LAW

၁၉၂၄ ခုနှစ်၊ အလုပ်သမားလျော်ကြေးနည်းဥပဒေမျာ

CoverLogo
725 Views

 

(၁၉၂၄ ခုနှစ်၊ အလုပ်သမားလျော်ကြေးနည်းဥပဒေများ)

 

စကားချီး

အမည်တို

၁။ ဤနည်းဥပဒေများကို ၁၉၂၄ ခုနှစ်၊ အလုပ်သမားလျော်ကြေးနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

အဓိပ္ပါယ်ဖော်ပြချက်

၂။ ဤနည်းဥပဒေများတွင် အကြောင်းအရာနှင့် ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင် -

(က) “အက်ဥပဒေ” ဆိုသည်မှာ ၁၉၂၃ ခုနှစ်၊ အလုပ်သမားလျော်ကြေးအက်ဥပဒေကိုဆိုလိုသည်၊

(ခ) “ပုံစံ” ဆိုသည်မှာ ဤနည်းဥပဒေများတွင် နောက်ဆက်တွဲထားသော ပုံစံကိုဆိုလိုသည်၊

(ဂ) “ပုဒ်မ” ဆိုသည်မှာ အက်ဥပဒေ၏ ပုဒ်မတခုကိုဆိုလိုသည်။

အပိုင်း ၁

လဝက်တကြိမ်ထုတ်ပေးငွေများနှင့်ယင်းတို့ကို ပြောင်းလဲခြင်းများကို ပြန်လည်စီစစ်ခြင်း မည်သည့်အခါတွင် ဆေးလက်မှတ်မပါရှိဘဲ လျှောက်ထားနိုင်ခွင့်ရှိသည်

၃။ အက်ဥပဒေပုဒ်မ ၆ အရ၊ လဝက်တကြိမ်ထုတ်ပေးငွေများကို ပြန်လည်စီစစ်ရန်အတွက် ဆေး လက်မှတ်မပါရှိဘဲ အောက်ပါအချက်များနှင့် ကိုက်ညီက လျှောက်လွှာတင်သွင်းနိုင်သည်။

(က) လျော်ကြေးရပိုင်ခွင့်ကိုဆုံးဖြတ်ပြီးသည့် နောက်တွင် အလုပ်သမား၏ အခကြေးငွေများ တိုးတက် လာသည်ဟူသော အကြောင်းပြချက်ဖြင့် အလုပ်ရှင်ကလျှောက်ထားခြင်း၊

(ခ) လျော်ကြေးရပိုင်ခွင့်ကိုဆုံးဖြတ်ပြီးသည့်နောက်တွင် မိမိ၏ အခကြေးငွေများ လျော့နည်းသွားသည် ဟူသောအကြောင်းပြချက်ဖြင့် အလုပ်သမားကလျှောက်ထားခြင်း၊

(ဂ) အလုပ်ရှင်က လျော်ကြေးငွေစတင်ပေးပြီးနောက် အလုပ်သမား၏အခြေအနေပြောင်းလဲမှုမရှိဘဲ လျော်ကြေးငွေထုတ်ပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အလုပ်သမားက လျှောက်ထားခြင်း၊

(ဃ) ဆုံးဖြတ်ချက်ပြုထားသော လျော်ကြေးနှုန်းထားမှာ လိမ်လည်ခြင်းဖြစ်သော်လည်းကောင်း၊ မတရားဩဇာအာဏာသုံး၍သော်လည်းကောင်း၊ အခြားမတရားသော နည်းလမ်းဖြင့်သော်လည်း ကောင်း၊ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် အလုပ်ရှင်ကဖြစ်စေ၊ သို့မဟုတ် အလုပ်သမားကဖြစ်စေလျှောက်ထားခြင်း၊

(င) လျော်ကြေးငွေသတ်မှတ်ရာ၌ အမှားအယွင်းရှိသည်၊ သို့မဟုတ်၊ မှတ်တမ်းအရ ပေါ်လွင်သည်ဟူ သော အကြောင်းပြချက်ဖြင့်အလုပ်ရှင်၊ သို့မဟုတ်၊ အလုပ်သမားက၎င်း၊ လျှောက်ထားခြင်း၊

ပြန်လည်စီစစ်ရန် လျှောက်ထားပုံလျှောက်ထားနည်း

၄။ လဝက်တကြိမ်ထုတ်ပေးငွေများကို လျော့ပေါ့ရန်၊ သို့မဟုတ်၊ ရပ်စဲရန်အတွက် အလုပ်ရှင်မှပြန်လည် စီစစ်ပေးရန် လျှောက်လွှာကို စစ်ဆေးရာ၌ လျော်ကြေးမင်းကြီးသည် အလုပ်ရှင်အနေဖြင့် ထိုကဲ့သို့ လျော့ပေါ့ရန်၊ သို့မဟုတ်၊ ရပ်စဲရန် အခွင့်အရေးရှိသည်ဟု ယုံကြည်ရန်အကြောင်း လုံလောက်သည်ဟု ယူဆပါက အဆိုပါလျှောက်လွှာအရ ဆုံးဖြတ်မပေးသေးမှီအတောအတွင်း၌ လဝက်တကြိမ်ထုတ်ပေးငွေ အားလုံးကိုလည်းကောင်း၊ သို့မဟုတ်၊ အချို့အဝက်ကိုလည်းကောင်း ခေတ္တဆိုင်းငံ့ထားရန်အတွက် အချိန်မရွေး အမိန့်ထုတ်နိုင်သည်။

လျော်ကြေးငွေပမာဏပြောင်းလဲရန် လျှောက်ထားပုံလျှောက်ထားနည်း

၅။ (၁) အက်ဥပဒေပုဒ်မ (၇) အရ၊ လဝက်တကြိမ်ထုတ်ပေးငွေကို တလုံးတခဲတည်းထုတ်ပေးငွေအဖြစ် သို့ ပြောင်းလဲရန်အတွက် လျော်ကြေးမင်းကြီးထံသို့ လျှောက်ထားသောအခါတွင် မသန်စွမ်းမှုအခြေအနေ အရ မည်မျှရှိနိုင်မည်ကို ခန့်မှန်းပြီးလျှင် ထိုသို့မသန်စွမ်းမှုဆက်လက်ရှိနေဦးမည်ဟု ခန့်မှန်းထားသည့် အချိန်ကာလအတွက် လဝက်တကြိမ်ထုတ်ပေးရမည်၊ ငွေစုစုပေါင်းကို တလုံးတခဲတည်းထုတ်ပေးစေရန် အမိန့်ချမှတ်နိုင်သည်၊ သို့ရာတွင်၊ အဆိုပါငွေစုစုပေါင်းမှ၊ ထိုအချိန်ကာလအတွင်း လစ၊ လစဉ်ပေးရန်ဖြစ် သည့်ငွေ၏ နှစ်ပိုင်းတပိုင်းရာခိုင်နှုန်းနှင့်ညီမျှသော ငွေကိုနှုတ်ပြီးသည့် လက်ကျန်ငွေကိုသာ ပေးရန်ဖြစ် သည်၊ ၎င်းပြင်၊ ယင်းသို့ တွက်ချက်ရာ၌၊ ကျပ်၏ အပိုင်းအစွန်းများကို ထည့်သွင်းတွက်ချက်ခြင်း မပြုရ၊

(၂) အပိုဒ်ခွဲ ၁ နှင့်သက်ဆိုင်သည့် ကိစ္စတခုခုအတွက် လျော်ကြေးမင်းကြီးသည် မသန်စွမ်းမှုဆက်လက်ရှိ နေဦးမည့်အချိန်ကာလကို ခန့်မှန်းခြင်း မပြုနိုင်ပါက အဆုံးအဖြတ်မပေးသေးဘဲ ရွှေ့ဆိုင်းနိုင်သည်၊ သို့ရာတွင် တကြိမ်လျှင် နှစ်လထက်မပိုသော ကာလအတွက်သာ ရွှေ့ဆိုင်းနိုင်သည်။

အပိုင်း (၂)

လျော်ကြေးငွေတင်သွင်းခြင်း

ပုဒ်မ ၈ (၁) အရ ငွေတင်သွင်းခြင်း

၆။ (၁) အက်ဥပဒေပုဒ်မ ၈ ၏ပုဒ်မခွဲ (၁) အရ၊ ထိခိုက်ဒဏ်ရာရရှိပြီးနောက် သေဆုံးသွားသည့် အလုပ်သမားနှင့်ပတ်သက်၍ လျော်ကြေးမင်းကြီးထံလျော်ကြေးငွေ တင်သွင်းသော အလုပ်ရှင်သည် ပုံစံ (က) ဖြင့် တင်သွင်းရမည်၊ ငွေရကြောင်းပြေစာကို အလုပ်ရှင်အား ပုံစံ “ခ” ဖြင့် ပေးရမည်၊ အက်ဥပဒေပုဒ်မ ၈ ၏ပုဒ်မခွဲ (၁) အရ လျော်ကြေးမင်းကြီးထံအခြားကိစ္စများအတွက် ငွေတင်သွင်းသော အလုပ်ရှင် သည် ပုံစံ “ကက” ဖြင့်တင်သွင်းရမည်၊ ငွေရကြောင်းပြေစာကို ပုံစံ “ခ” ဖြင့် အလုပ်ရှင်အား ပေးရမည်။

(၂) အထက်ပါပုဒ်မခွဲအရ မတော်တဆထိခိုက်သေဆုံးမှုများအတွက် ငွေတင်သွင်းရာ၌ အဆိုပါငွေကို ခွဲဝေပေးသည့်အခါတွင် အလုပ်ရှင်အနေဖြင့် ပါဝင်လိုကြောင်း ဖော်ပြပါလျော်ကြေး မင်းကြီးသည် လျော် ကြေးအဖြစ် တင်သွင်းထားသော ငွေကို ခွဲဝေပေးခြင်း မပြုမှီ ထိုငွေကို လျော်ကြေးမင်းကြီးက ခွဲဝေပေးရန် ရည်ရွယ်ထားသူသည်၊ သေဆုံးသူအလုပ်သမား၏ မှီခိုသူမဟုတ်ကြောင်း၊ သို့မဟုတ်၊ ထိုရည်ရွယ်ထားသော ပုဂ္ဂိုလ်များထဲတွင် ပါဝင်သူတဦးဦးသည် မှီခိုသူမဟုတ်ကြောင်းကို တင်ပြနိုင် စေရန် အတွက် အလုပ်ရှင်အား အခွင့်အရေးပေးရမည်။

