LAW

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

CoverLogo
485 Views

 

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ။

[၁၉၅၁ ခုနှစ်၊ အက်ဥပဒေ အမှတ် ၆၅။]

၁၃၁၃ ခု၊ တန်းဆောင်မုန်းလဆုတ် ၇ ရက်။

(၁၉၅၁ ခု၊ နိုဝင်္ဘာလ ၂၀ ရက်။)

[ ပြင်ဆင် : 09.10.1953, 21.10.1954, 22.05.1962, 20.01.2016 ]

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေ ညာသည်။

အလုပ်ရုံများတွင် အလုပ်သမားများနှင့်စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်သော တရားဥပဒေကို စုပေါင်းပြင်ဆင် ပြဋ္ဌာန်းရန် လိုအပ်သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

 

အလုပ်ရုံများတွင် အလုပ်သမားများနှင့်စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်သော တရားဥပဒေကို စုပေါင်းပြင်ဆင်ပြဋ္ဌာန်းသည့် အက်ဥပဒေ။

 

အခန်း ၁။

စကားချီး။

အမည်၊ တည်ရာနယ်အဝန်းနှင့် အာဏာတည်သည့်နေ့။

၁။ ။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတဝန်းလုံး နှင့်သက်ဆိုင်ရမည်။

(၃) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့်နေ့၌ အာဏာတည်ရမည်။

အဓိပ္ပါယ်ဖေါ်ပြချက်များ။

၂။ ။ ဤအက်ဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင် -

(က) “ကလေး”ဆိုသည်မှာ၊ အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ဆရာဝန်ကခွင့်ပြုသည့် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး အသက်တစ်ဆယ့်ခြောက်နှစ် မပြည့်သေးသူကိုဆိုလိုသည်။

(ခ) “လူရွယ်” ဆိုသည်မှာ၊ အသက် တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီး အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသူကို ဆိုလိုသည်။

(ဂ) “လူငယ်” ဆိုသည်မှာ၊ “ကလေး”နှင့် “လူရွယ်” ကိုဆိုလိုသည်။

(ဃ) “လူကြီး” ဆိုသည်မှာ၊ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူ ကိုဆိုလိုသည်။

(င) “နေ့”၊ သို့တည်းမဟုတ် “ရက်” ဆိုသည်မှာ၊ ညဉ့်သန်းခေါင်ချိန်မှစ၍ ရေတွက်သော နှစ်ဆယ့် လေးနာရီ ကာလအပိုင်းအခြားကို ဆိုလိုသည်။

(စ) “ရက်သတ္တပတ်” ဆိုသည်မှာ၊ စနေနေ့ညဉ့်သန်းခေါင်ချိန်မှစ၍ ရေတွက်သော ခုနစ်ရက်ကာလ အပိုင်းအခြား ကိုဆိုလိုသည်။

(ဆ) “အား” ဆိုသည်မှာ၊ လျှပ်စစ်ဓါတ်အားကိုသော်၎င်း၊ လူ သို့တည်းမဟုတ် တိရစ္ဆာန်ကို အသုံးပြုခြင်းဖြင့် ဖြစ်ပွါးစေ သည့်အားမဟုတ်ဘဲ၊ စက်ကိရိယာဖြင့် ဖြစ်ပွါးစေသည့်၊ သို့တည်းမဟုတ် ပေးပို့သည့် အခြားအားတမျိုးမျိုးကိုသော်၎င်း ဆိုလိုသည်။

(ဇ) “အားပေးစက်” ဆိုသည်မှာ၊ အားဖြစ်ပွါးစေသော၊ သို့တည်းမဟုတ် အခြားနည်းဖြင့် အားပေးသော အင်ဂျင်စက်၊ မော်တော်စက်၊ သို့တည်းမဟုတ် အခြားစက်ကိရိယာကို ဆိုလိုသည်။

(ဈ) “အားပို့စက်ကိရိယာ” ဆိုသည်မှာ၊ ဝင်ရိုး၊ ဘီး၊ဒရမ် (drum)၊ ပူလီ၊ ပူလီသေနှင့် ပူလီရှင် (system of fast and loose pulleys)၊ ကပ္ပလင် (coupling)၊ ကလတ် (clutch)၊ သားရေပတ်ကြိုး (belt)၊ သို့တည်းမဟုတ် အခြားကြံစည်ပြု လုပ်ထားသည့် ကိရိယာကိုဆိုလိုသည်။ အားပို့စက်မှ အားကို အခြားစက်ကိရိယာ သို့ပေးပို့သည့်၊ သို့တည်းမဟုတ် အခြား စက်ကိရိယာများကခံယူသည့် ကိရိယာကို ဆိုလိုသည်။

(ည) “စက်ကိရိယာ” ဆိုသည်တွင်၊ အားပေးစက်၊ အားပို့စက် ကိရိယာနှင့်အားကိုဖြစ်ပွါးစေသည့်၊ ပြောင်းလဲစေသည့်၊ ပေးပို့သည့်၊ သို့တည်းမဟုတ် အသုံးပြုသည့် အခြားကိရိယာများ ပါဝင်သည်။

(ဋ) “ပြုလုပ်မှု လုပ်ငန်းစဉ်” ဆိုသည်မှာ -

(ကက) အထည်ဝတ္ထုတခုခုကိုဖြစ်စေ၊ အရာဝတ္ထုတခုခုကိုဖြစ်စေ၊ သုံးစွဲခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပေးအပ်ခြင်း၊ သို့တည်းမဟုတ် စီမံခန့်ခွဲခြင်း အလို့ငှါပြုလုပ်မှု၊ အသွင်ပြောင်းလဲ စေမှု၊ ပြုပြင်မှု၊ မွမ်းမံမှု၊ အပြီးသတ်မှု၊ ထုပ်ပိုးမှု၊ ဆီထည့်မှု၊ ဆေးကြောမှု၊ တိုက်ချွတ်မှု၊ ခွဲစိတ်မှု၊ ခြေမှုန်းမှု၊ အခြားနည်းစီရင်မှု၊ သို့တည်းမဟုတ် သင့်လျော်အောင် အခြားနည်းဖြင့် ပြုပြင်စီရင်မှု၊

(ခခ) ဆီကိုဖြစ်စေ၊ ရေကိုဖြစ်စေ၊ သို့တည်းမဟုတ် မိလ္လာရေကိုဖြစ်စေ၊ စုတ်မှုထုတ်မှု၊

(ဂဂ) အားကိုဖြစ်ပွါးစေမှု၊ ပြောင်းလဲစေမှု၊ ပေးပို့မှု၊

(ဃဃ) စာပုံနှိပ်မှု၊ မိတ္တူကူးယူလုပ်ကိုင်မှု၊ ကျောက်ပုံနှိပ်မှု၊ ဓါတ်ပုံကူးယူပုံနှိပ် မှု၊ သို့တည်းမဟုတ် အခြားအလားတူ လုပ်ကိုင်မှု၊ သို့တည်းမဟုတ် ကုန်သွယ်မှုကိစ္စအတွက် ဖြစ်စေ၊ အမြတ်အစွန်းရရန် ကိစ္စအတွက်ဖြစ်စေ၊ စာအုပ်ချုပ်လုပ်မှု၊ သို့တည်းမဟုတ် ယင်းသို့ သောကိစ္စအတွက် လုပ်သောလုပ်ငန်းနှင့် အကြောင်းအား လျော်စွာဆက်သွယ်လုပ်သည့် စာအုပ်ချုပ်လုပ်မှု၊

(ငင) သင်္ဘောကိုဖြစ်စေ၊ ရေယာဉ်ကိုဖြစ်စေ၊ အခြားယာဉ်တစ်မျိုးမျိုးကိုဖြစ်စေ တည်ဆောက်မှု၊ ပြန်လည်တည်ဆောက်မှု၊ ပြုပြင်မှု၊ ပြန်လည်တပ်ဆင်မှု၊ အပြီးသတ်မှု၊ သို့တည်းမဟုတ် ဖျက်ခွဲမှု၊

(စစ) လျှပ်စစ်နှင့် အီလက်ထရောနစ်နည်းပညာဆိုင်ရာပစ္စည်းများ တည်ဆောက်မှု၊ ပြန်လည်တည် ဆောက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြန်လည်တပ်ဆင်မှု၊ အပြီးသတ်ထုတ်လုပ်မှု သို့မဟုတ် ပြန်လည်အသုံး ပြုနိုင်ရန်စီမံမှု၊

(ဆဆ) ဓာတုပစ္စည်းများ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောစပ်ခြင်း၊ ထုပ်ပိုးခြင်း၊ ​ရွှေ့ပြောင်းခြင်း လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရသော လုပ်ငန်း၊

တခုခုအတွက်လုပ်ရသော လုပ်ငန်းကိုဆို လိုသည်။

(ဌ) “အလုပ်သမား” ဆိုသည်မှာ၊ ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် အတွက်အသုံးပြုသည့်စက်၏၊ သို့တည်းမဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းတခုခုကို စင်ကြယ် အောင်တိုက်ချွတ်ရာတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်၌၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်မှ ထွက်သော အရာ၌ ပါဝင်သောအလုပ်တခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်နှင့်၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်မှ ထွက်သောအရာနှင့် သက်ဆိုင်သောအလုပ်တခုခုတွင်ဖြစ်စေ အခနှင့်သော်၎င်း၊ အခမဲ့သော်၎င်း ခိုင်းစေခံ ရသောသူကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ပြုလုပ်မှုလုပ်ငန်းစဉ်နှင့် မသက်ဆိုင်သည့်နေရာ သို့မဟုတ် ပြုလုပ်မှု လုပ်ငန်းစဉ်နှင့် ဆက်စပ်သော နေရာတစ်ခုခုတွင် ကြီးကြပ်သူ၊ လုံခြုံရေး၊ ယာဉ်မောင်း၊ သန့်ရှင်းရေး၊ ထမင်းချက်၊ စာပို့သူ၊ ဥယျာဉ်လုပ်သားနှင့် အထွေထွေလုပ်သား စသည်တို့လည်း ပါဝင်သည်။

(ဍ) “အလုပ်ရုံ” ဆိုသည်မှာ အလုပ်သမား ၅ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် သို့မဟုတ် လွန်ခဲ့ သည့် ၁၂ လအတွင်း မည်သည့်ရက်တွင်မဆို အလုပ် လုပ်ကိုင်​​နေခဲ့သည့်အပြင် ပြုလုပ်မှု လုပ်ငန်း စဉ်အတိုင်း ဆောင်ရွက်သော အစိတ်အပိုင်း တစ်ခုခုတွင်၊ အားအကူအညီဖြင့် လုပ်ကိုင်နေသည့် သို့မဟုတ် သာမန်အားဖြင့် လုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံ တစ်ခုခုနှင့်တကွ ဥပစာကိုပါ ဆိုလိုပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် သို့မဟုတ် လွန်ခဲ့သည့် ၁၂ လအတွင်း မည်သည့်ရက်တွင်မဆို အလုပ် လုပ်ကိုင်နေခဲ့သည့်အပြင် ပြုလုပ်မှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သော အစိတ်အပိုင်း တစ်ခုခုတွင်၊ အားအကူအညီမရှိဘဲ လုပ်ကိုင်နေသည့် သို့မဟုတ် သာမန်အားဖြင့် ယင်းသို့လုပ်ကိုင်သည့် အဆောက်အအုံ တစ်ခုခု နှင့်တကွ ဥပစာလည်းပါဝင်သည်။ ထို့ပြင် အလုပ်သမား တစ်ဦးနှင့်အထက် အလုပ်လုပ်ကိုင်သည့် မော်တော်ယာဉ် ပြင်ဆင်ရာဌာန၊ မော်တော်ယာဉ် ဆေးသုတ်ရာ ဌာန၊ စာပုံနှိပ်ဌာနနှင့် ဆီကြိတ်ဌာနများ ပါဝင်သည့်အပြင် လိုအပ်ပါက အခြားအလုပ်ဌာနများကိုလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။ သို့ရာတွင် မြန်မာ့ သတ္တုတွင်းဥပဒေနှင့် သက်ဆိုင်သည့် သတ္တုတွင်း မပါဝင်။

(ဎ) “လုပ်ငန်းပိုင်ရှင်” ဆိုသည်မှာ၊ အလုပ်ရုံနှင့် အလုပ်ရုံတွင် လုပ်သည့်လုပ်ငန်းဆိုင်ရာ ကိစ္စများကို ပင်ရင်းကြီးကြပ်အုပ်ချုပ်သူကိုဆိုလိုသည်။ သို့ရာတွင် အဆိုပါကိစ္စများကို ကြီးကြပ်သူကိုယ်စားလှယ် အားလွှဲအပ်ထားလျှင်၊ သို့တည်းမဟုတ် ပုဒ်မ ၉၃ အရခန့်ထားမည်ဟုစစ်ဆေးရေးအရာရှိအား၊ ကြိုတင် အကြောင်းကြား၍ ခန့်ထားသူအား လွှဲအပ်ထားလျှင်၊ ယင်းသို့သော ကိုယ်စားလှယ်သည်၊ သို့တည်း မဟုတ် ခန့်ထားခံရသူသည် လုပ်ငန်းပိုင်ရှင်ဖြစ်သည်ဟူ၍ မှတ်ယူရမည်။

(ဏ) “မှတ်ပုံတင်ဆရာဝန်” ဆိုသည်မှာ၊ တိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံဝင်စာရင်းထားရှိရေးအတွက် ပြဋ္ဌာန်းသည့် တည်ဆဲဥပဒေတရပ်ရပ် အရဖြစ်စေ၊ မှတ်ပုံတင်ထားသူကို ဆိုလိုသည့်ပြင်၊ ထိုကဲ့သို့ မှတ်ပုံတင်ဆရာဝန်မရှိသည့် အရပ်ဒေသတခုခုအတွက် ဤအက်ဥပဒေအလို့ငှါ မှတ်ပုံတင်ဆရာဝန်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသူသည်လည်း ထိုစကားရပ်တွင်ပါဝင်သည်။

(တ) တနေ့တည်းတွင် တမျိုးတည်းသောအလုပ်ကို အလုပ်သမားစု နှစ်စုဖြစ်စေ၊ နှစ်စုထက်ပို၍ဖြစ်စေ၊ ကာလခွဲခြား၍ လုပ်လျှင်၊ ယင်းသို့သော အလုပ်သမားစု အသီးသီးကို “အလှည့်ကျလူစု” ဟုခေါ်သည်။ ထိုအလှည့်ကျ လူစုလုပ်သည့်ကာလအပိုင်းအခြားကို၊ သို့တည်းမဟုတ် ကာလအပိုင်းအခြားများကို “အလှည့်” ဟုခေါ်သည်၊ ထို့ပြင်

(ထ) ပယ်ဖျက်

<ပြင်ဆင်20.01.2016>

အချိန်နာရီ ရည်ညွှန်းချက်။

၃။ ။ ဤအက်ဥပဒေ၌ အချိန်နာရီကို ရည်ညွှန်းလျှင်၊ မြန်မာ နိုင်ငံတော်စံတော်ချိန်ကို ရည်ညွှန်းသည်။

အလုပ်ရုံအတွက် ပြဋ္ဌာန်းချက်များကို အခြားနေရာများတွင် သုံးစွဲနိုင်သောအာဏာ။

၄။ ။ (၁) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အစိုးရပြန်တမ်းတွင် အမိန့်ကျေညာချက်ဖြင့် အလုပ်ရုံများနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်အားလုံးကို သို့တည်းမဟုတ် ပြဋ္ဌာန်းချက်တခုခုကိုအားကိုအသုံးပြုလျက် ဖြစ်စေ၊ အားကိုအသုံး မပြုဘဲလျက် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် ဆောင်ရွက်နေသော သို့တည်းမဟုတ် ဆောင်ရွက်သော မည်သည့် နေရာနှင့်မဆို သက်ဆိုင်စေရမည်ဟု ကျေညာနိုင်သည်။

(၂) ပုဒ်မခွဲ(၁)အရ အမိန့်ကျေညာချက်ကို ထိုသို့သောနေရာတခုခုအတွက်သော်၎င်း၊ သို့တည်းမဟုတ် ထိုသို့သောနေရာ အမျိုးအစားအတွက်သော်၎င်း၊ သို့တည်းမဟုတ် ယေဘုယျအားဖြင့် ထိုသို့သော နေရာအားလုံးအတွက်သော်၎င်း၊ ထုတ်ပြန်နိုင်သည်။

(၃) ပုဒ်မ ၂ ၏ စာပိုဒ်(ဍ) တွင်မည်သို့ပင်ဆိုထားစေကာမူ၊ ပုဒ်မခွဲ (၁) အရ အလုပ်ရုံနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်အားလုံးနှင့် သို့တည်းမဟုတ် ပြဋ္ဌာန်းချက်တခုခုနှင့် သက်ဆိုင်စေသော ကာလအပိုင်း အခြားတွင် ထိုနေရာကို ယင်းသို့သက်ဆိုင်စေသည့် ပြဋ္ဌာန်းချက်များ အလို့ငှါအလုပ်ရုံဟုမှတ်ယူရမည်။

<ပြင်ဆင်20.01.2016>

အလုပ်ရုံ၌ ပြောင်းလဲမှုရှိသောအခါ ကင်းလွတ်စေခွင့်ပြုနိုင်သည့်အာဏာ။

၅။ ပယ်ဖျက်

<ပြင်ဆင် 20.01.2016>

အလုပ်ရုံများကို သဘောတူညီခြင်း၊ လိုင်စင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်း။

၆။ ။ (၁) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အောက်ပါကိစ္စများ အတွက် နည်းဥပဒေများပြုနိုင်သည်။

(က) အလုပ်ရုံတည်ရှိမည့် မြေရာကွက်အတွက်၎င်း၊ မည်သည့်အလုပ်ရုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့်အမျိုးအစား ဖြစ်သော အလုပ်ရုံများကိုမဆိုဆောက်လုပ်ရန်၊ သို့တည်းမဟုတ် တိုးချဲ့ရန်အတွက် ၎င်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ကိုကြိုတင် ရယူရမည်ဟု ပြဋ္ဌာန်းရန်ကိစ္စ။

(ခ) ထိုခွင့်ပြုချက်ရရှိရန်အတွက် လျှောက်လွှာများကို စဉ်းစားဆင်ခြင်နိုင်ရန်အလို့ငှါ၊ ပုံစံများနှင့် အသေးစိတ်ဖေါ်ပြချက် များကို တင်ပြရမည်ဟု ပြဋ္ဌာန်းရန်ကိစ္စ။

(ဂ) မည်ကဲ့သို့သော ပုံစံများနှင့် အသေးစိတ်ဖေါ်ပြချက်များကို တင်ပြရမည်ဟူ၍၎င်း၊ ထိုပုံစံများနှင့် အသေးစိတ် ဖေါ်ပြချက်များကို မည်သူက အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရေးထိုးရမည်ဟူ၍၎င်း၊ ပြဋ္ဌာန်းရန်ကိစ္စ။

(ဃ) အလုပ်ရုံများကို၊ သို့တည်းမဟုတ် မည်သည့်အမျိုး အစားဖြစ်သော အလုပ်ရုံများကိုမဆို၊ မှတ်ပုံတင်၍လိုင်စင် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းရန်ကိစ္စ။ ထို့ပြင် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ် ပေးခြင်းအတွက် ပေးရမည့်အခများကို၎င်း၊ လိုင်စင်များ အသစ်လဲလှယ်ခြင်းအတွက် ပေးရမည့်အခ များကို၎င်း ပြဋ္ဌာန်းရန်ကိစ္စ။

(င)ပုဒ်မ ၈ တွင် ဖေါ်ပြထားသည့် နို့တစ်စာမပေးရသေးလျှင် မည်သည့်လိုင်စင်ကိုမျှ မထုတ်ပေးရ၊ သို့တည်းမဟုတ် အသစ်လဲလှယ်ခြင်း မပြုရဟူ၍ ပြဋ္ဌာန်းရန်ကိစ္စ။

(၂) ပုဒ်မခွဲ (၁) အပိုဒ်(ခ) အရပြုသည့်နည်းဥပဒေများ အရ၊ လိုအပ်သည့်ပုံစံများနှင့် အသေးစိတ် ဖေါ်ပြချက်များပါပူးတွဲ၍၊ ပုဒ်မခွဲ (၁)၊ အပိုဒ်(က) တွင်ရည်ညွှန်းသည့် ခွင့်ပြုချက်ရရှိရန်အတွက် လျှောက်လွှာကို  အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှမှတ်ပုံတင်၍ဖြစ်စေ၊ အခြားသင့်လျော်သောနည်းလမ်းဖြင့်ဖြစ်စေ ပေးပို့ရာတွင် အလုပ်ရုံနှင့် အလုပ်သမားဥပ​ဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခွင့်ပြုခြင်း သို့မဟုတ် အကြောင်းပြချက်ဖော်ပြ၍ ငြင်းပယ်ခြင်းပြုရမည်။

(၃) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြေရာကွက်အတွက် အလုပ်ရုံဆောက်လုပ်ရန်၊ သို့တည်းမဟုတ် တိုးချဲ့ရန် အတွက်၊ သို့တည်းမဟုတ် အလုပ်ရုံမှတ်ပုံတင်ရန်နှင့် လိုင်စင်ထုတ်ပေးရန်အတွက် ခွင့်ပြုချက်ကိုပေးရန် ငြင်းဆိုလျှင်၊ လျှောက်ထားသူသည် ယင်းသို့ ငြင်းဆိုသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ​ရေးဝန်ကြီးဌာနထံ အယူခံဝင်နိုင်သည်။

ရှင်းလင်းချက်။ ။ စက်၊ သို့တည်းမဟုတ် စက်ကိရိယာတခုခု ကိုအသစ်လဲလှယ်ခြင်းကြောင့်ဖြစ်စေ၊ ပြဋ္ဌာန်းသည့်ကန့်သတ်ချက်များနှင့်အညီ၊ စက်၊ သို့တည်းမဟုတ် စက်ကိရိယာ တခုခု ကိုထပ်ဖြည့်တပ် ဆင်ခြင်းကြောင့်ဖြစ်စေ၊ ဤပုဒ်မ၏အဓိပ္ပါယ်အရ အလုပ်ရုံကိုတိုးချဲ့သည်ဟုမမှတ်ယူရ။

<ပြင်ဆင်20.01.2016>

တိုင်းပြည်၌အရေးတကြီးအခြေဖြစ်ပေါ်နေသည့် ကာလအတွင်းကင်းလွတ်ခွင့် ပြုနိုင်သည့်အာဏာ။

၇။ ။ တိုင်းပြည်၌ အရေးတကြီးအခြေဖြစ်ပေါ်နေလျှင်၊ နိုင်ငံတော်သမတသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မည်သည့်အလုပ်ရုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့်အမျိုးအစားဖြစ်သော အလုပ်ရုံများကို မဆို၊ မိမိသင့်သည်ထင်မြင်သည့် ကာလအပိုင်းအခြားအတွင်း၊ သင့်သည်ထင်မြင်သည့် စည်းကမ်းချက် များဖြင့်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးနှင့်ဖြစ်စေ၊ တခုခုနှင့်ဖြစ်စေ၊ သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

သို့ရာတွင် ထိုအမိန့်ကြော်ငြာစာသည် တကြိမ်လျှင်သုံးလထက်ပို၍ အတည်မဖြစ်စေရ။

လုပ်ငန်းပိုင်ရှင်ကပေးရန် နို့တစ်စာ။

၈။ ။ (၁) လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ရုံအဖြစ် မည်သည့် အဆောက်အအုံ၌မဆို၊ စတင်၍လုပ်ငန်း လုပ်ခြင်း၊ သို့တည်းမဟုတ် အဆောက်အအုံကို အသုံးပြုခြင်းမပြုမီ၊ အနည်းဆုံး ဆယ့်ငါးရက်ကြိုတင်၍၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ အောက်ပါအချက်များနှင့် စပ်လျဉ်း၍ နို့တစ်စာပေးပို့ရမည်။

(က) အလုပ်ရုံ၏အမည်နှင့် တည်ရာအရပ်။

(ခ) လုပ်ငန်းပိုင်ရှင်၏အမည်နှင့် နေရပ်အပြည့်အစုံ။

(ဂ) အလုပ်ရုံနှင့် စပ်လျဉ်းသည့် အကြောင်းကြားစာများပေးပို့ရမည့် နေရပ်အပြည့်အစုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ်၊ အီးမေးလ်လိပ်စာ။

(ဃ) ပြုလုပ်မှုလုပ်ငန်းစဉ် အမျိုးအစား -

(ကက) ဤအက်ဥပဒေ အာဏာတည်သည့်နေ့တွင် ရှိနေပြီးဖြစ်သော အလုပ်ရုံများနှင့်စပ်လျဉ်း၍၊ ထိုအလုပ်ရုံတွင်လွန်ခဲ့သည့်ဆယ့်နှစ်လအတွင်း လုပ်သည့် ပြုလုပ်မှုလုပ်ငန်းစဉ်။

(ခခ) အလုပ်ရုံအားလုံးနှင့်စပ်လျဉ်း၍ နောက်လာမည့် ဆယ့်နှစ်လအတွင်းလုပ်မည့်ပြုလုပ်မှု လုပ်ငန်း စဉ်။

(င) လုပ်ငန်းအမျိုးအစား၊ အသုံးပြုရမည့် လျှပ်စစ်ဝန်အားနှင့်စက်စွမ်းအား။

(စ) ဤအက်ဥပဒေအလို့ငှါ အလုပ်ရုံမန်နေဂျာဖြစ်သူ၏ အမည်။

(ဆ) အလုပ်ရုံတွင်ခိုင်းစေဘွယ်ရာရှိသည့်အလုပ်သမားအရေ အတွက်။

(ဇ) ဤအက်ဥပဒေ အာဏာတည်သည့်နေ့တွင် ရှိနေပြီးဖြစ်သော အလုပ်ရုံများနှင့် စပ်လျဉ်း၍၊ လွန်ခဲ့ သည့် ဆယ့်နှစ်လအတွင်း ပျမ်းမျှခြင်းအားဖြင့်၊ တနေ့လျှင် ခိုင်းစေသည့် အလုပ်သမား အရေအတွက်။

(ဈ) ပြဋ္ဌာန်းသည့် အခြားအကြောင်းအရာများ။

(၂) ဤအက်ဥပဒေနှင့်ပဌမအကြိမ်သက်ဆိုင်လာသည့် အလုပ်ရုံအားလုံးနှင့်စပ်လျဉ်း၍၊ လုပ်ငန်းပိုင်ရှင် သည်၊ ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသည့် အကြောင်းအရာများပါရှိသော နို့တစ်စာကို၊ ဤအက်ဥပဒေ အာဏာတည်သည့်နေ့မှ ရက်ပေါင်း သုံးဆယ်အတွင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံပေးပို့ရမည်။

(၃) တနှစ်လျှင် အလုပ်လုပ်သည့်ရက်ပေါင်း တရာ့ရှစ်ဆယ် အောက်လျော့၍ သာမန်အားဖြင့် လုပ်သော ပြုလုပ်မှုလုပ်ငန်းစဉ်ကို အသုံးပြုသော အလုပ်ရုံတွင် အလုပ်ပြန်လည်မလုပ်မီ၊ လုပ်ငန်းပိုင်ရှင်သည်၊ ပုဒ်မခွဲ (၁) တွင်၊ ဖေါ်ပြထားသည့် အကြောင်းအရာများပါရှိသော နို့တစ်စာကို အလုပ်စတင်မလုပ်မီ ရက်ပေါင်းသုံးဆယ်အတွင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ထံပေးပို့ရမည်။

(၄) မန်နေဂျာ အသစ်ခန့်ထားသည့်အခါတိုင်း လုပ်ငန်းပိုင်ရှင်သည်၊ မန်နေဂျာအသစ် အလုပ်ဝတ်တရား စတင် ဆောင်ရွက်သည့်နေ့မှ ခုနစ်ရက်အတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံနို့တစ်စာပေးပို့ရမည်။

(၅) မည်သူ့ကိုမျှ အလုပ်ရုံ မန်နေဂျာအနေဖြင့် ခန့်ထားခြင်း မရှိသေးသော ကာလအပိုင်းအခြားအတွင်း သော်၎င်း၊ မန်နေဂျာအနေဖြင့် ခန့်ထားခြင်းခံရသူသည်၊ အလုပ်ရုံကို အုပ်ချုပ်ခြင်း မပြုသည့်ကာလ အပိုင်းအခြားအတွင်းသော်၎င်း၊ မန်နေဂျာအဖြစ် ခေတ္တလုပ်နေသူ၊ သို့တည်းမဟုတ် ယင်းသို့လုပ်သူ မရှိလျှင်၊ လုပ်ငန်းပိုင်ရှင် ကိုယ်တိုင်ပင်၊ ဤအက်ဥပဒေ အလို့ငှါ၊ ထိုအလုပ်ရုံ၏ မန်နေဂျာအနေဖြင့် ဖြစ်သည်ဟူ၍ မှတ်ယူရမည်။

(၆) ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတခုကိုခေတ္တ၊ သို့တည်းမဟုတ် အချိန်အကန့်အသတ် မရှိဘဲ၊ ပိတ်ထားရန် လိုအပ်သည့်အခါတွင်၊ လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ရုံမပိတ်မီ အနည်းဆုံးတလကြို တင်၍ အကြောင်းပြချက်များပါရှိသော နို့တစ်စာကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ အကြောင်း တခုခုကြောင့် နို့တစ်စာကိုတလကြိုတင်၍ မပေးပို့နိုင်လျှင်၊ အလုပ်ရုံကိုမပိတ်မီ ဆောလျင်နိုင်သမျှ ဆောလျင်စွာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ကြိုတင်အကြောင်းကြားရမည်။ သို့ရာတွင် မမြှော်လင့်ဘဲ ရုတ်တရက်အခြေဖြစ်ပေါ်လာသော အကြောင်းကြောင့်ဖြစ်စေ၊ စက်ကိရိယာများ ချို့ယွင်းပျက်စီးသော ကြောင့်ဖြစ်စေ၊ အလုပ်ရုံကိုပိတ်ရလျှင်၊ ယင်းသို့ပိတ်သည့်အချိန်မှ လေးဆယ့်ရှစ်နာရီအတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အကြောင်းကြားရမည်။

(၇) ပုဒ်မခွဲ (၆)တွင် ရည်ညွှန်းသည့် လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ကိုပြန်လည်မလုပ်မီ ဆယ့်ငါးရက်အတွင်းအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ယင်းသို့ပြန်လည်လုပ်မည် ဖြစ်ကြောင်းကို နို့တစ်စာပေးပို့ရမည်။

<ပြင်ဆင်09.10.1953, 20.01.2016>

အလုပ်ဌာနများကို သီးခြားအလုပ်ရုံများဖြစ်ကြောင်း ပြဋ္ဌာန်းနိုင်သည့်အာဏာ။

၉။ ။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် သီးခြားဖေါ်ပြထားသည့်အလုပ်ရုံ ဆိုင်ရာအမျိုးမျိုးသောဌာနများကို၊ သို့တည်းမဟုတ် ဌာနခွဲများကို၊ ဤအက်ဥပဒေပါ ကိစ္စအားလုံး၊ သို့တည်းမဟုတ် ကိစ္စတခုခုအတွက်၊ သီးခြားအလုပ်ရုံများ အဖြစ်မှတ်ယူရမည်ဟု အမိန့်စာဖြင့်ညွှန်ကြားနိုင်သည်။

<ပြင်ဆင်20.01.2016>

 

အခန်း ၂။

ကြည့်ရှုစစ်ဆေးသည့် ရာထမ်းမှုထမ်းအဖွဲ့။

စစ်ဆေးရေးအရာရှိ။

၁၀။ ။ (၁) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍၊ မိမိသင့်တော်သည်ထင်မြင်သူကို၊ ဤအက်ဥပဒေအလို့ငှါ၊ စစ်ဆေးရေးအရာရှိအဖြစ်ခန့်ထားနိုင်သည်။ ၎င်းပြင် ထိုသူအတွက် မိမိသင့်တော် သည်ထင်မြင်သည့် နယ်နိမိတ်ကို သတ်မှတ်ပေးနိုင်သည်။

(၂) နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍၊ မိမိသင့်တော်သည် ထင်မြင်သူကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်ခန့်ထားနိုင်သည်။ ထိုအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဤအက်ဥပဒေအရ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အားအပ်နှင်းသည့်အာဏာများအပြင်၊ ပြည်ထောင်စု မြန်မာနိုင်ငံတဝန်းလုံးတွင် စစ်ဆေးရေးအရာရှိ၏ အာဏာများကိုလည်းသုံးစွဲဆောင်ရွက်ရမည်။

(၃) အလုပ်ရုံတွင်ဖြစ်စေ၊ ထိုအလုပ်ရုံတွင်လုပ်သောလုပ်ငန်း၊ သို့တည်းမဟုတ် စီးပွါးရေးလုပ်ငန်းတွင် ဖြစ်စေ၊ ထိုအလုပ်ရုံနှင့်သက်ဆိုင်သည့် မှတ်ပုံတင်မူပိုင်ခွင့်လက်မှတ်၊ သို့တည်းမဟုတ် စက်ကိရိယာတွင် ဖြစ်စေ၊ အခြားစီပွါးရေးလုပ်ငန်း တခုခုတွင်ဖြစ်စေ၊ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း၊ အကျိုးသက်ဆိုင်သူ၊ သို့တည်းမဟုတ် အကျိုးသက်ဆိုင်လာသူ မည်သူကိုမျှ၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲ(၂)၊ သို့ တည်းမဟုတ် ပုဒ်မခွဲ (၅)အရ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိအဖြစ်မခန့်ရ၊ ခန့်ထားပြီးဖြစ်လျှင်လည်း၊ ထိုရာထူးလက်ရှိနှင့် ဆက်လက်မနေစေရ။

(၄) ပယ်ဖျက်

(၅) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍၊ မိမိသင့်တော်သည် ထင်မြင်သည့်အစိုးရ အရာရှိတို့ကို၊ ထိုသူတို့အတွက်၊ နယ်နိမိတ်အသီးသီးသတ်မှတ်၍၊ ဤအက်ဥပဒေပါကိစ္စအားလုံး၊ သို့တည်းမဟုတ် ကိစ္စတခုခုအလို့ငှါ၊ တွဲဘက်စစ်ဆေးရေးအရာရှိများ အဖြစ်ခန့်ထားနိုင်သည်။

(၆) စစ်ဆေးရေးအရာရှိတဦးထက် ပို၍ရှိသော အရပ်ဒေသတွင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အမိန့်ကြော် ငြာစာထုတ်ပြန်၍၊ ထိုစစ်ဆေးရေးအရာရှိအသီးသီး သုံးစွဲရန်အာဏာများကို၎င်း၊ ပြဋ္ဌာန်းထားသည့် နို့တစ် စာများကို မည်သည့်စစ်ဆေးရေးအရာရှိထံပေးပို့ရမည်ကို၎င်း ပြဋ္ဌာန်းနိုင်သည်။

