LAW

အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေများ

CoverLogo
1.6K Views

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

(အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများ)

အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၂

၁၃၇၃ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်

(၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်)

အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားအဖွဲ့အစည်းဥပဒေပုဒ်မ ၅၇ အရ အပ်နှင်း သောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေ များကို ထုတ်ပြန်လိုက်သည်။

 

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် အလုပ်သမားအဖွဲ့အစည်းဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က)   ဥပဒေ   ဆိုသည်မှာ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ဆိုသည်။

(ခ)   ပုံစံ   ဆိုသည်မှာ ဤနည်းဥပဒေများတွင် ပါရှိသောပုံစံကိုဆိုသည်။

 

အခန်း(၂)

အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခြင်း

၃။ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုတွင် အလုပ်လုပ်ရန် တည်ဆဲဥပဒေအသီးသီးက သတ်မှတ် ထားသော အသက်အရွယ်ရှိသည့် အလုပ်သမားသည်-

(က) လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့စည်းသော မိမိနှင့်သက်ဆိုင်သည့် အလုပ် သမားအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ဆန္ဒအလျောက် ပါဝင်ခွင့်ရှိသည်။

(ခ) နည်းဥပဒေခွဲ (က) အရ အဖွဲ့ဝင်အဖြစ် ပါဝင်ရာတွင် အလုပ်သမားအဖွဲ့အစည်းတစ်ခုတည်း၌သာ ပါဝင်ရမည်။

(ဂ) အလုပ်သမားအဖွဲ့အစည်း၏အဖွဲ့ဝင်အဖြစ်မှ ဆန္ဒအလျောက် နုတ်ထွက်ခွင့်ရှိသည်။

၄။ အလုပ်သမားများနှင့် အလုပ်ရှင်များ၏အကျိုးကို ဆောင်ရွက်နိုင်ရန်အလို့ငှာ အလုပ်သမားအဖွဲ့အ စည်းအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင်-

(က) အခြေခံအလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် သက် ဆိုင်ရာလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်းနိုင်သည်။ အလုပ်သမားဦးရေ ၃၀ အောက်ရှိသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု ဖြစ်ပါက လုပ်ငန်းသဘောသဘာဝတူညီသော အခြားလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုနှင့် ပူး ပေါင်းဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုရှိ စုစု ပေါင်းအလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသူများက ထောက်ခံရမည်။

(ခ) မြို့နယ်အလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် သက် ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံအလုပ်သမားအဖွဲ့အစည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်း သော အလုပ်သမားအဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်သည်။ သို့ရာတွင်-

(၁) အခြေခံအလုပ်သမားအဖွဲ့အစည်းတစ်ခုတည်းရှိသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအတွက် မြို့ နယ်အဆင့် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းလိုပါက သက်ဆိုင်ရာမြို့နယ်အတွင်းရှိ လုပ်ငန်းသဘော သဘာဝတူညီသော အခြားအခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် ပူးပေါင်းဖွဲ့စည်းနိုင်သည်။

(၂) မြို့နယ်တစ်မြို့နယ်အတွင်း အခြေခံအလုပ်သမားအဖွဲ့အစည်းနှစ်ခုသာရှိလျှင် ယင်းအခြေခံအလုပ် သမားအဖွဲ့အစည်းနှစ်ခုပေါင်း၍ မြို့နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းနိုင်သည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အလုပ်သမား အဖွဲ့အစည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သမားအဖွဲ့အစည်းများက ထောက်ခံ လျှင် ဖွဲ့စည်းနိုင်သည်။

(ဃ) အလုပ်သမားအဖွဲ့ချုပ်များကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သမားအဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်သည်။

(င) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစား အလိုက် ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့ချုပ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ် သမားအဖွဲ့ချုပ်များက ထောက်ခံလျှင်ဖွဲ့စည်းနိုင်သည်။

(စ) အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်းရာတွင်-

(၁) အခြေခံအလုပ်သမားအဖွဲ့အစည်းမရှိဘဲ မြို့နယ်အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းခြင်းမပြုရ။

