွင့်များကို ဤဥပဒေပါ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
၁၀၂။ အာမခံထားသူသည် လုပ်ခကိုနိုင်ငံခြားသုံးငွေဖြင့်ရရှိပါက လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့သို့ ထည့်ဝင်ကြေးငွေများကို သတ်မှတ်ထားသော နှုန်းထားများ အတိုင်း နိုင်ငံခြားသုံးငွေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစား ခွင့် အသီးသီးကိုလည်း သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ခံစားခွင့် ရှိစေရမည်။
၁၀၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ လိုအပ်သော နည်းဥပဒေများ၊ စည်မျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၁၀၄။ ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေသည် အာဏာတည်ခြင်းမှ ရပ်စဲစေရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်