(၇) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စစ်ဆေးရေး အရာရှိအသီးသီးသည် ရာဇသတ်ကြီးပုဒ်မ ၂၁ အရ ပြည်သူ့ ဝန်ထမ်းဖြစ်သည် ဟုမှတ်ယူရမည့်အပြင်၊ ရာထူးနှင့်စပ်လျဉ်း၍လည်း၊ ဤကိစ္စအလို့ငှါ နိုင်ငံတော်သမတ ကသီးခြားဖေါ်ပြထားရာ အာဏာပိုင်လက်အောက်ဖြစ်ရမည်။

<ပြင်ဆင် 09.10.1953, 20.01.2016>

စစ်ဆေးရေးအရာရှိ၏ အာဏာများ။

၁၁။ ။ ဤကိစ္စအလို့ငှါ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကပြုသည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ၊ စစ်ဆေးရေးအရာရှိသည် မိမိကိုခန့်ထားရာ ရပ်ကွက်နယ်နိမိတ်အတွင်း -

(က) အလုပ်ရုံအဖြစ် အသုံးပြုသည့်၊ သို့တည်းမဟုတ် ယင်းသို့အသုံးပြုသည်ဟု မိမိယုံကြည်ရန် အကြောင်းရှိသည့် မည်သည့်နေရာသို့မဆို၊ ပြည်ထောင်စုအစိုးရ လက်အောက်တွင်ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့််ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ တဦးဦးလက်အောက်တွင်ဖြစ်စေ၊ အမှုထမ်းရွက်သူများဖြစ်သည့် မိမိသင့်တော်သည် ထင်မြင်သူများနှင့် ဝင်နိုင်သည်၊

(ခ) ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန်လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း၊ အဆောက် အအုံ၊ စက်၊ ပြဋ္ဌာန်းထားသည့် မှတ်ပုံစာအုပ်နှင့်တကွ၊ အလုပ်ရုံနှင့် သက်ဆိုင်သောအခြား စာချုပ် စာတမ်းများ ကိုကြည့်ရှုစစ်ဆေးနိုင်သည့်ပြင်၊ ထိုနေရာတွင်ပင်ဖြစ်စေ၊ အခြားတနည်းနည်းနှင့်ဖြစ်စေ၊ လိုအပ်သည်ဟု ထင်မြင်သည့်မည်သူ့ အစစ်ခံချက်ကိုမဆို၊ ရေးမှတ်ယူနိုင်သည်၊ ထို့ပြင်

(ဂ) ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန်လိုအပ် သည့်အတိုင်း၊ အခြားအာဏာများကိုလည်း သုံးစွဲနိုင်သည်။

သို့ရာတွင် ရာဇဝတ်ပြစ်ဒဏ် မိမိအားထိုက်သင့်စေနိုင်သည့် အဖြေကိုပေးရမည်ဟူ၍သော်၎င်း၊ ရာဇဝတ် ပြစ်ဒဏ်မိမိအားထိုက်သင့်စေနိုင်သည့် သက်သေခံချက်ကိုထွက်ဆိုရမည် ဟူ၍သော်၎င်း၊ မည်သူ့ကိုမျှ ဤပုဒ်မအရ တောင်းဆိုပိုင်ခွင့်မရှိစေရ။

<ပြင်ဆင်20.01.2016>

အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့်ဆရာဝန်များ။

၁၂။ ။ (၁)  ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ထားသည့် မှတ်ပုံတင်ဆရာဝန်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်များကို ဤအက်ဥပဒေကိစ္စအလို့ငှာ အလုပ်လုပ်ရန် သင့်လျော်ကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးသည့် ဆရာဝန်များအဖြစ် မှတ်ယူရမည်။

(၂) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်သည်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့်၊ မှတ်ပုံတင်ဆရာဝန် တဦးတယောက်ကို မိမိသတ်မှတ်သည့် ကာလအပိုင်းအခြားအတွင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သင့်သည်ထင်မြင်သည့်အတိုင်း သတ်မှတ်သည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤ အက်ဥပဒေအရ မိမိ၏ အာဏာများသုံးစွဲခွင့်ပြုနိုင်သည်။

ထို့ပြင်ဤအက်ဥပဒေတွင် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ထုတ်ပေးသည့် ဆရာဝန်ကိုရည်ညွှန်းသည့်အခါတိုင်း၊ ယင်းကဲ့သို့ အာဏာအပ်နှင်းထားသည့် မှတ်ပုံတင်ဆရာဝန်ကိုလည်း ရည်ညွှန်းသည်ဟုမှတ်ယူရမည်။

(၃) လုပ်ငန်းပိုင်ရှင်ကိုသော်၎င်း၊ အလုပ်ရုံတွင်ဖြစ်စေ၊ ထိုအလုပ်ရုံတွင်လုပ်ရသောလုပ်ငန်း၊ သို့တည်း မဟုတ် စီးပွါးရေး လုပ်ငန်းတွင်ဖြစ်စေ၊ ထိုအလုပ်ရုံနှင့် သက်ဆိုင်သည့်မှတ်ပုံ ဝင်မူပိုင်ခွင့်လက်မှတ်၊ သို့တည်းမဟုတ် စက်ကိရိယာတွင်ဖြစ်စေ၊ တိုက်ရိုက်၊ သို့တည်းမဟုတ် သွယ်ဝိုက်၍ အကျိုးသက်ဆိုင်သူ ကိုသော်၎င်း၊ အလုပ်ရုံတွင် အခြားနည်းခိုင်းစေထားသူကိုသော်၎င်း၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်အဖြစ်မခန့်ထားရ။ သို့တည်းမဟုတ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့်ဆရာဝန်၏ အာဏာများသုံးစွဲခွင့်မပြုရ။ ခန့်ထားပြီးဖြစ်လျှင်လည်း ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်၏ အာဏာများကို ဆက်လက်သုံးစွဲခွင့်မပြုရ။

(၄) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်သည်၊ အောက်ပါကိစ္စများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းသည့် တာဝန်ဝတ်တရားများကိုဆောင်ရွက်ရမည်-

(က) ဤအက်ဥပဒေအရ၊ လူငယ်များကို စစ်ဆေးခြင်းနှင့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း။

(ခ) အလုပ်ရုံများတွင် ပြဋ္ဌာန်းသည့် ဘေးအန္တရာယ်ဖြစ်စေ နိုင်သောအလုပ်၊ သို့တည်းမဟုတ် လုပ်ငန်း တွင်ဆောင်ရွက် နေသူများကိုစစ်ဆေးခြင်း။

(ဂ) အလုပ်ရုံတခုခုတွင် -

(ကက) လုပ်ရသည့်လုပ်ငန်းကြောင့်ဖြစ်စေ၊ အလုပ်ခွင် အခြေအနေများကြောင့် ဖြစ်စေ ဖြစ်ပွါးသည် ဟုယုံကြည်ရသောရောဂါဖြစ်ပေါ်ခဲ့သော်၊

(ခခ) လုပ်ငန်း၊ သို့တည်းမဟုတ် ထိုလုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းပြောင်းလဲမှုကြောင့် ဖြစ်စေ၊ လုပ်ငန်းအသစ်၊ သို့တည်းမဟုတ် လုပ်ငန်းအတွက် ပစ္စည်းသစ်ကို အသုံးပြုမှုကြောင့်ဖြစ်စေ၊ ထိုလုပ်ငန်း တွင် လုပ်ရသည့် အလုပ်သမားများ၏ကျန်းမာရေးကို ထိခိုက်ဘွယ်ရာရှိခဲ့သော်၊

(ဂဂ) လူငယ်များ၏ကျန်းမာရေးကိုထိခိုက်ဘွယ်ရာရှိသည့် အလုပ်တွင်၊ လူငယ်များကိုခိုင်းစေသော်၊ သို့တည်းမဟုတ် ခိုင်းစေရန်အကြောင်းရှိသော်၊

ပြဋ္ဌာန်းသည့်အတိုင်း ကျန်းမာရေးနှင့်ညီညွတ်စေရန် ကြပ်မတ်ကြည့်ရှုခြင်း။

<ပြင်ဆင်20.01.2016>

 

အခန်း ၃။

ကျန်းမာရေး။

သန့်ရှင်းစင်ကြယ်မှု။

၁၃။ ။ (၁) အလုပ်ရုံတိုင်း၊ အလုပ်ရုံဝင်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်ပြင်၊ ရေမြောင်းမှ သို့တည်းမဟုတ် ကျင်ကြီးကျင်ငယ် စွန့်ရန်နေရာမှ သို့တည်းမဟုတ် အခြားနံစော်သည့် အရာမှထွက် သည့်အနံ့နှင့်လည်းကင်းစေရမည်။ ထို့ပြင် အထူးသဖြင့် -

(က) ကြမ်းပြင်များနှင့် အလုပ်ခုံများ၊ လှေခါးများနှင့် လမ်းများတွင် တင်ရှိနေသော အညစ်အကြေး အမှိုက်သရိုက်စသည်များကို တံမြက်စည်းဖြင့်သော်၎င်း၊ အခြားထိရောက်သော နည်းလမ်းဖြင့်သော်၎င်း နေ့စဉ်လှည်းကျင်း၍ သင့်တော်သောနည်းလမ်းဖြင့် စွန့်ပစ်ရမည်။

(ခ) အလုပ်ခန်းတိုင်း၏ကြမ်းပြင်ကို ရက်သတ္တတပတ်လျှင် အနည်းဆုံးတကြိမ်ကျ ဆေးကြောရ မည်။ အကယ်၍ အနံ့ပျောက်ဆေးထည့်၍ ဆေးကြောရန်လိုလျှင် ထည့်၍ဆေးကြောရမည်။ သို့တည်း မဟုတ် အခြားထိရောက်သောနည်းလမ်းဖြင့် သန့်ရှင်းစင်ကြယ်အောင်ပြုရမည်။

(ဂ) ပြုလုပ်မှုလုပ်ငန်းစဉ်တစ်ခုခုကြောင့်၊ ကြမ်းပြင်ပေါ်တွင် ရေအိုင်နေရန်အကြောင်းရှိလျှင်၊ ထိုသို့ ရေမအိုင်နေရန်အတွက် ရေဆင်းလမ်း ပြုလုပ်ထားရှိရမည်။

(ဃ) အလုပ်ခန်း၏ အတွင်းနံရံခန်းဆီး၊ မျက်နှာကြက်၊ သို့တည်းမဟုတ် အမိုးအောက်အားလုံး၊ လမ်း များ၏ နံရံနှင့် အမိုးအောက်အားလုံး၊ လှေကားအားလုံးကို -

(ကက) အဖြူသော်၎င်း၊ အခြားအရောင်သော်၎င်း သုတ်ထားရမည်။ ထို့ပြင် ဆယ့်နှစ်လလျှင် အနည်းဆုံးတကြိမ်ကျ ထပ်မံသုတ်ရမည်။ သို့တည်းမဟုတ်

(ခခ) သင်္ဘောဆေးသော်၎င်း၊ အရောင်တင်ဆီသော်၎င်း သုတ်ထားလျှင်၊ သုံးနှစ်လျှင် အနည်းဆုံး တကြိမ်ကျ ထပ်မံသုတ်ရမည်။ ဤကဲ့သို့ဆေး သုတ်ထားသောနံရံ၊ ကြမ်းပြင် စသည်များသည်၊ ချောလျက် ရေဆေး၍မပျက်နိုင်ပါက ဆယ့်နှစ်လလျှင် အနည်းဆုံးတကြိမ်ကျ ရေနွေးနှင့်ဆပ်ပြာဖြင့် ဖြစ်စေ၊ အခြားသင့်တော်သော ရောဂါကင်းစေသည့်ဆေးနှင့်ဖြစ်စေ ဆေးရမည်။ သို့တည်းမဟုတ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သဘောတူညီသည့် အခြားနည်းများဖြင့် သန့်ရှင်းစင်ကြယ်အောင်ပြုရမည်။

(င) အပိုဒ်ခွဲ(ဃ)အရ၊ လိုအပ်သည့်အတိုင်း၊ အဖြူဖြစ်စေ အခြားအရောင်ဖြစ်စေသုတ်သည့်၊ သို့တည်းမဟုတ် သင်္ဘောဆေးသုတ်သည့်၊ သို့တည်းမဟုတ် အရောင်တင်ဆီသုတ်သည့် နေ့စွဲများကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက သတ်မှတ်ထားသည့် မှတ်ပုံစာအုပ်တွင် ရေးသွင်းရမည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အမိန့်ဖြင့် မည်သည့်အလုပ်ရုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့် အလုပ်ရုံအမျိုးအစားကိုမဆို၊ ပုဒ်မခွဲ(၁) ရှိ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြု၍၊ အလုပ်ရုံကိုသန့်ရှင်း စင်ကြယ်သောအခြေအနေ၌ထားရှိရန် အခြား ဆောင်ရွက်မှုနည်းလမ်းများကို သီးခြားဖေါ်ပြနိုင်သည်။

<ပြင်ဆင်20.01.2016>

စွန့်ပစ်သည့်ပစ္စည်းများနှင့် ယိုစီးသည့်အရာများ သုတ်သင် ရှင်းလင်းခြင်း။

၁၄။ ။ (၁) အလုပ်ရုံတိုင်းတွင်၊ ပြုလုပ်မှု လုပ်ငန်းစဉ်အရ စွန့်ပစ်သည့်ပစ္စည်းများ၊ ယိုစီးသည့်အရာများနှင့် အခိုးအငွေ့များ၊ အမှုန်အမွှားများ၊ အနံ့အသက်များကို ရှင်းလင်းသန့်စင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်ထားရမည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ပုဒ်မခွဲ (၁) အရ၊ ပြုရမည့်အစီ အစဉ်များကို ပြဋ္ဌာန်းသည့် နည်းဥပဒေများ ကို၊ သို့တည်းမဟုတ် ပုဒ်မခွဲ(၁)အရ ပြုသည့်အစီအစဉ်အတွက် သက်ဆိုင်ရာဌာနများ၏ သဘော တူညီချက်ကို ရရှိရမည်ဟု ပြဋ္ဌာန်းသည့်နည်းဥပဒေများကိုပြုနိုင်သည်။

<ပြင်ဆင်  20.01.2016>

လေဝင်လေထွက်ရရှိအောင်နှင့် အပူအအေးမျှတအောင်ပြုခြင်း။

၁၅။ ။ (၁) အလုပ်ရုံ၏အလုပ်ခန်းတိုင်းတွင်လေကောင်း လေသန့်လုံလောက်စွာရရှိရန်နှင့်၊ အလုပ်သမား တို့ နေသာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် အပူအအေးမျှတရန် သင့်တော်လုံလောက်သော စီမံချက်များပြုပေးရမည်။

အထူးသဖြင့်-

(က) အပူချိန်မတိုးဘဲ လျော့နိုင်သမျှလျော့စေရန်၊ နံရံများနှင့် အမိုးများကို သင့်တော်သော ပစ္စည်းများ နှင့် သင့်တော်သော ပုံစံများဖြင့်ပြုရမည်။

(ခ) အလုပ်ရုံတွင်လုပ်သည့်အလုပ်အမျိုးအစားသည်၊ အပူရှိန်ပြင်းလွန်းသော၊ သို့တည်းမဟုတ် ပြင်းလွန်းဘွယ်ရှိသော အမျိုးအစားဖြစ်လျှင်၊ အလုပ်သမားများကို အပူရှိန်မှကာကွယ်ရန် အလို့ငှါ အလုပ်ခန်းနှင့် အလုပ်ကို သီးခြားထားခြင်းဖြင့်သော်၎င်း၊ ပူသောနေရာနှင့် ခွဲခြားထားခြင်းဖြင့်သော် ၎င်း၊ အခြားနည်းဖြင့်ထိရောက်စွာ စီမံပေးခြင်းဖြင့်သော်၎င်း၊ အစွမ်းကုန်လုံလောက်စွာ စီမံထား ပေးရမည်။

(၂) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ မည်သည့်အလုပ်ရုံ၊ သို့တည်းမဟုတ် ထိုအလုပ်ရုံ၏ အစိတ်အပိုင်း များအ တွက်မဆို၊ သို့တည်းမဟုတ် မည်သည့်အမျိုးအစားဖြစ်သော အလုပ်ရုံများ၊ သို့တည်းမဟုတ် ထိုအလုပ်ရုံ များ၏ အစိတ်အပိုင်းများ အတွက်မဆို၊ လေဝင်လေထွက်မည်မျှရှိရမည်ဟူ၍၎င်း၊ အပူအအေးမည်မျှ ရှိရမည်ဟူ၍၎င်း၊ ပြဋ္ဌာန်းနိုင်သည့်ပြင်၊ သီးခြားဖေါ်ပြသည့်နေရာ၌ အပူချိန်တိုင်းကိရိယာနှင့် အခြားလိုအပ်သည့် ကိရိယာများထားရှိရမည်ဟု ညွှန်ကြားနိုင်သည်။

(၃) အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အမျိုးအစားတခုခုဖြစ်သော အလုပ်ရုံများတွင် ဖြစ်စေ၊ အပြင်နံရံများကို၊ သို့တည်းမဟုတ် အမိုးများကို၊ သို့တည်းမဟုတ် ပြူတင်းပေါက်များကို၊ အဖြူသုတ်ခြင်း၊ ရေဖျန်းခြင်း၊ အပူရှိန်ကာကွယ်ခြင်း စသည့်နည်းလမ်းများဖြင့်ဖြစ်စေ၊ လေဝင်လေထွက်ရရှိအောင် အမိုးကိုမြှင့်တင် ပေးခြင်း၊ သို့တည်းမဟုတ် အမိုးနှစ်ထပ်ထားခြင်းဖြင့်ဖြစ်စေ၊ အပူရှိန်ကာကွယ်နိုင်သည့် ပစ္စည်းများနှင့် မိုးခြင်းဖြင့်ဖြစ်စေ၊ ပြင်းထန်သောအပူရှိန်ကို လျော့စေနိုင်မည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက ထင်မြင်လျှင်၊ အလုပ်ရုံတွင် လိုက်နာဆောင်ရွက်ရမည့် အဆိုပါနည်းလမ်းများကို၊ သို့တည်းမဟုတ် အခြားနည်းလမ်းများကို သတ်မှတ်နိုင်သည်။

<ပြင်ဆင် 20.01.2016>

အမှုန်များနှင့် အခိုးအငွေ့များ။

၁၆။ ။ (၁) အလုပ်ရုံတွင် လုပ်နေသောပြုလုပ်မှု လုပ်ငန်းစဉ် နှင့်စပ်လျဉ်း၍ အလုပ်ရုံတွင် ခိုင်းစေခံရသူများကို၊ ဘေး အန္တရာယ် ဖြစ်ဘွယ်ရာလက္ခဏာရှိသည့် အမှုန် အခိုးအငွေ့၊ သို့တည်းမဟုတ် အခြားအညစ်အကြေးများ ထွက်လျှင်သော် ၎င်း၊ အမှုန်၊ သို့တည်းမဟုတ် အခိုးအငွေ့အများအပြား ထွက်လျှင်သော်၎င်း၊ ထိုအခိုးအငွေ့ စသည်များကို၊ မရှူမရှိုက်မိရန်နှင့် အခန်းတွင် အခိုးအငွေ့များစုဝေး မနေနိုင်ရန်၊ အစွမ်းကုန်စီမံဆောင်ရွက်ပေးရမည်။ ထို့ပြင် အခိုးအငွေ့ အညစ်အကြေးစသည်များ ထွက်နိုင်ရန်၊ ထွက်ပေါက်များပြုလုပ်ပေးရန်လိုအပ်လျှင်၊ ထိုအခိုးအငွေ့အညစ်အကြေးစသည်များဖြစ်ရာ နေရာနှင့် နီးနိုင်သမျှနီးကပ်သောနေရာများတွင် ထွက်ပေါက်များ စီမံထားရှိရမည်။ ထို့ပြင် ထိုနေရာကို တတ်နိုင်သမျှပိတ်ဆို့ထားရမည်။

(၂) အလုပ်ရုံတွင် အခိုးထွက်ပေါက် အပြင်ဘက်သို့ ထုတ်မထားလျှင်၊ မရွှေ့ဘဲနေသည့် အင်ဂျင်စက်ကို ခုတ်မောင်းခြင်းမပြုရ။ ထို့ပြင် အခန်းတွင် ခိုင်းစေခံရသူအလုပ်သမားတို့ ဘေးအန္တရာယ်ဖြစ်စေမည့် အခိုးအငွေ့များစုဝေးခြင်းကိုကာကွယ်ရန်စီမံထားခြင်းမရှိလျှင်၊ အခြားမည်သည့်အင်ဂျင်စက်ကိုမျှ၊ ထိုအခန်းတွင် ခုတ်မောင်းခြင်းမပြုရ။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ယေဘုယျအားဖြင့် အလုပ်ရုံအားလုံးတွင် လုပ်ငန်းပိုင်ရှင်များကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုတွင်၊ သို့တည်းမဟုတ် အလုပ်ရုံတခုခုတွင်၊ လုပ်ငန်းပိုင်ရှင်တို့ကိုဖြစ်စေ၊ ပုဒ်မခွဲ (၁) ပါ လိုအပ်ချက်များနှင့်အညီ၊ မည်သို့ စီမံဆောင်ရွက်ရမည်ဟု ညွှန်ကြားချက်များ အခါအား လျော်စွာထုတ်ပေးနိုင်သည်။ ဆိုင်ရာလုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် လုပ်ငန်းပိုင်ရှင်များသည်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၏အမိန့်တွင် သီးခြားဖေါ်ပြထားသည့် အချိန်အကန့်အသတ်အတွင်း ဆိုခဲ့သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

<ပြင်ဆင်20.01.2016>

လေကိုစိုထိုင်းစေခြင်း။

၁၇။ ။ (၁) လေကိုပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံ အားလုံးတွင်-

(က) စိုထိုင်းသောလေအတွက် စံချိန်သတ်မှတ်ရန်၊

(ခ) လေကိုပိုမိုစိုထိုင်းအောင် ဖန်တီးရန် အသုံးပြုသည့် နည်း လမ်းများကို သတ်မှတ်ရန်။

(ဂ) လေ၏စိုထိုင်းခြင်း မည်ရွေ့မည်မျှရှိကြောင်း အမှန်သိရှိ ရန်နှင့် မှတ်တမ်းတင်ရန် အတွက် သတ်မှတ် ထားသည့် စမ်းသတ်မှုများကို ဆောင်ရွက်ရမည်ဟု ဆင့်ဆိုရန်၊

(ဃ) အလုပ်ခန်းများတွင် လေလုံလောက်စွာ ဝင်နိုင်ရန်နှင့် အလုပ်ခန်းတွင်းရှိ လေကိုအေးအောင် ပြုရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြဋ္ဌာန်းရန်၊

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက နည်းဥပဒေများ ပြုနိုင်သည်။

(၂) လေကိုပိုမိုစိုထိုင်းအောင် ဖန်တီးရသည့်အလုပ်ရုံတွင်၊ ထိုကိစ္စအလို့ငှါ အသုံးပြုသည့်ရေသည် သောက်ရေရယူသည့် နေရာမှရေသော်၎င်း၊ အသုံးမပြုမီ သန့်ရှင်းစင်ကြယ်အောင် ပြုထားသည့် ရေသော်၎င်းဖြစ်ရမည်။

(၃) အလုပ်ရုံတွင် လေကိုပိုမိုစိုထိုင်းအောင် အသုံးပြုသည့်ရေ ကိုပုဒ်မခွဲ(၂) အရ သန့်ရှင်းစင်ကြယ်အောင် ပြုရန်လိုအပ်သည့်အတိုင်း သန့်ရှင်းစင်ကြယ်အောင်မလုပ်ဟု ထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိ သည် လိုက်နာဆောင်ရွက်ရန်သင့်သည်ဟု မိမိထင်မြင်သော စီမံချက်များကို သီးခြားဖေါ်ပြ၍၊ သီးခြားဖေါ်ပြ ရာပါနေ့မတိုင်မီ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုသော အမိန့်စာကိုအလုပ်ရုံ မန်နေဂျာထံချအပ်နိုင်သည်။

<ပြင်ဆင်20.01.2016>

လူထူထပ်ခြင်း။

၁၈။ ။ (၁) အလုပ်ရုံရှိအခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်လောက် အောင်လူထူထပ်ခြင်း မရှိစေရ။

(၂) ပုဒ်မခွဲ(၁)တွင် မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ၊ အခန်း တွင်ခိုင်းစေခံရသူ အလုပ်သမား အသီးသီး အတွက်၊ ကုဗအကျယ်အဝန်းသည် ကုဗပေငါးရာအောက် မနည်းစေရ။ ကုဗအကျယ်အဝန်း တွက်စစ်ရန် အလို့ငှါ ကြမ်းပြင်မှ ဆယ့်လေးပေ အထက်မြင့်သောအကျယ်အဝန်းကို ထည့်သွင်းခြင်းမပြုရ။

(၃) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဤပုဒ်မ ရှိပြဋ္ဌာန်းချက်များနှင့် အညီ အလုပ်ခန်းတွင် ခိုင်းစေမည့် အများဆုံးအလုပ်သမား ဦးရေသီးခြားဖေါ်ပြသည့် နို့တစ်စာကို၊ ထိုအလုပ်ခန်း အသီးသီးတွင် ကပ်ထားရ မည်ဟု ဆင့်ဆိုလျှင်၊ ယင်းသို့ ဆင့်ဆိုသည့်အတိုင်း ကပ်ထားရမည်။

(၄) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်ခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ကျန်းမာရေးအတွက် ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်မလိုဟု မိမိကျေနပ်လျှင်၊ စည်းကမ်းချက်များ သတ်မှတ်ရန်လိုအပ်လျှင် သင့်တော်သည် ထင်မြင်သည့်စည်းကမ်းချက်များ သတ်မှတ်၍၊ အလုပ်ခန်းကို အထက်ဆိုခဲ့သည့် ပြဋ္ဌာန်းချက်များမှ အမိန့်စာဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။ ထို့ပြင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤပုဒ်မ ရှိပုဒ်မခွဲ (၂) တွင် ဖေါ်ပြထားသည့် စံချိန်အတိုင်း မဟုတ်ဘဲ၊ အကျယ်အဝန်း မည်ရွေ့ မည်မျှရှိရမည်ဟု အလုပ်ရုံတခုခုအတွက် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက်ဖြစ်စေ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

<ပြင်ဆင်20.01.2016>

အလင်းရောင်ရရှိစေခြင်း။

၁၉။ ။ (၁) အလုပ်သမားများ အလုပ်လုပ်နေသော၊ သို့တည်းမဟုတ် ဖြတ်သန်းသွားလာနေသော အလုပ်ရုံ၏ အစိတ်အပိုင်း အသီးသီးတွင်၊ သဘာဝအလင်းရောင်၊ သို့တည်းမဟုတ် ဖန်တီးထားသည့် အလင်းရောင်ကို သင့်တော်လုံလောက်စွာရရှိနိုင်ရန် စီမံထားရမည်။

(၂) အလုပ်ရုံတိုင်းတွင် အလုပ်ခန်း လင်းရန်အလို့ငှါ၊ တပ်ဆင်ထားသည့် မှန်ပြူတင်းနှင့် မှန်ပေါက် အားလုံးကို အတွင်းအပြင်ကြည်လင်အောင် ထားရှိရမည့်ပြင်၊ ပုဒ်မ၁၅ရှိ၊ ပုဒ်မခွဲ (၃)အရ၊ ပြုသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည်နှင့်အမျှ ပြူတင်းပေါက်အားလုံးကို ပိတ်ကွယ် ခြင်းမရှိစေရန်လည်း ဆောင်ရွက်ရမည်။

(၃) အောက်ပါအချက်များကို အစွမ်းကုန်ကာကွယ်ပေးရန် စီမံချက်ကို ထိရောက်စွာပြုရမည်။

(က) အလင်းရောင်ကြောင့်ဖြစ်စေ၊ ပြောင်လက်ချောမွေ့ သောမျက်နှာပြင်မှ ဟပ်သည့်အလင်းရောင် ကြောင့် ဖြစ်စေ၊ မျက်စိကျိန်းလောက်အောင် တောက်ပသောအလင်းရောင်။

(ခ) အလုပ်သမား၏ မျက်စိအားကို စိုက်၍ကြည့်ရလောက် အောင်မှောင်ခြင်း၊ သို့တည်းမဟုတ် အလုပ်သမားကို မတော် တဆထိခိုက်နိုင်လောက်အောင် မှောင်ခြင်း။

(၄) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ အလုပ်ရုံများအတွက်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက်ဖြစ်စေ၊ အလုပ်ရုံအစိတ်အပိုင်းများအတွက်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်တခုခုအတွက်ဖြစ်စေ၊ သင့်တော်လုံလောက်သော စံချိန်အလင်းရောင်ကို သတ်မှတ်နိုင်သည်။

<ပြင်ဆင် 20.01.2016>

သောက်ရေ။

၂၀။ ။ (၁) အလုပ်ရုံတိုင်းတွင်၊ သင့်တော်၍ အသွားအလာ လွယ်ကူသောနေရာများ၌၊ အလုပ်သမား အားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သောက်ရေကိုလုံလောက်စွာထားရှိရန် ထိရောက်စွာစီမံဆောင် ရွက်ပေးရမည်။

(၂) ရေထားပေးသောနေရာအားလုံးကိုပြီသသော စာလုံးများ ဖြင့်“သောက်ရေ”ဟုရေးမှတ်ထားရ မည့်ပြင်၊ ထိုနေရာများကို အဝတ်လျှော်ဖွပ်ရာနေရာ၊ အိမ်သာ၊ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာမှ ပေနှစ်ဆယ်အတွင်း မထားရှိစေရ။

(၃) သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် နွေရာသီ၌ သောက်ရေကို ထိရောက်သော နည်းလမ်းဖြင့်၊ အေးအောင်ပြု၍ ဝေငှရန် စီမံထားရှိရမည်။

(၄) သောက်ရေပေးရာ၌ အလုပ်ရုံအားလုံး၊ သို့ တည်းမဟုတ် အလုပ်ရုံအမျိုးအစားတခုခုကို သန့်ရှင်းစင်ကြယ်သော သောက်ရေ ပေးရန်၊ အခြား လိုအပ်သည့် အချက် များကို၎င်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတ်မှတ်နိုင်သည်။

<ပြင်ဆင် 20.01.2016>

အိမ်သာများနှင့် ကျင်ငယ် စွန့်ရန်နေရာများ။

၂၁။ ။ (၁) အလုပ်ရုံတိုင်းတွင် -

(က) အလုပ်သမားများ အချိန်မရွေး လွယ်ကူစွာသွားလာနိုင်သည့် နေရာများ၌ အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာ များကိုသတ်မှတ်သော ပုံစံအတိုင်း လုံလောက်စွာ ထားရှိရ မည်။

(ခ) မိန်းမအလုပ်သမားများအတွက် အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာများကို ယောက်ျား အလုပ်သမားများ အတွက် ထားရှိသော အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများမှ သီးခြား စီမံ ထားပေးရမည်။

(ဂ) ထိုအိမ်သာများ၏အဝင်ဝတွင်၊ “ယောက်ျား” သို့တည်းမဟုတ် “မိန်းမ” ဟုသက်ဆိုင်ရာ စာတမ်းကိုဖြစ်စေ၊ အမှတ် အသားကိုဖြစ်စေ ထင်ရှားအောင် ကပ်ထားရမည်။

(ဃ) အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာများကို၊ အလင်းရောင်နှင့် လေလုံလောက်စွာ ရရှိအောင် စီမံထားရှိရမည်။ မည်သည့်အိမ်သာ၊ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန် နေရာကိုမျှ၊ ကြားနေရာလပ်၊ သို့တည်းမဟုတ် လေဝင်လေထွက် နိုင်သော လမ်းမရှိဘဲ အလုပ်ခန်းနှင့် ဆက်သွယ်၍မထားရ။

(င) အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို၊ မည်သည့်အချိန်၌မဆို၊ သန့်ရှင်းစင်ကြယ်၍ ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေတွင် ထားရှိရမည်။

(စ) တံမြက်လှည်းသူ လုံလောက်စွာထားရှိရမည်။ ထိုတံမြက်လှည်းသူ၏ အဓိက အလုပ်ဝတ်တရားမှာ၊ အိမ်သာများ၊ ကျင်ငယ်စွန့်ရန် နေရာများနှင့် လျှော်ဖွပ်ရန် နေရာများကို သန့်ရှင်းစင်ကြယ်အောင် ပြုရန် ပင်ဖြစ်သည်။

(၂) သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင်-

(က) သန့်ရှင်းစင်ကြယ်ရေးနှင့် ညီညွတ်သည်ဟု သတ်မှတ်ထားသောပုံစံအတိုင်း အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာများကို စီမံထားရှိရမည်။

(ခ) ထိုအိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများ စသည့် သန့်ရှင်းစင်ကြယ်ရေးနှင့် ဆိုင်သောအဆောက် အအုံများ၏ ကြမ်းပြင်များနှင့် ထိုကြမ်းပြင်များမှ သုံးပေအမြင့်ထိ နံရံများကို ကြွေရေသုတ် ကျောက်ပြား၊ သို့တည်းမဟုတ် ချောမွေ့လျက် ရေစိမ့်မဝင်နိုင်သော အခြားပစ္စည်းများဖြင့် စီမံထားရှိရ မည်။

(ဂ) ပုဒ်မခွဲ (၁) အပိုဒ် (င)နှင့် (စ) ပါပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ ယင်းကဲ့သို့ စီမံပြုလုပ် ပြီးသည့်ကြမ်းပြင်နှင့် နံရံအစိတ်အပိုင်းကို၎င်း၊ ကျင်ကြီးကျင်ငယ်ခံခွက်များကို၎င်း၊ ရောဂါကင်းစေသည့် ဆေးကိုဖြစ်စေ၊ အနံ့ပျောက်ဆေးကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ၊ အသုံးပြု၍ နေ့စဉ်သန့်ရှင်းစင်ကြယ် အောင်ဆေးကြောထားရမည်။

(၃) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံတွင် သာမာန်အားဖြင့် ခိုင်းစေထားသည့် ယောက်ျား အလုပ်သမား များနှင့် မိန်းမ အလုပ်သမားများ၏ အရေအတွက် အချိုးအစားကိုလိုက်၍ အိမ်သာနှင့် ကျင်ငယ်စွန့်ရန် နေရာအရေအတွက်ကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည့်အပြင်၊ အလုပ်ရုံများ၏ သန့်ရှင်းစင်ကြယ်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားများ၏ တာဝန်ဝတ်တရားများမှစ၍၊ အလုပ်သမား၏ကျန်းမာရေးအတွက် လိုအပ်သော အခြားသန့်ရှင်းစင်ကြယ်ရေးကိစ္စများအတွက်လည်း ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