(၂) မြို့နယ်အလုပ်သမားအဖွဲ့အစည်းမရှိဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အ စည်းကို ဖွဲ့စည်းခြင်းမပြုရ။

(၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းမရှိဘဲ အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့ စည်းခြင်းမပြုရ။

ခြွင်းချက်   လုပ်ငန်းကဏ္ဍ၏သဘာဝအရ လုပ်ငန်းဌာန သို့မဟုတ် ပထဝီနယ်မြေကို အခြေခံ၍ အလုပ် သမားအဖွဲ့အစည်းများ ဖွဲ့စည်း၍မရသည့် ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍတွင် အလုပ်သမားများ သည် အလုပ်သမားအဖွဲ့ချုပ်ကို တိုက်ရိုက်ဖွဲ့စည်းနိုင်သည်။

(၄) အလုပ်သမားအဖွဲ့ချုပ်မရှိဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို ဖွဲ့စည်းခြင်းမပြုရ။

(ဆ) အလုပ်သမားအဖွဲ့အစည်း၏ ဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်မှုသည် အထက်ဖော်ပြပါ အနည်းဆုံးဖွဲ့ စည်းမှုလိုအပ်ချက်များအပေါ် အခြေခံသော်လည်း အဆင့်ဆင့်သော အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့ စည်းနိုင်ရေးအတွက် အလုပ်သမားတစ်ဦးဦးအား အလုပ်သမားအဖွဲ့အစည်းတွင် ပါဝင်စေရန် အတင်း အကျပ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် မသမာသောနည်းဖြင့် သွေးဆောင် ဖြားယောင်းခြင်းမပြုဘဲ ကြိုတင်ဆောင်ရွက်ခွင့်ရှိသည်။

၅။ အလုပ်အမှုဆောင်အဖွဲ့ဝင်သည်-

(က) အသက် ၂၁ နှစ်ပြည့်ပြီးသူ နိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံအတွင်း အနည်းဆုံး ငါးနှစ်တစ်ဆက် တည်း ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်လျက်ရှိသော နိုင်ငံခြားသားဖြစ်ရမည်။

(ခ) သက်ဆိုင်ရာလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတွင် အနည်းဆုံးလုပ်သက် ခြောက်လရှိသည့်အလုပ်သ မားဖြစ်ရမည်။

ခြွင်းချက်  သက်ဆိုင်ရာလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတွင် နှစ်နှစ်ထက်မနည်း တာဝန်ထမ်းဆောင် ခဲ့ပြီးသော သို့မဟုတ် မှတ်ပုံတင်အရာရှိချုပ်မှ ထုတ်ပေးထားသော အသိအမှတ်ပြုလက်မှတ်ရှိပြီးဖြစ် သည့် အလုပ်သမားအဖွဲ့အစည်းတစ်ခုခုတွင် နှစ်နှစ်ထက်မနည်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီးသော ပြင်ပပုဂ္ဂိုလ်လည်း ဖြစ်နိုင်သည်။

၆။ အလုပ်သမားအဖွဲ့အစည်းများ၏ အလုပ်အမှုဆောင်အဖွဲ့များကို ရွေးချယ်ဖွဲ့စည်းရာတွင်-

(က) အခြေခံအလုပ်သမားအဖွဲ့အစည်းကို အလုပ်သမားအဖွဲ့အစည်းဝင် အလုပ်သမားဦးရေ ၃၀ ရှိလျှင် အလုပ်အမှုဆောင်အဖွဲ့ဝင်ငါးဦးဖြင့်လည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းဝင် အလုပ်သမားဦးရေ ၃၀ ဦးထက်ပိုမိုလျှင် အလုပ်အမှုဆောင်အဖွဲ့ဝင် ခုနစ်ဦးဖြင့်လည်းကောင်း ဖွဲ့စည်းနိုင်သည်။

(ခ) မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်သမားအဖွဲ့ချုပ်တို့ကို အလုပ်အမှုဆောင်အဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၅ ဦးအထိရှိ သော “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်းရမည်။