(၃) အက်ဥပဒေပုဒ်မ ၈ ၏ ပုဒ်မခွဲ (၄) အရ အလုပ်ရှင်က လျှောက်ထားလျှင် ၎င်းအား လျော်ကြေးခွဲဝေ မှု စာရင်းရှင်းတမ်းကို ပုံစံ “ဂ” အရ ပေးရမည်။

ငွေတင်သွင်းသော စာရင်းများကို ကျေညာခြင်း

၇။ လျော်ကြေးမင်းကြီးသည် အက်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (၁) အရ မိမိထံတင်သွင်းသော ငွေများအတွက် ငွေတင်သွင်းသူများ၏ အမည်များနှင့် နေရပ်လိပ်စာများအပြင်၊ အဆိုပါ ငွေတင်သွင်းမှုများနှင့် သက်ဆိုင်သော သေဆုံးမှု၊ သို့မဟုတ်၊ ဒဏ်ရာရရှိမှုဖြစ်သည့်အလုပ်သမားများ၏ အမည်များနှင့် နေရပ်လိပ်စာများ ပါရှိသော စာရင်းတခုကို တိကျမှန်ကန်စွာ ရေးဆွဲ၍၊ မိမိ၏ ရုံးခန်းအပြင်ပရှိ ထင်ရှားသော နေရာတခုတွင် ပြသထားရှိစေရမည်။

မှီခိုသူများက လျော်ကြေးငွေတင်သွင်းရန် လျှောက်ထားခြင်း

၈။ (၁) သေဆုံးသူအလုပ်သမား၏ မှီခိုသူတယောက်သည် အလုပ်သမားသေဆုံးမှုအတွက် လျော်ကြေး ငွေတင်သွင်းစေဟု အမိန့်ထုတ်ပြန်ပေးရန် လျော်ကြေးမင်းကြီးထံသို့ လျှောက်ထားနိုင်သည်၊ ထိုလျှောက် လွှာကို ပုံစံ “ဆ” ဖြင့် တင်သွင်းရမည်။

(၂) အကယ်၍ လျော်ကြေးငွေကို တင်သွင်းခြင်း မပြုလုပ်ခဲ့လျှင် လျော်ကြေးမင်းကြီးသည် ထို လျှောက်လွှာကို ဤနည်းဥပဒေများ၏ အခဏ်း (၅) တွင် ပါရှိသည့်ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက် ရမည်။

သို့ရာတွင် -

(က) စဉ်းစားဆုံးဖြတ်ရန်အချက်များကို မသတ်မှတ်မှီ လျော်ကြေးမင်းကြီးသည် လျှောက်လွှာတွင် ပါဝင်ခြင်း မရှိကြသေးသော သေဆုံးသူအလုပ်သမား၏ မှီခိုသူအားလုံး၊ သို့မဟုတ်၊ တဦးတယောက်ထံ သို့ မိမိသင့်တော်သည့်၊ ထင်မြင်သည့် နည်းလမ်းအတိုင်းအကြောင်းကြားစာပေးစေပြီးလျှင်၊ ထိုလျှောက် လွှာတွင် ပူးတွဲပါဝင်လိုကြပါက သတ်မှတ်သည့် နေ့ရက်တွင် မိမိထံမှောက်သို့ လာရောက်ရန် ညွှန်ကြားနိုင်သည်။

(ခ) အကြောင်းကြားစာပေးခြင်းခံရသော်လည်း သတ်မှတ်ထားသော နေ့ရက်၌ လာရောက်ရန်နှင့် လျှောက်လွှာတွင် ပူးတွဲပါဝင်ရန်ပျက်ကွက်သော မှီခိုသူသည် အမှုစစ်ဆေးရန်ခေါ်ယူစဉ်က လုံလောက် သော အကြောင်းတစုံတခုကြောင့် မိမိမလာရောက်နိုင်ကြောင်းကို လျော်ကြေးမင်းကြီး ကြေနပ်လောက် အောင် မတင်ပြနိုင်ပါက ၎င်းအနေနှင့် အလုပ်ရှင်မှာ လျော်ကြေးငွေတင်သွင်းရန် တာဝန်ရှိသည်ဟု ထိုရက်ကျော်လွန်မှ အရေးဆိုခွင့်မရှိစေရ၊

(၃) လျှောက်လွှာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး နောက်လျော်ကြေးမင်းကြီးက အက်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (၁) နှင့်အညီ အလုပ်ရှင်အား လျော်ကြေးငွေတင်သွင်းရန်အမိန့်ထုတ်ခဲ့လျှင်၊ အပိုဒ် (၂) တွင် ပါဝင်သော မည်သည့်အချက်ကမှ လျှောက်လွှာတွင် ပူးတွဲပါဝင်ရန် ပျက်ကွက်ခဲ့သော သေဆုံးသူ အလုပ် သမား၏ မှီခိုသူတယောက်အား လျော်ကြေးအဖြစ်တင်သွင်းငွေ၏ အစိတ်အပိုင်းခွဲဝေပေးမှုကို တားဆီး ပိတ်ပင်သည်ဟု မှတ်ယူခြင်း မပြုရ။

အက်ဥပဒေပုဒ်မ ၈ (၂) အရ၊ ငွေတင်သွင်းခြင်း

၉။ အက်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (၂) အရ၊ လျော်ကြေးငွေတင်သွင်းသော အလုပ်ရှင်သည် ပုံစံ (ဃ) ဖြင့် ပူးတွဲတင်သွင်းရမည်၊ အလုပ်ရှင်အား ပုံစံ (င) ဖြင့် ငွေရကြောင်း ပြေစာကို ထုတ်ပေးရမည်။

ရင်းနှီးမြှုပ်နှံခြင်း

၁၀။ လျော်ကြေးမင်းကြီးထံတွင်ရှိသော ငွေများကို သေဆုံးသူအလုပ်သမါးအား မှီခိုသူများ၏ အကျိုး အတွက်၊ အစိုးရအာမခံစာချုပ်များတွင် ဖြစ်စေ၊ စာတိုက်၊ ငွေလက်မှတ်များတွင် ဖြစ်စေ မြှုပ်နှံ ထားနိုင်သည်၊ သို့မဟုတ်၊ စာတိုက်ငွေကို ဘဏ်တွင် အပ်နှံထားနိုင်သည်။

အပိုင်း (၃)

မတော်တဆထိခိုက်မှု အစီရင်ခံစာ

မတော်တဆထိခိုက်သေဆုံးမှု အစီရင်ခံခြင်း

၁၁။ အက်ဥပဒေပုဒ်မ ၁၀ (ခ) အရ၊ လိုအပ်သော အစီရင်ခံစာသည် နည်းဥပဒေများ (ရှိပါက) ၎င်းတို့နှင့် မဆန့်ကျင်စေဘဲ ပုံစံ (ငင) ဖြင့်ဖြစ်စေရမည်။

သတင်းရရှိသောအခါတွင် မှတ်တမ်းစာတင်သွင်းရန်

အလုပ်ရှင်၏အခွင့်အရေး

၁၁။ (က)  (၁) မတော်တဆထိခိုက်မှုဖြစ်ကြောင်း၊ သတင်းရရှိသော အလုပ်ရှင်တဦးသည် ထိုမတော် တဆ ထိခိုက်မှုအတွက် လျော်ကြေးငွေတောင်းခံမှု မရှိသေးသော်လည်း၊ ထိုမတော်တဆထိခိုက်မှု ဖြစ်ပွားခြင်း၏ အကြောင်းရင် သို့မဟုတ်၊ အကြောင်းချင်းရာနှင့် ပတ်သက်၍ စုံစမ်းတွေ့ရှိချက်များ၊ သို့မဟုတ်၊ ထောက်လှမ်းတွေ့ရှိချက်များ ပါရှိသည့်မှတ်တမ်းစာတစောင်ကို မိမိကိုယ်တိုင် ကျမ်းကျိန် ထွက်ဆိုချက်ဖြင့်ဖြစ်စေ၊ မှတ်တမ်းတွင်ဖော်ပြထားသော အချက်များကို သိရှိသူ မိမိ၏ လက်အောက်ခံ တဦး၏ကျမ်းကျိန်ထွက်ဆိုချက်ဖြစ်စေ၊ ပူးတွဲ၍လျော်ကြေးမင်းကြီးထံသို့ အချိန်မရွေး တင်သွင်းနိုင် သည်။

(၂) သတ်မှတ်ထားသည့်အခကြေးငွေကို ပေးဆောင်ပါက အထက်ပါအပိုဒ်ခွဲ (၁) အရ၊ တင်သွင်းသော မှတ်တမ်းစာကိုလျော်ကြေးမင်းကြီးက မှတ်တမ်းတင်ပေးရမည်။

အပိုင်း (၄)

ဆေးစစ်ခြင်း

အလုပ်သမားအားနည်းဥပဒေမှလွဲ၍ ဆေးစစ်ခံရန် မညွှန်ကြားရ

၁၂။ အက်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (၁) အရ၊ ဆေးစစ်ခံရန် ညွှန်ကြားခြင်း ခံရသောအလုပ်သမားတဦး သည်၊ ဤအပိုင်းတွင်ပါသည့် နည်းဥပဒေများ အရသာလျှင် ဆေးစစ်ခံရန် တာဝန်ရှိစေရမည်၊ အခြားနည်းဖြင့် တာဝန်မရှိစေရ။

ဥပစာအတွင်း၌ အလုပ်သမားနှင့် ဆေးကုသသူတို့နှစ်ဦးစလုံးရှိနေစဉ် ဆေးစစ်ခြင်း

၁၃။ ထိုအလုပ်သမားသည် အလုပ်ရှင်၏ ဥပစာအတွင်းတွင် ရှိ၍ အလုပ်ရှင်မှ ၎င်းအား ဥပစာအတွင်း၌ ပင်ရှိသော အရည်အချင်း ပြည့်ဆေးကုသသူ၏ ဆေးစစ်ခြင်းကိုအခမဲ့ခံယူရန် ပြောကြားလျှင်၊ အလုပ်သမား သည် ချက်ခြင်း ဆေးစစ်ခံရမည်။

အခြားကိစ္စများတွင် ဆေးစစ်ခြင်း

၁၄။ နည်းဥပဒေ (၁၃) နှင့်သက်ဆိုင်သော ကိစ္စများတွင် အလုပ်ရှင်သည် -

(က) အလုပ်သမားလက်ရှိနေထိုင်လျက်ရှိသော နေရာသို့ ဆေးကုသူကို စေလွှတ်နိုင်သည်၊ ထိုသို့ စေလွှတ်ပါက၊ အလုပ်သမားသည် ဆေးကုသသူက ဆေးစစ်ခံရန် မေတ္တာရပ်ခံလျှင် ဆေးစစ်ခံရမည်၊ သို့မဟုတ်၊