<ပြင်ဆင် 20.01.2016>

ထွေးခံများ။

၂၂။ ။ (၁) အလုပ်ရုံတိုင်းတွင် သင့်တော်သောနေရာတိုင်း၌ တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးများကို လုံလောက်စွာစီမံထားရှိရမည့်ပြင်၊ ကျန်းမာရေးနှင့်လျော်ညီအောင် သန့်ရှင်းစင်ကြယ်စွာစီမံထားရှိရမည်။

(၂) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည် မည်သည့်အလုပ်ရုံတွင်မဆို တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးအမျိုးအစား၊ အရေအတွက်နှင့်ထားရ မည့်နေရာကို သတ်မှတ်နိုင်သည့်ပြင်၊ ထိုတံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးများကို သန့်ရှင်းစွာနှင့် ကျန်းမာရေးနှင့် ညီညွတ် စွာထားရှိစေရန်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

(၃) အလုပ်ရုံအတွင်းတွင် ထားရှိသည့် တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးထဲမှအပ အခြား နေရာတွင် မည်သူမျှ အလုပ်ရုံအတွင်း၌ တံတွေးမထွေးရ။ ယင်းသို့တံတွေးမထွေးရန် တားမြစ်ကြောင်းနှင့် ကျူးလွန် လျှင် ထိုက်သင့်စေနိုင်သည့် အပြစ်ဒဏ်ကိုဖေါ်ပြသည့် ကြော် ငြာစာများကို၊ သင့်တော်သော နေရာများတွင် ထင်ရှားစွာ ထားရှိရမည်။

(၄) မည်သူမဆို ပုဒ်မခွဲ (၃)ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်လျက် တံတွေးထွေးလျှင် ကျပ်တစ်ထောင်ထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်။

<ပြင်ဆင် 20.01.2016>

 

အခန်း ၄။

ဘေးရန်ကင်းရှင်းမှု။

စက်ကိရိယာများကို ကာရံထားခြင်း။

၂၃။ ။ (၁) အလုပ်ရုံတိုင်းတွင် အောက်ပါစက်ကိရိယာများကို၊ ထိုစက်ကိရိယာများလည်နေစဉ်၊ သို့တည်း မဟုတ် ထိုစက်ကိရိယာများကို အသုံးပြုနေစဉ်၊ အခိုင်အခံ့ဆောက်လုပ်ထားသည့် အကာအရံများဖြင့် လုံခြုံစွာ ကာရံထားရမည့်ပြင်၊ ထိုအကာအရံများကို အစဉ်အမြဲပြုပြင်၍ နေရာတကျထားရှိရမည်။

(က) အားပေးစက်များ-

(ကက) အားပေးစက်၏ လှုပ်ရှားနေသော အစိတ်အပိုင်းနှင့် အားပေးစက်နှင့် တိုက်ရိုက်ဆက်သွယ် ထားသော အားပေးစက်ဘီး (ထိုအားပေးစက်သည်၊ သို့တည်းမဟုတ် အားပေးစက်ဘီးသည်၊ စက်ခန်း အတွင်း၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)။

(ခခ) ရေအားဘီး (water wheel)နှင့် ရေရဟတ် (water-turbine) ၏ရှေ့စွန်းနှင့်နောက်မြီး စွန်းများ။

(ဂဂ) လျှပ်စစ်ဂျင်နရေတာ (electric generator) ၏အစိတ်အပိုင်း၊ မော်တော်စက်၏အစိတ်အပိုင်း၊ အားပြောင်းလဲ စက်(rotary converter) ၏ အစိတ်အပိုင်းအသီးသီး (အကယ်၍၊ ထိုအစိတ်အပိုင်း သည်တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့်သော်၎င်း ကာရံထားခြင်းမရှိ သော်လည်း၊ ကာရံ ထားခြင်းရှိဘိသကဲ့သို့ အလုပ်ရုံတွင် ခိုင်းစေခံရသူ၊ သို့တည်းမဟုတ် လုပ်နေသူတိုင်းအား ဘေးရန် ကင်းရှင်းစေလျှင် ကာရံထားရှိစေရန်မလို)။

(ခ) အားပို့စက်ကိရိယာများ-

အားပို့စက်ကိရိယာ၏ အစိတ်အပိုင်းအသီးသီး (အကယ်၍ ထိုအစိတ်အပိုင်း အသီးသီးသည် တည်နေ ပုံကြောင့်သော်၎င်း တည်ထားပုံကြောင့်သော်၎င်း ကာရံထားခြင်း မရှိသော်လည်း၊ ကာရံထားခြင်းရှိ ဘိသကဲ့သို့ အလုပ်ရုံတွင်ခိုင်းစေခံရသူ သို့တည်းမဟုတ် လုပ်နေသူတိုင်းအား ဘေးရန်ကင်းရှင်းစေလျှင် ကာရံထားရှိရန်မလို)။

(ဂ) အခြားစက်ကိရိယာများ -

(ကက) အခြားစက်ကိရိယာများ၏ ဘေးအန္တရာယ်ဖြစ်စေတတ်သော အစိတ်အပိုင်းအသီးသီး (အကယ်၍ထိုအစိတ်အပိုင်းသည် တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့်သော်၎င်း ကာရံထား ခြင်းမရှိသော်လည်း၊ ကာရံထားခြင်းရှိဘိသကဲ့သို့ အလုပ်ရုံတွင်ခိုင်းစေခံရသူ၊ သို့တည်းမဟုတ် လုပ်နေ သူတိုင်းအား ဘေးရန်ကင်းရှင်းစေလျှင် ကာရံထားရှိရန်မလို။)

(ခခ) တွင်ခုံ၏ခေါင်းပိုင်းမှ အစွန်းထွက်နေသော ပစ္စည်း ၏အစိတ်အပိုင်း။

သို့ရာတွင် အထက်ဆိုခဲ့သည့်ပုဒ်မခွဲ(၁) ၏ အပိုဒ်(ခ) နှင့် (ဂ) ပါကိစ္စများအလို့ငှါ၊ အကယ်၍ စက်ကိရိယာ အစိတ်အပိုင်းတခုသည် တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့်သော်၎င်း၊ ကာရံထားခြင်းမရှိ သော်လည်း၊ ကာရံထားခြင်းရှိဘိသကဲ့သို့ အဆောက်အအုံတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ခိုင်းစေခံရ သူ၊ သို့တည်းမဟုတ် လုပ်နေသူတိုင်းအားဘေးရန်ကင်းရှင်းစေသည် မကင်းရှင်းစေသည် ဆုံးဖြတ်ရာ၌၊ ထိုစက်ကိရိယာ အစိတ်အပိုင်းလည်နေစဉ်သာ စစ်ဆေးရန်လိုသည့် စက်ကိရိယာစစ်ဆေးမှုကိုပြုနေသူကိုဖြစ်စေ၊ စက်ကိရိယာအစိတ်အပိုင်းလည်နေစဉ်သာ စစ်ဆေးရာ၌ လိုအပ်သည့်ထင်မြင်သော သားရေပတ်ကြိုးတပ်ဆင်ခြင်း၊ စက်ဆီထည့်ခြင်း၊ သို့တည်းမဟုတ် အခြားစက်ကိရိယာ နေရာတကျ ရှိအောင်ပြင်ဆင်မှု ပြုနေသူကိုဖြစ်စေ၊ ထည့်သွင်းစဉ်းစားခြင်းမပြုရ။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ စက်ကိရိယာတခုခုအတွက်၊ သို့တည်းမဟုတ် စက်ကိရိယာ၏ အစိတ် အပိုင်းတခုခုအတွက်၊ မိမိလိုအပ်သည် ထင်မြင်လျှင်နောက်ထပ်ကာကွယ်ရေး စီမံချက်များကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်၊ သို့တည်းမဟုတ် စက်ကိရိယာတခုခုကိုဖြစ်စေ၊ စက်ကိရိယာ၏ အစိတ်အပိုင်းတခုခုကိုဖြစ်စေ၊ အလုပ်သမားတို့ ဘေးရန်ကင်းရှင်းရန်အတွက်၊ လိုအပ်သည်ဟု မိမိ ထင်မြင်သော စည်းကမ်းချက်ထား၍၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်ခြင်းမှ နည်းဥပဒေ များဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

လည်နေသောစက်ကိရိယာ၌၊ သို့တည်းမဟုတ် ထိုစက်ကိရိယာအနီး၌ အလုပ်လုပ်ခြင်း။

၂၄။ ။ (၁) အလုပ်ရုံတွင်ပုဒ်မ ၂၃ ၌ ရည်ညွှန်းထားသည့် စက်ကိရိယာ၏ အစိတ်အပိုင်းကို၊ ထိုစက် ကိရိယာလည်နေစဉ် စစ်ဆေးရန် လိုအပ်လျှင်သော်၎င်း၊ ယင်းသို့စစ်ဆေးပြီး စက်ကိရိယာလည်နေစဉ်၊ သားရေပတ်ကြိုးတပ်ခြင်း၊ သို့တည်းမဟုတ် ချခြင်း၊ စက်ဆီထည့်ခြင်း၊ သို့တည်းမဟုတ် စက်ကိရိယာ နေရာတကျရှိအောင် ပြင်ဆင်မှုပြုခြင်းစသည့် အလုပ်များကိုလုပ်ရန် လိုအပ်လျှင်သော်၎င်း၊ ယင်းသို့စစ် ဆေးခြင်းကို၊ သို့တည်းမဟုတ် သားရေပတ်ကြိုးတပ်ခြင်း စသည့်အလုပ်များကို၊ ထိုအလုပ်များအတွက် အထူးသင်ကြားထားသော ယောက်ျားလူကြီး အလုပ်သမားများသာ၊ ကိုယ်ကြပ် အဝတ်အစားများ ဝတ်ဆင်လျက် ဆောင်ရွက်ရမည်။ ထိုသူတို့၏ အမည်သည် ဤကိစ္စအလို့ငှါ ပြဋ္ဌာန်းသည့်မှတ်ပုံစာအုပ် တွင် ရေးသွင်းပြီးဖြစ်ရမည်။ ထို့ပြင် ယင်းသို့လုပ်နေစဉ်-

(က) ထိုအလုပ်သမားသည်၊ ဗြက်အားဖြင့် ခြောက်လက်မအောက်ငယ်၍ တသားတည်းဖြစ်အောင် ဆက်ထားသော သားရေပတ်ကြိုးများမှလွဲ၍၊ အခြားသားရေပတ်ကြိုးများကို လည်နေသော ပူလီပေါ် တင်ခြင်း၊ သို့တည်းမဟုတ် ချခြင်း အလို့ငှါ၊ ကိုင်တွယ်ခြင်းမပြုစေရ။

(ခ) စက်ကိရိယာများကို ကာရံထားရမည့် အခြားတာဝန်များအပြင်၊ အထိန်းဝက်အူ၊ လည်သည့် ဝင်ရိုးတံ၏သော့ချက်၊ ဝင်ရိုး၊ ဘီး၊ သို့တည်းမဟုတ် ပင်နယံ၊ သံဆူးတက်အားလုံး၊ ဝက်အူရစ်တံ အားလုံးနှင့် အသွားတပ်ထားသည့်၊ သို့တည်းမဟုတ် ပွတ်၍လည်သည့် အခြားကိရိယာအားလုံးကို ကာရံ ထားခြင်းမရှိလျှင်၊ အလုပ်ကိုလုပ်နေသူအား ထိခိုက်ဘွယ် အကြောင်းရှိမည်ဖြစ်၍၊ ၎င်းစက်ကိရိယာ များကို လုံခြုံစွာ ကာရံထားရမည်။

(၂) မည်သည့်မိန်းမကိုမျှ၊ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ စက်ကိရိယာ အစိတ်အပိုင်းလည်နေ စဉ်၊ ထိုအစိတ်အပိုင်းကို တိုက်ချွတ်ရန်၊ စက်ဆီထည့်ရန်၊ သို့တည်းမဟုတ် နေရာတကျရှိအောင် ပြင်ဆင် ရန်သော်၎င်း၊ လည်နေသည့် စက်ကိရိယာ၏လည်နေသော အစိတ်အပိုင်းစပ်ကြားတွင်၊ သို့တည်းမဟုတ် ပုံသေတပ်ထားသည့်အစိတ်အပိုင်းနှင့် လည်နေသောအစိတ်အပိုင်း စပ်ကြားတွင် အလုပ်လုပ်ရန်သော် ၎င်း၊ ခွင့်မပြုရ။

(၃) သီးခြားဖေါ်ပြထားသည့် အလုပ်ရုံတွင်ဖြစ်စေ၊ သို့တည်းမဟုတ် သီးခြားဖေါ်ပြထားသည့် အမျိုး အစားဖြစ်သော အလုပ်ရုံများတွင်ဖြစ်စေ၊ သီးခြားဖေါ်ပြထားသည့် စက်ကိရိယာ အစိတ်အပိုင်းများ လည်နေစဉ်၊ ထိုအစိတ်အပိုင်းများကိုမည်သူမျှ တိုက်ချွတ်ခြင်း၊ စက်ဆီထည့်ခြင်း၊ သို့တည်းမဟုတ် နေရာတကျရှိအောင် ပြင်ဆင်ခြင်းမပြုရဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကအမိန့်ကြော်ငြာစာဖြင့် တားမြစ်နိုင် သည်။

<ပြင်ဆင်20.01.2016>

ဘေးအန္တရာယ်ဖြစ်စေတတ်သော စက်ကိရိယာများ၌ လူငယ် များကိုခိုင်းစေခြင်း။

၂၅။ ။ (၁) စက်နှင့်စပ်ဆိုင်သော ဘေးအန္တရာယ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်မှု များကို အစုံ အလင်သိရှိနားလည်ပြီးဖြစ်သည့်ပြင်  -

(က) စက်၌ လုပ်ရမည့်အလုပ်ကို လုံလောက်စွာသင်ကြား တတ်မြောက်ပြီး ဖြစ်သည့် လူငယ်၊ သို့တည်း မဟုတ်

(ခ) စက်နှင့်စပ်လျဉ်း၍ ကောင်းစွာတတ်ကျွမ်းနားလည်ပြီး အလုပ်ရည်ဝသူတဦး၏ ကြီးကြပ်စီမံခြင်း ကို ခံရသည့်လူငယ်

မှတပါး၊ အခြားမည်သည့်လူငယ်မျှ၊ ဤပုဒ်မနှင့်သက်ဆိုင် သည့်စက်၌အလုပ်မလုပ်ရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

(၂) အထက်ဆိုခဲ့သည့် လိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက၊ လူငယ်များလုပ်ရန် မသင့်တော်လောက်အောင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်သဘောရရှိ၍ သတ်မှတ်သည့်စက်များနှင့် ပုဒ်မခွဲ (၁)သည် သက်ဆိုင်စေရမည်။

<ပြင်ဆင်20.01.2016>

အားဖြတ်တောက်ရန်ကိရိယာများ။

၂၆။ ။ (၁) အလုပ်ရုံတိုင်းတွင် -

(က) အားပို့စက်ကိရိယာ၏ အစိတ်အပိုင်းဖြစ်သော ပူလီရှင်မှ ပူလီသေသို့၎င်း၊ ပူလီသေမှ ပူလီရှင်သို့ ၎င်း၊ သားရေပတ်ကြိုးများရွှေ့ပြောင်းရန် သင့်တော်သောကိရိယာ၊ သို့တည်းမဟုတ် အခြားထိရောက်စွာ စီမံထားသောကိရိယာကို အသုံးပြုရမည်။ ထို့ပြင်ဆိုခဲ့သည့် ကိရိယာများကို ပူလီသေပေါ်သို့ သားရေပတ် ကြိုးပြန်၍ မရွေ့စေရန် တနည်းနည်းအားဖြင့် စီမံထားရှိရမည်။

(ခ) သားရေပတ်ကြိုးများကို အသုံးမပြုသောအခါ၊ လည်နေသော ဝင်ရိုးပေါ်တွင် တင်မထားရ၊ သို့တည်းမဟုတ် မကျရောက်စေရ။

(၂) အလုပ်ရုံတိုင်း၏ အလုပ်ခန်းတိုင်းတွင်၊ အရေးတကြီး ကိစ္စများရှိလျှင်၊ အားဖြတ်တောက်ရန် သင့်တော်သော ကိရိယာများ စီမံထားရှိရမည်။

သို့ရာတွင် ဤအက်ဥပဒေ အာဏာမတည်မီက အလုပ်လုပ်နေသော အလုပ်ရုံများနှင့်စပ်လျဉ်း၍၊ ဤပုဒ်မခွဲပါပြဋ္ဌာန်းချက်များသည်၊ လျှပ်စစ်ဓါတ်အားကို အသုံးပြုသည့်အလုပ်ခန်းများနှင့်သာ သက်ဆိုင်စေရမည်။

ရှေ့တိုးနောက်ငင်သွားသောစက်များ။

၂၇။ ။ မည်သည့်အလုပ်ရုံတွင်မဆို၊ အကယ်၍ စက်၏ရှေ့တိုး နောက်ငင်သွားသော အစိတ်အပိုင်း သွားရာလမ်းသို့ အလုပ်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ၊ လူများဖြတ်သန်းသွားတတ် သည်ဖြစ်ပါမူ၊ ထိုအစိတ်အပိုင်းသည်၎င်း၊ ထိုအစိတ်အပိုင်းပေါ်တွင် သယ်ယူသောပစ္စည်းသည်၎င်း၊ စက်ကိုယ်ထည် မဟုတ်သည့် အတည်တကျ ဆောက်လုပ်ထားသော အရာတခုခုနှင့် တဆယ့်ရှစ်လက်မ အောက်လျော့၍ နီးသောနေရာသို့ မရောက်စေရ။

သို့ရာတွင် ဤအက်ဥပဒေကို အတည်မပြုမီ တပ်ဆင်ထားသော စက်သည်၊ ဤပုဒ်မပါ လိုအပ်ချက် များနှင့် မညီညွတ်လျှင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည်၊ စက်ကိုမိမိသတ်မှတ်သည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဆက်လက်အသုံးပြုစေ နိုင်သည်။

<ပြင်ဆင်20.01.2016>

စက်ကိရိယာ သစ်ကိုအိမ်ဖွဲ့၍ထားရှိခြင်း။

၂၈။ ။ (၁) ဤအက်ဥပဒေအာဏာတည်သည့်နေ့ နောက်မှ အလုပ်ရုံတွင် တပ်ဆင်သည့်အားဖြင့် မောင်းသောစက်အားလုံးတွင်-

(က) အထိန်းဝက်အူ၊ လည်သည့်ဝင်ရိုးတံပေါ်ရှိဇာဝီ၊ သို့တည်းမဟုတ် သော့ချက်၊ ဝင်ရိုးငယ် (spindle)၊ ဘီး၊ သို့တည်းမဟုတ် ပင်နယံ (pinion) အသီးသီးကို ဘေးအန္တရာယ် ကင်းရှင်းလောက် အောင် မြှုပ်နှံ၍သော်၎င်း၊ အိမ်ဖွဲ့၍သော်၎င်း၊ အခြားနည်းဖြင့် ထိရောက်စွာကာကွယ်၍သော်၎င်း ထားရှိ ရမည်၊ ထို့ပြင်

(ခ) စက်လည်နေသည့်အခါ၊ နေရာတကျဖြစ်အောင် မကြာမကြာ ပြုပြင်ပေးရန်မလိုသည့် သံဆူးတက် အားလုံး၊ ဝက်အူရစ်တံအားလုံးနှင့် အသွားတပ်ထားသည့်၊ သို့တည်းမဟုတ် ပွတ်တိုက်ပြီးလည်သည့် ကိရိယာအားလုံးကို လုံခြုံအောင် အိမ်ဖွဲ့ကာရံထားရမည်။ သို့ရာတွင် ၎င်းတို့သည် လုံခြုံစွာအိမ်ဖွဲ့ကာရံ ထားဘိသကဲ့သို့ ဘေးရန်ကင်းရှင်းမည့် အခြေအနေ၌ရှိမည်ဆိုလျှင်၊ ၎င်းတို့ကို ကာရံထားရန်မလို။

(၂) အားဖြင့်မောင်းသော ပုဒ်မခွဲ(၁)ပါ ပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်သည့် စက်ကို မည်သူမဆို အလုပ်ရုံတွင် အသုံးပြုရန်ရောင်းချလျှင်၊ သို့တည်းမဟုတ် ငှါးရမ်းလျှင်၊ သို့တည်းမဟုတ် ရောင်းချသူ၏ ကိုယ်စားလှယ်အဖြစ် ဖြင့်သော်၎င်း၊ ငှါးရမ်းသူ၏ ကိုယ်စားလှယ်အဖြစ်ဖြင့်သော်၎င်း၊ ရောင်းချလျှင်၊ သို့တည်းမဟုတ် ငှါးရမ်းလျှင်၊ ထိုသူသည် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းအောက် မနည်းသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

(၃) ဤပုဒ်မရှိပြဋ္ဌာန်းချက်များသည် စက်တခုခုနှင့်ဖြစ်စေ၊ စက်အမျိုးအစား တခုခုနှင့်ဖြစ်စေ၊ သက်ဆိုင် စေရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် နည်းဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။ ထိုနည်းဥပဒေများတွင် ထိုစက်ကိုဖြစ်စေ၊ ထိုစက်အမျိုးအစားကိုဖြစ်စေ၊ ကာကွယ်ရမည့်စီမံချက် အမျိုးအစားများကို သီးခြား ဖေါ်ပြနိုင်သည်။

<ပြင်ဆင်20.01.2016>

ဝါဖတ်စက်အနီးအနားတွင် မိန်းမများနှင့် ကလေးများအား ခိုင်းစေခြင်းကို တားမြစ်ခြင်း။

၂၉။ ။ ဝါဖတ်စက်လည်နေသော အလုပ်ရုံအစိတ်အပိုင်း တခုခုတွင်၊ မည်သည့်မိန်းမကိုမျှ၊ သို့တည်း မဟုတ် မည်သည့် ကလေးကိုမျှ မခိုင်းစေရ။

သို့ရာတွင်၊ ဝါဖတ်စက်၏ ဝါထည့်ရာဘက်သည်၊ အခန်းတွင်ရှိ၍၊ ထိုအခန်းနှင့် ဝါထုတ်ရာဘက် ကို အမိုးထိအောင်ကာရံ၍ ထားလျှင်ဖြစ်စေ၊ ဝါဖတ်စက်တခုခုနှင့်စပ်လျဉ်း၍၊ စစ်ဆေးရေးအရာရှိက သီးခြား သတ်မှတ်သည့် အမြင့်ထိကာရံ၍ ထားလျှင်ဖြစ်စေ၊ ဝါထည့်ရာဘက် အခန်းတွင် မိန်းမများနှင့်ကလေး များကို ခိုင်းစေနိုင်သည်။

<ပြင်ဆင်20.01.2016>

မြှောက်စက် (hoist)နှင့် ပင့်စက်များ(lift)။

၃၀။ ။ (၁) မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) အသီးသီးကို ကောင်းမွန်သော စက်ကိရိယာဖြင့် တပ်ဆင်၍ တောင့်တင်းခိုင်ခံ့သောပစ္စည်းဖြင့် ကောင်းမွန်စွာ ဆောက်လုပ်ထားရမည့် ပြင်၊ နေရာတကျလည်း ပြုပြင်ထားရှိရမည်။

(၂) မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) အသီးသီးကို၊ ခြောက်လလျှင် အနည်းဆုံး တစ်ကြိမ်ကျ စစ်ဆေးပိုင်ခွင့်ရှိသူက စေ့ငသေချာစွာ စစ်ဆေးရမည်။ ဤကဲ့သို့ စစ်ဆေးတိုင်း၊ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍၊ ပြဋ္ဌာန်းထား သောအကြောင်းအရာများ၊ ရေးမှတ်ထားသော မှတ်ပုံစာအုပ် ထားရှိရမည်။

(၃) မြှောက်စက်လမ်း (hoistway)၊ သို့တည်းမဟုတ် ပင့်စက်လမ်း (liftway) အသီးသီးကို၊ တံခါး ပေါက်များတပ်ဆင်ထားသည့် အကာအရံဖြင့် ခိုင်လုံစွာကာရံထားရမည်။ ထိုမြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) ကို၎င်း၊ အကာအရံအသီးသီးကို၎င်း၊ ထိုမြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) အစိတ်အပိုင်းနှင့် ပုံသေဆောက်လုပ်ထားသော၊ သို့တည်းမဟုတ် လှုပ်ရှားနေသော အစိတ်အပိုင်းစပ်ကြားတွင်၊ လူဖြစ်စေ၊ ဝတ္ထုပစ္စည်းဖြစ်စေ၊ မညှပ်မိအောင် ဆောက်လုပ် ထားရမည်။

(၄) ဘေးရန်ကင်းရှင်းစွာ အများဆုံးသယ်ယူနိုင်သည့် ဝန်ချိန်ကို၊ မြှောက်စက် (hoist)၊ သို့တည်းမ ဟုတ် ပင့်စက် (lift) အသီးသီးတွင် ထင်ရှားအောင်ရေးသားထားရမည်။ ထိုဝန်ချိန် ထက်လေးသော မည်သည့်ဝန်ကိုမျှ သယ်ယူခြင်းမပြုရ။

(၅) လူသယ်ယူရန်အတွက် အသုံးပြုသော မြှောက်စက် (hoist)နှင့် ပင့်စက် (lift) ချိုင့်အိမ်၏ ဝင်ထွက်နိုင်သည့်ဘက်တွင် တံခါးတပ်ထားရမည်။

(၆) ချိုင့်အိမ်ရပ်ရာနေရာသို့ မရောက်မီ တံခါးမပွင့်နိုင်အောင်၊ ထို့ပြင် တံခါးမပိတ်သေးဘဲ ချိုင့်အိမ် ရွေ့မသွားနိုင်အောင်၊ ပုဒ်မခွဲ(၃)နှင့် (၅)များတွင် ရည်ညွှန်းထားသည့် တံခါး အသီးသီးတွင် ထိရောက်စွာ တားဆီးနိုင်သည့် ခလုတ်၊ သို့တည်းမဟုတ် အခြားစီမံချက်များတပ်ဆင်ထားရမည်။

(၇) အောက်ပါလိုအပ်သည့် အချက်များသည်လည်း၊ အလုပ်ရုံတွင် လူသယ်ယူရန်အတွက် ဤအက်ဥပဒေ အာဏာတည်ပြီးသည့်နောက်မှ ဆောက်လုပ်သော၊ သို့တည်းမဟုတ် ပြန်လည် ဆောက်လုပ်သော မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) နှင့်သက်ဆိုင်စေရမည်-

(က) မြှောက်စက်၏ (hoist)၊ သို့တည်းမဟုတ် ပင့်စက်၏(lift) ချိုင့်အိမ်ကို ကြိုးဖြင့်ဆိုင်းထားလျှင်၊ ချိုင့်အိမ်နှင့် မဲတင်းလေး ကိုသီးခြားဆက်သွယ်သည့် ကြိုးအနည်းဆုံးနှစ်ချောင်း ရှိရမည်။ ဤသို့ တပ်ဆင်ထားသော ကြိုးအသီးသီးသည်၊ ကြိုး၏တန်ဆာပလာများနှင့်တကွ၊ ချိုင့်အိမ်တခုလုံး၏ အလေးချိန်နှင့် အများဆုံးသယ်ယူနိုင်သည့် ဝန်ချိန်ကို မြှောက်ပင့်နိုင်ရမည်။

(ခ) ကြိုးများ၊ သို့တည်းမဟုတ်၊ အခြားတန်ဆာပလာများ ပြတ်လျှင်ဖြစ်စေ၊ ပျက်လျှင်ဖြစ်စေ၊ ချိုင့်အိမ်နှင့်တကွ၊ ထိုချိုင့်အိမ်အတွင်းရှိအများဆုံး သယ်ယူနိုင်သည့် ဝန်ချိန်ကိုပါ၊ ဆွဲထိန်းထားနိုင် စေမည့် ထိရောက်သောစီမံချက်များ စီမံထားရှိရမည်။

(ဂ) ချိုင့်အိမ်လွန်မသွားနိုင်အောင် အလိုအလျောက်ရပ်စေ နိုင် သည့်စီမံချက် တခုခု စီမံထားရှိရမည်။

(၈) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) အမျိုးအစား တခုခုနှင့်စပ်လျဉ်း၍၊ ဤပုဒ်မပါ လိုအပ်ချက်တခုခုကို လိုက်နာစေရန် မသင့်လျော်ဟု မိမိထင်မြင်လျှင်၊ ထိုလိုအပ်ချက်သည်၊ ထိုမြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (lift) အမျိုးအစားနှင့် သက်ဆိုင်ခြင်းမရှိစေရဟု အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။

<ပြင်ဆင်20.01.2016>

ကရိန်းစက် (crane)နှင့်အခြားအလားတူ ပင့်မြှောက်စက် များ။

၃၁။ ။ (၁) အလုပ်ရုံတွင် [မြှောက်စက် (hoist)၊ ပင့်စက် (lift)၊ မဟုတ်သည့်] ကရိန်းစက် (crane) နှင့် အခြားအလားတူ စက်အားလုံးနှင့်စပ်လျဉ်း၍ အောက်ပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက် ရမည်။

(က) ပုံသေတပ်ထားသည့်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းနိုင် သည့်ခုတ်မောင်းကိရိယာ (working gear)၊ ကြိုးများဆွဲထိန်းသည့် ကိရိယာ (anchoring and fixing appliances) အမျိုးမျိုးပါဝင်သည့် ပင့်စက် အစိတ်အပိုင်းကို -

(ကက) တောင့်တင်းခိုင်ခံ့သော ပစ္စည်းဖြင့် ကောင်းမွန်စွာ ဆောက်လုပ်ထားရမည်။

(ခခ) နေရာတကျလည်း ပြုပြင်ထားရှိရမည်။ ထို့ပြင် စစ်ဆေးပိုင်ခွင့်ရှိသူက ဆယ့်နှစ်လလျှင် အနည်း ဆုံးတကြိမ်ကျ စေ့ငသေချာစွာ စစ်ဆေးရမည်၊ ထိုသို့စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော အကြောင်းအရာများ ရေးမှတ်ထားသည့် မှတ်ပုံစာအုပ်ထားရှိရမည်။

(ခ) ဘေးရန်ကင်းရှင်းစွာ သယ်ယူနိုင်သည့်ဝန်ချိန်ထက်ပို၍ သယ်ယူရန် ထိုစက်ကိရိယာများကို အသုံးမပြုရ၊ ထိုစက်ကိရိယာပေါ်တွင် သယ်ယူနိုင်သည့် ဝန်ချိန်ကို ထင်ရှားစွာရေးသားထားရမည်။

(ဂ) ကရိန်းစက် (crane) သွားလာရာတွင် ဘီးလမ်းပေါ်၌ဖြစ်စေ၊ ဘီးလမ်းအနီး၌ ဖြစ်စေ၊ ခိုင်းစေခံရ သူကိုသော်၎င်း၊ အလုပ်လုပ်နေသူကိုသော်၎င်း မည်သည့်နေရာတွင်မဆို၊ ကရိန်းစက် (crane)နှင့် ထိခိုက် ဘွယ်ရာ အကြောင်းရှိလျှင်၊ ထိုနေရာမှ ပေနှစ်ဆယ်အတွင်းသို့ ကရိန်းစက် (crane) မရောက်နိုင်ရန် ထိရောက်စွာ စီမံထားရမည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတွင် ပင့်မြှောက်စက် တ ခုခုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပင့်မြှောက်စက် အမျိုးအစားတခုခု နှင့် စပ်လျဉ်း၍ဖြစ်စေ-

(က) ဤပုဒ်မရှိ လိုအပ်ချက်များကို ဖြည့်စွက်ရန်၊ နောက်ထပ် လိုအပ်ချက်များကို ပြဋ္ဌာန်းသည့်၊

(ခ) ဤပုဒ်မပါလိုအပ်ချက်အားလုံး၊ သို့တည်းမဟုတ် လိုအပ် ချက်တခုခုအတိုင်းလိုက်နာဆောင်ရွက် ရန်မလိုဟုသော်၎င်း၊ မဖြစ်နိုင်ဟုသော်၎င်း၊ ထင်မြင်သဘောရရှိလျှင်၊ ယင်းသို့ လိုက်နာဆောင်ရွက်ရ ခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်၊

နည်းဥပဒေများ ကိုပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

လည်သော စက်ကိရိယာ။

၃၂။ ။ (၁) ကျောက်ဖြင့်ကြိတ်ခြင်း၊ သို့တည်းမဟုတ် ပွတ် တိုက်ခြင်းစသော လုပ်ငန်းကိုလုပ်သည့် အလုပ် ရုံတိုင်းတွင် အသုံးပြုသည့်ကြိတ်စက်ဘီး၏၊ သို့တည်းမဟုတ် ပွတ်စက်ဘီး၏ဘေးရန်ကင်းရှင်းစွာ အမြန်ဆုံးလည်နိုင်သော အရှိန် (peripheral speed) ကို၎င်း၊ ထိုစက်ဘီး၏ဝင်ရိုး၏ အရှိန်ကို၎င်း၊ ဘေးရန်ကင်းရှင်းစွာ အမြန်ဆုံးလည်နိုင်သော အရှိန်ထက်ပို၍မလည်စေရန်လိုအပ်သည့် ပူလီ၏အချင်း ကို၎င်း၊ ဖေါ်ပြသည့်နို့တစ်စာကိုအသုံးပြုနေသော စက်အသီးသီး၌ အမြဲကပ်ထားရမည်၊ သို့တည်းမဟုတ် စက်အသီးသီးနား၌ အမြဲထားရှိရမည်။

(၂) ပုဒ်မခွဲ(၁) အရ ကပ်ထားသည့်နို့တစ်စာများတွင်၊ ဖေါ်ပြ ထားသော အရှိန်ထက်ပို၍ ကျောက်စက်ကို မလည်စေရ။

(၃) အလုပ်ရုံတိုင်းတွင်၊ စက်အားဖြင့်လည်သည့်ခွက် (vessel)၊ ချိုင့်(cage)၊ ချင်းတောင်း (basket)၊ အားပေးစက်ဘီး၊ ပူလီ၊ အပြားဝိုင်း (dise)၊ သို့တည်းမဟုတ် အလားတူ ကိရိယာအသီးသီး၏ အရှိန်သည်၊ ဘေးရန်ကင်းရှင်းစွာလည်နိုင်သော အရှိန်ထက်ပို၍ မလည်ရအောင် တားဆီးနိုင်သည့် စီမံချက်များ စီမံထားရှိရမည်။

<ပြင်ဆင် 09.10.1953 >

တိုးအားစက်။ (Pressure Plant).