(ဂ) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို အလုပ်အမှုဆောင်အဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၃၅ ဦးအထိရှိသော “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်းရမည်။

(ဃ) နည်းဥပဒေခွဲ (က)၊ (ခ) နှင့်(ဂ) တို့အရဖွဲ့စည်းသော အလုပ်အမှုဆောင်အဖွဲ့တွင် နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (ခ) ၏ခြွင်းချက်အရပါဝင်သော ပြင်ပပုဂ္ဂိုလ်အရေအတွက်သည် အလုပ်အမှုဆောင်အဖွဲ့ ဝင်ဦးရေ၏ ၂၀ ရာခိုင်နှုန်းထက် မပိုစေရ။

(င) အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် မြို့နယ်အလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှုဆောင်အဖွဲ့ တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတာဝန်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတာ ဝန်များကိုလည်းကောင်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတာဝန်များကို လည်းကောင်း သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ရွေးချယ်တာ ဝန်ပေးအပ်ရမည်။

၇။ အလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။

 

အခန်း(၃)

အလုပ်သမားအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲခြင်း

၈။ အလုပ်သမားအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံစည်းမျဉ်းကို အဖွဲ့အ စည်းဝင်အများစု၏ သဘောတူညီချက်ဖြင့် ရေးဆွဲရမည်။

၉။ နည်းဥပဒေ ၈ အရ ရေးဆွဲသည့် ဖွဲ့စည်းပုံစည်းမျဉ်းတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(က) အလုပ်သမားအဖွဲ့အစည်းအမည်၊

(ခ) အလုပ်သမားအဖွဲ့အစည်း ထူထောင်ရခြင်း၏ရည်ရွယ်ချက်၊

(ဂ) အလုပ်သမားအဖွဲ့အစည်းဝင်အဖြစ် စိစစ်ခြင်း၊ ဝင်ခွင့်ပြုခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေး ခြင်းနှင့် အလုပ်သမားအဖွဲ့အစည်းဝင်အဖြစ်မှ နုတ်ထွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊

(ဃ) အဖွဲ့အစည်းအင်အားဆိုင်ရာကိစ္စရပ်များ၊

(င) အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်တာဝန်ပေးအပ်ခြင်း၊ တာဝန်မှဖယ်ရှားခြင်းနှင့် နုတ်ထွက် ခြင်းဆိုင်ရာ ကိစ္စရပ်များ၊

(စ) အစည်းအဝေးကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊

(ဆ) အဖွဲ့အစည်းဝင်အလုပ်သမားရရှိသော လုပ်ခလစာ၏ နှစ်ရာခိုင်နှုန်းထက်မများသော လစဉ်ထည့် ဝင်ကြေးဆိုင်ရာကိစ္စရပ်များ၊

(ဇ) ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာကိစ္စရပ်များ၊

(ဈ) ရန်ပုံငွေကို လစဉ်စစ်ဆေးခြင်းနှင့် နှစ်စဉ်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊

(ည) အလုပ်သမားများ၏ ဗဟုသုတ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ၊

(ဋ) အဖွဲ့အစည်းဝင်များ၏ အကျိုးကျေးဇူးခံစားနိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊

(ဌ) အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ၊ သပိတ်မှောက်ခြင်းဆိုင်ရာကိစ္စရပ်များ နှင့် အလုပ်သမားဥပဒေပါ အခွင့်အရေးများရရှိရန်အတွက် ညှိနှိုင်းဖြေရှင်းမှုဆိုင်ရာကိစ္စရပ်များ၊

(ဍ) အလုပ်သမားအဖွဲ့အစည်းများပူးပေါင်းခြင်း၊ ခွဲထွက်ခြင်းနှင့် အခြားအလုပ်သမားအဖွဲ့အစည်းများ နှင့် ပေါင်းစည်းဆက်သွယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊

(ဎ) အဖွဲ့အစည်းကို ဖျက်သိမ်းခြင်းဆိုင်ရာကိစ္စရပ်များ။

 

အခန်း(၄)