(ခ) အလုပ်သမားထံသို့ အရည်အချင်း ပြည့်ဆေးကုသသူ၏ ဆေးစစ်ခြင်းကို အခမဲ့ခံယူရန် စာဖြင့် ရေးသား၍ အကြောင်းကြားနိုင်သည်၊ ထိုသို့အကြောင်းကြားပါက အလုပ်သမားသည် အလုပ်ရှင်၏ ဥပစာတွင် ဖြစ်စေ၊ ထိုစာထဲ၌ဖော်ပြထားသော အခြားအနီးပတ်ဝန်းကျင်နေရာ၌ ဖြစ်စေ၊ သတ်မှတ်ထား သော အချိန်တွင်ဆေးစစ်ခံရမည်။

သို့ရာတွင် -

(ကက) ထိုသတ်မှတ်သည့်အချိန်သည် အလုပ်သမား၏ အတိအလင်းသဘောတူညီချက်အရမှအပ၊ ည (၇) နာရီမှ နံက် (၆) နာရီအချိန်အတွင်း၌ မဖြစ်စေရ၊

(ခခ) အကယ်၍ အလုပ်သမား၏ အခြေအနေကြောင့်၊ ထိုအချိန်တွင် နေထိုင်သော နေရာမှထွက်ခွာရန် မဖြစ်နိုင်လျှင်၊ သို့မဟုတ်၊ မသင့်တော်လျှင်၊ အလုပ်သမားအား ထိုနေရာတွင်မှလွဲ၍အခြား နေရာတွင်း ဆေးစစ်ခံရန် မညွှန်ကြားရ၊

ဆေးစစ်သော အကြိမ်ကန့်သတ်ခြင်း

၁၅။ လဝက်တကြိမ်ထုတ်ပေးငွေရရှိနေသော အလုပ်သမားတဦးအား မတော်တဆထိခိုက်မှုဖြစ်ပွားပြီး သည့်နောက်၊ ပထမလ၌ နှစ်ကြိမ်ထက်ပို၍ သော်လည်းကောင်း၊ နောက်လများတွင် တလလျှင် တကြိမ်ထက်ပို၍ သော်လည်းကောင်း သူနေထိုင်သောနေရာမှလွဲ၍ အခြားနေရာတွင် ဆေးစစ်ခံရန် မညွှန်ကြားရ၊

လျော်ကြေးရပိုင်ခွင့် ရပ်ဆိုင်းထားပြီးနောက် စစ်ဆေးခြင်း

၁၆။ အကယ်၍ အက်ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (၂)၊ သို့မဟုတ်၊ (၃) အရ လျော်ကြေးငွေရပိုင်ခွင့်ကို ရပ်ဆိုင်းခြင်းခံရသော အလုပ်သမားသည်၊ ထိုသို့ ရပ်ဆိုင်းခြင်း ခံရပြီးသည့် နောက်​တွင် ဆေးစစ်ခံရန် သဘောတူပါက၊ သူအား ဆေးစစ်ခြင်းကို အလုပ်ရှင်၏ ဥပစာတွင်သော်လည်းကောင်း၊ အလုပ်ရှင် သတ်မှတ်သည့်အခြားအနီးပါတ်ဝန်းကျင်နေရာတခုတွင်သော်လည်းကောင်း၊ ပြုလုပ်ရမည်၊ သို့ရာတွင် ဤသို့ပြုလုပ်ရာ၌ အလုပ်သမား၏ အတိအလင်းခွင့်ပြုချက်အရ မဟုတ်လျှင်၊ ထိုကဲ့သို့ ဆေးစစ်ခံရန် သဘောတူပြီး နောက် (၇၂) နာရီထက်မပိုသော ကာလအတွင်း ဆေးစစ်ရမည်ဖြစ်သည်။

အမျိုးသမီးကိုစစ်ဆေးခြင်း

၁၇။ (၁) အမျိုးသမီးတဦးအား အခြား အမျိုးသမီးတဦး၏ ရှေ့မှောက်တွင်မှလွဲ၍၊ သူ၏သဘောတူညီ ချက် မရဘဲအမျိုးသားဆေးကုသသူက ဆေးစစ်ခြင်းမပြုလုပ်ရ၊

(၂) အမျိုးသမီးဆရာဝန်၏ စစ်ဆေးမှုကို ခံယူလို၍ ထိုသို့ ခံယူရန်အတွက် လုံလောက်သော စရိတ်ကြေး ငွေကိုတင်သွင်းပါက မည်သည့်အမျိုးသမီးတဦးကိုမှ အမျိုးသားဖြစ်သော ဆေးကုသသူ၏ ဆေးစစ်ခြင်း ကို ခံယူရန် မညွှန်ကြားရ။

အပိုင်း (၅)

လုပ်ထုံးလုပ်နည်းများ

နိဒါန်း

၁၈။ ဤနည်းဥပဒေများတွင် တမျိုးတဖုံကွဲလွဲစွာ ပြဋ္ဌာန်းထားသည်မှလွဲ၍ အက်ဥပဒေအရ၊ သို့မဟုတ်၊ ဤနည်းဥပဒေများအရ၊ အမှုများကို စစ်ဆေးဆုံးဖြတ်ရာတွင် လျော်ကြေးမင်းကြီးများနှင့် အမှုသည် များက လိုက်နာဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းကို ဤအခဏ်း၌ ပါဝင်သောနည်းဥပဒေများနှင့် အညီ သတ်မှတ်ရမည်။

လျှောက်လွှာများ

၁၉။ (၁) အက်ဥပဒေပုဒ်မ ၂၂ တွင်ရည်ညွှန်းထားသော အမျိုးအစားဖြစ်သည့် လျှောက်လွှာတခုခုကို လျော် ကြေးမင်းကြီးထံသို့ စာတိုက်မှမှတ်ပုံတင်၍ ပေးပို့နိုင်သည်၊ သို့မဟုတ်၊ လျော်ကြေးမင်းကြီး လက်ဝယ်သို့ ဖြစ်စေ၊ လျော်ကြေးမင်းကြီးက ဤကိစ္စအလို့ငှာ အာဏာလွှဲအပ်ထားသော သူ၏ လက်အောက်အရာရှိ တဦးဦးလက်ဝယ်သို့ဖြစ်စေ၊ ပေးနိုင်သည်၊ ထို့အပြင်၊ ထိုကဲ့သို့ ပို့ခြင်း၊ သို့မဟုတ်၊ ပေးခြင်း ပြုရာတွင် လျော်ကြေးမင်းကြီးက တမျိုးတဖုံကွဲလွဲစွာ ညွှန်ကြားခြင်း မပြုလျှင် လျှောက်လွှာကို မိတ္တူနှစ်စောင်တင် သွင်း၍ လျှောက်လွှာရှင်ကလက်မှတ်ရေးထိုးရမည်၊ သတ်မှတ်ထားသော ပုံစံရှိလျှင် သတ်မှတ်ထားသော ပုံစံဖြင့် တင်သွင်းရမည်၊

(၂) လျှောက်လွှာထဲ၌ ပါရှိသော အချက်များသည် မိမိသိရှိချက်နှင့် ယုံကြည်ချက်အရ မှန်ကန်ကြောင်း လျှောက်လွှာရှင်လက်မှတ်ရေးထိုးသည့် သက်သေခံချက်တစောင်ကို အဆိုပါ လျှောက်လွှာတိုင်းတွင် ပူးတွဲ၍ တင်ပြရမည်။

လျှောက်လွှာရှင်ကိုစစ်ဆေးခြင်း

၂၀။ (၁) ထိုကဲ့သို့ လျှောက်လွှာကို ရရှိသောအခါတွင် လျော်ကြေးမင်းကြီးသည် လျှောက်လွှာရှင်ကို ကျမ်းကျိန်စေ၍ စစ်ဆေးနိုင်သည်၊ သို့မဟုတ်၊ လျှောက်လွှာကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ဤကိစ္စ အတွက် အာဏာလွှဲအပ်ထားသူအရာရှိတဦးထံသို့ပေးပို့၍ လျှောက်လွှာရှင်နှင့် ၎င်း၏သက်သေများကို စစ်ဆေးပြီးနောက်၊ စစ်ဆေးချက်မှတ်တမ်းကို လျော်ကြေးမင်းကြီးထံသို့ ပေးပို့ရန် ထိုအရာရှိကို ညွှန်ကြားနိုင်သည်၊

(၂) အထက်ပါနည်းဥပဒေခွဲ (၁) အရ၊ စစ်ဆေးသော အကြောင်းအရာကို အက်ဥပဒေပုဒ်မ ၂၅ တွင် ပါရှိသော သက်သေခံချက်အကျဉ်းချုပ်များကို မှတ်တမ်းတင်ရန်အတွက် ပြဋ္ဌာန်းထားသည့် နည်းလမ်း အတိုင်း မှတ်တမ်းတင်ရမည်။

လျှောက်လွှာအကျဉ်းနည်းဖြင့် ပယ်ခြင်း

၂၁။ လျော်ကြေးမင်းကြီးသည် လျှောက်လွှာကိုလည်းကောင်း၊ နည်းဥပဒေ ၂၀ အရ၊ လျှောက်လွှာရှင်အား စစ်ဆေးတွေ့ရှိချက်ကိုလည်းကောင်း၊ စဉ်းစားပြီးနောက် ထိုလျှောက်လွှာနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လုံလောက်သောအကြောင်းများမရှိဟု ထင်မြင်ယူဆပါက၊ ထိုကဲ့သို့ ယူဆသည့်အကြောင်းများကို မှတ်တမ်းတင်ပြီးလျှင် လျှောက်လွှာကို အကျဉ်းနည်းဖြင့် ပယ်ချနိုင်သည်။

လျှောက်လွှာကို ပဏာမစုံစမ်းခြင်း

၂၂။ အကယ်၍ လျှောက်လွှာကို နည်းဥပဒေ ၂၁ အရ၊ ပယ်ချခြင်း မပြုခဲ့လျှင်၊ လျော်ကြေးမင်းကြီးသည် အခြားအမှုသည်တဦးဦးအား မဆင့်ဆိုမှီ ၎င်း၏ အကြောင်းပြချက်များကို မှတ်တမ်းတင်ပြီးနောက်၊ လျှောက်လွှာရှင်အား လျှောက်လွှာကို အထောက်အကူဖြစ်သည့်သက်သေခံ အထောက်အထားများကို တင်ပြရန် ဆင့်ဆိုနိုင်သည်၊ ထိုသက်သေခံအထောက်အထားများကို စဉ်းစားပြီးနောက်၊ လျော်ကြေး မင်းကြီးသည် တောင်းခံထားသော သက်သာခွင့်ကိုပေးရန် အကြောင်းမရှိဟု ထင်မြင်ယူဆပါက လျှောက်လွှာကို ပယ်ချနိုင်သည်၊ ထိုသို့ ပယ်ချရာ၌ မည်သည့်အတွက် ပယ်ရသည်ကို အကျဉ်းချုပ် ဖော်ပြရမည်။