၃၃။ ။ (၁) အလုပ်ရုံတွင်၊ ပြုလုပ်မှုလုပ်ငန်းစဉ်အတွက် အသုံး ပြုသည့်စက်ကိရိယာ၏ အစိတ်အပိုင်း၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းသည်၊ သဘာဝလေတိုးအားထက် သာလွန်သောတိုးအားကို အသုံးပြုလျှင်၊ ထိုအစိတ်အပိုင်း အသုံးပြုနေသောတိုးအားကို ဘေးရန်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် တိုးအား ထက်မပိုရအောင် ထိရောက်စွာ စီမံထားရမည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ပုဒ်မခွဲ(၁) တွင် ရည်ညွှန်းထားသည့် စက်၊ သို့တည်းမဟုတ် စက်ကိရိယာ တခုခုကို စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော နည်းဥပဒေများကို၎င်း၊ အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစားတခုခုတွင် ထိုစက်များ၊ သို့တည်းမဟုတ် စက်ကိရိယာနှင့် စပ်လျဉ်း၍ ဘေးရန်ကင်းရှင်းအောင် ပြုရန်လိုအပ်သည်ဟု မိမိထင်မြင်သည့် အခြားစီမံချက်များကို ပြဋ္ဌာန်းသော နည်းဥပဒေများကို၎င်း ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

ကြမ်းပြင်၊ သွားလမ်း၊ လှေကား၊ သွားလာစေနိုင်မည့် လမ်း။

၃၄။ ။ အလုပ်ရုံတိုင်းတွင် -

(က) ကြမ်းပြင်၊ လှေကားထစ်၊ လှေကားနှင့် သွားလမ်းအားလုံးကို ကောင်းမွန်စွာဆောက်လုပ်၍ နေရာတကျပြုပြင် ထားရမည်။ ထို့ပြင် ဘေးရန်ကင်းရှင်းအောင် ပြုရန်လိုအပ်လျှင်လည်း၊ ခိုင်ခံ့သော လက်ရန်းများကို စီမံထားပေးရမည်။

(ခ) တဦးတယောက်သောသူ အချိန်မရွေး အလုပ်လုပ်ရမည့် နေရာသို့၊ ဘေးရန်ကင်းရှင်းစွာ သွားလာ စေနိုင်မည့် လမ်းများကို အကြောင်းအားလျော်စွာ အစွမ်းကုန်စီမံထားရှိရမည်။

တွင်းနှင့်ကြမ်းပေါက် စသည်များ။

၃၅။ ။ (၁) အလုပ်ရုံတိုင်းတွင်၊ ပုံသေတပ်ဆင်ထားသော ခွက် (vessel)၊ လှောင်တွင်း (sump)၊ လှောင်ကန် (tank)၊ တွင်း (pit)၊ ကြမ်းပေါက်၊ သို့တည်းမဟုတ် တွင်းပေါက်အသီးသီး၏ စောက်အနက်၊ အနေအထား၊ တည်ထားပုံ၊ သို့တည်းမဟုတ် ထည့်သွင်းထားသည့် အရာများကို ထောက်ချင့်ခြင်းအား ဖြင့်၊ ဘေးအန္တရာယ်ဖြစ်ဘွယ်ရာ အကြောင်းရှိလျှင်၊ ထိုခွက်၊ ကန်၊ တွင်း၊ အပေါက်စသည်များကို လုံခြုံစွာဖုံးအုပ်ထားရမည်၊ သို့တည်းမဟုတ် ခိုင်ခံ့စွာ ကာရံထားရမည်။

(၂) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အမိန့်စာဖြင့် မိမိသင့်တော်သည်ထင်မြင်သည့် စီမံချက်များထား၍ အလုပ်ရုံတခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုကို ဖြစ်စေ၊ ခွက်၊ ကန်၊ တွင်း၊ အပေါက်စသည်များ နှင့်စပ်လျဉ်း၍၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

အလွန်အမင်းလေးလံ သောဝန်ချိန်။

၃၆။ ။ (၁) အလုပ်ရုံတွင် မည်သည့်မိန်းမ၊ လူရွယ်၊ သို့တည်းမဟုတ် ကလေးကိုမျှ လေးလံလွန်းသဖြင့် ထိခိုက်နာကျင်စေ မည့်လက္ခဏာရှိသော ဝန်ချိန်ကိုပင့်ရန်၊ သယ်ယူရန်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းရန်၊ မခိုင်းစေရ။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံများတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင်ဖြစ်စေ၊ ပြုလုပ် မှုလုပ်ငန်းစဉ်တခုခုတွင်ဖြစ်စေ၊ သာမန်အားဖြင့်လုပ်သူတို့ပင့်ရမည့်၊ သယ်ယူရမည့်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းရမည့်အများဆုံးဝန်ချိန်ကို ပြဋ္ဌာန်းသည့် နည်းဥပဒေများပြုနိုင်သည်။

(၃) အမျိုးသမီး အလုပ်သမားများအား မိန်းမသဘာဝ ဓမ္မတာလာစဉ်အချိန်မျိုးတွင် လုပ်ငန်းခွင်၌ ကျန်းမာရေးအရ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း မှတ်ပုံတင်ဆရာဝန်၏ ဆေးထောက်ခံချက်နှင့်တကွ တင်ပြလာပါက လုပ်ငန်းပိုင်ရှင်က သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးရမည်။

(၄) ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများအား ညအချိန်တွင် စေခိုင်းခြင်းမပြုရ။ ထို့ပြင် မူလလုပ်ခလစာနှင့် ခံစားခွင့်များကို မထိခိုက်စေဘဲ ပေါ့ပါးသောတာဝန်များကိုသာ စေခိုင်းရမည်။

<ပြင်ဆင် 20.01.2016>

မျက်စိကို ကာကွယ်ခြင်း။

၃၇။ ။ (က) ပြုလုပ်မှုလုပ်ငန်းစဉ်အရ လုပ်ရာမှထွက်သော အမှုန်များကြောင့်၊ သို့တည်းမဟုတ် အပိုင်းအစများကြောင့်၊ မျက်စိကိုထိခိုက်ဘွယ်ရာရှိသော ပြုလုပ်မှုလုပ်ငန်းစဉ် ဖြစ်သည်ဟူ၍သော်၎င်း၊

(ခ) အလင်းရောင်အလွန်အမင်းထိုးသဖြင့် မျက်စိဘေးအန္တရာယ်ဖြစ်ဘွယ်ရာရှိသည့်ပြုလုပ်မှု လုပ်ငန်း စဉ်ဖြစ်သည် ဟူ၍သော်၎င်း၊

ပြဋ္ဌာန်းသည့်အလုပ်ရုံတွင်လုပ်သော ပြုလုပ်မှုလုပ်ငန်းစဉ်တခုခုနှင့် စပ်လျဉ်း၍၊ ယင်းသို့လုပ်ရာ၌ဖြစ်စေ၊ လုပ်သည့်နေရာ၏ အနီး၌ဖြစ်စေ၊ ခိုင်းစေခံရသူတို့ကို ကာကွယ်ပေးရန်အလို့ငှါ၊ အလင်းရောင်ကို ထိရောက်စွာ တားဆီးနိုင်သည့် အကာအရံများ၊ သို့တည်းမဟုတ် သင့်တော်သော အလင်းကာ မျက်မှန်များကို စီမံထားပေးရန် အလုပ်ရုံနှင့် အလုပ်သမား ဥပ​ဒေစစ်ဆေး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

<ပြင်ဆင် 20.01.2016>

၃၇-က။ လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံတွင် ပြုလုပ်မှုလုပ်ငန်းစဉ်အရ ပြုလုပ်ရာမှ ထွက်ရှိသော ဆူညံသံပမာဏကြောင့် အလုပ်သမားများ၏ အကြားအာရုံနှင့်ကျန်းမာရေးကို ထိခိုက်မှုမဖြစ်စေရန်နှင့် မတော်တဆထိခိုက်မှုမဖြစ်စေရန် သတ်မှတ်ချက်များနှင့်အညီ စီမံထားရမည်။

<ပြင်ဆင် 20.01.2016>

ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အခိုးအငွေ့နှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ချက်။

၃၈။ ။ (၁) အလုပ်ရုံတွင် လူများမူးမေ့သွားလောက်အောင် ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အခိုးအငွေ့ များရှိတတ်သော အခန်း၊ လှောင်ကန်၊ လှောင်စည် (vat)၊ တွင်း၊ ပြွန်၊ လေလမ်း (flue)၊ သို့တည်းမဟုတ် အခြားပိတ်လှောင်ထား သည့်နေရာတွင် လူတယောက်ထွက်နိုင်အောင် ကျယ်သော ကယ်ပေါက်တခု၊ သို့တည်းမဟုတ် အခြားထွက်ပေါက်တခု စီမံထားပေးခြင်း မရှိလျှင်၊ ထိုအတွင်းသို့ မည်သူမျှမဝင်ရ၊ သို့တည်းမဟုတ် မည်သူ့ကိုမျှဝင်ခွင့်မပြုရ။

(၂) အလုပ်ရုံတွင် ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းထားသည့် ပိတ် လှောင်သောနေရာအတွင်း၌၊ နှစ်ဆယ့်လေးဗို့ (volt)ထက်ပို သောလက်ဆွဲလျှပ်စစ်ဓါတ်မီးကို အသုံးမပြုစေရ။ ထို့ပြင်၊ ထိုနေရာအတွင်း၌ရှိသော ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အခိုးအငွေ့များသည်၊ မီးတောက်လောင်စေနိုင်သည့် ဓါတ်သဘာဝ ဖြစ်လျှင် မီးမကူးနိုင်အောင် ပြုထားသည့်၊ ဓါတ်မီးမှ၊ သို့တည်းမဟုတ် မီးအိမ်မှလွဲ၍ အခြားဓါတ်မီးကို သို့တည်းမဟုတ် မီးအိမ်ကို အသုံးမပြုစေရ။

(၃) ပုဒ်မခွဲ(၁) တွင် ရည်ညွှန်းထားသည့် ပိတ်လှောင်သော နေရာ၌ ရှိနေတတ်သည့် အခိုးအငွေ့များကို ဖယ်ရှားရန်နှင့် အခိုးအငွေ့များမဝင်စေရန် အစွမ်းကုန်စီမံထားခြင်း၊ ထို့ပြင် အောက်ဖေါ်ပြရာပါ အတိုင်းဆောင်ရွက်ထားခြင်းမရှိလျှင်၊ မည်သူမျှ ထိုပိတ်လှောင်သည့်နေရာသို့ မဝင်ရ၊ သို့တည်းမဟုတ် မည်သူ့ကိုမျှ ဝင်ခွင့်မပြုရ -

(က) စမ်းသပ်ပိုင်ခွင့်ရှိသူက၊ မိမိကိုယ်တိုင် ထိုနေရာကိုစမ်းသပ်ပြီးနောက်၊ ဘေးအန္တရာယ်ဖြစ်စေ တတ်သည့် အခိုးအငွေ့များကင်းရှင်းကြောင်း ထိုနေရာသို့ လူများဝင်ရန် သင့်တော်ပြီဖြစ်ကြောင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊ သို့တည်းမဟုတ်

(ခ) ထိုနေရာသို့ဝင်ရောက်သောသူသည်၊ သင့်တော်သော အသက်ရှု တန်ဆာပလာကိုတပ်ဆင်ထား၍ ခါးပတ်ပတ်သည့်ပြင်၊ ထိုခါးပတ်တွင် ကြိုးတချောင်း ခိုင်မြဲစွာ ချည်ထားပြီးနောက် လွတ်နေသော ကြိုးစ ကိုပြင်ပ၌ရှိနေသော လူတယောက်က ကိုင်ထားခြင်း။

(၄) အလုပ်ရုံတိုင်းတွင် သင့်တော်သော အသက်ရှုတန်ဆာပလာ၊ သင့်တော်သောပြန်လည် သတိရ အောင်ပြုနိုင်သည့် တန်ဆာပလာ၊ သင့်တော်သောခါးပတ်နှင့်ကြိုးများကို တဦးတယောက်သောသူဝင် ရောက်သည့် ပိတ်လှောင်သောနေရာ၏ အနီးအနား၌ ချက်ခြင်းအသုံးပြုနိုင်ရန် အသင့်ထားရှိရမည်။ ထိုတန်ဆာပလာ အားလုံးကိုစစ်ဆေးပိုင်ခွင့်ရှိသူက ကာလအပိုင်းအခြားအားဖြင့် မှန်မှန်စစ်ဆေး၍ အသုံးပြုရန်သင့်တော်ကြောင်း တာဝန်ခံရမည်။ ထို့ပြင် အလုပ်ရုံတိုင်းတွင်၊ ခိုင်းစေခံ သူများအနက် လုံလောက်သောဦးရေကို၊ ထိုတန်ဆာပလာများ အသုံးပြုနည်းနှင့် အသက်ပြန်လည် ရှုရှိုက်စေနိုင်သည့် နည်းလမ်းများကို သင်ကြားလေ့ကျင့်ပေးရမည်။

(၅) မည်သည့်အလုပ်ရုံတွင်မဆို လူများဘေးရန်ကင်းရှင်းစွာ ဝင်နိုင်ရန် အလို့ငှါ ဘွိုင်လာ၊ ဘွိုင်လာ မီးလမ်း၊ ဘွိုင်လာမီးဖို၊ ပေါင်းအိုး (still)၊ အခန်း၊ လှောင်ကန်၊ လှောင်စည်၊ ပြွန်၊ သို့တည်းမဟုတ် အခြားပိတ်လှောင်သောနေရာကို လေသွင်းခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ လုံလောက်စွာ အေး အောင်မပြုရသေးမီ၊ ထိုနေရာ အသီးသီးသို့ အလုပ်လုပ်ရန် ဖြစ်စေ၊ စမ်းသပ်စစ်ဆေးရန်ဖြစ်စေ၊ မည်သူကိုမျှ ဝင်ခွင့်မပြုရ။

(၆) အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် ကယ်ပေါက်များအတွက် အနည်းဆုံးအကျယ်အဝန်း သတ်မှတ်ချက်ကို အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည့်အပြင် မိမိသင့်လျော်သည်ဟု ထင်မြင်သော စည်းကမ်းချက်များထား၍ အလုပ်ရုံတစ်ခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုကိုဖြစ်စေ ဤပုဒ်မပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

ပေါက်ကွဲစေတတ်သည့်၊ သို့တည်းမဟုတ် မီးတောက်လောင် စေတတ်သည့်အမှုန်၊ အခိုးအငွေ့ စသည်များ။

၃၉။ ။ (၁) အလုပ်ရုံတွင် ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုကြောင့် ဖြစ်သည့်အမှုန်၊ အခိုး၊ သို့တည်းမဟုတ် အငွေ့သည်၊ မီးကူး လျှင်ပေါက်ကွဲနိုင်သည့်အမျိုးအစားဖြစ်၍ ပေါက်ကွဲလောက် အောင်များပြားလျှင်၊ ဤကဲ့သို့ပေါက်ကွဲခြင်းကို အစွမ်းကုန် တားဆီးရန် အောက်ဖေါ်ပြရာပါအတိုင်း စီမံထားရမည်။

(က) ပြုလုပ်မှုလုပ်ငန်းစဉ်တွင် အသုံးပြုသည့်စက်ကို၊ သို့ တည်းမဟုတ် စက်ကိရိယာကို ထိရောက်စွာ ကာရန်ထားခြင်း။

(ခ) အမှုန်၊ အခိုး၊ သို့တည်းမဟုတ် အငွေ့ကို များပြားအောင် မစုရန်ပြုခြင်း၊ သို့တည်းမဟုတ် ထိုသို့ စုမိလျှင် ထိုစုခြင်းကို ဖယ်ရှားခြင်း။

(ဂ) မီးကူးစေနိုင်သည့်အရာအားလုံးကို ကင်းလွတ်စွာ ထားခြင်း၊ သို့တည်းမဟုတ် လုံခြုံစွာကာရံ ထားခြင်း။

(၂) မည်သည့်အလုပ်ရုံတွင်မဆို ပုဒ်မခွဲ(၁) တွင်ရည်ညွှန်း ထားသည့်ပြုလုပ်မှုလုပ်ငန်းစဉ်၌ အသုံးပြု သောစက်ကို၊ သို့တည်းမဟုတ် စက်ကိရိယာကို၊ ဆိုခဲ့သည့်အတိုင်း ပေါက်ကွဲသည့်အရှိန်ကို ခံနိုင်အောင် တည်ဆောက်ထားခြင်းမရှိလျှင်၊ စက်၌၊ သို့တည်းမဟုတ် စက်ကိရိယာ၌ အပိတ်အဆို့များ (chokes)၊ အတားအဆီးများ (baffies)၊ လွှတ်ပေါက်များ (vents)၊ သို့တည်းမဟုတ်အခြားအလားတူ ထိရောက်စွာ တားဆီးနိုင်သည့် ကိရိယာများ စီမံထားပေးခြင်းဖြင့် ပေါက်ကွဲခြင်းကိုမပြန့်အောင်နှင့် ပေါက်ကွဲခြင်း ကြောင့် ထိခိုက်သည့် အပျက်အစီးကို နည်းနိုင်သမျှ နည်းအောင် တားဆီးရန်အလို့ငှါ အစွမ်းကုန်စီမံ ဆောင်ရွက်ပေးရမည်။

(၃) မည်သည့်အလုပ်ရုံတွင်မဆို၊ စက်၏၊ သို့တည်းမဟုတ် စက်ကိရိယာ၏ အစိတ်အပိုင်းတွင် ပေါက်ကွဲ စေတတ်သော၊ သို့တည်းမဟုတ် မီးတောက်လောင်စေတတ်သော အခိုးသည်၎င်း၊ အငွေ့သည်၎င်း၊ သဘာဝလေအားထက်ကြီးသော တိုးအားရှိလျှင်၊ ထိုအစိတ်အပိုင်းကို အောက်ပါပြဋ္ဌာန်းချက်များနှင့်မညီ ညွတ်လျှင်၊ မဖွင့်ရ။

(က) စက်၏၊ သို့တည်းမဟုတ် စက်ကိရိယာ၏ အစိတ်အပိုင်း နှင့် ဆက်သွယ်လျက်ရှိသော ပြွန်ဆက်ကို တင်းကြပ်ခြင်းမပြုမီ၊ သို့တည်းမဟုတ် ထိုအစိတ်အပိုင်းရှိ အပေါက်၏ တင်းကြပ်စွာ ပိတ်ထားသည့် အဖုံးကိုမ​လျှော့မီ ထိုအစိတ်အပိုင်းထဲသို့၊ သို့တည်းမဟုတ် ထိုပြွန်ထဲသို့ အခိုး၊ သို့တည်းမဟုတ် အငွေ့မဝင်အောင်အပိတ်အဆို့ဖြင့်ဖြစ်စေ၊ အခြားတနည်းနည်း ဖြင့်ဖြစ်စေ၊ ထိရောက်စွာပိတ်ဆို့ထား ရမည်။

(ခ) အထက်ဆိုခဲ့သည့်အတိုင်း တင်းကြပ်စွာပိတ်ဆို့ထားသည့် ပြွန်ဆက်၊ ပိတ်ဆို့ထားသည့် အပိတ်အဆို့ကို မဖြုတ်မီပြွန်တွင်၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းတွင်ရှိသော အခိုး၊ သို့တည်းမ ဟုတ်အငွေ့၏ တိုးအားကို သဘာဝလေတိုးအား နှင့်ညီအောင်လျော့ရန် အစွမ်းကုန်စီမံဆောင်ရွက်ရမည်။

(ဂ) အထက်ဆိုခဲ့သည့်အတိုင်း၊ တင်းကြပ်ထားသည့် ပြွန်ဆက် ပိတ်ဆို့ထားသည့် အပိတ်အဆို့ကို လျှော့ပြီးလျှင်၊ သို့တည်းမဟုတ် ဖြုတ်ပြီးလျှင်၊ ထိုအပိတ်အဆို့၊ သို့တည်း မဟုတ် ပြွန်ဆက်ကို ပြန်လည် တင်းကြပ်ခြင်း၊ သို့တည်းမဟုတ် ခိုင်ခံ့စွာပြန်လည်တပ်ဆင်ခြင်း၊ မပြုမီပေါက်ကွဲ စေတတ်သော၊ သို့တည်းမဟုတ် မီးတောက်လောင်စေတတ်သောအခိုးကို၊ သို့တည်းမဟုတ် အငွေ့ကို ထိုပြွန်တွင်းသို့ဖြစ် စေ၊ စက်၊ သို့တည်းမဟုတ် စက်ကိရိယာအစိတ်အပိုင်းအတွင်း သို့ဖြစ်စေ၊ မဝင်စေရန် ထိရောက်စွာ စီမံထားရှိရ မည်။

(၄) မည်သည့်အလုပ်ရုံတွင်မဆို ပေါက်ကွဲစေတတ်သော၊ သို့တည်းမဟုတ် မီးတောက်လောင် စေတတ် သောအရာရှိသော၊ သို့တည်းမဟုတ် ရှိခဲ့ပြီးဖြစ်သောစက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်မှ ထိုအရာ နှင့်ထိုအရာမှဖြစ်သော အခိုး အငွေ့များကို ပယ်ရှားရန်၊ သို့တည်းမဟုတ် ထိုအရာနှင့် အခိုးအငွေ့များကို မပေါက်ကွဲအောင်၊ သို့တည်းမဟုတ် မီးမတောက်လောင်အောင် ပြုရန်လုံလောက်စွာ စီမံဆောင်ရွက်ထား ခြင်းမရှိလျှင်၊ ထို့ပြင် စမ်းသပ်ပိုင်ခွင့်ရှိသူက မိမိကိုယ်တိုင်ထိုစက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်ကိုစမ်း သပ်ပြီးနောက်၊ ထိုအရာတို့သည် ပေါက်ကွဲစေတတ်သည့်၊ သို့တည်းမဟုတ် မီးတောက် လောင်စေတတ်သည့် အငွေ့မရှိကြောင်း စာဖြင့်ရေး၍ တာဝန်ခံ လက်မှတ်မထုတ်ပေးလျှင်၊ ထိုစက်ကို၊ သို့တည်းမဟုတ် လှောင်ကန်ကို၊ သို့တည်းမဟုတ် ခွက်ကို သံဂဟေဆော်ခြင်း (welding)၊ ကြေးဂဟေ ဆော်ခြင်း (brazing)၊ သို့တည်းမဟုတ် ခဲဂဟေဆော်ခြင်း (soldering)၊ သို့တည်းမဟုတ် မီးအားဖြင့် ဖြတ်တောက် ခြင်းမပြုရ။ ဤကဲ့သို့ ဂဟေဆော်ခြင်း၊ ဖြတ်တောက်ခြင်းပြုပြီးသည့်နောက် စက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်စသည်များသည်၊ ဆိုခဲ့သည့်အရာကို မီးမကူးနိုင်လောက်အောင် မအေးသေးမီ၊ ထိုစက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်ထဲသို့ ထိုအရာမရောက်စေရ။

(၅) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ မိမိသင့်တော်သည် ထင်မြင်သည့် စည်းကမ်းချက်များထား၍ အလုပ်ရုံ တခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်အားလုံး၊ သို့တည်းမဟုတ် ပြဋ္ဌာန်းချက်တခုခုအတိုင်း လိုက်နာဆောင်ရွက်ရခြင်းမှ နည်းဥပဒေများဖြင့် ကင်းလွတ် ခွင့်ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

မီးလောင်လျှင်၊ ဆောင်ရွက်ရမည့် စီမံချက်များ။

၄၀။ ။ (၁) အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောင်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဋ္ဌာန်း သည့်အတိုင်း စီမံထားရှိရမည်။ ဤကဲ့သို့ စီမံထားခြင်းမရှိဟု စစ်ဆေးရေးအရာရှိကထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိသည် အလုပ်ရုံ မန်နေဂျာထံသို့ အမိန့်စာချအပ်၍ ထိုအမိန့်စာတွင် အလုပ်ရုံကို ဤပုဒ်မနှင့်၎င်း၊ ဤပုဒ်မအရပြုသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်၎င်း၊ ညီညွတ်စွာဆောင်ရွက်သင့်သည် ဟု မိမိထင်မြင်သော စီမံချက်များ ဖေါ်ပြ၍ အမိန့်စာတွင်ဖေါ်ပြသည့်နေ့ရက်မတိုင်မီ ထိုစီမံချက်များဖေါ်ပြ၍ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။

(၂) အလုပ်ရုံတိုင်းတွင် အခန်းတခုခုမှ ထွက်နိုင်သည့်တံခါးများကို အခန်းတွင်း၌ လူတဦးတယောက်ရှိ နေစဉ်အတွင်းမှ ရုတ်တရက် အလွယ်တကူမဖွင့်နိုင်အောင် သော့ခပ်ထားခြင်း၊ သို့တည်းမဟုတ် ပိတ်ထားခြင်းမပြုရ။ ထိုတံခါးများသည် အံထိုးတံခါးမျိုးမဟုတ်လျှင် အပြင်ဖွင့်တံခါးများ ဖြစ်ရမည်။

(၃) အလုပ်ရုံတိုင်းတွင် သာမန်အသုံးပြုသည့် ထွက်ပေါက်များမှလွဲ၍၊ မီးလောင်လျှင်ထွက်နိုင်သည့် ပြူတင်းပေါက်၊ တံခါး၊ သို့တည်းမဟုတ် အခြားထွက်ပေါက်အသီးသီးတွင် အလုပ်သမားအများ နားလည်သည့် စာဖြင့်ထင်ရှားစွာ ရေးထားသော အနီရောင်စာလုံးများနှင့် ဖြစ်စေ၊ အခြားကောင်းစွာ သိသာနိုင်သည့် အမှတ်အသားနှင့်ဖြစ်စေ၊ ထင်ရှားစွာ မှတ်သားထားရမည်။

(၄) မီးလောင်လျှင်၊ အလုပ်ရုံတွင် ခိုင်းစေခံရသူတိုင်း ကောင်းစွာကြားသိနိုင်အောင်အချက်ပေး ကိရိယာ များကို အလုပ်ရုံတိုင်းတွင် တပ်ဆင်ထားရမည်။

(၅) မီးလောင်လျှင် ထွက်ပေါက်များသို့ အလွတ်တကူသွားနိုင်သည့် လမ်းကိုအလုပ်ရုံအခန်းအသီးသီးရှိ အလုပ်သမား အားလုံးအသုံးပြုနိုင်ရန် ရှင်းလင်းထားရှိရမည်။

(၆) (က) အောက်ဆုံးထပ်၏ မည်သည့်နေရာတွင်မဆို၊ အလုပ်သမားနှစ်ဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံ အသီး သီး၌ ဖြစ်စေ၊

(ခ) ပေါက်ကွဲစေတတ်သည့်၊ သို့တည်းမဟုတ် မီးအလွန် တောက်လောင်စေတတ်သည့် ပစ္စည်းသိုလှောင် ထားသော၊ သို့တည်းမဟုတ် အသုံးပြုသောအလုပ်ရုံအသီးသီးတွင် ဖြစ်စေ၊

မီးလောင်လျှင် အသုံးပြုနိုင်သည့်ထွက်ပေါက်များကို အလုပ်သမားအားလုံးသိနေစေရန်၎င်း၊ မီးလောင် လျှင်ထိုသူတို့ မီးဘေးမှလွတ်မြောက်အောင် လိုက်နာရမည့် နည်းလမ်းကိုကောင်းစွာ သင်ကြားပေးရန် ၎င်း၊ ထိရောက်စွာ စီမံဆောင်ရွက်ရမည်။

(၇) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံတခုခုနှင့်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုနှင့်ဖြစ်စေ စပ်လျဉ်း၍ မီးလောင်လျှင် အသုံးပြုရန် စီမံထားရှိရမည့် ထွက်ပေါက်များနှင့်တကွ၊ မီးသတ်ကိရိယာ အမျိုးအစားနှင့်အရေအတွက်ကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

<ပြင်ဆင်20.01.2016>

ချို့ယွင်းသော အစိတ်အပိုင်းများကို သီးခြားဖေါ်ပြရန် ဖြစ်စေ၊ ခိုင်မခိုင်စမ်းသပ်ခြင်းပြုရန် ဖြစ်စေ ဆင့်ဆိုနိုင်သည့်အာဏာ။

၄၁။ ။ အလုပ်ရုံရှိ အဆောက်အအုံ၊ သို့တည်းမဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းသော်၎င်း၊ အလုပ်ရုံရှိလမ်း၊ စက်ကိရိယာ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းသည်သော်၎င်း၊ လူ့အသက်ကို ဘေးအန္တရာယ်ဖြစ်စေမည့်၊ သို့တည်းမဟုတ် လူတို့ဘေးရန်ကင်းရှင်းမှုကို ထိခိုက်စေမည့် အခြေအနေ တွင်ရှိသည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ သတ်မှတ်သည်နေ့ရက်မတိုင်မီ အောက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရမည်ဟု အလုပ်ရုံမန်နေဂျာထံ အမိန့်စာချအပ်နိုင်သည်။

(က) ယင်းသို့သော အဆောက်အအုံ၊ လမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်ကိုဘေးရန် ကင်းရှင်း စွာအသုံးပြုနိုင်မပြုနိုင် ဆုံးဖြတ်ရန်အတွက် လိုအပ်သည့်ပုံစံများ၊ အသေးစိတ်ဖေါ်ပြချက်များနှင့် အခြား အကြောင်းအရာများကို ပေးအပ်ရန်၊ သို့တည်းမဟုတ်

(ခ) အမိန့်တွင်ဖေါ်ပြသည့် စမ်းသပ်မှုများကို ဖေါ်ပြသည့် နည်းလမ်းအတိုင်းပြု၍၊ ထိုစမ်းသပ်မှုများမှ သိရှိရသည့် အကြောင်းအရာများကိုစစ်ဆေးရေးအရာရှိထံ အကြောင်းကြားရန်။

<ပြင်ဆင်20.01.2016>

အဆောက်အအုံများနှင့်စက်ကိရိယာများ ဘေးရန်ကင်းရှင်းမှု။

၄၂။ ။ (၁) အလုပ်ရုံရှိ အဆောက်အအုံ၊ သို့တည်းမဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းသော်၎င်း၊ အလုပ်ရုံရှိလမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းသည်သော်၎င်း၊ လူ့အသက်ကို ဘေးအန္တရာယ်ဖြစ်စေမည့်၊ သို့တည်းမဟုတ် လူတို့ဘေးရန် ကင်းရှင်းမှုကို ထိခိုက်စေမည့် အခြေအနေ တွင်ရှိသည်ဟု စစ်ဆေးရေးအရာရှိကထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိသည် အလုပ်ရုံမန်နေဂျာထံအမိန့်စာ ချမှတ်၍၊ ထိုအမိန့်စာတွင် လိုက်နာဆောင်ရွက်သင့်သည်ဟု မိမိထင်မြင်ချက်များကို ဖေါ်ပြလျက်၊ အမိန့်စာတွင် ဖေါ်ပြသည့်နေ့ရက် မတိုင်မီ ထိုစီမံချက်များကို ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။

(၂) အလုပ်ရုံရှိ အဆောက်အအုံ၊ သို့တည်းမဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းကိုဖြစ်စေ၊ အလုပ်ရုံ ရှိလမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းကိုဖြစ်စေ အသုံးပြုခြင်းသည် လူ့အသက်ကို ဘေးအန္တရာယ်ဖြစ်စေမည့်ဆဲဆဲ၊ သို့တည်းမဟုတ် လူတို့ဘေးရန်ကင်းရှင်းမှုကို ထိခိုက်စေမည့်ဆဲဆဲ ဖြစ်သည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ ထိုအဆောက်အအုံစသည်များ၊ အစိတ်အပိုင်းများကို နေရာတကျ ပြင်ဆင်ခြင်း၊ သို့တည်းမဟုတ် ပြောင်းလဲပြုပြင်ခြင်း မပြုရသေးမီ အသုံးမပြုရန် တားမြစ်သည့်အမိန့်စာကို စစ်ဆေးရေးအရာရှိက အလုပ်ရုံမန်နေဂျာထံ ချအပ်နိုင်သည်။

<ပြင်ဆင်20.01.2016>

ဤအခန်းကို နောက်ထပ်ဖြည့်စွက်ရန်နိုင်ငံတော်သမတက နည်းဥပဒေများ ပြုနိုင်သည့်အာဏာ။

၄၃။ ။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤအခန်းတွင်ဖေါ်ပြထားသော ကိစ္စများနှင့်ဆိုင်သည့် ကာကွယ်ချက် များအပြင်၊ အောက်ပါအချက်များနှင့် စပ်လျဉ်း၍ နောက်ထပ် ကာကွယ်ချက်များကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။

(က) သီးခြားဖြစ်သည့်စက်များ ဘေးရန်ကင်းရှင်းအောင် နောက်ထပ်ကာရံခြင်း။

(ခ) စက်လည်နေသည့်အခါ ဘေးအန္တရာယ်ဖြစ်စေတတ်သည့် စက်၏အစိတ်အပိုင်းကို မပေါ်စေရန် ကာကွယ်သည့်၊ သို့တည်းမဟုတ် ဘေးအန္တရာယ်ဖြစ်လျှင်၊ စက်ကိုရပ်စေသည့်ကိရိယာများကိုစီမံထား ရှိခြင်း၊

(ဂ) ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် စက်အစိတ်အပိုင်းနှင့် အလုပ်သမားကို မထိခိုက်နိုင်အောင်ပုံသေ ကာကွယ်ထားရန် မဖြစ်နိုင်လျှင်၊ အလိုအလျောက်အကာအကွယ် ဖြစ်နိုင်သည့် အကာအကွယ်မျိုးများ စီမံထားရှိခြင်း၊

(ဃ) စက်ပေါ်တင်၍ လုပ်ရသဖြင့်၊ စက်လည်နေစဉ် ဘေးအန္တရာယ်ဖြစ်စေတတ်သော အရာများကို ကာရံထားခြင်း၊ ထို့ပြင်

(င) ဤအခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင် ရွက်စေရန်အလို့ငှါ သင့်တော်သည့် အခြား ကိစ္စ။

<ပြင်ဆင်20.01.2016>

၄၃-က။ အလုပ်ရုံများတွင် လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများကို လျော့နည်းပပျောက်စေရန်အလို့ငှာ လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများကို လိုအပ်သလို တက်ရောက်စေရမည်။

<ပြင်ဆင် 20.01.2016>

 

အခန်း ၅။

သက်သာချောင်ချိရေး။

ဖွပ်လျှော်ဆေးကြောရန် လွယ်ကူမှုအခွင့်အလမ်း။

၄၄။ ။ (၁) အလုပ်ရုံတိုင်းတွင် -

(က) အလုပ်သမားများဖွပ်လျှော်ဆေးကြောနိုင်ရန် သင့်တော် လုံလောက်သောလွယ်ကူမှု အခွင့်အလမ်း များကို စီမံထားရှိ ရမည်။