မှတ်ပုံတင်ခြင်း

၁၀။ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့မှတစ်ပါး အခြားအ လုပ်သမားအဖွဲ့အစည်းတစ်ခုခုသည် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် မြို့နယ်မှတ်ပုံ တင်အရာရှိထံ လျှောက်ထားရာတွင်-

(က)   အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာပုံစံ (၁)   ဖြင့်အချက်အလက်များ ပြည့်စုံစွာ ဖော်ပြ၍ ယင်းလျှောက်လွှာကို သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက လက်မှတ်ရေးထိုးတင်ပြရ မည်။

(ခ) လျှောက်လွှာတင်သွင်းသော အလုပ်သမားအဖွဲ့အစည်းသည် အခြေခံအလုပ်သမားအဖွဲ့အစည်းဖြစ် လျှင် ယင်းအဖွဲ့အစည်း၏လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစား၊ ယင်းလုပ်ငန်း သို့မဟုတ် လုပ် ဆောင်မှုတွင် ရှိသော အဖွဲ့အစည်းဝင်အရေအတွက်နှင့် အဖွဲ့အစည်းတည်ထောင်သည့် အလုပ်သမားများ ၏ အမည်စာရင်းများကို   အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များပုံစံ (၂)   ဖြင့် ပြည့်စုံစွာဖော်ပြ၍ ပူးတွဲတင်ပြရမည်။

(ဂ) လျှောက်လွှာတင်သွင်းသော အလုပ်သမားအဖွဲ့အစည်းသည် မြို့နယ်နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းများဖြစ်လျှင် အဖွဲ့အစည်း၏အမည်၊ ယင်းအလုပ်သမားအဖွဲ့အ စည်းအားထောက်ခံသော သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့် ထောက်ခံသည့်ရာခိုင် နှုန်း၊ ထောက်ခံသည့် အလုပ်သမားအဖွဲ့အစည်းအမည်နှင့် ထောက်ခံချက်တို့ကို   မြို့နယ်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များပုံစံ (၃)   ဖြင့် ပြည့် စုံစွာဖော်ပြ၍ ပူးတွဲတင်ပြရမည်။

(ဃ) အလုပ်သမားအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အတူ   ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင် အဖွဲ့ဝင်များက သဘောတူကြောင်း လက်မှတ်ရေးထိုးချက်ပုံစံ (၄)   ကို ပူးတွဲတင်ပြရမည်။

၁၁။ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့သည် အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် မှတ်ပုံတင်အရာရှိချုပ်ထံ လျှောက်ထားရာတွင်-

(က)   အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာပုံစံ (၁)   ဖြင့် အချက်အလက်များ ပြည့်စုံစွာ ဖော်ပြ၍ ယင်းလျှောက်လွှာကို သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက လက်မှတ်ရေးထိုးတင်ပြ ရမည်။

(ခ) အလုပ်သမားအဖွဲ့ချုပ်ဖြစ်လျှင် အဖွဲ့ချုပ်၏အမည်၊ ယင်းအားထောက်ခံသော တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့် အလုပ်သမားအဖွဲ့ချုပ် ဖွဲ့စည်းရန် ထောက်ခံ သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းအမည်နှင့် ထောက်ခံချက်တို့ကို အ လုပ်သမားအဖွဲ့ချုပ် ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များပုံစံ (၅-က) ဖြင့်လည်းကောင်း၊ မြန်မာနိုင် ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဖြစ်လျှင် အဖွဲ့အစည်းအမည်၊ ယင်းအားထောက်ခံသော အလုပ် သမားအဖွဲ့ချုပ်အရေအတွက်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဖွဲ့စည်းရန် ထောက်ခံ သည့် အလုပ်သမားအဖွဲ့ချုပ်များ၏အမည်နှင့် ထောက်ခံချက်တို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သ မားရေးရာအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ ပုံစံ (၅-ခ) ဖြင့်လည်းကောင်း ပြည့်စုံစွာဖော် ပြ၍ ပူးတွဲတင်ပြရမည်။