ပြိုင်ဘက်အမှုသည်အား အကြောင်းကြားစာ

၂၃။ အကယ်၍ လျော်ကြေးမင်းကြီးသည် နည်းဥပဒေ ၂၁ အရ၊ သော်လည်းကောင်း၊ နည်းဥပဒေ ၂၂ အရ သော်လည်းကောင်း၊ လျှောက်လွှာကိုမပါယ်ခဲ့လျှင်၊ လျှောက်လွှာရှင်က သက်သာခွင့်တောင်းခံခြင်းခံရ သော တဘက်အမှုသည် (နောင်တွင် “ပြိုင်ဘက်အမှုသည်” ဟု ခေါ်ဆိုမည့်သူ) ထံသို့ လျှောက်လွှာ၏ မိတ္တူတစောင်ကို ပေးပို့ရမည်၊ ထိုသို့ပေးပို့ရာတွင် လျှောက်လွှာအရ၊ မိမိကြားနာမည့် နေ့ရက်ကိုပါ အကြောင်းကြားရမည်၊ ထို့ပြင်၊ ထိုနေ့ရက်တွင် မိမိတို့တင်ပြလိုသည့် သက်သေခံအထောက်အထားများ ကို တင်ပြရန် အမှုသည်များအား ဆင့်ဆိုနိုင်သည်။

ပြိုင်ဘက်အမှုသည်လာရောက်ခြင်းနှင့် စစ်ဆေးခြင်း

၂၄။ ပထမအကြိမ်ကြားနာစစ်ဆေးသောအခါတွင်သော်လည်းကောင်း၊ ပထမအကြိမ်ကြားနာ စစ်ဆေး ခြင်း မတိုင်မီသော်လည်းကောင်း၊ လျော်ကြေးမင်းကြီးခွင့်ပြုသည့် အချိန်ကာလအတွင်းတွင် သော်လည်း ကောင်း၊ ပြိုင်ဘက်အမှုသည်အနေဖြင့်တောင်းခံချက်နှင့်ပတ်သက်၍ မိမိ၏အကြောင်းပြချက်များကို တင်သွင်းလိုက တင်သွင်းနိုင်သည်၊ အကယ်၍ လျော်ကြေးမင်းကြီးက တင်သွင်းရန် ညွှန်ကြားလျှင် မတင်သွင်းဘဲ မနေရ၊ ထိုအကြောင်းပြချက်များသည် လျော်ကြေးမင်းကြီး၏ မှတ်တမ်းအစိတ်အပိုင်း အဖြစ် တည်ရှိစေရမည်။

အကယ်၍ တောင်းခံလွှာကို လိုက်လျောရန် ပြိုင်ဘက်အမှုသည်က ငြင်းဆို၍ အကြောင်းပြချက်များကို တင်ပြခြင်းမပြုပါက လျော်ကြေးမင်းကြီးသည်၊ တောင်းခံလွှာနှင့် ပတ်သက်မ၎င်းအား စစ်ဆေးရန် အတွက် ဆက်လက်ဆောင်ရွက်နိုင်သည်၊ ထိုစစ်ဆေးတွေ့ရှိချက်ကို စာဖြင့် ရေးသားထားရမည်။

ကောက်ချက်များ ရေးဆွဲခြင်း

၂၅။ (၁) စာဖြင့်ရေးသားတင်ပြချက်ကို ၎င်းအမှုသည်များအား စစ်ဆေးတွေ့ရှိချက်ကို၎င်း၊ စဉ်းစား ပြီးနောက် လျော်ကြေးမင်းကြီးသည် အမှု၏ အကြောင်းခြင်းရာနှင့် ပတ်သက်၍ ဖြစ်စေ၊ တရား ဥပဒေနှင့်ပတ်သက် ၍ဖြစ်စေ၊ မည်သည့်အရေးကြီးသော တင်ပြချက်များအပေါ်တွင် နှစ်ဦးနှစ်ဘက်တို့ ကွဲလွဲကြသည်ကို စိစစ်ရမည်၊ ထိုနောက်အမှုကို မှန်ကန်စွာဆုံးဖြတ်နိုင်ရန်အတွက် အမှီသဟဲဖြစ်သည်ဟု မိမိထင်မြင်သော ကောက်ချက်များကို ရေးဆွဲရန်နှင့် မှတ်တမ်းတင်ရန် ဆက်လက်ဆောင်ရွက်ရမည်။

(၂) ကောက်ချက်များကို ရေးဆွဲမှတ်တမ်းတင်ရာ၌၊ လျော်ကြေးမင်းကြီးသည်အကြောင်းချင်းရာအချက် အလက်များနှင့် သက်ဆိုင်သော ကောက်ချက်များနှင့် တရားဥပဒေဆိုင်ရာ အချက်အလက်များနှင့် သက် ဆိုင်သော ကောက်ချက်များကို ခွဲခြားထားရမည်။

ဥပဒေဆိုင်ရာကောက်ချက်များ ပေါ်ပေါက်လာသောအခါတွင် အဖြစ်အပျက်ဆိုင်ရာ ကောက်ချက်များ စစ်ဆေးခြင်း

ရွှေ့ဆိုင်းနိုင်ခွင့်အာဏာ

၂၆။ အမှုတခုထဲတွင် တရားဥပဒေဆိုင်ရာ ကောက်ချက်များနှင့်၊ အဖြစ်အပျက်ဆိုင်ရာကောက်ချက်များ ရောနှောပေါ်ပေါက်၍ လျော်ကြေးမင်းကြီးသည် အမှုကို တရားဥပဒေဆိုင်ရာကောက်ချက်များအပေါ်တွင် မှီငြမ်းပြု၍ ဆောင်ရွက်ပြီးစီးနိုင်မည်ဟု ထင်မြင်ယူဆပါက၊ ထိုကောက်ချက်များကို ပထမစစ်ဆေး ဆောင်ရွက်နိုင်သည်၊ ထို့ပြင်ထိုကိစ္စအတွက် မိမိသင့်တော်သည်ဟု ထင်မြင်ပါက၊ တရားဥပဒေဆိုင်ရာ ကောက်ချက်များကို ဆုံးဖြတ်ပြီးသည့်အထိအဖြစ်အပျက်ဆိုင်ရာ ကောက်ချက်များအား ဆုံးဖြတ်ခြင်းကို ရွှေ့ဆိုင်းထားနိုင်သည်။

နေ့စဉ်မှတ်တမ်း

၂၇။ လျော်ကြေးမင်းကြီးသည် လျှောက်လွှာတခုတခုစီနှင့်ပတ်သက်သော အမှုတွဲအတွက် နေ့စဉ် မှတ်တမ်း အတိုချုပ်ကို မိမိ၏ လက်ရေးဖြင့် ရေးမှတ်ထားရှိရမည်။

ရွှေ့ဆိုင်းရသည့်အကြောင်းများကို မှတ်တမ်းတင်ထားရန်

၂၈။ လျော်ကြေးမင်းကြီးသည် လျှောက်လွှာတခုကို တကြိမ်တည်းကြားနာ၍ ပြီးပြတ်အောင် ဆောင်ရွက် ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိလျှင် မည်သည့်အတွက် ရွှေ့ဆိုင်းရန် လိုအပ်ကြောင်းကို မှတ်တမ်း တင်ထားရမည်။

စီရင်ချက်

၂၉။ (၁) လျော်ကြေးမင်းကြီးသည် ရေးဆွဲထားသော ကောက်ချက်တခုစီနှင့် ပတ်သက်၍ မိမိ၏ ဆုံးဖြတ် ချက်ကိုလည်းကောင်း၊ ထိုကဲ့သို့ ဆုံးဖြတ်ရသည့်မိမိ၏အကြောင်းပြချက်များကိုလည်းကောင်း အတိုချုံး ၍ စီရင်ချက်တွင် ရေးသားဖော်ပြရမည်၊

(၂) လျော်ကြေးမင်းကြီးသည် မိမိ၏ စီရင်ချက်ကို လက်မှတ်နှင့်ရက်စွဲရေးထိုးသော အချိန်၌ မိမိ၏ ဆုံးဖြတ်ချက်ကို နှုတ်ဖြင့် ထုတ်ဖော်ကျေညာရမည်၊ ထိုသို့ထုတ်ဖော်ကျေညာပြီးနောက် မတော်တဆ ချွတ်ချော်မှု၊ သို့မဟုတ်၊ ကျန်ရစ်မှုကြောင့်ဖြစ်ပေါ်သည့်စာရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် အမှား အယွင်း၊ သို့မဟုတ်၊ ဂဏန်းသင်္ချာအမှားအယွင်းကို ပြင်ဆင်ခြင်းမှတပါး စီရင်ချက်တွင် အခြားသော ဖြည့်စွက်ချက်၊ သို့မဟုတ်၊ ပြင်ဆင်ပြောင်းလဲခြင်းကို မပြုလုပ်ရ၊

သက်သေများဆင့်ခေါ်ခြင်း

၃၀။ အမှုတွင်ပါဝင်သော အမှုသည်တဦးဦးက သက်သေများ ခေါ်ယူပေးရန် လျှောက်လွှာတင်သွင်း၍ သတ်မှတ်ထားသော စရိတ်များနှင့် အခများကို ပေးသွင်းလျှင်၊ ထိုသက်သေများလာရောက်ရန်အတွက် သမ္ဘာန်စာများထုတ်ရမည်၊ သို့သော် အမှုကို တရားသဖြင့် ဆုံးဖြတ်ရန်အလို့ငှာ၊ အဆိုပါသက်သေများကို မလိုအပ်ဟုယူဆပါက သမ္ဘာန်စာများထုတ်ရန် မဟုတ်ဘဲထားနိုင်သည်။

ကုန်ကျစရိတ် ပေးခြင်းမှ ကင်းလွတ်ခြင်း

၃၁။ လျှောက်လွှာရှင်သည် ဆင်းရဲသောကြောင့် သတ်မှတ်ထားသည့် အခကိုမပေးဆောင်နိုင်ဟု မိမိယုံကြည် ကြေနပ်ပါက၊ ထိုအခအားလုံးကိုဖြစ်စေ၊ သို့မဟုတ် အချို့ကိုဖြစ်စေ လျော်ကြေးမင်းကြီးက လျော်ပစ်နိုင် သည်၊ အမှုကို လျှောက်ထားသူအား အနိုင်ပေးဆုံးဖြတ်၍ ပေးဆောင်ရမည့်အများကို လျော်ပစ်ခြင်း မပြုခဲ့သော်၊ ထိုအခများကို အမှု၏ ကုန်ကျစရိတ်များထဲတွင် ထည့်သွင်းပြီး၊ ကုန်ကျစရိတ်များနှင့် ပတ်သက်၍ လျော်ကြေးမင်းကြီးသည် ၎င်း၏ အမိန့်ထဲတွင် ညွှန်ကြားထားသည့် အတိုင်း ပြန်လည် ရယူခွင့်ရှိသည်။