(ခ) ထိုလွယ်ကူမှု အခွင့်အလမ်းကို ယောက်ျားအလုပ်သမားများနှင့် မိန်းမအလုပ်သမားများအတွက် သီးခြား၍ လုံလောက်စွာကာရံထားရှိရမည်။

(ဂ) ထိုလွယ်ကူမှုအခွင့်အလမ်းကို အလွယ်တကူ သွားလာ ဝင်ထွက်နိုင်အောင် စီမံ၍သန့်ရှင်းစင်ကြယ် စွာ ထားရမည်။

(၂) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ အလုပ်ရုံတခုခုအတွက် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုအတွက်ဖြစ်စေ၊ ဖွပ်လျှော်ဆေးကြောရန် သင့်တော်လုံလောက်သော လွယ်ကူမှုအခွင့်အလမ်းများကို မည်သည့်ပုံစံအတိုင်းထားရှိရမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

<ပြင်ဆင် 20.01.2016>

အဝတ်များထားရန်နှင့် လှန်းရန်အခွင့်အလမ်းများ။

၄၅။ ။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုတွင်ဖြစ်စေ၊ အလုပ်ချိန်အတွင်းမဝတ်သော အဝတ်များထားရန်နှင့် စိုစွတ်သောအဝတ်များ လှန်းရန်သင့်တော်သော အခွင့်အလမ်းများစီမံထားရန် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

<ပြင်ဆင် 20.01.2016>

အလွယ်တကူထိုင်ရန် အခွင့်အလမ်းများ။

၄၆။ ။ (၁) အလုပ်ရုံတိုင်းတွင် မတ်တတ်အလုပ်လုပ် ကြသော အလုပ်သမားအားလုံးသည် မိမိတို့အလုပ် လုပ်နေစဉ်အခါ နားခွင့်ကြုံက နားနိုင်ရန်အလို့ငှါ၊ ထိုင်ရန်အခွင့်အလမ်းများကို သင့်တော်အောင် စီမံ ထားပေးရမည်။

(၂) အလုပ်ရုံတွင်သီးခြားဖြစ်သော ပြုလုပ်မှုလုပ်ငန်းစဉ်၌ ဖြစ်စေ၊ သီးခြားဖြစ်သော အခန်း၌ဖြစ်စေ ၊ အလုပ်လုပ်သော အလုပ်သမားများသည် ထိုင်လျက်ပင် အလုပ်လုပ်နိုင်သည်ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ထင်မြင်သဘောရရှိလျှင်၊ ထိုသီးခြားဖြစ်သော ပြုလုပ်မှုလုပ်ငန်းစဉ်၌၊ သို့တည်းမဟုတ် သီးခြားဖြစ်သော အခန်း၌ အလုပ်လုပ်သောအလုပ်သမား အားလုံးအတွက် အလွယ်တကူထိုင်ရန် အခွင့်အလမ်းများကို သတ်မှတ်သည့်နေ့ရက်မတိုင်မီ တတ်နိုင်သရွေ့ စီမံထားပေးရမည်ဟု လုပ်ငန်းပိုင်ရှင်အား အမိန့်စာဖြင့် ဆင့်ဆိုနိုင် သည်။

(၃) ပုဒ်မခွဲ (၁) ပါပြဋ္ဌာန်းချက်များသည်၊ သီးခြားဖေါ်ပြထားသည့်အလုပ်ရုံနှင့်ဖြစ်စေ၊ အလုပ်ရုံ အမျိုးအစားနှင့်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်နှင့်ဖြစ်စေ၊ မသက်ဆိုင်ရဟူ၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်သည်။

<ပြင်ဆင်20.01.2016>

သူနာပြုကိရိယာများ။

၄၇။ ။ (၁) အလုပ်ရုံတိုင်းတွင် ပြဋ္ဌာန်းထားသည့် ပစ္စည်း များထည့်ထားသော သူနာပြု ဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတလုံးကို အလုပ်ချိန်အတွင်း အလွယ်တကူအသုံးပြုနိုင်ရန် စစ်ဆေးရေး အရာရှိက ညွှန်ကြားသည့် သင့်လျော်သော နေရာတွင် အလုပ်ရုံမန်နေဂျာက အသင့်စီမံထားရှိရမည်။ အလုပ်သမားတရာ့ငါးဆယ်ထက်ပို၍ခိုင်းစေလျှင်၊ နောက်ထပ်အလုပ်သမားတရာအတွက်၊ သို့တည်းမဟုတ် ထိုထက် နည်းသော နောက်ထပ်အလုပ်သမားများအတွက်၊ နောက်ထပ်ဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရို တလုံးထားရှိရမည်။

(၂) ပြဋ္ဌာန်းထားသည့် ပစ္စည်းများမှလွဲ၍၊ အခြားမည်သည့် အရာကိုမျှ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်း ထားသည့် သူနာပြုဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတွင်မထားရ၊ ထို့ပြင် ထိုသူနာပြု ဆေးသေတ္တာနှင့် ဆေးဘီရိုများကို၊ သူနာပြုအတတ်တတ်မြောက်ပြီးသော တာဝန်ခံတယောက်၏  လက်အောက်တွင်ထားရှိရမည်။ ထိုသူသည် အလုပ်ချိန်တွင် အမြဲရှိရမည်၊

(၃) အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် ပြဋ္ဌာန်းထားသည့်ပစ္စည်း များနှင့်တကွ ပြဋ္ဌာန်းသည့် အကျယ်အဝန်းရှိသော ဆေးခန်းတခု ထားရှိရမည်။ ထိုဆေးခန်းကို ပြဋ္ဌာန်းထားသည့် ဆရာဝန်နှင့် သူနာပြုဆရာများက ကြီးကြပ်စီမံရမည်။

<ပြင်ဆင် 20.01.2016>

အလုပ်သမားများအတွက် ဆိုင်များ။

၄၈။ ။ (၁) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော သီးခြားသတ်မှတ်ထားသည့် အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစားတခုခုတွင်၊ အလုပ်သမားများဝယ်ယူသုံးစွဲနိုင်ရန်အလို့ငှါ၊ လုပ်ငန်းပိုင်ရှင်က လုံလောက်သော ဆိုင်တဆိုင်ထားရှိပေးရမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

(၂) ပယ်ဖျက်

<ပြင်ဆင် 20.01.2016>

နားနေခန်းများနှင့် စားသောက်ခန်းများ။

၄၉။ ။ (၁) သာမန်အားဖြင့် အလုပ်သမားတရာထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင်၊ အလုပ်သမား များအသုံးပြုရန် သင့်တော်လုံလောက်သော နားနေခန်းများနှင့် အလုပ်သမားများ မိမိတို့ယူဆောင်လာသော အစာကိုစားနိုင်ရန် သောက်ရေနှင့်တကွ သင့်တော် လုံလောက်သော အစာစားခန်း စီမံထားရှိရမည်။

သို့ရာတွင် ပုဒ်မ ၄၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွင့်ထားသည့်ဆိုင်သည်၊ ဤပုဒ်မခွဲအရ လိုအပ်သည့် စီမံချက်၏ တစိတ်တဒေသဖြစ်သည်ဟု ယူဆရမည်။ ထို့ပြင် စားသောက်ခန်းရှိလျှင်အလုပ်ခန်း၌ မည်သည့် အလုပ်သမားမျှ အစာမစားရ။

(၂) ပုဒ်မခွဲ (၁) အရ စီမံထားရှိရမည့် နားနေခန်းများ၊ သို့တည်းမဟုတ် စားသောက်ခန်းများကို အလင်းရောင်နှင့် လေလုံလောက်စွရရှိအောင်လည်း စီမံထားရှိရမည်။ ထို့ပြင် ထိုနားနေခန်း စသည်များကို တတ်နိုင်သမျှ အေး၍သန့်ရှင်းစင်ကြယ်အောင်ထားရမည်။

(၃) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်-

(က) ဤပုဒ်မအရ ထားရှိရမည့်နားနေခန်းများနှင့် စားသောက်ခန်းများကို ဆောက်လုပ်ရမည့်ပုံစံ၊ နေရာထိုင်ခင်းထားရှိရမည့်စံနစ်၊ ထိုနားနေခန်းစသည်များတွင်ထားရှိရမည့် ပရိဘောဂနှင့်အခြားပစ္စည်းများကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

(ခ) ပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ အလုပ်ရုံ တခုခုကိုသော်၎င်း၊ အလုပ်ရုံအမျိုးအစား တခုခုကိုသော်၎င်း၊ ဤပုဒ်မရှိ လိုအပ်ချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

<ပြင်ဆင် 20.01.2016>

ကလေးထိန်းခန်းများ။

၅၀။ ။ (၁) မိခင်အလုပ်သမား ၁၀၀ ဦးနှင့်အထက်ရှိသော အလုပ်ရုံတွင် လုပ်ငန်းပိုင်ရှင်သည် ထိုမိခင်အလုပ်သမားများ၏ ငါးနှစ်အောက် ကလေးများအတွက် ကလေးထိန်းဌာနကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အကူအညီ ရယူဆောင်ရွက်ရမည်။ မိခင်အလုပ်သမား ၁၀၀ ဦး မပြည့်သည့် အလုပ်ရုံတွင် ယင်းတို့၏ ငါးနှစ်အောက်ကလေးများအတွက် လုပ်ငန်းပိုင်ရှင်က ကလေးထိန်းခန်းကို သင့်လျော်သလို စီမံထားရှိရမည်။

(၂) ပယ်ဖျက်

(၃) ပယ်ဖျက်

<ပြင်ဆင် 20.01.2016>

ဤအခန်းကိုဖြည့်စွက်ရန်နည်းဥပဒေများပြုနိုင်သည့် နိုင်ငံတော်သမတ၏အာဏာ။

၅၁။ ။ (၁) အလုပ်လုပ်ရသည့် အခြေအနေများကြောင့်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် အမျိုးအစားကြောင့် ဖြစ်စေ၊ အလုပ်သမားတို့၏၊ သို့တည်းမဟုတ် အလုပ်သမားအမျိုး အစားတခုခု၏ သက်သာချောင်ချိရေး အတွက်၊ ဤအခန်းနှင့် သက်ဆိုင်သည့်ကိစ္စများအနက် ကိစ္စတခုခုနှင့်စပ်လျဉ်း၍ နောက်ထပ်ပြဋ္ဌာန်းရန် လိုအပ်သည်ဟုထင်မြင်လျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်သမားများ၏၊ သို့တည်းမဟုတ် အလုပ် သမားအမျိုးအစားတခုခု၏ သက်သာချောင်ချိရေးအတွက် လျော်ကန်သင့်မြတ်သော စီမံဆောင်ရွက် မှုများပြဋ္ဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။ ထိုပြဋ္ဌာန်းချက်များသည် ဤအခန်းရှိ အထက်ပါ ပုဒ်မများအနက်၊ ပုဒ်မတခုခု ကိုဖြည့်စွက်သော ပြဋ္ဌာန်းချက်၊ သို့တည်းမဟုတ် ထိုပုဒ်မအစား အသစ်ထည့်သွင်းသော ပြဋ္ဌာန်းချက်၊ သို့တည်းမဟုတ် ထိုပုဒ်မကို တိုးချဲ့သော ပြဋ္ဌာန်းချက်၊ သို့တည်းမဟုတ် ထိုပုဒ်မကို ပြောင်းလဲသော ပြဋ္ဌာန်းချက်ဖြစ်နိုင်သည်။ ထို့အပြင် အလုပ်သမားများ၏၊ သို့တည်းမဟုတ် အလုပ်သမား အမျိုးအစားတခုခု၏ သက်သာချောင်ချိရေးအတွက် အခြားအလားတူ ကိစ္စများနှင့် စပ်လျဉ်း၍လည်း နည်းဥပဒေများ ပြဋ္ဌာန်းနိုင်သည်။

(က) ထိုနည်းဥပဒေများကို အလုပ်ရုံတခုခုအတွက်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက်ဖြစ်စေ ပြုနိုင်သည်။

(ခ) ထိုနည်းဥပဒေများကို သီးခြားဖြစ်သော လိုအပ်ချက်များနှင့် စပ်လျဉ်း၍ သီးခြားသတ်မှတ်ထား သောအမျိုးအစားရှိသော သက်ဆိုင်ရာ အလုပ်သမားများက လျှောက်ထားသည့် အလျောက်ပြုနိုင်သည်။ ထို့ပြင်အလုပ်သမားတို့၏ ထင်မြင်ယူဆချက်များကို သိရှိအောင်ပြုရမည့် နည်းလမ်းကိုလည်း ထိုနည်းဥပဒေများဖြင့်ပြဋ္ဌာန်းနိုင်သည်။

(ဂ) အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုတွင်ဖြစ်စေ၊ အလုပ်သမားတို့၏ သက်သာ ချောင်ချိရေး စီမံချက်များကို ကြီးကြပ်ဆောင်ရွက်ရာ၌ အလုပ်သမားများ၏ ကိုယ်စားလှယ်များကို ပါဝင်စေရမည်ဟု ထိုနည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။

(၂) ထိုနည်းဥပဒေများဖြင့် လုပ်ငန်းပိုင်ရှင်များအတွက်၊ တာဝန်ဝတ်တရားများကို၎င်း၊ သက်သာ ချောင်ချိရေး စီမံချက်များ၏ အကျိုးကိုခံစားမှုနှင့်စပ်လျဉ်း၍ အလုပ်သမားတို့၏ တာဝန်ဝတ်တရား များကို၎င်း၊ သတ်မှတ်နိုင်သည်။

<ပြင်ဆင်20.01.2016>

 

အခန်း ၆။

အထူးသက်ဆိုင်စေခြင်း။

ဘေးအန္တရာယ်ဖြစ်စေတတ်သည့်အလုပ်များ။

၅၂။ ။ အလုပ်ရုံတွင်လုပ်ရသည့် အလုပ်သည်၊ အလုပ်သမား တို့၏ကိုယ်အင်္ဂါကို ထိခိုက်နာကျင်စေမည့်၊ သို့တည်းမဟုတ် အလုပ်သမားများကို အဆိပ်မိစေမည့်၊ သို့တည်းမဟုတ် ရောဂါဖြစ်စေမည့် လက္ခဏာ ရှိသည့်အလုပ်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်သဘောရရှိလျှင်၊ အလုပ်လုပ်နေသည့် အလုပ်ရုံ တခုခုနှင့်သော်၎င်း၊ အလုပ်ရုံအမျိုးအစားတခုခုနှင့်သော်၎င်း၊ သက်ဆိုင်သည့်နည်းဥပဒေများကို ပြုနိုင်သည်။ ထိုနည်းဥပဒေများဖြင့် -

(က) အလုပ်ကိုသီးခြားသတ်မှတ်၍ ဘေးအန္တရာယ်ဖြစ်စေတတ်သော အလုပ်ဖြစ်သည်ဟု ပြဋ္ဌာန်းနိုင် သည်။

(ခ) ထိုအလုပ်တွင် မိန်းမများအား၊ သို့တည်းမဟုတ် လူရွယ်များအား၊ သို့တည်းမဟုတ် ကလေး များအား ခိုင်းစေခြင်း ကိုတားမြစ်နိုင်သည်၊ သို့တည်းမဟုတ် ကန့်သတ်နိုင်သည်။

(ဂ) ထိုအလုပ်တွင်ခိုင်းစေခံရသော အလုပ်သမားများကိုသော်၎င်း၊ ထိုအလုပ်တွင်လုပ်ရန် လျှောက် ထားသူများကိုသော်၎င်း၊ ကာလအပိုင်းအခြားနှင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုပြုရန်အတွက် ပြဋ္ဌာန်း နိုင်သည့်ပြင် ထိုအလုပ်တွင် လုပ်ရန်သင့်တော်ကြောင်းဆေးလက်မှတ်မရသူများကိုမခိုင်းစေရဟု လည်း တားမြစ်နိုင်သည်။

(ဃ) ထိုအလုပ်တွင်ခိုင်းစေခံရသူအားလုံးကိုဖြစ်စေ၊ ထိုအလုပ်လုပ်ရာ နေရာများအနီး၌ ခိုင်းစေခံရသူ အားလုံးကိုဖြစ်စေ၊ ကာကွယ်စောင့်ရှောက်ပေးရန် ပြဋ္ဌာန်းနိုင်သည်။

(င) အလုပ်နှင့်စပ်လျဉ်း၍ သီးခြားဖေါ်ပြပါပစ္စည်းများ၊ သို့တည်းမဟုတ် ပြုလုပ်မှုလုပ်ငန်းစဉ်များ အသုံးပြုခြင်းကို၊ တားမြစ်နိုင်သည်၊ ကန့်သတ်နိုင်သည်၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်နိုင်သည်။

<ပြင်ဆင်20.01.2016>

မတော်တဆထိခိုက်မှုများကို နို့တစ်စာပေးပို့ခြင်း။

၅၃။ ။ အလုပ်ရုံတွင် မတော်တဆထိခိုက်၍ သေဆုံးလျှင်သော်၎င်း၊ ကိုယ်အင်္ဂါထိခိုက်နာကျင်ပြီးနောက် လေးဆယ့်ရှစ်နာရီမျှ၊ သို့တည်းမဟုတ် လေးဆယ့်ရှစ်နာရီထက်ပို၍ အလုပ်ရုံတွင် အလုပ်မလုပ်နိုင်လျှင် သော်၎င်း၊ ဤကိစ္စအလို့ငှါ ပြဋ္ဌာန်းသတ်မှတ်ထားသည့် အမျိုးအစားဖြစ်သော မတော်တဆထိခိုက်မှု ဖြစ်လျှင်သော်လည်း၎င်း၊ အလုပ်ရုံမန်နေဂျာသည် ဆိုခဲ့သည့်အတိုင်း မတော်တဆထိခိုက်သည့် အကြောင်းကို ပြဋ္ဌာန်းသည့်ပုံစံဖြင့် နို့တစ်စာရေးသား၍ ပြဋ္ဌာန်းသည့်အချိန် အတွင်းပြဋ္ဌာန်းသည့် အာဏာပိုင်တို့ထံပေးပို့ရမည်။

ရောဂါများဖြစ်ပွါးကြောင်းကို နို့တစ်စာပေးပို့ခြင်း။

၅၄။ ။ (၁) အလုပ်ရုံတွင် အလုပ်လုပ်သော အလုပ်သမား တဦးဦးကို အလုပ်သမားလျော်ကြေး အက်ဥပဒေ၏ ဇယား ၃ တွင် သီးခြားဖေါ်ပြထားသည့် ရောဂါတမျိုးမျိုး စွဲကပ်လျှင်၊ ထိုသို့စွဲကပ် ကြောင်းကို၊ အလုပ်ရုံမန်နေဂျာက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့၎င်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်အတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်ထံသို့၎င်း၊ ပြဋ္ဌာန်းသည့်ပုံစံဖြင့် ပြဋ္ဌာန်းသည့် အကြောင်း အရာများဖေါ်ပြလျက် ပြဋ္ဌာန်းသည့်အချိန်အတွင်း နို့တစ်စာပေးပို့ရမည်။

(၂) မှတ်ပုံတင်ဆရာဝန်တဦးဦးသည် အလုပ်သမားလျော်ကြေး အက်ဥပဒေ၏ ဇယား ၃ တွင် သီးခြား ဖေါ်ပြထားသည့် ရောဂါတမျိုးမျိုးစွဲကပ်နေသည့်၊ သို့တည်းမဟုတ် စွဲကပ်နေ သည်ဟုမိမိယုံကြည်သည့် အလုပ်ရုံ၌ အလုပ်လုပ်သူကို၊ သို့တည်းမဟုတ် အလုပ်လုပ်ခဲ့သူကို ဆေးကုသနေလျှင်ထို ဆရာဝန်သည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ အောက်ပါ အချက်များဖေါ်ပြသည့်အစီရင်ခံစာ ပေးပို့ရမည်။

(က) သူနာ၏ အမည်နှင့် နေရပ်အပြည့်အစုံ။

(ခ) မိမိသဘောအရ သူနာစွဲကပ်နေသည့် ရောဂါ၏အမည်၊

(ဂ) သူနာအလုပ်လုပ်နေသည့်၊ သို့တည်းမဟုတ် အလုပ်လုပ်ခဲ့သည့် အလုပ်ရုံ၏အမည်နှင့် နေရပ် အပြည့်အစုံ။

(၃) ထိုဆရာဝန်မှာ ဤပုဒ်မအရပေးပို့သော အစီရင်ခံစာနှင့် စပ်လျဉ်း၍၊ ပြဋ္ဌာန်းသည့်အခကို ရနိုင်ခွင့်ရှိ သည်။

(၄) မှတ်ပုံတင်ဆရာဝန်တဦးတယောက်သည် ပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင် ရွက်ရန် ပျက်ကွက်လျှင်၊ ထိုဆရာဝန်သည် ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်။

<ပြင်ဆင်20.01.2016>

မတော်တဆထိခိုက်မှုများနှင့်ရောဂါဖြစ်ပွါးမှုများကိုစုံစမ်းစစ်ဆေးရန်ဆင့်ဆိုနိုင်သည့်အာဏာ။

၅၅။ ။ (၁) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရုံတွင် မတော်တဆ ထိခိုက်မှုများကို ဖြစ်စေ၊ အလုပ်ရုံတွင် ထိခိုက်သည့်၊ သို့တည်းမဟုတ် ထိခိုက်သည်ဟု ထင်ရသည့် အလုပ်သမားလျော်ကြေး အက်ဥပဒေ၏ ဇယား ၃ တွင် သီးခြားဖေါ်ပြထားသော ရောဂါအကြောင်းကိုဖြစ်စေ၊ စုံစမ်းစစ်ဆေးရန် အရည်အချင်း ရှိသူကို ခန့်ထားရန်လိုအပ်သည်ဟု ထင်မြင်လျှင် ခန့်ထားနိုင်သည့်ပြင်၊ ထိုသို့ စုံစမ်းစစ်ဆေးရာ၌ အကဲဖြတ်ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရန်ဥပဒေနားလည်သူ၊ သို့တည်းမဟုတ် ဤကိစ္စ၌ အထူးနားလည် သူတဦး ဖြစ်စေ၊ တဦးထက်ပို၍ဖြစ်စေ ခန့်ထားနိုင်သည်။

(၂) ဤပုဒ်မအရ၊ စုံစမ်းစစ်ဆေးရန် ခန့်ထားခံရသူသည် သက်သေများတက်ရောက်စေရန် နှင့်စာချုပ် စာတမ်းများ၊ အရေးကြီးသည့်ပစ္စည်းများ တင်ပြစေရန် အတင်းအကြပ်ပြုရန်ကိစ္စများအတွက်၊ တရားမ ကျင့်ထုံးဥပဒေအရ တရားမရုံး၏ အာဏာများကို ရရှိရမည့်ပြင် ဤအက်ဥပဒေအရ စစ်ဆေးရေးအရာရှိ၏ အာဏာများကိုလည်း စုံစမ်းစစ်ဆေးရာ၌ လိုအပ်သည့်အတိုင်း သုံးစွဲနိုင်သည်။ ထို့ပြင် စုံစမ်းစစ်ဆေး သူက အကြောင်းအရာတခုခုကို ထုတ်ဖေါ်တင်ပြရမည်ဟု ဆင့်ဆိုခံရသူမှာ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၆ အရ ထိုအကြောင်းအရာကို ထုတ်ဖေါ်တင်ပြရန် တရားဥပဒေအရ တာဝန်ရှိသည်ဟု မှတ်ယူရမည်။

(၃) ဤပုဒ်မအရ စုံစမ်းစစ်ဆေးသူသည် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံသို့ အစီရင်ခံစာတင်သွင်းရမည်။ ထိုအစီရင်ခံစာတွင် မတော်တဆထိခိုက်မှု၏၊ သို့တည်းမဟုတ် ရောဂါဖြစ်ပွါးမှု၏ အကြောင်းရင်းနှင့် ဖြစ်ပျက်ပုံအကြောင်းအရာများကို ဖေါ်ပြရမည့်ပြင်၊ စုံစမ်းစစ်ဆေးသူကဖြစ်စေ၊ အကဲဖြတ်ပုဂ္ဂိုလ် တဦးဦးကဖြစ်စေ၊ သင့်တော်သည်ထင်မြင်သည့်အတိုင်း ရေးမှတ်သည့် မှတ်ချက်လည်း ပါရှိနိုင်သည်။

(၄) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤပုဒ်မအရ တင်သွင်းသော အစီရင်ခံစာကိုဖြစ်စေ၊ ထိုအစီရင်ခံစာမှ ကောက်နုတ်ချက် များကိုဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေသင့်သည်ဟု ထင်မြင်လျှင် ပုံနှိပ်ထုတ်ဝေနိုင်သည်။

(၅) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤပုဒ်မအရပြုသည့် စုံစမ်းစစ်ဆေးမှုများ၌ လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းကိုသတ်မှတ်သည့် နည်းဥပဒေများ ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

နမူနာယူရန်အာဏာ။

၅၆။ ။ (၁) အလုပ်ရုံတွင် အသုံးပြုသည့်၊ သို့တည်းမဟုတ် အသုံးပြုရန် ကြံရွယ်သည့် မည်သည့်ပစ္စည်း မဆို-

(က) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များကို သော်၎င်း၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များကိုသော်၎င်း၊ ဆန့်ကျင်သည့် ပစ္စည်းဖြစ်သည်ဟု စစ်ဆေးရေးအရာရှိက ယုံကြည်လျှင် ဖြစ်စေ၊

(ခ) ထိုပစ္စည်းသည် အလုပ်ရုံရှိ အလုပ်သမားများ၏ ကိုယ်အင်္ဂါကို ထိခိုက်နာကျင်ရန်၊ သို့တည်းမဟုတ် ကျန်းမာရေးကို ထိခိုက်ရန် လက္ခဏာရှိသည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်သဘောရရှိလျှင်ဖြစ်စေ၊ စစ်ဆေးရေးအရာရှိသည်၊ လုပ်ငန်းပိုင်ရှင်ကိုသော်၎င်း၊ အလုပ်ရုံမန်နေဂျာကိုသော်၎င်း၊ အခါအားလျော်စွာ အလုပ်ရုံကို ကြီးကြပ်​အုပ်ချုပ်နေသူကို သော်၎င်း၊ အကြောင်းကြားပြီးသည့်နောက်၊ အလုပ်ရုံ၏ သာမန်အလုပ်ချိန်အတွင်း မည်သည့်အချိန်တွင်မဆို၊ ထိုဆိုခဲ့သည့်ပစ္စည်း၏နမူနာကို အောက်တွင် ပြဋ္ဌာန်းသည့် နည်းလမ်းအတိုင်း လုံလောက်စွာ ယူနိုင်သည်။

(၂) စစ်ဆေးရေးအရာရှိသည်၊ ပုဒ်မခွဲ(၁)အရ နမူနာကိုယူသည့်အခါ၊ ထိုပုဒ်မခွဲအရ အကြောင်းကြား ခံရသူက လာရောက်ရန် တမင်သက်သက် ပျက်ကွက်သည့်အခါမှတပါး၊ ထိုသူ၏ရှေ့တွင် နမူနာကို သုံးစိတ်စိတ်၍ လုံခြုံစွာပိတ်ပြီးလျှင် သင့်လျော်စွာ တံဆိပ်ခပ်နှိပ်ထားရမည်။ ထို့နောက် ထိုသူအား သူ၏တံဆိပ်ဖြင့် ခပ်နှိပ်မှတ်သားခြင်းကိုလည်း ခွင့်ပြုရမည်။

(၃) ဤပုဒ်မအရ ယူသောနမူနာကို ခွဲစိတ်ရန်၊ ပိတ်ရန်နှင့် မှတ်သားရန် ကိရိယာများထားရှိရမည်ဟု စစ်ဆေးရေးအရာရှိကဆိုခဲ့သည့် အကြောင်းကြားခံရသူအား ဆင့်ဆိုလျှင်၊ ထိုသူသည် ထိုကိရိယာများကို ထားရှိရမည်။

(၄) စစ်ဆေးရေးအရာရှိသည် -

(က) နမူနာအစိတ်တစိတ်ကို ပုဒ်မခွဲ (၁)အရ၊ အကြောင်း ကြားခံရသူအား ချက်ခြင်းပေးရမည်။

(ခ) အစိတ်တစိတ်ကို အစိုးရဓါတုဗေဒအရာရှိထံ ဓါတ်ခွဲရန်၊ ဓါတ်ခွဲခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံရန် ချက်ခြင်း ပေးပို့ ရမည်။

(ဂ) ကျန်အစိတ်တစိတ်ကို၊ ပစ္စည်းနှင့်စပ်လျဉ်း၍ တရားစွဲဆိုလျှင် တရားစွဲဆိုသည့် တရားရုံးတွင် တင်ပြရန်အတွက် ယူထားရမည်။

(၅) ဤပုဒ်မအရ ဓါတ်ခွဲရန်နှင့် အစီရင်ခံရန်ပေးပို့သော ပစ္စည်းနှင့် စပ်လျဉ်း၍ အစိုးရ ဓါတုဗေဒအရာရှိ လက်မှတ်ထိုးထားသော အစီရင်ခံစာဟုဆိုလိုသောစာတမ်း အမှတ်အသားကို၊ ဝတ္ထုပစ္စည်းနှင့် စပ်လျဉ်း ၍ စွဲဆိုသည့်အမှုအခင်းတခုခုတွင်၊ ထိုစာတမ်းအမှတ်အသား၌ ဖေါ်ပြထားသည့်ကိစ္စများအတွက် သက်သေခံချက်အဖြစ်ဖြင့် အသုံးပြုနိုင်သည်။ သို့ရာတွင် တရားလို တရားခံနှစ်ဦးစလုံးကပင် ဓါတ်ခွဲသူ အားသက်သေအဖြစ်ခေါ်ယူရန် လျှောက်ထားနိုင်သည်။

(၆) ဤအက်ဥပဒေအရ ပြစ်မှုအတွက် တရားစွဲဆိုရန်အလို့ငှါ လိုအပ်သည်မှတပါး၊ တဦးဦးသောသူက ဤပုဒ်မအရ ဓါတ်ခွဲကြည့်၍ သိရသောအရာကို၊ ပုံနှိပ်ထုတ်ဝေခြင်း၊ သို့တည်းမဟုတ် တဦးဦးသော သူအား ထုတ်ဖေါ်ပြောဆိုခြင်းသည်၊ တရားဥပဒေနှင့် ဆန့်ကျင်သည်ဟု ယူဆရမည်။ ထို့ပြင် မည်သူ မဆို ဤပုဒ်မခွဲကို ဆန့်ကျင်၍ပြုလျှင်၊ ထိုသူသည် သုံးလထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းအောက် မနည်းသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

<ပြင်ဆင်20.01.2016>

အဆောက်အအုံတည်ဆောက်ခြင်းနှင့် အခြားအင်ဂျင်နီယာ အလုပ်များ။

၅၇။ ။ (၁) ဤအက်ဥပဒေရှိ ပုဒ်မအားလုံးသည်၊ သို့တည်းမဟုတ် ပုဒ်မအချို့သည်၊ ကုန်သွယ်ရေး အတွက်ဖြစ်စေ၊ စီးပွါးရေးအတွက်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းအတွက် ဖြစ်စေ၊ အဆောက်အအုံတည် ဆောက်ခြင်းအလုပ်နှင့် အခြားအင်ဂျင် နီယာအလုပ်များနှင့်၎င်း၊ ထိုအလုပ်များ အတွက် အသုံးပြု သည့် (မီးရထားလမ်း၏၊ သို့တည်းမဟုတ် ဓါတ်ရထားလမ်း၏ အစိတ်အပိုင်း မဟုတ်သော) မီးရထားလမ်း၊ သို့တည်းမဟုတ် မီးရထားလမ်းလွှဲတို့နှင့်၎င်း၊ သက်ဆိုင်စေရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက နည်းဥပဒေ များပြဋ္ဌာန်းနိုင်သည်။ ထို့ပြင် အဆောက်အအုံ တည်ဆောက်ခြင်း အလုပ်နှင့် အခြားအင်ဂျင်နီယာ အလုပ်များသည် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အလုပ်မျိုး ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြဋ္ဌာန်း နိုင်သည့်ပြင်၊ ထိုအလုပ်များတွင် ခိုင်းစေခံရသူတို့နှင့် သက်ဆိုင်သော နည်းဥပဒေများကို လည်းပြု နိုင်သည်။

(၂) “အဆောက်အအုံ တည်ဆောက်ခြင်းအလုပ်” ဆိုသည်မှာ၊ အဆောက်အအုံကို တည်ဆောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့တည်းမဟုတ် ပြုပြင်ခြင်း၊ အဆောက်အအုံ ဖြိုဖျက်ခြင်းမှစ၍ အဆောက်အအုံ တည်ဆောက်ရန် ပြင်ဆင်ခြင်းနှင့် အုဌ်မြစ် ချခြင်းကို ဆိုလိုသည်။

(၃) “အင်ဂျင်နီယာအလုပ်များ” ဆိုသည်မှာ ၊မီးရထားလမ်း၊ မီးရထားလမ်းလွှဲ၊ ပင်လယ်ကူးသင်္ဘော ကျင်း၊ ပင်လယ်ကူး သင်္ဘောဆိပ်၊ လေယာဉ်ပျံကွင်း၊ ပြည်တွင်းရေကြောင်းလမ်း၊ လိုဏ်ခေါင်းလမ်း၊ တံတားအမျိုးမျိုး၊ ရေပေးကန်၊ ရေလှောင် ကန်၊ ပြွန်လမ်း၊ ရေသွယ်မြောင်း၊ အညစ်အကြေးရေမြောင်း၊ လမ်းအမျိုးမျိုးနှင့်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဋ္ဌာန်းသည့် အခြားအလားတူ အဆောက်အအုံများကို တည် ဆောက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုပြင်ခြင်း၊ သို့တည်းမဟုတ် ဖြိုဖျက်ခြင်းကို ဆိုလိုသည်။

(၄) ထိုအလုပ်သမားများသည်၊ သို့တည်းမဟုတ် လုပ်ရာနေရာများသည် အလုပ်ရုံများ ဖြစ်ဘိ သကဲ့သို့၎င်း၊ ထိုအလုပ်၏ လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံ၏ လုပ်ငန်းပိုင်ရှင် ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ်တွင် ခိုင်းစေခံရသူသည်၊ ဤအက်ဥပဒေတွင် အဓိပ္ပါယ်ဖေါ်ပြထားသည့်အတိုင်း အလုပ်သမား ဖြစ်ဘိသကဲ့သို့၎င်း၊ ဤအက်ဥပ​ဒေအလို့ငှါ ဤအက်ဥပဒေ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

<ပြင်ဆင်20.01.2016>

ပင်လယ်ကူးသင်္ဘောကျင်း၊ပင်လယ်ကူးသင်္ဘောတံတား၊ ပင်လယ်ကူးသင်္ဘောဆိပ်ခံ တံတား၊ ကုန်လှောင်ရုံနှင့် သင်္ဘောများ။