(ဂ) အလုပ်သမားအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အတူ   ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင် အဖွဲ့ဝင်များက သဘောတူကြောင်း လက်မှတ်ရေးထိုးချက်ပုံစံ (၄)   ကို ပူးတွဲတင်ပြရမည်။

၁၂။ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာကို လက်ခံရရှိသောမြို့နယ်မှတ်ပုံ တင်အရာရှိ သို့မဟုတ် မှတ်ပုံတင်အရာရှိချုပ်သည် လျှောက်လွှာတွင် ဖော်ပြရမည့်အချက်အလက်များ နှင့်ပူးတွဲပါရှိရမည့် အထောက်အထားများ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ပြီး ပြည့်စုံကြောင်း တွေ့ရှိပါက အလုပ် သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန်လျှောက်လွှာကို လက်ခံရရှိကြောင်း ပြေစာပုံစံ (၆) ထုတ်ပေး ရမည်။

၁၃။ အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများ၏ မှတ်ပုံ တင်ပေးရန် လျှောက်လွှာနှင့်စပ်လျဉ်း၍ မြို့နယ်မှတ်ပုံတင်အရာရှိသည် ယင်းလျှောက်လွှာပါ ဖော်ပြချက် များနှင့်ပူးတွဲပါ အထောက်အထားများ မှန်ကန်ခိုင်လုံခြင်း ရှိ၊ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး လိုအပ်ချက်များရှိပါက လုံလောက်သောအချိန်အတွင်း ထပ်မံဖြည့်ဆည်းတင်ပြစေ၍ လျှောက်လွှာကို မူလလက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း မိမိ၏သဘောထားနှင့်အတူ မှတ်ပုံတင်အရာရှိချုပ်ထံ တင်ပြရမည်။

၁၄။ မှတ်ပုံတင်အရာရှိချုပ်သည်-

(က) မြို့နယ်မှတ်ပုံတင်အရာရှိက တင်ပြသော အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာပါ ဖော်ပြချက်များနှင့် ပူးတွဲပါအထောက်အထားများ မှန်ကန်ခိုင်လုံခြင်း ရှိ၊ မရှိကို စိစစ်ပြီး ယင်းလျှောက်လွှာလက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ခြင်း သို့မဟုတ် အ ကြောင်းပြချက်ဖော်ပြ၍ ငြင်းပယ်ခြင်းပြုရမည်။

(ခ) အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့အဖြစ် မှတ်ပုံတင်ပေး ရန် တင်ပြသော လျှောက်လွှာပါ ဖော်ပြချက်များနှင့် ပူးတွဲပါ အထောက်အထားများ မှန်ကန်ခိုင်လုံခြင်း ရှိ၊ မရှိကိုစိစစ်ပြီး ယင်းလျှောက်လွှာလက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရန် ခွင့် ပြုခြင်း သို့မဟုတ် အကြောင်းပြချက်ဖော်ပြ၍ ငြင်းပယ်ခြင်းပြုရမည်။

၁၅။ မှတ်ပုံတင်အရာရှိချုပ်သည်-

(က) အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများ၏ မှတ်ပုံ တင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရန် ခွင့်ပြုပါက   အလုပ်သမားအဖွဲ့အစည်းအ ဖြစ်အသိအမှတ်ပြုလက်မှတ်ပုံစံ (၇)   တွင် လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာမြို့နယ်မှတ်ပုံတင်အရာရှိထံ ပေးပို့ရမည်။ မြို့နယ်မှတ်ပုံတင်အရာရှိသည် အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ် ကို မိမိလက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းသို့ ပေးပို့ရမည်။

(ခ) အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့များ၏ မှတ်ပုံတင်ပေး ရန်လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရန်ခွင့်ပြုပါက   အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအ မှတ်ပြုလက်မှတ်ပုံစံ (၇)   ကို မိမိလက်မှတ်ရေးထိုးသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ အလုပ် သမားအဖွဲ့အစည်းသို့ ပေးပို့ရမည်။