စစ်ဆေးရန်အတွက် ဝင်ရောက်နိုင်ခွင့်အာဏာ

၃၂။ မတော်တဆထိခိုက်မှုနှင့် ပတ်သက်သော အမှုတခုခုကို စစ်ဆေးနေစဉ် လျော်ကြေးမင်းကြီးသည် မည်သည့်အချိန်တွင်မဆို လိုအပ်သော စုံစမ်းမှုပြုရန်အတွက် အလုပ်သမားထိခိုက်ဒဏ်ရာရရှိခဲ့သည့်နေ ရာ၊ သို့မဟုတ်၊ အလုပ်သမား၊ သါမန်အားဖြင့်အလုပ်လုပ်ကိုင်နေကျနေရာကိုဝင်ရောက်စစ်ဆေးနိုင်သည်၊ သို့မဟုတ်၊ အမှုနှင့်သက်ဆိုင်သည့် သတင်းကိုပေးနိုင်သောသူများကို စစ်ဆေးရန်အတွက်လည်း ဝင်ရောက်နိုင်သည်။

သို့ရာတွင် လျော်ကြေးမင်းကြီးသည် သာမန်အလုပ်ချိန်အတွင်းမှအပ၊ စက်မှုလက်မှုလုပ်ငန်းတခုခု၏ ဥပစာအတွင်း သို့အလုပ်ရှင်၊ သို့မဟုတ်၊ လုပ်ငန်းစီမံခန့်ခွဲရန်အတွက် ၎င်းအား တိုက်ရိုက် တာဝန်ရှိသူ တဦးတယောက်၏ ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်ခြင်း မပြုရ။

နေရာကိုစစ်ဆေးခြင်းနှင့် စပ်လျဉ်းသော လုပ်ထုံးလုပ်နည်း

၃၃။ (၁) လျော်ကြေးမင်းကြီးသည်၊ မတော်တဆထိခိုက်မှုဖြစ်ပွားသည့် အကြောင်းချင်းရာများကို နေရာ တခုတွင် စစ်ဆေးရန် ရည်ရွယ်သည့်အခါ အရေးတကြီးဆောင်ရွက်ရန် ရှိသဖြင့် ကြိုတင်အကြောင်းကြား စာပေးရန်ဖြစ်နိုင်သည်မှအပ၊ နှစ်ဦးနှစ်ဘက်အား၊ သို့မဟုတ်၊ ၎င်းတို့၏ ကိုယ်စားလှယ်များအား မိမိတို့ ကဲ့သို့ စစ်ဆေးရန် ရည်ရွယ်ကြောင်းကို အကြောင်းကြားစာများ ကြိုတင်ပေးပို့ရမည်၊

(၂) ထို့အကြောင်းကြားစာကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ပေးနိုင်သည်၊ အလုပ်ရှင်သို့အကြောင်း ကြားရန်ဖြစ်ခဲ့လျှင် အက်ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (၂) အရ လျော်ကြေးတောင်းခံလွှာကို ပေးပို့ လက်ခံခွင့်ရှိသူ၊ သို့မဟုတ်၊ ထိုသူ၏ ကိုယ်စားလှယ်ထံအကြောင်းကြားရန် ဖြစ်သည်။

(၃) လျော်ကြေးမင်းကြီး၏ စစ်ဆေးရာသို့ နှစ်ဦးနှစ်ဘက်သော်လည်းကောင်း၊ ကိုယ်စားလှယ်သော် လည်းကောင်း လိုက်ပါနိုင်သည်၊

(၄) လျော်ကြေးမင်းကြီးသည် လိုအပ်သော စစ်ဆေးမှုပြုလုပ်ပြီးနောက်၊ တွေ့ရှိချက်များကို အတိုခြုံး၍ ရေးမှတ်ထားရမည်၊ ထိုရေးမှတ်ထားသော တွေ့ရှိချက်များကို ကြည့်ရှုလိုသည့်မည်သည့်အဖွဲ့ကိုမဆို ပြသရမည့်အပြင်၊ သတ်မှတ်သည့်အခကို ပေးသွင်းပါက မည်သည့်အဖွဲ့ကိုမဆို မိတ္တူတစောင် ထုတ်ပေး ရမည်။

(၅) ထိုတွေ့ရှိချက်မှတ်တမ်းသည် အမှုတွဲ၏ အစိတ်အပိုင်းအဖြစ်လည်း ရှိစေရမည်။

အတိုချုံး၍ စစ်ဆေးရန် အာဏာ

၃၄။ (၁) လျော်ကြေးမင်းကြီးသည် ၎င်းရှေ့မှောက်တွင် ရောက်ရှိနေသော အမှုကို စစ်ဆေးနေကျ နည်းလမ်းအတိုင်း စစ်ဆေးခြင်းပြုသည်မှအပ ဒေသဆိုင်ရာ စစ်ဆေးမှုပြုရာတွင်လည်းကောင်း သို့မဟုတ်၊ အခြား အချိန်၌လည်းကောင်း၊ ထိုအမှုနှင့် ပတ်သက်၍သတင်းပေးနိုင်မည်ဟုထင်သော မည်သူ့ကိုမဆို အမှုတွင် သက်သေအဖြစ်ခေါ်ထားပြီး ခေါ်ထားဆဲဖြစ်စေ၊ မခေါ်ရသေးလျှင်ဖြစ်စေ၊ နှစ်ဦးနှစ်ဘက်၊ သို့မဟုတ်၊ ၎င်းတို့၏ ကိုယ်စားလှယ်တဦးဦးရှေ့တွင်ဖြစ်စေ၊ ကွယ်ရာတွင်ဖြစ်စေ၊ အတိုချုံး၍စစ်ဆေးနိုင်သည်၊

(၂) ပုဒ်မခွဲ (၁) အရ၊ စစ်ဆေးသောသူအား ကျမ်းကျိန်ထွက်ဆိုစေခြင်းမပြုရ၊

(၃) ပုဒ်မခွဲ (၁) အရ၊ ပုဂ္ဂိုလ်များက ပြုလုပ်သော ထွက်ဆိုချက်များကို စာဖြင့်ရေးသားထားပါက၊ ထိုထွက်ဆိုသူအား လက်မှတ်မရေးထိုးစေရ၊ ထို့ပြင်၊ ဤနည်းဥပဒေနောက်ပိုင်း၌ ဖော်ပြထားသည်မှ လွဲ၍၊ အမှုတွဲတွင် ထည့်သွင်းခြင်းမပြုရ၊ သို့မဟုတ်၊ အမှုဆုံးဖြတ်ရာ၌ လျော်ကြေးမင်းကြီးက အသုံးချခြင်း မပြုလုပ်ရ၊

(၄) သက်သေတယောက်အားပုဒ်မခွဲ (၁) အရ စစ်ဆေးရာတွင်၎င်း၏ အရေးပါအရာရောက်သော ထွက်ဆိုချက်၊ ယခင်ထွက်ဆိုချက်နှင့် ကွဲလွဲ၍ ထွက်ဆိုချက်ကို စာဖြင့် ရေးသားထားခဲ့ခြင်းရှိပါက လျော်ကြေးမင်းကြီးသည် ထိုမူလထွက်ဆိုချက်ရှိသည်ကို ညွှန်ပြရမည်၊ ၎င်းအပြင် အဆိုပါ သက်သေအား စစ်ဆေးရန်၊ သို့မဟုတ်၊ အပြန်အလှန် စစ်ဆေးရန်အလို့ငှာ ထိုသက်သေခံချက်မှ သက်ဆိုင်သော ကောက်နှုတ်ချက်ကိုနှစ်ဦး နှစ်ဘက်အား ထုတ်ပေးရန် ညွှန်ကြားရမည်၊

(၅) ပုဒ်မခွဲ (၄) အရနှစ်ဦးနှစ်ဘက်အားထုတ်ပေးသည့်ထွက်ဆိုချက်၊ သို့မဟုတ်၊ ထွက်ဆိုချက်၏ တစိတ်တဒေသကိုအမှုတွဲတွင် ထည့်သွင်းထားရမည်၊

(၆) အမှုကိုနှစ်ဦးနှစ်ဘက်သဘောတူညီချက်အရ၊ ပြေငြိမ်း၍သွားပါက လျော်ကြေးမင်းကြီးသည် နည်းဥပဒေခွဲ (၁) အရ၊ ပြုလုပ်သော မည်သည့်ထွက်ဆိုချက်ကိုမဆို အမှုတွဲတွင် ထည့်သွင်းထားနိုင်၍ နှစ် ဦးနှစ်ဘက်၏သဘောတူညီချက်ကို ၎င်းအနေနှင့် ငြင်းပါယ်ခြင်း၊ သို့မဟုတ်၊ လက်ခံခြင်းပြုရာ၌ အထောက်အကူအဖြစ်ရှိစေရန် အတွက်အသုံးချနိုင်သည်။

လျော်ကြေးမင်းကြီး၏ဆုံးဖြတ်ချက်ကို လိုက်နာရန်သဘောတူညီချက်

၃၅။ (၁) အကယ်၍ တဘက်ဘက်မှ လျော်ကြေးမင်းကြီး၏ဆုံးဖြတ်ချက်ကို လိုက်နာရန် အသင့်ရှိ ကြောင်းကို စာဖြင့်ရေးသား၍ တင်ပြလျှင်၊ လျော်ကြေးမင်းကြီးက တခြားတဘက်အား၊ မိမိ၏ ဆုံးဖြတ် ချက်ကို လိုက်နာရန်သဘောတူ၊ မတူကို စုံစမ်းမေးမြန်းရမည်၊

(၂) အကယ်၍ အခြားတဘက်မှ လျော်ကြေးမင်းကြီး၏ဆုံးဖြတ်ချက်ကို လိုက်နာရန်သဘောတူညီပါက ၎င်း၏သဘောတူညီချက်ကို စာဖြင့်ရေးသား၍ ၎င်းအား လက်မှတ်ရေးထိုးထားစေရမည်၊

(၃) အကယ်၍၊ တဘက်ဘက်မှ လျော်ကြေးမင်းကြီး၏ ဆုံးဖြတ်ချက်ကိုလိုက်နာရန် သဘောမတူပါက၊ အခြားတဘက်သည်လည်း ထိုသို့လိုက်နာရန်တာဝန်မရှိစေရ။