၅၈။ ။ (၁) ဤပုဒ်မခွဲတွင် အောက်၌ဖေါ်ပြထားသည့် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည်၊ ပင်လယ်ကူးသင်္ဘောကျင်း၊ ပင်လယ်ကူးသင်္ဘောတံတား၊ သို့တည်းမဟုတ် ပင်လယ်ကူး သင်္ဘော ဆိပ်ခံတံတားတွင်သော်၎င်း၊ အတွက်သော်၎င်း၊ စက်အားကိုအသုံးပြုလျှင်၊ ထိုသင်္ဘောကျင်း၊ သင်္ဘော တံတား၊ သို့တည်းမဟုတ် ဆိပ်ခံတံတားနှင့်တကွ ၎င်းတို့အသီးသီးနှင့် စပ်လျဉ်း၍ အသုံးပြုသည့် ကုန်လှောင်ရုံနှင့် သက်ဆိုင်စေရမည်။ ထို့ပြင် လူနှစ်ဆယ်အောက်မနည်း အလုပ်လုပ်နေသော ကုန်သို လှောင်ရုံ၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရာဌာနတခုခုသည် အလုပ်ရုံ ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုကုန် လှောင်ရုံကို၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရာဌာနကို အသုံးပြုနေသူသည်၊ သို့တည်းမဟုတ် လက်ရှိထားသူသည် လုပ်ငန်းပိုင်ရှင်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုသင်္ဘောကျင်း၊ သင်္ဘောတံတား၊ ဆိပ်ခံ တံတား၊ ကုန်လှောင်ရုံ၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရုံဌာနတွင် ခိုင်းစေခံရသူသည်၊ ဤအက် ဥပဒေတွင် အဓိပ္ပါယ်ဖေါ်ပြထားသည့်အတိုင်း၊ အလုပ်သမားဖြစ်ဘိသကဲ့သို့၎င်း၊ ထိုကုန်လှောင်ရုံ၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရာဌာနနှင့်လည်း သက်ဆိုင်စေရမည်-

(က) စစ်ဆေးရေးအရာရှိ၏ အာဏာများ၊ အလုပ်ဝတ်တရားများ နှင့်စပ်လျဉ်းသည့် အခန်း ၂ ရှိ ပြဋ္ဌာန်းချက်များ၊

(ခ) အခန်း ၄ ရှိ ပုဒ်မ ၄၁ နှင့် ၄၂ များပါ ပြဋ္ဌာန်းချက်များ၊

(ဂ) သက်သာချောင်ချိရေးစီမံချက်များနှင့် စပ်လျဉ်းသည့် အခန်း ၅ ရှိ ပုဒ်မ ၅၁ပါ ပြဋ္ဌာန်းချက်များ၊

(ဃ) ဘေးအန္တရာယ် ဖြစ်စေတတ်သည့် အလုပ်များနှင့် စပ်လျဉ်းသည့် အခန်း၆ ရှိ ပုဒ်မ ၅၂ ပါပြဋ္ဌာန်း ချက်များ၊

(င) အခန်း ၆ ရှိ ပုဒ်မ ၅၃၊ ၅၄ နှင့် ၅၅ များပါပြဋ္ဌာန်းချက်များ၊

(စ) အလုပ်ချိန်များနှင့် စပ်လျဉ်းသည့် အခန်း ၇၊

(ဆ) ပြစ်ဒဏ်များ၊ လိုက်နာဆောင်ရွက်ရန် နည်းလမ်း နှင့် စပ်လျဉ်းသည့်အခန်း၉၊

(ဇ) နို့တစ်စာများနှင့် စပ်လျဉ်းသည့် အခန်း၁၀ရှိ ပုဒ်မ ၉၉ ပါ ပြဋ္ဌာန်းချက်များ၊ ထို့ပြင်

(ဈ) နည်းဥပဒေများနှင့် စပ်လျဉ်းသည့် အခန်း ၁၀ ရှိ ပုဒ်မ ၁၀၁ ပါပြဋ္ဌာန်းချက်များ။

သို့ရာတွင် ဤပုဒ်မခွဲ အပိုဒ်(က) ပါပြဋ္ဌာန်းချက်များသည်၊ သင်္ဘောပိုင်ရှင်၏ ပစ္စည်းဖြစ်သည့်၊ သင်္ဘောပေါ်ရှိ စက်ကိရိယာနှင့်ဖြစ်စေ၊ သို့တည်းမဟုတ် စက် နှင့်ဖြစ်စေ မသက်ဆိုင်စေရ။

(၂) ပင်လယ်ကူးသင်္ဘောကျင်း၊ ပင်လယ်ကူးသင်္ဘောတံတား၊ သို့တည်းမဟုတ် ပင်လယ်ကူးသင်္ဘော ဆိပ်တွင်ရှိနေသော ပင်လယ်ကူးသင်္ဘောပေါ်သို့ ကုန်တင်ခြင်း၊ ထိုသင်္ဘာပေါ်မှကုန်ချခြင်း၊ သို့တည်း မဟုတ် သင်္ဘော၌မီးထည့်စရာ ထင်း၊ မီးသွေး၊ ဆီစသည်များကို သင်္ဘောပေါ်သို့တင်ခြင်း အလုပ်သည် အလုပ်ရုံတွင် လုပ်သော အလုပ်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ် တွင် အသုံးပြုသော စက်ကိရိယာသည်၊ သို့တည်းမဟုတ် စက်သည် အလုပ်ရုံတွင်ရှိသော စက်ကိရိယာ၊ သို့တည်းမဟုတ် စက်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ်၏လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံ၏ လုပ်ငန်းပိုင်ရှင်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ်တွင် ခိုင်းစေခံရသူသည် ဤအက်ဥပဒေတွင် အဓိပ္ပါယ် ဖေါ်ပြထားသည့်အတိုင်း အလုပ်သမားဖြစ်ဘိသကဲ့ သို့၎င်း၊ ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသည့်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်း ချက်များသည် ဆိုခဲ့သည့်အလုပ်နှင့် ၎င်း၊ ထိုအလုပ်တွင်အသုံးပြုသော စက်ကိရိယာ၊ သို့တည်းမဟုတ် စက်အားလုံးနှင့်၎င်း သက်ဆိုင် စေရမည်။

<ပြင်ဆင်20.01.2016>

 

အခန်း ၇။

လူကြီးများအလုပ်လုပ်ချိန်နာရီများ။

ရက်သတ္တပတ် အလုပ်ချိန်နာရီများ။

၅၉။ ။ အလုပ်ရုံတွင် မည်သည့်လူကြီးအလုပ်သမားကိုမျှ ရက်သတ္တပတ်တပတ်လျှင်၊ လေးဆယ့်လေး နာရီထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

သို့ရာတွင် အလုပ်ရုံ၌ အလုပ်လုပ်နည်းနှင့်စပ်လျဉ်းသည့် အကြောင်းထူးများကြောင့်၊ တရက်ပတ်လုံး အဆက်မပြတ် လုပ်ရမည့်အလုပ်တွင် လုပ်သည့်လူကြီး အလုပ်သမားသည်၊ ရက်သတ္တပတ်တွင် လေးဆယ့်ရှစ်နာရီမျှ အလုပ်လုပ် နိုင်သည်။

ရက်သတ္တပတ် အလုပ်ပိတ်ရက်များ။

၆၀။ ။ (၁) မည်သည့်လူကြီးအလုပ်သမားကိုမျှ၊ အောက်ပါ အချက်များနှင့် မညီညွတ်လျှင် ၊တနင်္ဂနွေနေ့၌ အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ -

(က) ထိုအလုပ်သမားသည်၊ တနင်္ဂနွေနေ့မတိုင်မီ သုံးရက်အနက်၊ တရက်ရက်တွင် အလုပ်ပိတ်ရက် တရက်လုံးရပြီး ဖြစ်စေရမည်။ သို့တည်းမဟုတ် ထိုတနင်္ဂနွေနေ့ နောက်သုံးရက်အနက် တရက်ရက်တွင် အလုပ်ပိတ်ရက် တရက်လုံးရမည် ဖြစ်စေရမည်၊ ထို့ပြင်

(ခ) အလုပ်ရုံမန်နေဂျာသည် ထိုတနင်္ဂနွေနေ့၊ သို့တည်းမဟုတ် အပိုဒ်(က) အရ၊ ထိုနေ့အဘို့ အစားသွင်းသည့်နေ့၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့မတိုင်မီ -

(ကက) ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၌ လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်စေရန်လိုအပ်ပါက အလုပ်သမား၏သဘောတူညီချက်ဖြင့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက လွှဲအပ်ထားသည့် စစ်ဆေးရေး အရာရှိထံသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အနည်းဆုံးသုံးရက်ကြိုတင်၍တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်စေရမည်။ ထို့ပြင်

(ခခ) အနည်းဆုံး နှစ်ဆယ့်လေးနာရီက ကြိုတင်၍ ယင်းသို့ ကြံရွယ်ကြောင်းနို့တစ်စာကို အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားပြီးဖြစ်ရမည်ပြင် ထိုနေ့များအနက်၊ နောက်ကျသည့်နေ့ ကုန်ဆုံးသည်အထိ ကပ်ထားရမည်။

သို့ရာတွင် အလုပ်သမားတဦးဦးအား အလုပ်ပိတ်ရက် တရက်လုံးမရစေဘဲ၊ အဆက်မပြတ် ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကို ဖြစ်စေမည့်မည်သည့်ရက်အစား သွင်းခြင်း ကိုမျှမပြုရ။

(၂) ပုဒ်မခွဲ (၁) အရ ပေးသည့်နို့တစ်စာများကို တနင်္ဂနွေနေ့၊ သို့တည်းမဟုတ် ပယ်ဖျက်မည်ဖြစ်သည့် အလုပ်ပိတ်ရက်၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့မတိုင်မီ ရက်တရက်ထက်နောက်မကျဘဲ၊ စစ်ဆေးရေးအရာရှိ၏ ရုံးသို့ပေးအပ်သည့် နို့တစ်စာဖြင့်၎င်း၊ ပုဒ်မ ၆၇ အရကပ်ထားသည့်အချိန် နို့တစ် စာ၏အနီးတွင် မြင်သာအောင်ကပ်ထားသည့် နို့တစ်စာဖြင့်၎င်း ပယ်ဖျက်နိုင်သည်။

(၃) ပုဒ်မခွဲ (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်သမားသည် တနင်္ဂနွေနေ့၌ အလုပ်လုပ်၍၊ ထိုနေ့မတိုင်မီ သုံးရက်အနက်တရက်ရက်တွင် အလုပ်ပိတ်ရက်ရပြီး ဖြစ်သည့်အချက်တွင်၊ ထိုတနင်္ဂနွေ နေ့ကို ထိုအလုပ်သမား ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန် တွက်ချက်ရန်အလို့ငှါ၊ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။

<ပြင်ဆင် 09.10.1953, 20.01.2016>

အစားပေးသည့်အလုပ်ပိတ်ရက်များ။

၆၁။ ။ (၁) ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ အလုပ်ရုံကို၊ သို့တည်းမဟုတ်၊ အလုပ်ရုံတွင် အလုပ်လုပ်သူများကို၊ ပုဒ်မ ၆၀ ရှိပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုသည့် အမိန့် ချမှတ်ခြင်းကြောင့် ဖြစ်စေ၊ နည်းဥပဒေပြုခြင်းကြောင့် ဖြစ်စေ၊ ထိုပုဒ်မ ရှိ ပုဒ်မခွဲ (၁) ဖြင့်ပြဋ္ဌာန်းထားသည့် ရက်သတ္တပတ် အလုပ်ပိတ်ရက်များအနက်၊ တရက်ရက်ကို အလုပ်သမား အားခံစားခွင့်မပေးလျှင်၊ ထိုသူအား အလုပ် ပိတ်ရက်များရသင့်သည့် ပြက္ခဒိန်လ အတွင်းတွင်ဖြစ်စေ၊ နောက်လာမည့်ပြက္ခဒိန်လ နှစ်လအတွင်းတွင် ဖြစ်စေ၊ မိမိဆုံးရှုံးသော အလုပ်ပိတ်ရက် အရေအတွက်နှင့်ညီမျှသော အစားပေးသည့် အလုပ်ပိတ်ရက် များကို ခွင့်ပြုရမည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ပုဒ်မခွဲ (၁) တွင်ပြဋ္ဌာန်းထားသည့်အလုပ်ပိတ်ရက်များကို မည်သို့မည်ပုံ ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းနိုင်သည်။

<ပြင်ဆင်20.01.2016>

နေ့စဉ်အလုပ်ချိန်နာရီများ။

၆၂။ ။ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ မည်သည့်လူကြီးအလုပ်သမားကိုမျှ အလုပ်ရုံ၌ မည်သည့်ရက်တွင်မဆို အလုပ်ချိန်နာရီပေါင်း ရှစ်နာရီထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

အားလပ်ချိန်များ။

၆၃။ ။ အလုပ်ရုံရှိလူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်း အခြားများကို သတ်မှတ်ရာ၌၊ မည်သည့်ကာလအပိုင်းအခြားမျှ ငါးနာရီထက်မပိုစေရ၊ ထို့ပြင် မည်သည့်အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားနေရန် အားလပ်ချိန် မရသေးမီ ငါးနာရီထက်ပို၍ တဆက်တည်းအလုပ် မလုပ်စေရ။

ရှင်းလင်းချက်။ ။ အနည်ဆုံးနာရီဝက် အားလပ်ချိန်ဖြင့် ခြားမနေသောအလုပ်ကာလအပိုင်းအခြားကို တဆက်တည်းလုပ်ရသော အလုပ်ကာလအပိုင်းအခြားဟူ၍ ယူဆရမည်။

နေ့စဉ်အလုပ်ချိန်အစအဆုံး ကန့်သတ်ချက်။

၆၄။ ။ အလုပ်ရုံတွင်၊ လူကြီးအလုပ်သမားအလုပ်လုပ် သည့်ကာလအပိုင်းအခြားများနှင့်ပုဒ်မ ၆၃ အရ၊ ထိုသူရရှိသည့် အားလပ်ချိန်များသည် နာရီပေါင်း ဆယ်နာရီထက်ပို၍ မကြာရအောင် စီမံထားရမည်။ သို့ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယေဘုယျ အားဖြင့်ဖြစ်စေ၊ သီးခြားဖြစ်သောအလုပ်ရုံ အတွက်ဖြစ်စေ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဋ္ဌာန်းသည့်စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ထိုနာရီ​ပေါင်း ထက်ပို၍ စီမံထားနိုင်သည်။

<ပြင်ဆင်20.01.2016>

ညဉ့်လှည့်များ။

၆၅။ ။ အလုပ်သမားသည် ညဉ့်သန်းခေါင်ချိန်ထက် ကျော်လွန်၍လုပ်သည့်အလှည့်၌ အလုပ်လုပ်လျှင်၊ ထိုသူအတွက် နောက်လာမည့်နေ့မှာယင်းသို့သောအလှည့်ကုန်သည့်အခါကစ၍ နှစ်ဆယ့်လေးနာရီ ကာလအပိုင်းအခြားဖြစ်သည်ဟု မှတ်ယူရမည့်အပြင်၊ ညဉ့်သန်းခေါင်ချိန်ကျပြီးနောက်၊ ထိုသူအလုပ်လုပ် သည့် အချိန် နာရီများကို လွန်ခဲ့သည့် ရက်ထဲသို့ ထည့်၍ တွက်ရမည်။

သို့ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် သီးခြားဖေါ်ပြထားသည့် အလုပ်ရုံဖြစ်လျှင်နောက်လာမည့် ရက်မှာ ယင်းသို့သော အလှည့်အစပြုသည့် အခါကစ၍၊ ရေတွက်သော နှစ်ဆယ့်လေးနာရီကာလ အပိုင်းအခြား ဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍၎င်း၊ ညဉ့်သန်းခေါင်မတိုင်မီ အလုပ်လုပ်သည့်အချိန်နာရီများကို နောက်လာမည့်ရက်ထဲသို့ထည့်၍ တွက်ရမည်ဟူ၍၎င်း၊ အမိန့်စာဖြင့်ဆင့်ဆိုနိုင်သည်။

<ပြင်ဆင်20.01.2016>

ထပ်နေသော အလှည့်များကိုတားမြစ်ခြင်း။

၆၆။ ။ (၁) အလုပ်ရုံတွင် တမျိုးတည်းသောအလုပ်၌၊ တချိန် တည်းအလှည့်ကျလူစုတစု ထက်ပို၍လုပ်ရန် စီစဉ်ထားသော အလှည့်ကျလုပ်သည့် စံနစ်ဖြင့် အလုပ်မလုပ်ရ။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုကိုဖြစ်စေ၊ ပြဋ္ဌာန်း သည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပုဒ်မခွဲ (၁) နှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေသည့် နည်းဥပဒေများကို ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

လူကြီးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားများဆိုင်ရာ နို့တစ်စာ။

၆၇။ ။ (၁) လူကြီးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားများဆိုင်ရာ နို့တစ်စာကို၊ သို့တည်းမဟုတ် နို့တစ်စာများကို နေ့စဉ် မည်သည့်ကာလအပိုင်းအခြားတွင် လူကြီးအလုပ်သမားများအားအလုပ်လုပ် စေမည့် အကြောင်းနေ့တိုင်းအတွက် ရှင်းလင်းစွာဖေါ်ပြလျက်၊ ပုဒ်မ ၉၉ ရှိပုဒ်မခွဲ (၂) ပါပြဋ္ဌာန်း ချက်များနှင့်အညီ အလုပ်ရုံအသီးသီးတွင် မြင်သာအောင်ကပ်ထားရမည့်ပြင်၊ မှန်ကန်စွာလည်းထားရှိရ မည်။

(၂) ပုဒ်မခွဲ (၁) အရလိုအပ်သည့်နို့တစ်စာ၊ သို့တည်းမဟုတ် နို့တစ်စာများတွင် ဖေါ်ပြထားသည့် ကာလအပိုင်းအခြားများကို၊ ဤပုဒ်မရှိအောက်ဖေါ်ပြပါပြဋ္ဌာန်းချက်များနှင့်အညီ ကြိုတင်သတ်မှတ်ရ မည့်ပြင်၊ ထိုကာလအပိုင်းအခြားများအတွက် အလုပ်လုပ်နေသည့် အလုပ်သမားများမှာ ပုဒ်မ ၅၉၊ ၆၀၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိ ပြဋ္ဌာန်းချက်များအနက်၊ ပြဋ္ဌာန်းချက်တခုခုကို ဆန့်ကျင်၍၊ အလုပ်လုပ်ရာ မရောက်အောင်လည်း သတ်မှတ်ထားရမည်။

(၃) အလုပ်ရုံရှိ လူကြီးအလုပ်သမား အားလုံးကို တချိန်တည်းဖြစ်သော ကာလအပိုင်းအခြားများ အတွင်း အလုပ်လုပ်စေလျှင်၊ အလုပ်ရုံမန်နေဂျာသည်၊ ထိုကာလအပိုင်းအခြားများကို ယေဘုယျအား ဖြင့်၊ ထိုအလုပ်သမားများအတွက် သတ်မှတ်ရမည်။

(၄) အလုပ်ရုံရှိ လူကြီးအလုပ်သမားအားလုံးကို တချိန်တည်းဖြစ်သော ကာလအပိုင်းအခြားများအတွင်း အလုပ်လုပ်စေသည် မဟုတ်လျှင်၊ အလုပ်ရုံမန်နေဂျာသည်၊ ထိုအလုပ်သမားတို့ကို သူတို့၏အလုပ် အမျိုးအစားအလိုက်၊ လူစုများခွဲခြားထားရမည်။

(၅) အလှည့်ကျ လုပ်ရသည့်စံနစ်အရ၊ အလုပ်လုပ်ရန်မလို သည့်လူစုအသီးသီးအတွက် အလုပ်ရုံ မန်နေဂျာသည်၊ ထိုလူစုအား မည်သည့်ကာလအပိုင်းအခြားအတွင်း အလုပ်လုပ်စေမည်ကို သတ်မှတ် ရမည်။

(၆) လူစုတစုကို အလှည့်ကျလုပ်သည့် နည်းစံနစ်အရ အလုပ်လုပ်စေသည့်ပြင်၊ အလှည့်ကျလူစုများ ကိုလည်း ကြိုတင်သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအားဖြင့်၊ အလှည့်ပြောင်းလဲ၍၊ အလုပ်လုပ် စေသည်မဟုတ်လျှင်၊ အလုပ်ရုံမန်နေဂျာသည် ထိုလူစုမှ အလှည့်ကျလူစု အသီးသီးအား မည်သည့်ကာလ အပိုင်းအခြားများအတွင်း အလုပ်လုပ်စေမည်ကိုသတ်မှတ်ရမည်။

(၇) လူစုတစုကို အလှည့်ကျလုပ်သည့် နည်းစံနစ်အရ အလုပ်လုပ်စေမည်ဖြစ်သည့်ပြင်၊ အလှည့်ကျ လူစုများကို လည်းကြိုတင်သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအားဖြင့် အလှည့်ပြောင်းလဲ၍ အလုပ်လုပ်စေရမည်ဖြစ်လျှင်၊ အလုပ်ရုံမန်နေဂျာသည်၊ ထိုလူစုမှ အလှည့်ကျလူတစု အားမည်သည့် ကာလအပိုင်းအခြားများအတွင်း၊ အလုပ်လုပ်စေမည့်အကြောင်းနှင့် ဆိုင်ရာရက်အတွင်း၊ ဆိုင်ရာအချိန် အခါ၌ အလုပ်လုပ်မည့် ကြိုတင်အလှည့်ကျလူစုကို မည်သည့်ရက်အတွက်မဆို ကြိုတင်သိရှိစေနိုင်မည့် စီမံချက်တရပ်ကို စီစဉ်ရေးဆွဲရမည်။

(၈) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ ပုဒ်မခွဲ (၁) အရ လိုအပ်သည့် နို့တစ်စာကို မည်သည့်ပုံစံများဖြင့် မည်သို့ထားရှိရမည်ကို ထုတ်ပြန်နိုင်သည်။

(၉) ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းထားသည့် နို့တစ်စာ၏ မိတ္တူနှစ်စောင်ကိုအလုပ်ရုံတိုင်း၏ အလုပ်ရုံ မန်နေဂျာသည် စစ်ဆေးရေးအရာရှိထံသို့ ဤအက်ဥပဒေအာဏာတည်သည့်နေ့မှ ရက်ပေါင်းသုံးဆယ် အတွင်းပေးပို့ရမည်၊ ဤအက်ဥပဒေ အာဏာတည်သည့်နေ့နောက်မှ အလုပ်စတင်လုပ်သောအလုပ်ရုံ ဖြစ် လျှင် အဆိုပါနို့တစ်စာ၏ မိတ္တူများကို ထိုအလုပ်ရုံတွင် အလုပ်စတင်လုပ်သည့်နေ့မတိုင်မီ ပေးပို့ရမည်။

(၁၀) အလုပ်ရုံ၌၊ ပုဒ်မခွဲ (၁) တွင်ရည်ညွှန်းထားသည့် နို့တစ် စာတွင်ပြောင်းလဲရန် လိုအပ်စေမည့်၊ အလုပ်လုပ်သော နည်းစံနစ်ပြောင်းလဲရန် စီမံသည့်အကြောင်း နို့တစ်စာ၏ မိတ္တူနှစ်စောင်ကို၊ ပြောင်းလဲခြင်းမပြုမီ အလုပ်ရုံမန်နေဂျာက စစ်ဆေးရေးအရာရှိထံသို့ ပေးပို့ရမည်။ ထို့ပြင် ယင်းသို့ပြောင်းလဲ ခြင်းကို စစ်ဆေးရေးအရာရှိ၏ အခွင့်အမိန့်ကို ကြိုတင်မရဘဲ၊ နောက်ဆုံး ပြောင်းလဲခြင်းပြုခဲ့သည့်နေ့မှ ရက်သတ္တတပတ် မကျော် လွန်မီမပြုရ။

<ပြင်ဆင်20.01.2016>

၆၈။ ။ (၁) အလုပ်ရုံမန်နေဂျာအသီးသီးသည်-

လူကြီးအလုပ်သမားမှတ်ပုံစာအုပ်။

(က) အလုပ်ရုံတွင် အလုပ်လုပ်သည့် လူကြီးအလုပ်သမား အသီးသီး၏အမည်။

(ခ) ထိုသူလုပ်သည့်အလုပ်အမျိုးအစား။

(ဂ) ထိုသူပါဝင်သည့် လူစုရှိလျှင်၊ ထိုလူစု။

(ဃ) ထိုသူပါဝင်သည့်လူစုသည်၊ အလှည့်ကျအလုပ်လုပ်လျှင်၊ ထိုသူအား၊ မည်သည့်အလှည့်ကျလူစုသို့ သတ်မှတ်ချ ထားကြောင်း။

(င) ပြဋ္ဌာန်းသည့် အခြားအကြောင်းအရာများ ကိုဖေါ်ပြသည့် လူကြီးအလုပ်သမားမှတ်ပုံစာအုပ်ကို ထားရှိရမည်။ ထိုစာအုပ်ကို အလုပ်ချိန်အတွင်း၊ သို့တည်းမဟုတ် အလုပ်ရုံတွင် အလုပ်တခုခုလုပ်နေစဉ် အတွင်း၊ စစ်ဆေးရေးအရာရှိက အချိန်မရွေး ကြည့်ရှုနိုင်အောင် ထားရှိရမည်။

သို့ရာတွင် အလုပ်ဆိုင်ရာ လုပ်ရိုးလုပ်စဉ်အလုပ်၏ အစိတ်အပိုင်းအဖြစ်ထားရှိသည့် အလုပ်သမား စာရင်းသည်၊ သို့တည်းမဟုတ် မှတ်ပုံစာအုပ်သည် အလုပ်ရုံတွင်လုပ်သည့် အလုပ်သမားတဦးဦး၊ သို့တည်းမဟုတ် အလုပ်သမား အားလုံးနှင့်ပတ်သက်၍၊ ဤပုဒ်မအရ လိုအပ်သည့် အကြောင်းအရာ များကိုပြည့်စုံစွာ ဖေါ်ပြသည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ ထိုအလုပ်သမားစာရင်းကို၊ သို့တည်း မဟုတ် မှတ်ပုံစာအုပ်ကိုအဆိုပါ အကြောင်းအရာများပါရှိသည်နှင့်အမျှ ထိုအလုပ်ရုံ၌ လိုအပ်သည့် လူကြီး အလုပ်သမား မှတ်ပုံစာအုပ်ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည့်အပြင် ထိုအတိုင်းပင်ဆက် လက်ထားရှိရမည်ဟု အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။

(၂) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ လူကြီးအလုပ်သမား မှတ်ပုံစာအုပ်ပုံစံ၊ ထိုမှတ်ပုံစာအုပ်ကို ထားရှိရမည့် နည်းလမ်း၊ ထို့ပြင် ထိုမှတ်ပုံစာအုပ်ကို မပျက်မစီးအောင် သိမ်းထားရမည့်ကာလ အပိုင်းအခြားကို သတ်မှတ်နိုင်သည်။

<ပြင်ဆင်20.01.2016>

အလုပ်လုပ်သည့်အချိန်သည်၊ ပုဒ်မ ၆၇ အရကပ်ထားရမည့် နို့တစ်စာနှင့်၎င်း၊ ပုဒ်မ ၆၈ အရထားရှိရမည့်မှတ်ပုံစာအုပ်နှင့်၎င်း၊ ညီညွတ်စေခြင်း။

၆၉။ ။ မည်သည့်လူကြီးအလုပ်သမားကိုမျှ၊ အလုပ်ရုံတွင် ပုဒ်မ ၆၇ အရ မြင်သာအောင် ကပ်ထားသည့် လူကြီးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာနှင့်အညီမှလွဲ၍၊ ထို့ပြင် ပုဒ်မ ၆၈ အရ ထားရှိသည့် လူကြီးအလုပ်သမားမှတ်ပုံစာအုပ်တွင် ထိုသူ၏အမည်နှင့်ယှဉ်လျက် ကြိုတင်ရေးသွင်း ထားသည့် ရေးသွင်းချက်များနှင့်အညီမှလွဲ၍၊ အလုပ်ရုံတွင် အခြားနည်းဖြင့်ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

ကင်းလွတ်ခွင့်ပြုသည့် နည်းဥပဒေများ ပြုပိုင်ခွင့်အာဏာ။

၇၀။ ။ (၁) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတွင် ကြီးကြပ်ကြည့်ရှုသည့်အလုပ်၊ သို့တည်းမဟုတ် စီမံအုပ်ချုပ်သည့် အလုပ်လုပ်သူတို့ကိုသော်၎င်း၊ လျှို့ဝှက်အပ်သည့် အလုပ်တွင် ခိုင်းစေထားသူ တို့ကိုသော်၎င်း၊ အဓိပ္ပါယ်ဖေါ်ပြသည့် နည်းဥပဒေများ ပြုနိုင်သည့်ပြင်၊ ဤအခန်းရှိ ပြဋ္ဌာန်းချက်များသည်၊ ယင်းသို့သော အဓိပ္ပါယ်ဖေါ်ပြထားသူတဦးဦးနှင့် မသက်ဆိုင်စေရ။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံများရှိ လူကြီး အလုပ်သမားများအတွက်နည်းဥပဒေများပြုနိုင် သည်။ ထိုနည်းဥပဒေများသည် ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြဋ္ဌာန်းထား သည်အထိ -

(က) အရေးတကြီးပြင်ရန်အလုပ်တွင် လုပ်သည့်အလုပ်သမားများကို ပုဒ်မ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(ခ) အလုပ်ရုံဆိုင်ရာ အရပ်ရပ်လုပ်ကိုင်ဆောင်ရွက်မှုအတွက် ကန့်သတ်ထားသည့် အလုပ်ချိန်မှ လွန်လျက်လုပ်ရန် လိုအပ်သည့်ကြိုတင်စီမံလုပ်ရသော အလုပ်မျိုးနှင့်ပြည့်စုံစေရန် လုပ်ရသောအလုပ် မျိုးတွင်၊ လုပ်သည့်အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(ဂ) ကြိုးကြားကြိုးကြားမျှသာ လုပ်ရန်လိုခြင်းကြောင့်၊ အလုပ်သမားများ အလုပ်ဝတ်တရား ဆောင်ရွက်နေစဉ်၊ ထိုသူတို့ အလုပ်မလုပ်ဘဲနေရသည့် ကြားအချိန်နာရီများမှာ သာမန်အားဖြင့် ပုဒ်မ ၆၃ အရ လိုအပ်သည့် အားလပ်ချိန်များထက်ပိုလျှင်၊ ထိုအလုပ်မျိုးတွင်လုပ်သည့်အလုပ်သမားများကို ပုဒ်မ ၅၉၊ ၆၂၊ ၆၃နှင့် ၆၄ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(ဃ) အလုပ်လုပ်နည်းနှင့်စပ်လျဉ်းသည့် အကြောင်းထူးများကြောင့် တရက်ပတ်လုံး အဆက်မပြတ် လုပ်ရမည့် အလုပ်တခုခုတွင်လုပ်သည့် အလုပ်သမားများကို ပုဒ်မ ၅၉၊ ၆၀၊ ၆၂၊ ၆၃ နှင့် ၆၄ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(င) နေ့စဉ်ပြုရမည့်၊ သို့တည်းမဟုတ် နေ့စဉ်ထုတ်ပေးရမည့် မရှိမဖြစ်သော ပစ္စည်းများကိုပြုသည့်၊ သို့တည်းမဟုတ် ထုတ်ပေးသည့် အလုပ်သမားများကို၊ ပုဒ်မ ၆၀ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(စ) ရာသီဥတုတခုခုအတွင်းမှတပါး၊ အခြားရာသီဥတုများတွင် မလုပ်နိုင်သော ပြုလုပ်မှုလုပ်ငန်း စဉ်များတွင်လုပ်သည့် အလုပ်သမားများကို၊ ပုဒ်မ ၆၀ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(ဆ) ဥတုမမှန်ကန်မှုကို အကြောင်းပြု၍ ရံဖန်ရံခါသာလုပ်ရသော ပြုလုပ်မှုလုပ်ငန်းစဉ်များတွင်၊ လုပ်သည့်အလုပ်သမားများကို ပုဒ်မ ၆၀ နှင့် ၆၃ များရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ် စေနိုင်သည်။

(ဇ) ဘွိုင်လာအိုးရုံများတွင်ဖြစ်စေ၊ စက်ခန်းများတွင်ဖြစ်စေ၊ လုပ်သည့်၊ သို့တည်းမဟုတ် အားပေးစက် ကိုဖြစ်စေ၊ အားပို့စက်ကိုဖြစ်စေ၊ ကြည့်ရှုလုပ်သည့်အလုပ်သမားများကို၊ ပုဒ်မ ၅၉ နှင့် ၆၀ ရှိပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

(၃) ကင်းလွတ်ခွင့်တခုခု ပြဋ္ဌာန်းသည့်ပုဒ်မခွဲ (၂) အရပြုသောနည်းဥပဒေများသည်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သင့်လျော်သည် ထင်မြင်သည့်အတိုင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဋ္ဌာန်းသည့် စည်းကမ်း ချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပုဒ်မ ၆၇ ရှိပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုရန် ပြဋ္ဌာန်းနိုင်သည်။

(၄) ဤပုဒ်မအရ နည်းဥပဒေများပြုရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်သမားအမျိုးအစား အားလုံးအတွက်၊ ရက်သတ္တတပတ်တွင် အများဆုံးအလုပ်လုပ်သည့် အချိန်နှင့်စပ်လျဉ်း၍၊ ကန့်သတ်ချက်များ ပြဋ္ဌာန်းရမည်။ ပုဒ်မခွဲ (၂) အပိုဒ် (က) အရ ခွင့်ပြုသည့် ကင်းလွတ်ချက်မှတပါး၊ အခြားကင်းလွတ်ချက်များသည်၊ ထိုကန့်သတ်ချက်များနှင့် မဆန့်ကျင်ရ။

(၅) ဤပုဒ်မအရပြုသည့် နည်းဥပဒေများမှာ သုံးနှစ်ထက်ပို ၍အာဏာမတည်စေရ။

(၆) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤအခန်းရှိပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေရန်အလို့ငှါ၊ သင့်သည်ထင်မြင်သည့် အတိုင်းအခြားကိစ္စ တခုခုအတွက်ပြဋ္ဌာန်းရန် နည်းဥပဒေများပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

ကင်းလွတ်ခြင်းပြုသည့်အမိန့်များ ပြုပိုင်ခွင့်အာဏာ။

၇၁။ ။ (၁) လုပ်သည့်အလုပ်အမျိုးအစားကြောင့် သော်၎င်း၊ အခြားအကြောင်းအချက်များကြောင့် သော်၎င်း၊ အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင်ဖြစ်စေ၊ လုပ်သည့်အလုပ်သမား များအလုပ်လုပ်သည့် အချိန်ကာလအပိုင်းအခြားများကို ကြိုတင်၍သတ်မှတ်ရန်မသင့်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်လျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ၊မိမိသင့်လျော်သည် ထင်မြင်သမျှ၊ သင့်လျော်သည်ထင်မြင်သည့်နည်းလမ်းအတိုင်း၊ အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို ထိရောက်စွာကြီးကြပ်အုပ်ချုပ်နိုင်ရန်၊ မိမိသင့်သည် ထင်မြင်သောစည်းကမ်းချက်များထားလျက်၊ ထိုအလုပ်သမား များနှင့်ပတ်သက်၍၊ ပုဒ်မ ၆၇ ရှိ ပြဋ္ဌာန်းချက်များကို အမိန့်စာဖြင့် လျော့ပေါ့အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် ပြင်ဆင်နိုင်သည်။

(၂) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သော်၎င်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာ၍၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကသော်၎င်း၊ အလုပ်ရုံအား၊ သို့တည်းမဟုတ် အလုပ်ရုံများအား၊ အထူးသဖြင့်များပြားလှသော အလုပ်များကို လုပ်နိုင်စေရန်အလို့ငှါ၊ ကင်းလွတ်ခွင့်ပြုရန်လိုအပ်သည်ဟူသော အကြောင်းကြောင့် အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံစု၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစား တခုခုတွင်ဖြစ်စေ၊ လုပ်သည့်လူကြီးအလုပ်သမားတဦးဦးကို၊ သို့တည်းမဟုတ် လူကြီးအလုပ်သမားအားလုံးကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက၊ သို့တည်းမဟုတ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က၊ သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များထား၍ ပုဒ်မ ၅၉၊ ၆၀၊ ၆၂၊ ၆၃၊ ၆၄ နှင့် ၆၇ ရှိပြဋ္ဌာန်းချက်တခုခုမှ၊ သို့တည်းမဟုတ် ပြဋ္ဌာန်းချက်အားလုံးမှ အမိန့်စာဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။

(၃) ရက်သတ္တတပတ်လျှင် အလုပ်လုပ်သည့် အချိန်နှင့်စပ်လျဉ်း၍ ပုဒ်မခွဲ(၂) အရ ခွင့်ပြုသည့် ကင်းလွတ်ချက်သည်၊ ပုဒ်မ ၇၀ ပုဒ်မခွဲ (၄) အရ ပြဋ္ဌာန်းထားသည့် အများဆုံးအချိန်ကန့်သတ် ချက်များနှင့် မဆန့်ကျင်စေရ။

(၄) ပုဒ်မခွဲ (၂) အရ ထုတ်ဆင့်သည့်အမိန့်သည်၊ ထိုအမိန့်တွင် သီးခြားဖေါ်ပြထားသည့် ကာလအပိုင်း အခြားမျှသာ အတည်ဖြစ်ရမည်။ သို့ရာတွင် အလုပ်ရုံမန်နေဂျာအား၊ ထိုအမိန့် ထုတ်ဆင့်ကြောင်း နို့တစ်စာပေးသည့်နေ့မှစ၍ နှစ်လထက်ပို၍ အတည်မဖြစ်စေရ။

သို့ရာတွင် ပြည်သူ့အကျိုးငှါ လိုအပ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်သဘောရရှိလျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ထိုအမိန့်အတည်ဖြစ်သည့် ကာလအပိုင်း အခြားကို အမိန့်အကြော်ငြာစာတွင် သီးခြားဖေါ်ပြသည့် ကာလအပိုင်းအခြားထိ၊ အခါအားလျော်စွာ တိုးမြှင့်ပေးနိုင်သည်။ ထိုသို့တိုးမြှင့်သော ကာလအပိုင်းအခြားသည်တကြိမ်လျှင် ခြောက်လထက် မပိုစေရ။

<ပြင်ဆင်20.01.2016>

၇၂။ ပယ်ဖျက်

<ပြင်ဆင် 22.05.1962>

အချိန်ပိုလုပ်ရသည့်အတွက် အခပို။

၇၃။ ။ (၁) အလုပ်သမားတဦးတယောက်သည်၊ အလုပ်ရုံတွင် ပုဒ်မ ၅၉နှင့် ၆၂ တွင်သတ်မှတ်ထားသည့် အချိန်ထက် ပို၍လုပ်ရလျှင်၊ ထိုသူသည်မိမိ အချိန်ပိုလုပ်ရသည့်အတွက်၊ မိမိသာမန်ရရှိသည့် အခနှုန်း၏ နှစ်ဆရစေရမည်ပြင်၊ ရှားပါးစရိတ်ရနေလျှင် ထိုအချိန်ပိုလုပ်ရသည့်နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်းရစေရမည်။

(၂) အလုပ်ရုံတွင် အလုပ်သမားများကို၊ ပုတ်ပြတ်နှုန်းပေါ်တွင် အခြေပြု၍ အခပေးလျှင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဆိုင်ရာအလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့်တိုင်ပင်၍၊ ဤပုဒ်မ အလို့ငှါ၊ အချိန်နာရီအလိုက် အခနှုန်းများကို ထိုအလုပ်သမားများလုပ်၍ရသည့်ငွေ၏ ပျမ်းမျှရနှုန်းနှင့် တူညီနိုင်သမျှတူညီအောင် သတ်မှတ်ရမည်။ ထို့ပြင် ယင်းသို့ သတ်မှတ်သည့်အခနှုန်းများသည် ဤပုဒ်မအလို့ငှါ၊ ထိုအလုပ်သမားများ၏ သာမန်အခနှုန်းများဖြစ်သည် ဟူ၍မှတ်ယူရမည်။

(၃) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို လိုက်နာစေရန်အလို့ငှါ၊ အလုပ်ရုံတွင် ထားရှိရမည့် မှတ်ပုံစာအုပ်များကို သတ်မှတ်နိုင်သည်။

(၄) တရားရုံးသည် ပုဒ်မ ၅၉ နှင့် ၆၂ တို့အရ အလုပ်သမားအား ပေးရန်ပျက်ကွက်ခဲ့သည့် ပုဒ်မခွဲ (၁) ပြဋ္ဌာန်းချက်ပါ အချိန်ပို လုပ်ခကို ပေးထိုက်သည့်အကြောင်း ပေါ်ပေါက်ပါက ရထိုက်သောအချိန်ပိုလုပ်ခကို ပေးရန်တာဝန်ရှိသူက ထိုအလုပ်သမားအား ထုတ်ပေးရန် အမိန့်ချမှတ်ရမည်။

ရှင်းလင်းချက်။ ။ ဤပုဒ်မအရ ပေးရမည့်အခပိုကို တွက်ချက်ရန်အလို့ငှါ “အခ” ဆိုသည်မှာ၊ မည်သည့် စရိတ်မျှမပါသော အခသက်သက်ဖြစ်သည်ဟု မှတ်ယူရမည်။

<ပြင်ဆင်20.01.2016>

တရက်ထည်း၌ အလုပ်ရုံနှစ်ရုံတွင် အလုပ်လုပ်ခြင်းကို ကန့်သတ်ခြင်း။

၇၄။ ။ ပြဋ္ဌာန်းသတ်မှတ်သည့်အကြောင်း အချက်များတွင်မှတပါး မည်သည့်လူကြီးအလုပ်သမားကိုမျှ၊ အလုပ်ရုံတခု၌ အလုပ်လုပ်ပြီးဖြစ်လျှင်၊ ထိုနေ့၌ပင် အခြားအလုပ်ရုံတခု၌ အလုပ်မလုပ်စေရ၊ သို့တည်း မဟုတ် လုပ်ခွင့်မပြုရ။

 

အခန်း ၈။

လူငယ်များခိုင်းစေခြင်း။

ငယ်ရွယ်သော ကလေးများခိုင်းစေခြင်းကို တားမြစ်ခြင်း။

၇၅။ ။ အသက် တစ်ဆယ့်လေးနှစ် မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်ရုံတခုခုတွင် အလုပ် မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

<ပြင်ဆင် 20.01.2016>

၇၅-က။ မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရ။

<ပြင်ဆင် 20.01.2016>

အထိမ်းအမှတ်များကို၊ လူကြီးအလုပ်သမားမဟုတ်သည့် အလုပ်သမားများကဆောင်ထားရခြင်း။

၇၆။ ။ အသက် တစ်ဆယ့်လေးနှစ် ပြည့်ပြီးသည့် မည်သည့်ကလေးကိုမျှ၊ သို့တည်းမဟုတ် မည်သည့် လူရွယ်ကိုမျှ -

(က) ပုဒ်မ ၇၇အရ၊ ထိုသူအားရည်ညွှန်း၍ ထုတ်ပေးသည့်၊ အလုပ်လုပ်ရန်သင့်လျော်ကြောင်း အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို၊ အလုပ်ရုံမန်နေဂျာက သိမ်းဆည်းမထားလျှင်၊ ထို့ပြင်

(ခ) ထိုသူသည် မိမိအလုပ်လုပ်နေစဉ်၊ ယင်းသို့သော အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ရည်ညွှန်းသည့် အထိမ်းအမှတ်ကို ဆောင်မထားလျှင်၊

အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

<ပြင်ဆင် 20.01.2016>

အလုပ်လုပ်ရန် သင့်လျော်ကြောင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်။

၇၇။ ။ (၁) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်သည်၊ အလုပ်ရုံတွင် အလုပ်လုပ်လိုသည့်၊ လူငယ်ကဖြစ်စေ၊ ထိုသူ၏ မိဘက၊ သို့တည်းမဟုတ် အုပ်ထိန်းသူကဖြစ်စေ၊ ထိုသူကိုခိုင်းစေလိုသည့် အလုပ်ရုံမန်နေဂျာကဖြစ်စေ လျှောက်ထားလျှင်၊ ယင်းသို့သောအလုပ်ကို ထိုသူလုပ်ရန်သင့်လျော်သည် မသင့်လျော်သည်ကို အမှန်သိရှိရအောင် ထိုသူကို စမ်းသပ်စစ်ဆေးရမည်။

(၂) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်သည်၊ စမ်းသပ်စစ်ဆေးခြင်းပြုပြီးကာလ၊ ပြဋ္ဌာန်းထားသည့်ပုံစံဖြင့်၊ ရေးသားသော အောက်ပါ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ထိုသူအား ထုတ်ပေးနိုင်သည်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးနိုင်သည်-

(က) ထိုလူငယ်သည် အသက် တစ်ဆယ့်လေးနှစ်ပြည့်ပြီးဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ကာယဗလ အဆင့်အတန်းများ သို့ရောက်ရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ယင်းသို့သော အလုပ်ကို ထိုလူငယ်လုပ်ရန် သင့်လျော်ကြောင်းများဖြင့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်ကကျေနပ်လျှင်၊ အလုပ်ရုံတွင် ကလေးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်။

(ခ) ထိုလူငယ်သည် အသက် တစ်ဆယ့်ခြောက်နှစ် ပြည့်ပြီးဖြစ်၍၊ အလုပ်ရုံတွင် တရက်လုံးအတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်းဖြင့်၊ အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်က ကျေနပ်လျှင်၊ အလုပ်ရုံတွင် လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်။

သို့ရာတွင် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်သည် လူငယ်အလုပ်လုပ်ရန်ကြံရွယ်သည့်နေရာနှင့် ထိုသူကိုခိုင်းစေမည့် ပြုလုပ်မှုလုပ်ငန်းစဉ်အကြောင်းကို ကိုယ်တိုင်သိရှိပြီး မဟုတ်လျှင်၊ ထိုနေရာကို စစ်ဆေးပြီးမှသာလျှင်၊ ပုဒ်မခွဲ (၁) အရ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ထုတ်ပေးရမည်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးရမည်။

(၃) ပုဒ်မခွဲ(၂) အရ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်သည် ထုတ်ပေးသည့်နေ့မှစ၍ ဆယ့်နှစ်လအတွက်သာ အတည်ဖြစ်ရမည်။

(၄) ပုဒ်မခွဲ (၂) အရ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ခိုင်းစေခံရမည့်လူငယ်နှင့် ပတ်သက်သည့် အလုပ်အမျိုးအစားနှင့်စပ်လျဉ်း၍ စည်းကမ်းချက်များကိုထား၍ ထုတ်ပေးနိုင်သည်၊ သို့တည်းမဟုတ် ဆယ့်နှစ်လမစေ့မီ လူငယ်ကိုပြန်လည်စမ်းသပ်စစ်ဆေးရမည်ဟု အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်တွင် စည်းကမ်းချက် ထည့်သွင်းရေးသားနိုင်သည်။

(၅) ပုဒ်မခွဲ (၂) အရ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်သည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရရှိသူသည်၊ ထိုလက်မှတ်တွင် ရေးသားဖေါ်ပြထားသည့်အတိုင်း ကလေး၊ သို့တည်းမဟုတ် လူကြီးအဖြစ်ဖြင့် အလုပ်ရုံတွင် ဆက်လက်လုပ်ရန် မသင့်လျော်တော့ကြောင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်က ထင်မြင်သဘောရရှိလျှင်၊ ဆရာဝန်သည် ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ရုပ်သိမ်းရမည်။

(၆) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်သည် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ကိုဖြစ်စေ၊ တောင်းဆိုသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်မျိုးကိုဖြစ်စေ၊ ထုတ်ပေးရန်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးရန် ငြင်းဆို လျှင်သော်၎င်း၊ ရုပ်သိမ်းလျှင်သော်၎င်း၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် တောင်းဆိုပိုင်ခွင့်ရှိသူက မည်သည့်အကြောင်းကြောင့် ယင်းသို့ငြင်းဆိုသည်၊ သို့တည်းမဟုတ် ရုပ်သိမ်းသည်ကိုဖေါ်ပြရန် ဆရာဝန်အား တောင်းဆိုလျှင်၊ ထိုအကြောင်းများကို ရေးသားဖေါ်ပြရမည်။

(၇) ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းထားသည့် စည်းကမ်းချက်များထားလျက်၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က လူငယ်နှင့်ပတ်သက်၍၊ ဤပုဒ်မအရ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ထုတ်ပေးလျှင်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးလျှင်၊ ထိုလူငယ်ကို စည်းကမ်းချက်များနှင့်အညီမှလွဲ၍ ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။

(၈) ဤပုဒ်မအရထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်အတွက် ပေးဆောင်ရမည့်အခငွေကို ဆိုင်ရာလုပ်ငန်းပိုင်ရှင်က ပေးဆောင်ရမည်။ လူငယ်ထံမှဖြစ်စေ၊ သူ၏မိဘထံမှဖြစ်စေ၊ အုပ်ထိန်းသူထံမှဖြစ်စေ၊ မတောင်းဆိုရ။

<ပြင်ဆင်20.01.2016>

လူရွယ်သို့ထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၏အကျိုး။

၇၈။ ။ (၁) ပုဒ်မ ၇၇၊ ပုဒ်မခွဲ (၂) အပိုဒ်(ခ) အရ၊ အလုပ်ရုံ တွင်လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရသည့်ပြင်၊ အလုပ်ရုံတွင် အလုပ်လုပ်နေစဉ်ထို အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ရည်ညွှန်းသည့်အထိမ်းအမှတ်ကိုလည်း၊ ဆောင်ထားသည့်လူရွယ်သည်၊ အခန်း ၇ ပါကိစ္စများအလို့ငှါ၊ လူကြီးဖြစ်သည်ဟူ၍ မှတ်ယူရမည်။

(၂) ပုဒ်မ၇၇၊ပုဒ်မခွဲ(၂) အပိုဒ် (ခ) အရ၊ အလုပ်ရုံတွင် လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်မရသည့် လူရွယ်သည်၊ အသက်မည်မျှပင်ရှိစေကာမူ၊ ဤအက်ဥပဒေအလို့ငှါ ကလေးဖြစ်သည်ဟူ၍ မှတ်ယူရမည်။

(၃) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်မရရှိသော မည်သည့်လူရွယ်ကိုမျှ အလုပ်ရုံ၌ ညနေခြောက်နာရီမှ နံနက်ခြောက်နာရီအချိန်အတွင်း မခိုင်းစေရ သို့မဟုတ် အလုပ်လုပ်ခွင့်မပြုရ။

<ပြင်ဆင် 20.01.2016>

၇၉။ ။ (၁) မည်သည့်ကလေးကိုမျှ၊ အလုပ်ရုံ၌-

ကလေးများအလုပ်လုပ်သည့်အချိန်။

(က) မည်သည့်ရက်တွင်မျှ ပေါင်းလေးနာရီထက်ပို၍ မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မ ပြုရ။

(ခ) ညနေခြောက်နာရီမှ နံနက်ခြောက်နာရီထိ အချိန်အတွင်း မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ် ခွင့်မပြုရ။

(၂) ကလေးအားလုံးတို့၏ အလုပ်လုပ်ချိန် ကာလအပိုင်းအခြားကို အလှည့်ချင်းမထပ်သော အလှည့် နှစ်လှည့်သာ ကန့်သတ်ထားရမည့်အပြင်၊ တလှည့်လျှင်လည်း အားလပ်ချိန်ပေးလျှင် ထိုအားလပ်ချိန်နှင့် အလုပ်ချိန်ပေါင်းမှာ ငါးနာရီထက်မပိုစေရ။ ကလေးအသီးသီးကို အလှည့်ကျလူစုတွင် သာခိုင်းစေရမည်။ ထို့ပြင် ခိုင်းစေခံရသော ကလေးပါဝင်လုပ်သော အလှည့်ကျလူစုကို၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ သဘောတူညီချက်မရရှိဘဲ၊ တလလျှင်တစ်ကြိမ်ထက် ပို၍ ပြောင်းလဲခြင်းမပြုရ။

(၃) ပုဒ်မ ၆၀ရှိ ပြဋ္ဌာန်းချက်သည်၊ ကလေးအလုပ်သမားများနှင့်လည်း သက်ဆိုင်စေရမည်။ ထို့ပြင် ကလေးနှင့်ပတ်သက်၍ ထိုပုဒ်မရှိ ပြဋ္ဌာန်းချက်မှ ကင်းလွတ်ခွင့်မပြုရ။

(၄) မည်သည့်ကလေးကိုမျှ၊ အလုပ်ရုံတစ်ခု၌၊ အလုပ်လုပ်ပြီးဖြစ်သောရက်တွင်၊ အခြားအလုပ်ရုံတခု၌ ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။

ကလေးများအလုပ်လုပ်ရန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာ။

၈၀။ ။ (၁) ကလေးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြား ဆိုင်ရာနို့တစ်စာကို နေ့စဉ် မည်သည့်ကာလအပိုင်းအခြား တွင်ကလေးများအား အလုပ်လုပ်စေမည့်၊ သို့တည်းမဟုတ် အလုပ်လုပ် ခွင့်ပြုမည့်အကြောင်းရှင်းလင်းစွာ ဖေါ်ပြလျက်၊ ပုဒ်မ ၉၉၊ ပုဒ်မခွဲ (၂)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ကလေးများကို ခိုင်းစေသည့်အလုပ်ရုံအသီးသီးတွင် မြင်သာအောင်ကပ်ထားရမည့်အပြင်၊ မှန်ကန်စွာ လည်းထားရှိရမည်။

(၂) ပုဒ်မခွဲ (၁) အရ၊ လိုအပ်သည့်နို့တစ်စာတွင် ဖေါ်ပြထားသည့် ကာလအပိုင်းအခြားများကို ပုဒ်မ ၆၇ တွင်၊ လူကြီးများအတွက်၊ ပြဋ္ဌာန်းထားသည့်နည်းလမ်းနှင့်အညီ ကြိုတင်သတ်မှတ်ရမည့်ပြင်၊ ထိုကာလ အပိုင်းအခြားများအတွက် အလုပ်လုပ်နေသည့်ကလေးများသည်၊ ပုဒ်မ ၇၉ ပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ အလုပ်လုပ်ရာမရောက်အောင်လည်း သတ်မှတ်ထားရမည်။

(၃) ပုဒ်မ ၆၇၊ ပုဒ်မခွဲ (၉)နှင့် (၁၀) ရှိပြဋ္ဌာန်းချက်များသည်၊ ဤပုဒ်မ၏ပုဒ်မခွဲ(၁)အရ၊ လိုအပ်သည့် နို့တစ်စာနှင့်လည်း သက်ဆိုင်စေရမည်။

(၄) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ကလေးများအလုပ်လုပ်ရန် ကာလ အပိုင်းအခြားဆိုင်ရာ နို့တစ်စာအတွက် ပုံစံများနှင့် ထိုနို့တစ်စာကိုထားရှိရမည့်နည်းလမ်းကို ပြဋ္ဌာန်းသည့် နည်းဥပဒေများပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

၈၁။ ။ (၁) ကလေးများကို ခိုင်းစေသည့်အလုပ်ရုံမန်နေဂျာ အသီးသီးသည် -

ကလေးအလုပ် သမားမှတ်ပုံစာအုပ်။

(က) ကလေးအလုပ်သမား အသီးသီး၏အမည်နှင့် မိဘအမည်။

(ခ) ထိုကလေးလုပ်သည့် အလုပ်အမျိုးအစား၊

(ဂ) ထိုကလေးပါဝင်သည့် လူစုရှိလျှင်၊ ထိုလူစု၊

(ဃ) ထိုကလေးပါဝင်သည့် လူစုသည်၊ အလှည့်ကျ အလုပ်လုပ်လျှင် ၊ ထိုကလေးအား မည်သည့် အလှည့်ကျ လူစုသို့သတ်မှတ်ချထားကြောင်း

(င) ပုဒ်မ၇၇ အရ၊ ထုတ်ပေးသည့် ထိုကလေး၏ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၏ အမှတ်စဉ်၊ ထို့ပြင်

(စ) ပြဋ္ဌာန်းသည့် အခြားအကြောင်းအရာများ ကိုဖေါ်ပြသည့်ကလေးအလုပ်သမား မှတ်ပုံစာအုပ် ကိုထားရှိရမည့်အပြင်၊ ထိုမှတ်ပုံစာအုပ်ကို အလုပ်ချိန်အတွင်း စစ်ဆေးရေးအရာရှိက အချိန်မရွေးကြည့်ရှု နိုင်ရန် ထားရှိရမည်။

(၂) အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ ကလေးအလုပ်သမား မှတ်ပုံစာအုပ်ပုံစံ၊ ထိုမှတ်ပုံစာအုပ်ကို ထားရှိရမည့် နည်းလမ်း၊ ထို့ပြင် ထိုမှတ်ပုံစာအုပ်ကို မပျက်စီးအောင် သိမ်းထားရမည့် ကာလအပိုင်းအခြားကို သတ်မှတ်နိုင်သည်။

<ပြင်ဆင်20.01.2016>

အလုပ်လုပ်သည့်အချိန်နာရီ များသည် ပုဒ်မ ၈၀ အရ၊ ကပ်ထား ရမည့် နို့တစ်စာနှင့်၎င်း၊ ပုဒ်မ ၈၁ အရ၊ ထားရှိရမည့် မှတ်ပုံစာ အုပ်နှင့် ၎င်းညီညွတ်စေခြင်း။

၈၂။ ။ မည်သည့်ကလေးကိုမျှ မြင်သာအောင်ကပ်ထားသည့် ကလေးများအလုပ်လုပ်ရန် ကာလအပိုင်း အခြားဆိုင်ရာ နို့တစ်စာနှင့် ဆန့်ကျင်လျက်၎င်း၊ ထို့ပြင် ကလေးအလုပ်သမား မှတ်ပုံစာအုပ်တွင်၊ ထိုကလေး၏ အမည်နှင့်ယှဉ်လျက်၊ ကြိုတင်ရေးသွင်းထားသည့် ရေးသွင်းချက်များနှင့် ဆန့်ကျင် လျက်၎င်း၊ ခိုင်းစေခြင်းမပြုရ။

ဆရာဝန်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ပြုရန်ဆင့်ဆိုပိုင်ခွင့် အာဏာ။

၈၃။ ။ (က) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်မရှိဘဲ၊ အလုပ်ရုံတွင် အလုပ်လုပ်နေသူသည်၊ လူငယ် ဖြစ်သည်ဟူ၍သော်၎င်း၊

(ခ) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်နှင့် အလုပ်ရုံတွင် အလုပ်လုပ်နေသည့် လူငယ်သည်၊ ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်တွင် ရေးသားဖေါ်ပြထားသည့်အတိုင်း၊ ကလေး၊ သို့တည်းမဟုတ် လူကြီးအဖြစ်ဖြင့် ဆက်လက်အလုပ်လုပ်ရန် မသင့်လျော်တော့ဟူ၍သော်၎င်း၊

စစ်ဆေးရေးအရာရှိက ထင်မြင်သဘောရရှိလျှင်၊ ထိုစစ်ဆေးရေးအရာရှိသည် ယင်းသို့သောသူကို တာဝန်ခံ လက်မှတ်ထုတ်ပေးသည့် ဆရာဝန်ဖြင့် စမ်းသပ်စစ်ဆေးရမည်ဟု ဆင့်ဆိုသည့်နို့တစ်စာကို အလုပ်ရုံ မန်နေဂျာထံပေးနိုင်သည်။ ထို့ပြင် ဤကဲ့သို့စမ်းသပ်စစ်ဆေးခြင်း မပြုရသေးမီ ပုဒ်မ၇၇အရ၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၊ သို့တည်းမဟုတ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်သစ် ဆိုင်သင့်ရာရာကိုလည်း ထုတ်ပေးခြင်းမပြုရသေးမီ၊ သို့တည်းမဟုတ် ထိုသူအား စစ်ဆေးသော အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က ထိုသူသည် လူငယ်မဟုတ်ကြောင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် မပေးသေးမီ ယင်းသို့သောသူကို အလုပ်ရုံတွင် မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရဟု စစ်ဆေးရေးအရာရှိကဆင့်ဆိုလျှင်၊ ထိုသို့ဆင့်ဆိုသည့်အတိုင်း မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။

<ပြင်ဆင်20.01.2016>

နည်းဥပဒေများပြုနိုင်သည့်အာဏာ။

၈၄။ ။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အောက်ပါကိစ္စများအလို့ငှါ၊ နည်းဥပဒေများပြုနိုင်သည်။

(က) ပုဒ်မ ၇၇ အရထုတ်ပေးမည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်များအတွက် ပုံစံများကိုပြဋ္ဌာန်းရန်၊ မူရင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ပျောက်ဆုံးသည့်အခါ၊ မိတ္တူများထုတ်ပေးရန်အတွက် ပြဋ္ဌာန်းရန်၊ ထို့ပြင် ယင်းသို့သော အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်များ အသစ်လဲလှယ်ထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်များနှင့် ယင်းသို့သော မိတ္တူများအတွက်၎င်း၊ ပြဋ္ဌာန်းသည့် အခြားစမ်းသပ်စစ်ဆေးမှုများအတွက်၎င်း၊ တောင်းဆိုပိုင်ခွင့်ရသည့် အခများကိုသတ်မှတ်ရန်၊

(ခ) အလုပ်ရုံများတွင် အလုပ်လုပ်သည့် ကလေးများနှင့် လူရွယ်များရောက်ရှိရမည့် ကာယဗလ အဆင့်အတန်းများကိုပြဋ္ဌာန်းရန်၊

(ဂ) အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်များက၊ ဤအခန်းအရလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းကို စည်းမျဉ်းသတ်မှတ်ရန် ထို့ပြင် အလုပ်ရုံများတွင် လူငယ်များအား ခိုင်းစေခြင်းနှင့်စပ်လျဉ်း၍၊ ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေး သည့်ဆရာဝန်တို့ကဆောင်ရွက်ရန် လိုအပ်သည့်အခြား အလုပ်ဝတ်တရားများကို သီးခြားဖေါ်ပြရန်၊ ထိုအလုပ်ဝတ်တရားများအတွက် တောင်းဆိုနိုင်သည့် အခငွေများနှင့် ထိုအခငွေ များပေးဆောင်ရမည့်သူများကို ပြဋ္ဌာန်းရန်၊

(ဃ) ဤအခန်းရှိ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်စေရန်အလို့ငှါ၊ သင့်လျော်သည့် အခြားအကြောင်းအရာတခုခုကို ပြဋ္ဌာန်းရန်။

<ပြင်ဆင်20.01.2016>

 

အခန်း ၉။

ပြစ်ဒဏ်များနှင့် လိုက်နာဆောင်ရွက်ရန် နည်းလမ်း။

ပြစ်မှုများ အတွက်သာမန်ပြစ်ဒဏ်။

၈၅။ ။ အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံဖြစ်သည်ဟု ဤအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် သို့တည်းမဟုတ် ဤအက်ဥပဒေအရ ကျေညာထားသည့်နေရာ တခုခုတွင်သော်၎င်း၊ ထိုအလုပ်ရုံ၊ သို့တည်းမဟုတ် နေရာနှင့်စပ်လျဉ်း၍သော်၎င်း၊ ဤအက်ဥပ​ဒေရှိ ပြဋ္ဌာန်းချက်များကိုဖြစ်စေ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများကိုဖြစ်စေ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ စာဖြင့်ရေးသားချမှတ်သည့် အမိန့်ကို ဖြစ်စေ ဆန့်ကျင်လျှင် အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်တို့သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အခါ သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ်အောက် မနည်းသောငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။ ထို့ပြင် ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရပြီးနောက်၊ ဆက်လက် ဆန့်ကျင်ပါက၊ ထိုသူအသီးသီးသည် နောက်ထပ်ပြစ်မှုထင်ရှားစီရင်ခြင်းခံရမည့်ပြင်၊ ဤကဲ့သို့ ဆက်လက်ဆန့်ကျင်သည့်ရက်များအတွက် တရက်လျှင်၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ကိုလည်း စီရင်ခြင်းခံရမည်။

သို့ရာတွင်-

(၁) ပုဒ်မ ၅၉ ၏၊ သို့တည်းမဟုတ် ပုဒ်မ ၆၂ ၏ပြဋ္ဌာန်းချက်ကို ဆန့်ကျင်သော အလုပ်ရုံမန်နေဂျာအား၊ သို့တည်းမဟုတ် လုပ်ငန်းပိုင်ရှင်အား ငွေဒဏ်စီရင်ရာ၌ တရားရုံးသည်၊ ကျပ်သိန်းနှစ်ဆယ်အောက် မနည်းသော ငွေဒဏ်ကို ဖြစ်စေ၊ ပုဒ်မ ၇၃ (၁) တွင် ပြဋ္ဌာန်းထားသည့် အချိန်ပိုလုပ်ခကြေးငွေ၏ နှစ်ဆနှင့်ညီမျှသော ငွေဒဏ်ကိုဖြစ်စေ၊ ထိုငွေဒဏ်နှစ်ရပ်အနက် များရာငွေဒဏ်ကို စီရင်ရမည်။

(၂) အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်နှစ်ဦးလုံးသည် ပြစ်ဒဏ်စီရင်ခြင်းခံရလျှင်၊ ဆန့်ကျင်မှုတခု တည်းနှင့်စပ်လျဉ်း၍ စီရင်ခြင်းခံရသည့်ငွေဒဏ်စုစုပေါင်းသည်၊ ဆိုခဲ့သည့် ငွေဒဏ်များထက်မပိုစေရ။

<ပြင်ဆင် 21.10.1954, 20.01.2016>

အထက်က ပြစ်ဒဏ်စီရင်ခြင်းခံရဘူးသူများကို ပြစ်ဒဏ်တိုး ၍စီရင်ခြင်း။

၈၆။ ။ ပုဒ်မ ၈၅ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဘူးသူသည်၊ ယခင်က ဆန့်ကျင်ခဲ့သော ပြဋ္ဌာန်းချက်ကို နောက်ထပ်ဆန့် ကျင်သည့်ပြစ်မှုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် နောက်ထပ် ပြစ်ဒဏ်စီရင်ခြင်းခံရသောအခါ၊ ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းသုံးဆယ်မှ အများဆုံး ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ စီရင်ခြင်းခံရမည်။

သို့ရာတွင် ဤပုဒ်မအရ ပြစ်ဒဏ်စီရင်ရန်အလို့ငှါ နှစ်နှစ်ကျော်က ထိုသူအပေါ်တွင် ချမှတ်သည့် ပြစ်ဒဏ်ကို ထည့်သွင်းအရေးမယူရ။

<ပြင်ဆင် 20.01.2016>

အလုပ်သမားကျူးလွန်သည့် ပြစ်မှုများ။

၈၇။ ။ (၁) အလုပ်သမားများသို့ တာဝန်ဝတ်တရားများချအပ်သည့် ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေတခုခုကို၊ သို့တည်းမဟုတ် အမိန့်တခုခုကိုဖြစ်စေ ခိုင်းစေခံရသူအလုပ်သမား တဦးဦးကဆန့်ကျင်လျှင်၊ ထိုသူသည် တလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

(၂) ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်စီရင်ထိုက်သည့် ပြစ်မှုအတွက် အလုပ်သမားကို ပြစ်ဒဏ်စီရင်လျှင်၊ ထိုဆန့်ကျင်မှုကို မပြုမိအောင်သင့်လျော်သော ဆောင်ရွက်မှုများကို လုပ်ငန်းပိုင်ရှင်က၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာက မပြုကြောင်း ထင်ရှားအောင်မပြနိုင်လျှင်၊ ထိုလုပ်ငန်းပိုင်ရှင်ကိုဖြစ်စေ၊ မန်နေဂျာ ကိုဖြစ်စေ၊ ထိုဆန့်ကျင်မှုနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု မမှတ်ယူရ။

<ပြင်ဆင် 20.01.2016>

စစ်ဆေးရေးအရာရှိကို ဟန့်တားသည့်အတွက် ပြစ်ဒဏ်။

၈၈။ ။ မည်သူမဆို ဤအက်ဥပဒေအရ အပ်နှင်းထားသည့် အာဏာကို သုံးစွဲနေသော စစ်ဆေးရေးအရာရှိကို တမင်ဟန့်တားလျှင်သော်၎င်း၊ ဤအက်ဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ မိမိထားရှိသည့် မှတ်ပုံစာအုပ်ကို၊ သို့တည်းမဟုတ် အခြားစာချုပ်စာတမ်း များကို ထုတ်ပြရန် စစ်ဆေးရေးအရာရှိက တောင်းဆိုသည့်အခါ၊ ထုတ်ပြရန်ပျက်ကွက်လျှင်သော်၎င်း၊ အလုပ်ရုံအတွင်းရှိ အလုပ်သမားတဦးဦးကို စစ်ဆေးရေးအရာရှိ ရှေ့သို့လာရောက်ခြင်း၊ သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ၏အစစ်အဆေးခံခြင်း မပြုနိုင်အောင် ဝှက်ထားလျှင်၊ သို့တည်းမဟုတ် တားဆီးလျှင် သော်၎င်း၊ ထိုသူသည် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။