အက်ဥပဒေပုဒ်မ ၁၂ (၂) အရ နစ်နာဆုံးရှုံးမှုအတွက် တောင်းခံရာ၌ လုပ်ထုံးလုပ်နည်း

၃၆။ (၁) တဘက်အဖွဲ့က မိမိထံမှ လျော်ကြေးငွေကို တောင်းခံရယူပါက၊ မိမိကလည်း ပုဒ်မ ၁၂၊ ပုဒ်မခွဲ (၂) အရ၊ အမှု၌ မပါဝင်သူတဦးတယောက်ထံမှ ပြန်လည်တောင်းခံခွင့်ရှိကြောင်းကို တင်ပြတောင်းဆိုပါက၊ ၎င်း၏တင်ပြချက်လျှောက်လွှာကို ဖြေဆိုရန်အတွက်၊ ပထမဆုံးခေါ်ယူသည့်အခါ ထိုတင်ပြချက် လျှောက်လွှာကို သတ်မှတ်ထားသည့်အခနှင့်ပူးတွဲပြီး လျော်ကြေးမင်းကြီးထံ တင်ပြရမည်၊ ထိုအခါ လျော်ကြေးမင်းကြီးသည် သက်ဆိုင်သူထံသို့ပုံစံ “ည” ဖြင့် နို့တစ်စာပေးပို့ရမည်၊

(၂) အကယ်၍ နည်းဥပဒေခွဲ (၁) အရ၊ နို့တစ်စာပေးပို့ခြင်း ခံရသူတဦးသည် လျော်ကြေးတောင်းခံသူ၏ တင်ပြချက်လျှောက်လွှာကို ၎င်းတဘက်အဖွဲ့မှ ပေးပြီးသော လျော်ကြေးကို ပြန်လည်တောင်းခံရန်တင်ပြ ချက်ကို၎င်း၊ ယှဉ်ပြိုင်လိုပါက အမှုကိုကြားနာစစ်ဆေးရန် ချိန်းဆိုသော နေ့၊ သို့မဟုတ်၊ အမှုကို ရွှေ့ဆိုင်းလိုက်သောနေ့တွင် လျော်ကြေးမင်းကြီး၏ ရှေ့မှောက်သို့လာရောက်ရမည်၊ ထိုကဲ့သို့ လာရောက် ပါကအမှုတွင် ပါဝင်သောအဖွဲ့တခု၏ ရသင့်ရထိုက်သော အခွင့်အရေးအားလုံးကို ရရှိစေရမည်၊ အကယ် ၍ ထိုသို့ မလာရောက်လျှင် သက်ဆိုင်ရာ အဖွဲ့၏အပေါ်တွင် လျော်ကြေးပေးရန် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် တရားဝင်ဖြစ်ကြောင်းကို ဝန်ခံသည်ဟုမှတ်ယူရမည့်အပြင်၊ သက်ဆိုင်ရာအဖွဲ့အနေ နှင့်ပေးဆောင်ခဲ့ရသည့် လျော်ကြေးကို ၎င်းထံမှ ပြန်လည်တောင်းခံခွင့်ရှိကြောင်းကိုလည်း ဝန်ခံသည်ဟု မှတ်ယူရမည်။

သို့ရာတွင် ထိုသို့အကြောင်းကြားစာပေးပို့ခြင်း ခံရသူသည် နောက်ပိုင်းတွင် လာရောက်၍ ၎င်းသည် ခိုင်လုံသည့်အကြောင်းတစုံတရာကြောင့် မလာရောက်နိုင်ကြောင်းကို လျော်ကြေးမင်းကြီး ကျေနပ်အောင် တင်ပြနိုင်ပါက လျော်ကြေးမင်းကြီးသည် ဆိုခဲ့သော တဘက်အဖွဲ့အား အကြောင်းကြားစာပေးပို့ပြီး လိုအပ်သလို စစ်ဆေးကြားနာ၍ ဤနည်းဥပဒေများအရ မိမိအနေဖြင့် တရားမျှတသည်ဟုထင်မြင်သည့်၊ ဤချမှတ်ထားသော ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း၊ သို့မဟုတ်၊ ပြောင်းလဲခြင်း ပြုလုပ်နိုင်သည်။

(၃) အကယ်၍ နည်းဥပဒေခွဲ (၁) အရအကြောင်းကြားစာပေးပို့ခြင်း ခံရသူသည် တဘက်အဖွဲ့၏ လျော် ကြေးတောင်းခံချက်၊ သို့မဟုတ်၊ နစ်နာကြေးတောင်းခံချက်ကိုငြင်းဆိုလိုသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ မိမိသည် ကန်ထရိုက်တာသာမက၊ မူရင်းအလုပ်ရှင်လည်း ဖြစ်သဖြင့်၊ တဖန်ထိုသူကအခြား ကံထရိုက်တာတဦးအား လွှဲထားခြင်းကြောင့်၊ အဆိုပါ ကံထရိုက်တာထံမှ အလုပ်သမားအနေနှင့် လျော် ကြေးတောင်းခံခွင့်ရှိသည်ဟု အကြောင်းပြလာပါက နည်းဥပဒေခွဲ (၁) အရ၊ ပေးထားသော နို့တစ်စာ၌ ဖော်ပြသတ်မှတ်ထားသည့် ရက်၌၊ သို့မဟုတ်၊ ထိုနေ့မတိုင်မီ လျော်ကြေးမင်းကြီးထံသို့ ကျသင့်သော အခ နှင့်ပူးတွဲ၍ တင်ပြချက်လျှောက်လွှာတစောင်ကို တင်သွင်းရမည်၊ ထိုအခါတွင် လျော်ကြေးမင်းကြီးသည် သက်ဆိုင်သူအား ပုံစံ “ညည” အရအကြောင်းကြားစာပေးပို့ရမည်။

(၄) အကယ်၍ နည်းဥပဒေခွဲ (၃) အရ၊ နို့တစ်စာပေးခြင်းခံရသောသူသည် တင်ပြချက်လျှောက်လွှာရှင် ၏ လျော်ကြေးတောင်းခံခြင်း၊ သို့မဟုတ်၊ နည်းဥပဒေခွဲ (၃) အရ ပေးဆောင်ရသည့် လျော်ကြေးငွေကို ပြန်လည်တောင်းခံရန်အတွက် တင်ပြချက်ကို ငြင်းဆိုလိုပါက ပုံစံ “ညည” အရ၊ အကြောင်းကြားစာ တွင် ဖော်ပြသတ်မှတ်ထားသည့် နေ့ရက်၊ သို့မဟုတ်၊ အမှုကို ရွှေ့ဆိုင်းသော နေ့ရက်၌ လျော်ကြေးမင်း ကြီးရှေ့မှောက်သို့ လာရောက်ရမည်၊ ထိုကဲ့သို့ ၎င်းလာရောက်လျှင် အမှုတွင် ပါဝင်သူတဦး၏အခွင့်အရေး အားလုံးကိုရရှိစေရမည်၊ အကယ်၍၊ ထိုသို့မလာရောက်ပါက သက်ဆိုင်ရာ မူလအဖွဲ့၊ သို့မဟုတ်၊ နည်းဥပဒေခွဲ (၁) အရ နို့တစ်စာပေးခြင်းခံရသူ၏ အပေါ်၌ ချမှတ်ထားသော ဆုံးဖြတ်ချက်သည် တရား ဝင်ကြောင်းကို ဝန်ခံသည်ဟု မှတ်ယူရမည်၊ ၎င်းပြင်၊ သက်ဆိုင်ရာမူလအဖွဲ့အနေနှင့် ပေးဆောင်ခဲ့ရသည့် လျော်ကြေးအတွက် ၎င်းထံမှ ပြန်လည်တောင်းခံခွင့်ရှိကြောင်း ဝန်ခံသည်ဟု မှတ်ယူရမည်၊ သို့ရာတွင်၊ ထိုကဲ့သို့ အကြောင်းကြားစာပေးပို့ ခြင်း ခံရသူသည်၊ နောက်ပိုင်းတွင်လာရောက်၍ ၎င်းသည် ခိုင်လုံသည့် အကြောင်းတစုံတရာကြောင့် မလာရောက်နိုင်ကြောင်းကို လျော်ကြေးမင်းကြီးကြေနပ်အောင်တင်ပြနိုင်ပါ က လျော်ကြေးမင်းကြီးသည် အမှုတွဲတွင် ပါရှိသော အဖွဲ့အားလုံးအား အကြောင်းကြားစာပေးပို့ပြီးလျှင်၊ ထိုသူအား စစ်ဆေး၍ ဤနည်းဥပဒေများအရ မိမိကတရားမျှတသည်ဟု ထင်မြင်သည့်အတိုင်း၊ ထိုသူ၏ အမေးတွင်ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကာ၊ သို့မဟုတ်၊ ပြောင်းလဲခြင်း ပြုလုပ်နိုင်သည်။

(၅) နည်းဥပဒေခွဲ (၁)၊ သို့မဟုတ်၊ နည်းဥပဒေခွဲ (၃) အရ လူတဦးအား နို့တစ်စာပေးပို့သော အမှုတခုခု တွင် လျော်ကြေးမင်းကြီးသည် လျော်ကြေးပေးရန် ဆုံးဖြတ်ချက်ချမှတ်သည့်အခါတွင်၊ ၎င်း၏ စီရင်ချက်၌ ပုဂ္ဂိုလ်တဦးဦးအနေဖြင့် ၎င်းထံမှ တဘက်အဖွဲ့များကို နစ်နာကြေးတောင်းခံခွင့်ရှိ၊ မရှိနှင့် ပတ်သက်၍၊ ၎င်း၏ တွေ့ရှိချက်ကို မှတ်တမ်းတင်ပြီးလျှင်၊ ထိုသူအနေနှင့် တဖန်မည်သူ့ထံမှ နစ်နာကြေးကို ပြန်လည်တောင်းခံနိုင်ခွင့်ရှိသည်ကို ဖော်ပြရမည်။

ဆက်စပ်သော အမှုများတွင် လုပ်ထုံးလုပ်နည်း

၃၇။ (၁) မတော်တဆထိခိုက်မှုတခုမှ ပေါ်ထွက်လာသော အမှုဦးရေမှာ နှစ်မှု၊ သို့မဟုတ်၊ ထိုထက်ပိုမို၍ ရှိနေပါက၊ ကောက်ချက်တခုသည် အမှုနှစ်မှု၊ သို့မဟုတ်၊ ထိုထက်ပိုသော အမှုများနှင့် သက်ဆိုင်ပါက ထိုကောက်ချက်နှင့်ပတ်သက်၍ သက်သေခံချက်များကို ရရှိရန်အတွက် အမှုများကို တပြိုင်နက်စစ်ဆေးရ မည်။

(၂) နည်းဥပဒေခွဲ (၁) အရ၊ အရေးယူဆောင်ရွက်ရာတွင် တူညီသောကောက်ချက်၊ သို့မဟုတ်၊ ကောက် ချက်များအတွက် သက်သေခံအထောက်အထားများကို အမှုတခု၏ အမှုတွဲတွင် ရေးမှတ်ထားရမည့် အပြင်၊ ထိုအခြားအမှု၏အမှုတွဲများ၌ ထိုသက်သေခံအထောက်အထားသည် မည်သည့်အထိ အဆိုပါ အမှုအသီးသီးတွင် အကြုံးဝင်သည်ကို၎င်း၊ ထိုအခြားအမှုမှနှစ်ဦးနှစ်ဘက်အဖွဲ့များသည် လာရောက်ရန် အခွင့် အရေး မရရှိခဲ့ကြောင်းနှင့် သက်သေများအား အပြန်အလှန်မေးခွန်းထုတ်ရန်အတွက်လည်း အခွင့်အရေး ရရှိခဲ့၍ ၎င်း၏ လက်ရေးဖြင့် အမှုတွဲတွင်အတည်ပြုရေးသွင်းထားရမည်။

၁၉၀၈ ခုနှစ်တရားမကျင့်ထုံးနည်းဥပဒေမှ အချို့ပြဋ္ဌာန်းချက်များ

အကြုံးဝင်မှု

၃၈။ အက်ဥပဒေတွင်၊ သို့မဟုတ်၊ နည်းဥပဒေများတွင် အတိအလင်းပြဋ္ဌာန်းထားသည်မှအပ၊ ၁၉၀၈ ခု နှစ်တရားမကျင့်ထုံး ဥပဒေပထမဇယားမှအောက်ဖော်ပြပါ ပြဋ္ဌာန်းချက်များ၊ တနည်းအားဖြင့် အမိန့်စာ အမှတ် ၅ ၏ နည်းဥပဒေ ၉ မှ ၃၀၊ အမိန့်စာအမှတ် ၇ ၏ နည်းဥပဒေ ၉ မှ ၁၈၊ အမိန့်အမှတ် ၉ ၏ အမိန့်စာအမှတ် ၁၃၊ အမိန့်စာအမှတ် ၁၆၊ အမိန့်စာအမှတ် ၁၇ နှင့် အမိန့်စာအမှတ် ၁၈ နှင့် နည်းဥပဒေ (၁) နှင့် (၂) တို့သည် လျော်ကြေးမင်းကြီးကကြားနာနေသော အမှုများနှင့် သက်ဆိုင်သ၍ အကြုံးဝင်စေ ရမည်၊ သို့ရာတွင်-

(က) အဆိုပါ ပြဋ္ဌာန်းချက်များကို လက်တွေ့လုပ်ကိုင်ရာတွင် လွယ်ကူစေရန်အတွက် လျော်ကြေး မင်းကြီးသည် မူရင်း အဓိပ္ပါယ်ကို မထိခိုက်စေဘဲ၊ မိမိ၏ထံတွင် ရှိသော အကြောင်းအရာနှင့် ကိုက်ညီ သော ပြင်ဆင်ချက်များ ပြုလုပ်နိုင်သည်၊

(ခ) လျော်ကြေးမင်းကြီးသည် နှစ်ဘက်အဖွဲ့များ၏အကျိုးကျေးဇူးများကို ထိခိုက်စေမည်မဟုတ်ဟု လုံလောက်သော အကြောင်းရှိကြောင်း မိမိစိတ်ကြေနပ်လျှင်၊ အဆိုပါပြဋ္ဌာန်းချက်များမှ လွှဲပြောင်း၍ ဆက်လက်ဆောင်ရွက်နိုင်သည်။

ပုံစံများလက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်

၃၈။ (က) လျော်ကြေးငွေအတွက် ငွေရပြေစာမှလွဲ၍ အလုပ်သမားလျော်ကြေးမင်းကြီးအနေဖြင့် လက်မှတ်ရေးထိုးရန်လိုသော်၊ မည်သည့်ပုံစံကိုမဆို ၎င်း၏ညွှန်ကြားချက်အရ၎င်း၊ ထိုကိစ္စအတွက် ၎င်း ကစာဖြင့်ရေးသား၍ ၎င်းခန့်ထားသော မိမိ၏ လက်အောက်ရှိ မည်သည့်အရာရှိကမဆိုလက်မှတ်ရေးထိုး နိုင်သည်။

မှီခိုသူများအား လျော်ကြေးငွေခွဲပေးခြင်း

၃၉။ နည်းဥပဒေ ၂၃၊ ၂၄ နှင့် ၃၆ တို့တွင် ပါဝင်ချက်များမှလွဲ၍ ဤအခန်းမှ ပြဋ္ဌာန်းချက်များသည် သေဆုံးသူ အလုပ်သမား၏ မှီခိုသူများအား လျော်ကြေးငွေခွဲဝေပေးသော အမှုတခုခုတွင် သက်ဆိုင်နိုင် သမျှ သက်ဆိုင်စေရမည်။

အပိုင်း (၆)

လွှဲပြောင်းခြင်း

အစီရင်ခံရန် လွှဲပြောင်းခြင်း

၄၀။ (၁) အက်ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (၂) အရ၊ လျော်ကြေးမင်းကြီးတဦးက ကိစ္စတခုကို အစီရင်ခံရန်၊ အခြားလျော်ကြေးမင်းကြီးတဦးထံသို့ လွှဲပြောင်းပေးရာတွင် ထိုပုဒ်မခွဲ၌ ရည်ညွှန်းထားသည့် စာရွက်စာတမ်းများအပြင် အစီရင်ခံစေလိုသောကိစ္စအတွက် အဖြေပေးရန်လိုအပ်သောမေးခွန်းများကို အတိုချုပ်ရေးသား၍ ပေးပို့ရမည်။

(၂) အစီရင်ခံရန် အမှုလွှဲပြောင်းပေးခြင်းခံရသော လျော်ကြေးမင်းကြီးသည် ဥပဒေနှင့်ပတ်သက်သော မေးခွန်းကို ပြန်လည်ဖြေကြားရန်မလိုပါ။

ငွေလွှဲပြောင်းပေးခြင်း

၄၁။ အက်ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (၂) အရ၊ လျော်ကြေးမင်းကြီးတဦးထံမှ အခြားလျော်ကြေးမင်းကြီး တဦးထံသို့ ငွေလွှဲပြောင်းပေးရာတွင် ၎င်းပေးပို့သော လျော်ကြေးမင်းကြီး၏ ညွှန်ကြားသည့်အတိုင်း ငွေ လွှဲပြောင်းလက်မှတ်ဖြင့်ဖြစ်စေ၊ သို့မဟုတ်၊ ငွေပို့လွှာဖြင့်ဖြစ်စေ၊ သို့မဟုတ်၊ လူနှင့်ဖြစ်စေ လွှဲပြောင်း ပေးရမည်။

အပိုင်း (၇)

ကိုယ်စားလှယ်များခန့်အပ်ခြင်း

မည်သည့်အခါတွင်ကိုယ်စားလှယ်ခန့်အပ်ရမည်

၄၂။ အမှုတခုတွင် တဘက်ဘက်မှ အမှုသည်သည် အသက် (၁၅) နှစ်အောက်ဖြစ်ပါက သို့မဟုတ်၊ အမှု ဆိုင်ရန် မလာရောက်နိုင်ပါက၊ လျော်ကြေးမင်းကြီးသည် အဆိုပါအမှုနှင့် ပတ်သက်သည့် ကိစ္စများ အတွက် ကိုယ်စားပြုရန်သင့်တော်သော သူတဦးဦးကို ခန့်အပ်ရမည်၊ သို့ရာတွင်၊ ထိုသို့ခန့်အပ်ခြင်းကို အခန့်ခံရသူကသဘောတူညီမှသာ ခန့်ထားနိုင်သည်။

မည်သည့်အခါတွင် ကိုယ်စားလှယ်အသစ်ခန့်အပ်ရန်ဖြစ်သည်

၄၃။ နည်းဥပဒေပုဒ်မ (၄၂) အရ၊ တဘက်သောအမှုသည်၏ အကျိုးကို ဆောင်ရွက်ရန် ခန့်အပ်ခဲ့သော ကိုယ်စားလှယ်တဦးသည် ထိုအမှုသည်အတွက် သင့်တော်လုံလောက်စွာ ခုခံကာကွယ်နိုင်ခြင်း မရှိဟု လျော်ကြေးမင်းကြီးက ယူဆပါက၊ သို့မဟုတ်၊ ထိုသို့ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် ခန့်အပ်ခဲ့သူ တဦးသည် သေဆုံးသည်ဖြစ်စေ၊ သို့မဟုတ်၊ ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေတွင် မရှိနိုင်တော့သည်ဖြစ်စေ၊ သို့မဟုတ်၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းကို ရပ်စဲသွားလျှင်ဖြစ်စေ၊ ၎င်း၏ နေရာတွင် အခြားသူတဦးကို (ထိုသူ၏သဘောတူညီချက်ရှိလျှင်) လျော်ကြေးမင်းကြီးက ခန့်အပ်ရမည်။

အပိုင်း (၈)

သဘောတူညီချက်စာချုပ်မှတ်တမ်း

မှတ်တမ်းပုံစံ

၄၄။ အက်ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ (၁) အရ၊ လျော်ကြေးမင်းကြီးထံသို့ ပေးပို့သော သဘောတူညီချက်မှတ်တမ်းကို လျော်ကြေးမင်းကြီးက တခြားနည်းဖြင့် မညွှန်ကြားလျှင်၊ နှစ်စောင်ပြုလုပ်ရမည့်အပြင်၊ အမှုအခြေအနေကိုလိုက်၍ ပုံစံ “ဋ”သို့မဟုတ်၊ ပုံစံ “ဌ” သို့မဟုတ်၊ “ဍ” နှင့်ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်။

လျော်ကြေးမင်းကြီးက သဘောတူညီချက်မှတ်တမ်းကို မှတ်တမ်းတင်ရန်အတွက် ငြင်းပါယ်သင့်ဟု မယူဆလျှင် ကျင့်သုံးရန် နည်းလမ်း