<ပြင်ဆင်20.01.2016>

အမိန့်ချမှတ်နိုင်သည့် တရားရုံး၏အာဏာ။

၈၉။ ။ (၁) တရားရုံးသည် လုပ်ငန်းပိုင်ရှင်ကို၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာကို၊ ဤအက်ဥပဒေအရ ပြစ်ဒဏ် ထိုက်သင့်သည့် ပြစ်မှုအတွက် ပြစ်ဒဏ်စီရင်နိုင်သည့်ပြင်၊ အမိန့်တရပ်လည်း ချမှတ်နိုင်သည်။ ထိုအမိန့်တွင် ကျူးလွန် သည့်ကိစ္စများနှင့်စပ်လျဉ်း၍၊ တရားအတိုင်းဖြစ်စေရန် အလို့ငှါ၊ အမိန့်တွင် သီးခြားဖေါ်ပြထားသည့် ဆောင်ရွက်မှုများကို ထိုအမိန့်တွင် သတ်မှတ်ထားသည့်ကာလအပိုင်း အခြား အတွင်း ပြုရမည်ဟုပါရှိရမည်။ (တရားရုံးသည် ကာလအပိုင်းအခြားကိုထပ်တိုးရန် လျှောက်ထားသည့် အခါ၊ ထိုသို့ ထပ်တိုးရန်သင့်သည်ဟု ထင်မြင်လျှင်၊ အခါအားလျော်စွာ ထပ်တိုးနိုင်သည်။)

(၂) ပုဒ်မခွဲ (၁) အရအမိန့်ကို ချမှတ်လျှင်၊ လုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် အလုပ်ရုံမန် နေဂျာသည်၊ တရားရုံးက ခွင့်ပြုသည့်ကာလအပိုင်းအခြားအတွင်း၊ သို့တည်းမဟုတ် ထပ်တိုးသော ကာလအပိုင်းအခြားအတွင်း၊ ထိုပြစ်မှုကို ဆက်လက်ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ဤအက်ဥပဒေအရ ပြစ်ဒဏ်မထိုက်သင့်စေရ။ သို့ရာတွင် ထိုခွင့်ပြုသည့်ကာလအပိုင်းအခြား၊ သို့တည်းမဟုတ် ထပ်တိုးသော ကာလအပိုင်း အခြားစေ့ကုန်သောအခါ၊ တရားရုံး၏ အမိန့်အတိုင်း အကြွင်းမဲ့လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးလျှင် လုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် မန်နေဂျာသည်၊ နောက်ထပ်ပြစ်မှုကျူးလွန် သည်ဟု မှတ်ယူရမည့်ပြင်၊ ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ထိုကာလအပိုင်းအခြားစေ့ကုန် ပြီးနောက် အမိန့်အတိုင်း လိုက်နာရန် စတင်ပျက်ကွက်သည့်နေ့မှစ၍၊ တစ်နေ့လျှင် ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

<ပြင်ဆင် 20.01.2016>

သီးခြားဖြစ်သောပြစ်မှုများ။

၉၀။ ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက်၎င်း၊ သို့တည်းမဟုတ် ဤအက်ဥပဒေ အရပြုသည့် နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့်နှင့်ဆန့်ကျင်လျက် ၎င်းအလုပ်ရုံတွင် မည်သူကိုမဆို ခိုင်းစေလျှင်၊ ဤသို့ခိုင်းစေခံရသူ အသီးသီးနှင့်ပတ်သက်၍ သီးခြားဖြစ်သော ပြစ်မှုတခုစီကျူးလွန် သည်ဟု မှတ်ယူရမည်။

အလုပ်လုပ်ရန် သင့်လျော်ကြောင်းမမှန်သည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို အသုံးပြုသည့်အတွက် ပြစ်ဒဏ်။

၉၁။ မည်သူမဆို ပုဒ်မ ၇၇ အရ၊ သူတပါးသို့ပေးအပ်သည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို၊ ထိုပုဒ်မအရ မိမိသို့ပေးအပ်သည့်အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်အဖြစ် လိမ်လည်၍ သိလျက်နှင့် အသုံးပြုလျှင်သော်၎င်း၊ အသုံးပြုရန်အားထုတ်လျှင်သော်၎င်း၊ ထိုပုဒ်မအရ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ရယူပြီးနောက်၊ သိလျက်နှင့် အခြားသူတဦးတယောက်အား အသုံးပြုခွင့်ပေးလျှင်သော်၎င်း၊ အသုံးပြုရန် အားထုတ်မှု ကိုခွင့်ပြုလျှင်သော်၎င်း၊ ထိုသူသည် တလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

<ပြင်ဆင်20.01.2016>

ကလေးကိုတရက်တည်း၌အလုပ်ရုံနှစ်ရုံတွင် အလုပ်လုပ်ခွင့်ပြုသည့်အတွက် ပြစ်ဒဏ်။

၉၂။ ။ ကလေး တယောက်သည်အလုပ်ရုံတခုတွင် အလုပ်လုပ်ပြီးသောရက်၌ အခြားအလုပ်ရုံတခုတွင် မိဘ၏၊ သို့တည်းမဟုတ် အုပ်ထိန်းသူ၏၊ သို့တည်းမဟုတ် စောင့်ရှောက်သူ၏၊ သို့တည်းမဟုတ် အုပ်ချုပ်သူ၏၊ သို့တည်းမဟုတ် အခများမှတိုက်ရိုက်အကျိုးခံစားရသူ၏ သဘောတူညီချက်ဖြင့်၊ သို့တည်းမဟုတ် တမင်လျစ်လျူရှုချက်ဖြင့်၊ အလုပ်လုပ်သည်ဟု တရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်၊ ကလေး၏ မိဘသည်၊ သို့တည်းမဟုတ် အုပ်ထိန်းသူသည်၊ သို့တည်းမဟုတ် စောင့်ရှောက်သူသည်၊ သို့တည်းမဟုတ် အုပ်ချုပ်သူသည်၊ သို့တည်းမဟုတ် အကျိုးခံစားရသူသည်၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်။

<ပြင်ဆင် 20.01.2016>

မည်သူသည် လုပ်ငန်းရှင်ပိုင်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း။

၉၃။ ။ (၁) လုပ်ငန်းပိုင်ရှင်သည်၊ ဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် သီးခြားပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့ဖြစ်လျှင်၊ ထိုဖက်စပ်လုပ်ငန်းတွင် ဖက်စပ်ပါဝင်သူများ၊ သို့တည်းမဟုတ် ထိုအဖွဲ့တွင် ပါဝင်သူများ အနက် မည်သူ့ကိုမဆို၊ လုပ်ငန်းပိုင်ရှင်အားပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက်၊ ဤအက် ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။

သို့ရာတွင် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့တွင် ပါဝင်သူတို့အနက်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၌ နေထိုင်သူတဦးဦးကို၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ၊ လုပ်ငန်းပိုင်ရှင်အဖြစ် အမည်တင်သွင်း ခန့်ထားပြီးဖြစ်ကြောင်းဖြင့် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့ကစစ်ဆေးရေးအရာရှိအား နို့တစ်စာ ပေးပို့နိုင်သည်။ ထို့ပြင် ထိုပုဂ္ဂိုလ်သည် ယင်းသို့နေထိုင်သမျှ ကာလပတ်လုံး မိမိအားအမည်တင်သွင်း ခန့်ထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်နို့တစ်စာကိုစစ်ဆေးရေးအရာရှိ ကမရမီသော်၎င်း၊ မိမိသည် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့တွင် အစုပါဝင်သူအဖြစ်မှ၊ သို့တည်းမဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းမပြုမီသော်၎င်း၊ ဤအက်ဥပဒေပါကိစ္စများ အလို့ငှါ၊ လုပ်ငန်းပိုင်ရှင် ဖြစ်သည်ဟူ၍မှတ်ယူ ရမည်။

(၂) လုပ်ငန်းပိုင်ရှင်သည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီ၏ ဒါရိုက်တာလူကြီးများအနက်၊ မည်သည့် ဒါရိုက်တာလူကြီးကိုမဆို၊ သို့တည်းမဟုတ်အနည်းပိုင် ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီတွင် အစုပါဝင်သူများအနက် မည်သည့် အစုပါဝင်သူကိုမဆို၊ လုပ်ငန်းပိုင်ရှင်အား ပြစ်ဒဏ်ပေးနိုင်သည့် ပြစ် မှု တခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။

သို့ရာတွင် ထိုကုမ္ပဏီသည် အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သည့် ဒါရိုက်တာလူကြီးတဦးဦး ကိုသော်၎င်း၊ အနည်းပိုင်ကုမ္ပဏီဖြစ်လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်သည့်အစုပါဝင်သူ တဦးဦးကိုသော်၎င်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ၊ လုပ်ငန်းပိုင်ရှင်အဖြစ် အမည်သွင်းထားပြီး ဖြစ်ကြောင်းဖြင့် စစ်ဆေးရေးအရာရှိအား နို့တစ်စာပေးနိုင်သည်။ ထို့ပြင် ထိုဒါရိုက်တာ လူကြီးသည်၊ သို့တည်းမဟုတ် အစုပါဝင်သူသည်၊ ယင်းသို့ နေထိုင်သမျှကာလပတ်လုံး၊ မိမိအားအမည် တင်သွင်းခန့်ထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ် နို့တစ်စာကို စစ်ဆေးရေးအရာရှိက မရမီသော်၎င်း၊ မိမိသည် ဒါရိုက်တာလူကြီးအဖြစ်မှ၊ သို့တည်းမဟုတ် အစုပါဝင်သူ အဖြစ်မှရပ်စဲခြင်းမပြုမီသော်၎င်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ လုပ်ငန်းပိုင်ရှင်ဖြစ်သည်ဟူ၍ မှတ်ယူရမည်။

(၃) လုပ်ငန်းပိုင်ရှင်သည် ပြည်​ထောင်စုအစိုးရသော်၎င်း၊ ပြည်​ထောင်စုအစိုးရက ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့သော်၎င်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့််ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့သော်၎င်းဖြစ်လျှင်၊ သက်ဆိုင်ရာအလုပ်ဌာနကိုကြီးကြပ်ရန် လုပ်ငန်းပိုင်ရှင်အား တာဝန်ခံရသော ထိုအလုပ်ဌာန၏ အကြီးအကဲအဖြစ်ဖြင့် ပြည်​ထောင်စုအစိုးရက၊ သို့တည်းမဟုတ် အဆိုပါအဖွဲ့က၊ သို့တည်းမဟုတ် အဆိုပါသက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့််ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ခန့်ထားသောသူအားလုပ်ငန်းပိုင်ရှင်ကို ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ် စီရင်နိုင်သည်။

<ပြင်ဆင်20.01.2016>

လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် မန်နေဂျာမှာ တာဝန်ကင်းလွတ်ခြင်း။

၉၄။ ။ (၁) လုပ်ငန်းပိုင်ရှင်အပေါ်တွင်ဖြစ်စေ၊ အလုပ်ရုံမန်နေဂျာ အပေါ်တွင်ဖြစ်စေ၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုနှင့် တရားစွဲဆိုလျှင်၊ ထိုလုပ်ငန်းပိုင်ရှင်သည် သို့တည်းမဟုတ် မန်နေဂျာ သည်၊ ပြစ်မှုကိုအခြားသူက ကျူးလွန်ကြောင်းနှင့် ကိုယ်တိုင်နေရာတကျတိုင်တန်း လျှောက်ထား၍၊ ယင်းသို့ တိုင်တန်းလျှောက်ထားရန်ကြံရွယ်ကြောင်း နို့တစ်စာကို သုံးရက်အောက်မနည်း ကြိုတင်၍ တရားလိုဘက်သို့ပေးပြီးကာလ၊ ထိုသို့စွပ်စွဲခံရသူကို စွပ်စွဲချက်အတိုင်းကြားနာ စစ်ဆေးရန် ချိန်းဆို သည့်အချိန်တွင်၊ တရားရုံးသို့ခေါ်ဆောင်လာစေရန် ပြောဆိုပိုင်ခွင့်ရှိရမည်။ ထို့ပြင် ပြစ်မှုကျူးလွန် ကြောင်းထင်ရှားပြီးနောက်၊ လုပ်ငန်းပိုင်ရှင်ကဖြစ်စေ၊ မန်နေဂျာက ဖြစ်စေ -

(က) ဤအက်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကိုယ်တိုင်နေရာတကျ လုံ့လပြုကြောင်း၊ ထို့ပြင်

(ခ) မိမိမသိဘဲ၊ သဘောမတူဘဲ၊ တမင်လျစ်လျူရှု၍နေခြင်းကြောင့်မဟုတ်ဘဲ၊ ထိုစွပ်စွဲခံရသော အခြားသူသည်၊ ပြစ်မှုကိုကျူးလွန်ကြောင်း၊

တရားရုံးကကျေနပ်အောင် ထင်ရှားပြသလျှင်၊ ထိုပြစ်မှုအတွက် ထိုအခြားသူကို ပြစ်မှုထင်ရှားစီရင်ရ မည်။ ထို့ပြင်အခြားသူသည်၊ လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာ ဖြစ်ဘိသကဲ့သို့ အလားတူပြစ်ဒဏ်မျိုး စီရင်ခြင်းခံရမည်။ ထို့ပြင် လုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် အလုပ်ရုံ မန်နေဂျာသည်၊ ထိုပြစ်မှုနှင့် စပ်လျဉ်း၍ ဤအက်ဥပဒေအရ မည်သည့်တာဝန်မှမဆို ကင်းလွတ်စေရ မည်။ ဤအမှုမျိုးတွင် အလုပ်ရုံမန်နေဂျာကဖြစ်စေ၊ လုပ်ငန်းပိုင်ရှင်ကဖြစ်စေ သက်သေခံလျှင်၊ ထိုမန်နေဂျာကို၊ သို့တည်းမဟုတ် လုပ်ငန်းပိုင်ရှင်ကို၎င်း၊ စွဲချက်ကိုထောက်ခံရန် ထိုသူကပေးသည့် သက်သေများကို၎င်း၊ တရားလိုသက်သေက ပြန်လှန်စစ်ဆေး နိုင်ခွင့်ရှိသည့်ပြင်၊ သက်သေထွက်ချက် များကိုလည်းချေပရန် သက်သေတင်ပြနိုင်သည်။

(၂) အမှုစွဲဆိုခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို -

(က) လုပ်ငန်းပိုင်ရှင်ကဖြစ်စေ၊ အလုပ်ရုံမန်နေဂျာကဖြစ်စေ၊ ဤအက်ဥပဒေအတိုင်း လိုက်နာဆောင် ရွက်ရန် ကိုယ်တိုင် နေရာတကျ လုံ့လပြုကြောင်း၊

(ခ) ပြစ်မှုကျူးလွန်သူမှာ မည်သူဖြစ်ကြောင်း၊ ထို့ပြင်

(ဂ) ပြစ်မှုကျူးလွန်သည့်အခါ လုပ်ငန်းပိုင်ရှင်ဖြစ်စေ၊ အလုပ်ရုံမန်နေဂျာဖြစ်စေမသိဘဲ၊ သို့တည်း မဟုတ် သဘောမတူဘဲ၊ သို့တည်းမဟုတ် တမင်လျစ်လျူရှု၍နေခြင်းမဟုတ်ဘဲ၊ သူ၏အမိန့်ကို ဖီဆန်ကျူးလွန်ကြောင်း

ဖြင့်စစ်ဆေးရေးအရာရှိကျေနပ်အောင် ထင်ရှားပြသည့်အခါ၊ လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် အလုပ်ရုံ မန်နေဂျာအပေါ်တွင် ရှေးဦးစွာ တရားစွဲဆိုခြင်းမပြုဘဲ ပြစ်မှုကျူးလွန်သူ အမှန်ဖြစ်ကြောင်း မိမိယုံကြည် သူကို၊ စစ်ဆေးရေးအရာရှိက တရားစွဲဆိုရမည်။ ထိုသူမှာလည်း လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာဖြစ်ဘိသကဲ့သို့ အလားတူအပြစ်ဒဏ်မျိုး စီရင်ခြင်းခံရမည်။

<ပြင်ဆင်20.01.2016>

ခိုင်းစေခံရသူဟူ၍ မှတ်ယူခြင်း။

၉၅။ ။ အစာစားချိန်နှင့် အားလပ်ချိန်များမှလွဲ၍၊ အလုပ်လုပ်နေသည့်အချိန်တွင်ဖြစ်စေ၊ စက်ကိရိယာ လည်နေသည့် အချိန်တွင်ဖြစ်စေ၊ မည်သည့်အချိန်တွင်မဆို၊ တဦးဦးသောသူကို အလုပ်ရုံ၌ တွေ့ရှိလျှင်၊ ထိုသူသည် အလုပ်ရုံတွင် ခိုင်းစေခံရသူမဟုတ်ဟု ထင်ရှားအောင်မပြနိုင်ပါက ထိုသူကို ဤအက်ဥပဒေအလို့ငှါ၎င်း၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ များအလို့ငှါ၎င်း၊ အလုပ်ရုံတွင် ထိုအချိန်၌ ခိုင်းစေခံရသူဖြစ်သည်ဟူ၍ မှတ်ယူရမည်။

အသက်အရွယ်နှင့်စပ်လျဉ်း၍ ထင်ရှားအောင်ပြရန် တာဝန်။

၉၆။ ။ (၁) တဦးဦးသော သူသည်၊ သတ်မှတ်ထားသည့် အသက်အောက်ငယ်ပါက ပြုလုပ်မှုသည်၊ သို့တည်းမဟုတ် ပျက်ကွက်မှုတခုခုသည်၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြစ်၍ ထိုသူသည် ယင်းသို့ သတ်မှတ်ထားသည့်အသက်အောက်ငယ်ကြောင်း ယုတ္တိထင်ရှားသည်ဟု တရားရုံး ကထင်မြင်သဘောရရှိလျှင်၊ ထိုသူသည် ဆိုခဲ့သည့် အသက်အောက် မငယ်ကြောင်း ထင်ရှားအောင်ပြရန် မှာတရားခံ၏ တာဝန်ဖြစ်ရမည်။

(၂) အလုပ်သမားနှင့် ပတ်သက်၍အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ် ပေးသည့်ဆရာဝန်၏ ထုတ်ဖေါ်ရေးသားချက်တွင် ထိုအလုပ်သမားကို မိမိကိုယ်တိုင်စမ်းသပ်ကြောင်း၊ ထို့ပြင် ထိုအလုပ် သမားထုတ်ဖေါ် ရေးသားချက်တွင် ဖေါ်ပြထားသည့် အသက် အောက် ငယ်သည်ဟု ယုံကြည်ကြောင်းပါရှိသည်ဖြစ်လျှင်၊ ထိုထုတ်ဖေါ်ရေးသားချက်ကိုဤအက်ဥပဒေနှင့်တကွ ဤအက်ဥပဒေအရ ပြုထားသည့် နည်းဥပဒေများ အလို့ငှါ၊ ထိုအလုပ်သမား၏ အသက်နှင့် စပ်လျဉ်းသည့် သက်သေခံအဖြစ် လက်ခံရမည်။

<ပြင်ဆင်20.01.2016>

ပြစ်မှုများကို အရေးယူခြင်း။

၉၇။ ။ (၁) စစ်ဆေးရေးအရာရှိကဖြစ်စေ၊ စစ်ဆေးရေးအရာရှိ၏ စာဖြင့်ပေးသော အခွင့်အမိန့်ကို ကြိုတင်ရရှိပြီး မှဖြစ်စေ၊ စွဲဆိုသည့်အမှုမှတပါး၊ မည်သည့် တရားရုံးကမျှ ဤအက်ဥပဒေအရ ပြစ်မှုတခုခုကိုအရေး မယူရ။

(၂) ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့်အရ ဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတခုခုကို စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးက စစ်ဆေးစီရင်ရမည်။

<ပြင်ဆင်20.01.2016>

တရားစွဲဆိုနိုင်သည့်ကာလ အပိုင်းအခြားကို ကန့်သတ်ခြင်း။

၉၈။ ။ ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့် အရဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သည့်ပြစ်မှုကို ကျူးလွန်သည်ဟု စစ်ဆေးရေးအရာရှိ သိရှိသည့်နေ့မှ ခြောက်လ အတွင်း တိုင်တန်းလျှောက်ထားခြင်းမရှိလျှင်၊ ထိုပြစ်မှုကို မည်သည့်တရားရုံးကမျှ အရေးမယူရ။

သို့ရာတွင် ထိုပြစ်မှုသည် စစ်ဆေးရေးအရာရှိစာဖြင့် ရေးသားချမှတ်သည့် အမိန့်ကို မလိုက်နာသည့် ပြစ်မှု ဖြစ်သည့်အခါ၊ ထိုပြစ်မှုကျူးလွန်ကြောင်းကို ထိုပြစ်မှုကျူးလွန်သည်ဟု ဆိုသည့်နေ့မှ ဆယ့်နှစ်လ အတွင်း တိုင်တန်းလျှောက်ထားနိုင်သည်။

<ပြင်ဆင်20.01.2016>

 

အခန်း ၁၀။

နောက်ထပ်ပြဋ္ဌာန်းချက်များ။

နို့တစ်စာကို မြင်သာအောင်ကပ်ထားခြင်း။

၉၉။ ။ (၁) ဤအက်ဥပဒေအရ၎င်း၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေများအရ ၎င်း၊ အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားရန်လိုအပ်သည့် နို့တစ်စာအပြင်၊ ပြဋ္ဌာန်းသည့်ဤအက်ဥပဒေနှင့် ဤအက်ဥပဒေ အရပြုသည့် နည်းဥပဒေများ၏ အကျဉ်းချုပ်များနှင့်တကွ စစ်ဆေးရေးအရာရှိနှင့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်၏အမည်နှင့် နေရပ်ပါရှိသော နို့တစ်စာကို အလုပ်သမားတို့ နားလည်နိုင်သည့်စာဖြင့် ရေးသား၍ အလုပ်ရုံအသီးသီးတွင် မြင်သာအောင်ကပ်ထားရမည်။

(၂) ဤအက်ဥပဒေအရ၊ အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားရန်လိုသည့် နို့တစ်စာအားလုံးကို ထိုအလုပ်ရုံ အဝင်ဝတံခါးမကြီး၌ဖြစ်စေ၊ ထိုတံခါးမကြီးအနီး၌ဖြစ်စေ၊ စစ်ဆေးရေးအရာရှိက ညွှန်ကြား သည့် နေရာတိုင်း၌ဖြစ်စေ၊ အလွယ်တကူ ဖတ်ရှုနိုင်သော ထင်ရှားသည့်နေရာ၌ ကပ်ထားရမည့်ပြင်၊ ထိုနို့တစ်စာများကို သန့်ရှင်းစင်ကြယ်စွာနှင့် ဖတ်ရှုနိုင်အောင် ထားရှိရမည်။

(၃) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည်၊ မည်သည့်အလုပ်ရုံတွင်မဆို ခိုင်းစေခံရသူတို့၏ကျန်းမာမှု၊ ဘေးရန်ကင်းရှင်းမှု၊ သို့တည်းမဟုတ် သက်သာချောင်ချိမှုနှင့် ဆိုင်သည့်အခြားနို့တစ်စာကို၊ သို့တည်းမဟုတ် ကြော်ငြာစာကို မြင်သာအောင် ကပ်ထားရမည်ဟု အလုပ်ရုံမန်နေဂျာအား အမိန့်စာဖြင့်ဆင့်ဆိုနိုင်သည်။

<ပြင်ဆင်20.01.2016>

၁၀၀။ ပယ်ဖျက်

<ပြင်ဆင် 20.01.2016>

နည်းဥပဒေများကိုထုတ်ပြန်ခြင်း။

၁၀၁။ ။ (၁) ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ အားလုံးသည် ကြိုတင်၍ ထုတ်ပြန်ရမည်ဟူသော စည်းကမ်းချက်များနှင့်မဆန့်ကျင်စေရ။ ထို့ပြင် မြန်မာနိုင်ငံတော် ယေဘုယျစကားရပ်အက်ဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ (၃) အရ သီးခြားဖေါ်ပြရမည့်နေ့သည်၊ ပြုရန်ကြံရွယ်သည့် နည်းဥပဒေကြမ်းများကို ထုတ်ပြန်သည့်နေ့မှ သုံးလအောက်မနည်းစေရ။

(၂) ထိုနည်းဥပဒေအားလုံးကို ပြန်တမ်းတွင်ထုတ်ပြန်ရမည့်ပြင်၊ ယင်းသို့ထုတ်ပြန်သည့်နေ့ထက် နောက်မကျသောနေ့ကို မသတ်မှတ်လျှင်၊ ဤနည်းဥပဒေများသည်၊ ယင်းသို့ထုတ်ပြန်သည့်နေ့မှစ၍ အာဏာတည်ရမည်။

အစိုးရအလုပ်ရုံများ၊ စည်ပင်သာယာရေးကော်မတီ သို့မဟုတ် စည်ပင်သာယာရေးအဖွဲ့ အလုပ်ရုံများနှင့် သက်ဆိုင်ခြင်း။

၁၀၂။ ဤအက်ဥပဒေသည်၊ ပြည်​ထောင်စုအစိုးရ၊ သို့တည်းမဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် စည်ပင်သာယာရေးအဖွဲ့၊ သို့တည်းမဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့််ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကပိုင်သည့်၊ သို့တည်းမဟုတ် လက်ရှိထားသည့် အလုပ်ရုံများနှင့် သက်ဆိုင်ရမည်။

<ပြင်ဆင်20.01.2016>

ရိပ်မြုံများကို ကင်းလွတ်စေခွင့်အာဏာ။

၁၀၃။ ။ မည်သည့်ရိပ်မြုံတွင်မဆို ပညာရေးအတွက်ဖြစ်စေ၊ လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ ပြုပြင်ရေး အတွက်ဖြစ်စေ၊ ထားရှိသည်လည်းဖြစ်လျက်၊ ပြုလုပ်မှုလုပ်ငန်းစဉ်အရ အလုပ်တစ်ခုခုကို လုပ်ရာလည်း ဖြစ်သော အလုပ်ခန်းသည်၊ သို့တည်းမဟုတ်နေရာသည် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုနှင့် သို့တည်းမဟုတ် ပြဋ္ဌာန်းချက်အားလုံးနှင့် သက်ဆိုင်ခြင်းမှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ မိမိသင့်လျော်သည် ထင်မြင်သည့် စည်းကမ်းချက်များထားလျက် ကင်းလွတ်ခွင့်ပြုနိုင်သည်။

သို့ရာတွင် ထိုရိပ်မြုံများတွင် ခိုင်းစေခံရသူများအတွက်၎င်း၊ တက်ရောက်ကြသူများအတွက်၎င်း၊ အလုပ် ပိတ်ရက်၊ အစားစားရန် အားလပ်ချိန်နှင့်အလုပ်လုပ်ရန် အချိန်နာရီများကို သတ်မှတ်ထားသည့် စီမံချက်တခုကို ထိုရိပ်မြုံကိုအုပ်ချုပ်သူက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအား တင်ပြခြင်းပြုလျက် ထိုသို့တင်ပြသော စီမံချက်တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များသည် ဤအက်ဥပဒေပါသက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအောက် ယုတ်လျော့လျက် အကျိုးသက်ရောက်စေသည်မဟုတ်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကျေနပ်သဘောရရှိမှသာလျှင် အလုပ်ချိန်နာရီများနှင့်သက်ဆိုင်သည့် ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ကို ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

အလုပ်သမား၏တာဝန်ဝတ်တရားများ။

၁၀၄။ ။ အလုပ်ရုံတွင် ခိုင်းစေခံရသည့် မည်သည့်အလုပ်သမားမျှ -

(က) အလုပ်သမားများ၏ ကျန်းမာမှု၊ ဘေးရန်ကင်းရှင်းမှု၊ သို့တည်းမဟုတ် သက်သာချောင်ချိမှုများ အတွက် စီမံထားသည့် ကိရိယာများ၊ သို့တည်းမဟုတ် အခြားအရာများကို တမင်အနှောင့်အရှက်မပြုရ၊ သို့တည်းမဟုတ် အလွဲအသုံး မပြုရ၊

(ခ) မိမိကိုယ်ကိုသော်၎င်း၊ အခြားသူကိုသော်၎င်း၊ ဘေးအန္တရာယ်ဖြစ်ဖွယ်ရာ လက္ခဏာရှိသည့်အရာကို အကြောင်း လုံလောက်စွာမရှိဘဲ တမင်မပြုရ၊ ထို့ပြင်

(ဂ) အလုပ်ရုံတွင် အလုပ်လုပ်သည့် အလုပ်သမားများ၏ ကျန်းမာမှု၊ သို့တည်းမဟုတ် ဘေးရန်ကင်းရှင်း မှုအတွက်၊ အလုပ်ရုံတွင်ထားရှိသည့်ကိရိယာများ၊ သို့တည်းမဟုတ် အခြားအရာများကို အသုံးပြုခြင်းမှ တမင်မပျက်ကွက်ရ။

နည်းဥပဒေများပြုနိုင်သည့် ယေဘုယျအာဏာ။

၁၀၅။ ။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေကိစ္စများကို ဆောင်ရွက်ရန်အလို့ငှါ၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအနက်၊ ပြဋ္ဌာန်းချက်တခုခုအရပြဋ္ဌာန်းရမည့်၊ သို့တည်းမဟုတ် ပြဋ္ဌာန်းနိုင်မည့်၊ သို့တည်းမဟုတ် လိုအပ်သည်ဟု ယူဆနိုင်သည့်၊ မည်သည့်ကိစ္စအတွက်မဆို ပြဋ္ဌာန်းသည့်နည်း ဥပဒေများကို ပြုနိုင်သည်။

<ပြင်ဆင်20.01.2016>

လွယ်ကူမှုအခွင့်အလမ်းများအတွက်အခငွေ မတောင်းဆိုရခြင်း။

၁၀၆။ ။ ပုဒ်မ ၄၈ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ လုပ်ငန်းပိုင်ရှင် ကဆောင်ရွက်ရမည့် အစီအစဉ်များ၊ သို့တည်းမဟုတ် လွယ်ကူမှုအခွင့်အလမ်းများနှင့် ဖြစ်စေ၊ ထုတ်ပေးသည့်အသုံးအဆောင်များ၊ သို့တည်းမဟုတ် ကိရိယာများနှင့်ဖြစ်စေ စပ်လျဉ်း၍၊ မည်သည့်အလုပ်သမားထံကမျှ အခငွေမတောင်းဆိုရ။

အကြောင်းအရာထုတ်ဖေါ်ပြောဆိုခြင်းကို ကန့်သတ်ခြင်း။

၁၀၇။ ။ (၁) မည်သည့်စစ်ဆေးရေးအရာရှိမျှ၊ မိမိ၏ရာထူး ဆိုင်ရာတာဝန်ဝတ်တရားများ ဆောင်ရွက်ရာ၌ သိရှိရသည့် ပြုလုပ်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကုန်သွယ်မှုလုပ်ငန်းနှင့် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်း စဉ်တခုခုနှင့် ဖြစ်စေ၊ စပ်လျဉ်းသည့်အကြောင်းအရာများကို ရာထူး၌ ထမ်းရွက်နေစဉ်သော်၎င်း၊ ရာထူးမှထွက်ပြီးသည့် နောက်မှသော်၎င်း၊ ဤအက်ဥပဒေအတိုင်း ဆောင်ရွက်ရန် အတွက်၊ သို့တည်း မဟုတ်ဤအက်ဥပဒေကိစ္စများအတွက်မှတပါး၊ ထုတ်ဖေါ်ပြောဆိုခြင်းမပြုရ။

(၂) ပုဒ်မခွဲ (၁) ပါမည်သည့်အချက်မျှ၊ ထိုလုပ်ငန်းပိုင်ရှင်၏၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်ပိုင်ရှင်၏၊ သဘောတူညီကြောင်း ဖေါ်ပြသည့်စာကို ကြိုတင်ရရှိပြီးမှ အကြောင်းအရာထုတ်ဖေါ်ပြောဆိုခြင်း နှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရ ဆောင်ရွက်သည့် (အနုညာတစစ်ဆေးစီရင်မှု အပါအဝင်) တရားမှုခင်း ကိစ္စများအတွက်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ စွဲဆိုသည့် ရာဇဝတ်မှုကိစ္စများအတွက်၊ သို့တည်းမဟုတ် ဆိုခဲ့သည့်အမှုအခင်းများကို အစီရင်ခံရန်ကိစ္စများအတွက် အကြောင်းအရာထုတ်ဖေါ်ပြောဆိုခြင်းနှင့်ဖြစ်စေမသက်ဆိုင်စေရ။

(၃) စစ်ဆေးရေးအရာရှိ တဦးဦးသည် ပုဒ်မခွဲ(၁) ပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျှင်၊ ထိုစစ်ဆေးရေးအရာရှိသည် ခြောက်လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

<ပြင်ဆင်20.01.2016>

ဤအက်ဥပဒေအရဆောင်ရွက်သူများကို ကာကွယ်ပေးခြင်း။

၁၀၈။ ။ ဤအက်ဥပဒေအရ သဘောရိုးဖြင့် ဆောင်ရွက်သည့်၊ သို့တည်းမဟုတ် ဆောင်ရွက်ရန်ကြံရွယ် သည့်ကိစ္စအတွက် မည်သူ့ကိုမျှ တရားမမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားတရားမှုခင်းဖြစ်စေ မစွဲဆိုရ။

ရုပ်သိမ်းခြင်းနှင့် ခြွင်းချက်ထားခြင်း။

၁၀၉။ ။ အလုပ်ရုံများ အက်ဥပဒေ (၁၉၃၄ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေအမှတ် ၂၅) ကိုတည်ဆဲပြင်ဆင်ချက် ဥပဒေ များနှင့်တကွ ဤအက်ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

သို့ရာတွင် ဆိုခဲ့သည့် အက်ဥပဒေများအရ ဆောင်ရွက်သည့် ကိစ္စတခုခုကို၊ ထိုစဉ်အခါက ဤအက်ဥပဒေ သာအာဏာတည်လျက်ရှိပါက၊ ဤအက်ဥပဒေအရ ဆောင်ရွက်နိုင်မည်ဖြစ်လျှင်၊ ထိုကိစ္စကို ဤအက် ဥပဒေအရ ပြုခဲ့သည်ဟူ၍ မှတ်ယူရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

စဝ်ရွှေသိုက်၊

နိုင်ငံတော်ယာယီသမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။

 

ရန်ကုန်မြို့၊ ၁၃၁၃ ခုနှစ်၊ တန်းဆောင်မုန်းလဆုတ် ၇ ရက်။

(၁၉၅၁ ခုနှစ်၊ နိုဝင်္ဘာလ ၂၀ ရက်။)

 

အမိန့်အရ၊

ပါစိန်၊

နိုင်ငံတော်သမတအတွင်းဝန်။

[အမှတ် ၁၁၇]