၄၅။ (၁) သဘောတူညီချက်မှတ်တမ်းကို ရရှိသောအခါတွင် လျော်ကြေးမင်းကြီးသည် ယင်းသဘော တူညီချက်ကို မှတ်ပုံတင်ရန်အတွက် ငြင်းပယ်ရန်အကြောင်းရှိသည်ဟု မယူဆလျှင်၊ ၎င်းကိုမှတ်ပုံတင်ရန် အတွက် နေ့ရက်သတ်မှတ်၍၊ သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ကန့်ကွက်ခြင်းများမရှိခဲ့လျှင်၊ သဘော တူညီချက်မှတ်တမ်းကို သတ်မှတ်သည့်နေ့ရက်တွင် မှတ်တမ်းတင်ရန် မိမိရည်ရွယ်ကြောင်းကို ပုံစံ “ဎ” အရ၊ အကြောင်းကြားစာ ပေးပို့ရမည်။

အကယ်၍ ကိုယ်တိုင်အကြောင်းကြား၍ ရောက်ရှိနေသော အဖွဲ့တခုခုအား စာဖြင့်ရေးသားပေးပို့မည့် အစား နှုတ်ဖြင့်ပြောကြားနိုင်သည်၊

(၂) လျော်ကြေးမင်းကြီးသည် ထိုသို့သတ်မှတ်ထားသည့် နေ့ရက်တွင် လာရောက်ကြားနာသော အဖွဲ့များ အား စစ်ဆေးပြီးနောက် မှတ်ပုံတင်ရန် မသင့်ဟု မယူဆလျှင် အဆိုပါသဘောတူညီချက်ကို မှတ်တမ်း တင်ရမည်၊

သို့ရာတွင်၊ နည်းဥပဒေပုဒ်မခွဲ (၁) အရ၊ အကြောင်းကြားစာပေးပို့ချက်အပေါ်တွင် သက်ဆိုင်သည့် မည် သည့်အဖွဲ့ကမှ ကန့်ကွက်ခြင်း မပြုလုပ်သည့်တိုင်အောင် လျော်ကြေးမင်းကြီးအား၊ ထိုသို့သတ်မှတ် ထားသော နေ့ရက်တွင် သဘောတူညီချက်မှတ်တမ်းအား မှတ်ပုံတင်ပေးရန် ငြင်းဆိုနိုင်ခွင့်ရှိသည်။

(၃) အကယ်၍၊ လျော်ကြေးမင်းကြီးသည် ထိုနေ့ရက်တွင် သဘောတူညီချက်မှတ်တမ်းကို မှတ်ပုံတင် ပေးရန် မသင့်ဟု ဆုံးဖြတ်ပါက၊ မိမိရှေ့မှောက်သို့လာရောက်သော အဖွဲ့များအား မိမိ၏ ဆုံးဖြတ်ချက်ကို ၎င်း၊ မည်သည့်အတွက် ထိုသို့ဆုံးဖြတ်သည်ဟူသော အကြောင်းပြချက်များကို၎င်း၊ အသိ ပေးရမည်၊ အကယ်၍ သဘောတူညီချက်မှတ်တမ်းကို မှတ်ပုံတင်ရန်လိုလားသော အဖွဲ့တခုခုက မလာရောက်ပါက၊ ထိုအဖွဲ့အား ပုံစံ “ဏ” ဖြင့် အကြောင်းကြားရမည်။

မှတ်တမ်းကို မှတ်ပုံတင်ရန် ငြင်းပါယ်သင့်သည်ဟု လျော်ကြေးမင်းကြီးက ယူဆလျှင်၊ ကျင့်သုံးရန် နည်းလမ်း

၄၆။ (၁) အကယ်၍ သဘောတူညီချက်မှတ်တမ်းတခုကို ရရှိသောအခါတွင် လျော်ကြေးမင်းကြီးသည် ထိုမှတ်တမ်းအား မှတ်ပုံတင်ရန် အတွက် ငြင်းပါယ်ရန်အကြောင်းများ ရှိသည်ဟု ယူဆပါက၊ ယင်း သဘောတူညီချက်မှတ်တမ်းအား မှတ်ပုံတင်ရန်တောင်းဆိုသော အဖွဲ့၊ သို့မဟုတ်၊ အဖွဲ့များအား စစ်ဆေး ရန် နေ့ရက်ကိုသတ်မှတ်ပေးရမည်၊ ၎င်းအပြင်၊ သင့်တော်သည်ဟုယူဆသော အခြားအဖွဲ့၊ သို့မဟုတ်၊ သက်ဆိုင်ရာ အဖွဲ့တခုခုအား ကြားနာရန်သတ်မှတ်ထားသော နေ့ရက်နှင့်မည်သည့်အတွက် သဘော တူညီချက်မှတ်တမ်းကို မှတ်ပုံတင်သင့်သည်ဟု မိမိယူဆသည့်အကြောင်းများကို အကြောင်း ကြားရမည်၊

(၂) အကယ်၍ အကြောင်းကြားရမည့်အဖွဲ့များသည် လျော်ကြေးမင်းကြီးထံလာရောက်ခြင်းမရှိပါက၊ ပုံစံ “တ” သို့မဟုတ် “ထ” ဖြင့် အမှုသဘောကို လိုက်၍ ၎င်းတို့ထံသို့အကြောင်းကြားစာပေးပို့ရမည်၊ ထိုသို့ အကြောင်းကြားရန် အမှုကို ကြားနာရန် သတ်မှတ်ထားသည့် နေ့ရက်သည် ထိုအကြောင်းကြားစားပေးပို့ သည့်နေ့မှစ၍ (၇) ရက်ထက်မနည်းစေရ၊

(၃) အကယ်၍ နည်းဥပဒေပုဒ်မခွဲ (၁) အရ သတ်မှတ်ထားသော နေ့ရက်တွင် သဘောတူညီချက် မှတ်တမ်းကို မှတ်ပုံတင်ရန် တောင်းဆိုသည့်အဖွဲ့၊ သို့မဟုတ်၊ အဖွဲ့များက မှတ်ပုံတင် ရန် အတွက် ဆက်လက်ဆောင်ရွက်သင့်ကြောင်းကို လုံလောက်သောအကြောင်းပြချက်များ တင်ပြလျှင် လျော်ကြေး မင်းကြီးသည် သက်ဆိုင်ရာအဖွဲ့အားလုံးကို အကြောင်းကြားပြီးဖြစ်ပါက၊ သဘောတူညီချက်ကို မှတ်တမ်းတင်ရမည်၊ အကယ်၍ အဖွဲ့အားလုံးကို အကြောင်းမကြားရသေးပါက ၎င်းသည် နည်းဥပဒေ အပိုဒ် (၄၅) အရ ဆက်လက်ဆောင်ရွက်ရမည်။

(၄) အကယ်၍ သတ်မှတ်ထားသော နေ့ရက်တွင် လျော်ကြေးမင်းကြီးသည် သဘောတူညီချက်မှတ်တမ်း ကို မှတ်ပုံတင်ပေးရန် ငြင်းပါယ်ပါက ၎င်းသည် နည်းဥပဒေ (၁) အရ အကြောင်းကြားခြင်းမခံရသော အဖွဲ့တခုခုအား ပုံစံ “ဏ” ဖြင့်အကြောင်းကြားစာပေးပို့ရမည်။

မှတ်တမ်းကို မှတ်ပုံတင်ရန် ငြင်းပါယ်သော နည်းလမ်း

၄၇။ (၁) အကယ်၍ အမှုတခုခုတွင် လျော်ကြေးမင်းကြီးသည် သဘောတူညီချက်မှတ်တမ်းကို မှတ်ပုံတင် ရန် ငြင်းပါယ်ပါက၊ ၎င်းသည် ထိုကဲ့သို့ ငြင်းပါယ်ရသည့်အကြောင်းကိုအတိုခြုံး၍ မှတ်တမ်းတင် ထားရမည်။

(၂) အကယ်၍ လျော်ကြေးမင်းကြီးသည် သဘောတူညီချက်မှတ်တမ်းတခုကို မှတ်ပုံတင်ရန် ငြင်းပါယ်ပါ က လျော်ကြေးပေးရန် တာဝန်ရှိသော အဖွဲ့အား မည်သည့်အတွက် မပေးသင့်ကြောင်းကို အကျိုး အကြောင်းတင်ပြရန် အခွင့်အရေးမပေးဘဲသဘောတူညီချက်မှတ်တမ်းထဲတွင် ဖော်ပြထားသော ကြေးငွေ၊ သို့မဟုတ် ထိုထက်ပိုသော ကြေးငွေကို ပေးဆောင်စေရန်အတွက် ညွှန်ကြားသည့်အမိန့်တခုခု ကို ထုတ်ပြန်ခြင်းမပြုရ။

(၃) လဝက်တကြိမ် ပေးငွေများကို တလုံးတခဲတည်း ပေးငွေအဖြစ်ဖြင့် ပြောင်းလဲပေးရန်အတွက် သဘောတူညီချက်ဖြစ်ပါက လျော်ကြေးမင်းကြီးသည် သဘောတူညီချက်မှတ်တမ်းထဲတွင် ဖော်ပြသတ် မှတ်ထားသော ကြေးငွေသည် လုံလောက်ခြင်းမရှိဟူသော အကြောင်းကြောင့် သဘောတူညီချက် မှတ်တမ်းကို မှတ်ပုံတင်ပေးရန် မသင့်ဟုထင်မြင်ယူဆလျှင်၊ ၎င်းသည် အလုပ်သမား မသန်မစွမ်း ဆက်လက်ဖြစ်နေမည့် အချိန်ကာလခန့်မှန်းချက်ကို မှတ်တမ်းတင်ထားရမည်။

မှတ်တမ်း တင်ရန်လက်ခံသည့်သဘောတူညီချက်မှတ်တမ်းကို မှတ်ပုံတင်ခြင်း

၄၈။ သဘောတူညီချက်မှတ်တမ်းကို မှတ်ပုံတင်ရာတွင် လျော်ကြေးမင်းကြီးသည် ၎င်းအားပုံစံ “ဒ” အရ၊ မှတ်ပုံတင်စာအုပ်ထဲတွင် ရေးသွင်းထားစေရမည်၊ ၎င်းအပြင်၊ မိမိသိမ်းဆည်းထားရမည့် သဘော တူညီချက်မှတ်တမ်းမိတ္တူတွင် အောက်ပါအတိုင်း ရေးသွင်း၍ မိမိ၏လက်မှတ် ရေးထိုးထားရမည်။

“ဤသဘောတူညီချက် မှတ်တမ်းကို၊ မှတ်ပုံတင်စာအုပ်ထဲတွင် ၁၉ ----------------------ခုနှစ်၏ အမှတ်စဉ်နံပါတ် -----------------------အဖြစ်----------------------ရက်နေ့၌ မှတ်တမ်းတင်ထားသည်။

 

လျော်ကြေးမင်းကြီး