၁၆။ မှတ်ပုံတင်အရာရှိချုပ်သည်-

(က) အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများ၏ မှတ်ပုံ တင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ပေးရန် ငြင်းပယ်လျှင် ယင်းသို့ငြင်းပယ်သည့် အမိန့်ကို မြို့နယ်မှတ်ပုံတင်အရာရှိထံ ပေးပို့ရမည်။ မြို့နယ်မှတ်ပုံတင်အရာရှိသည် အဆိုပါငြင်းပယ်သည့် အမိန့်ကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း   မှတ်ပုံတင်ရန်ငြင်းပယ်ကြောင်း အကြောင်းကြားစာပုံစံ (၈)   ဖြင့် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းသို့ ပေးပို့ရမည်။

(ခ) အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့များ၏ မှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ပေးရန် ငြင်းပယ်လျှင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အ စည်းသို့   မှတ်ပုံတင်ရန် ငြင်းပယ်ကြောင်း အကြောင်းကြားစာပုံစံ (၉)   ကို မိမိလက်မှတ်ရေးထိုးသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းသို့ ပေးပို့ရမည်။

၁၇။ အလုပ်သမားအဖွဲ့အစည်းတစ်ခုသည် မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ခြင်းခံရ ပါကလိုအပ်သောအချက်များကို ပြုပြင်ဖြည့်စွက်ပြီး ဤနည်းဥပဒေများပါ မှတ်ပုံတင်ပေးရန် လျှောက် ထားသည့် သက်ဆိုင်ရာနည်းလမ်းအတိုင်း ထပ်မံလျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင်ပေးရန် ငြင်း ပယ်ကြောင်းအမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားခြင်းပြုနိုင်သည်။ မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ဒုတိယအကြိမ် ငြင်းပယ်ခြင်းခံရ ပါက ယင်းသို့မှတ်ပုံတင်ပေးရန် ငြင်းပယ်ကြောင်း အမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားနိုင်သည်။

၁၈။ မှတ်ပုံတင်ခွင့်ပြုသည့် အလုပ်သမားအဖွဲ့အစည်းများကို မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ကြေ ညာရမည်။

၁၉။ (က) မှတ်ပုံတင်ထားသော အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမား အဖွဲ့အစည်းများ၏ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို မိမိဆန္ဒအလျောက် ပယ် ဖျက်လိုသော သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့သည် မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင် အရာရှိချုပ်ထံလည်းကောင်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့များ၏ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို မိမိဆန္ဒအလျောက် ပယ်ဖျက်လို သော သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့သည် မှတ်ပုံတင်အရာရှိချုပ်ထံလည်းကောင်း အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် တင်ပြချက်ပုံစံ (၁၀) ဖြင့်ပေးပို့ရမည်။

(ခ) မှတ်ပုံတင်အရာရှိချုပ်သည် နည်းဥပဒေခွဲ (က) အရ တင်ပြချက်ကိုရရှိသည့်အခါ သက်ဆိုင်ရာအ လုပ်သမားအဖွဲ့အစည်းအား မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။

၂၀။ မှတ်ပုံတင်အရာရှိချုပ်သည်-

(က) မြို့နယ်မှတ်ပုံတင်အရာရှိ၏ စိစစ်တင်ပြချက်အရလည်းကောင်း၊ မိမိကိုယ်တိုင် ခိုင်လုံစွာသိရှိသဖြင့် လည်းကောင်း ဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအလုပ်သမားဦးရေ သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းဦးရေ ပြည့်မီမှုမရှိတော့ကြောင်း ပေါ်ပေါက်သည့် အလုပ်သမားအဖွဲ့အစည်းအား အလုပ်သ မားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်နိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) အရ မှတ်ပုံတင်ပယ်ဖျက်ခြင်းခံရသည့် အလုပ်သမားအဖွဲ့အစည်းသည် အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများဖြစ်လျှင် သက်ဆိုင်ရာ မြို့ နယ်မှတ်ပုံတင်အရာရှိက အဆိုပါပယ်ဖျက်သည့်အမိန့်ကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက် ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းသို့   မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားစာပုံစံ (၁၁)   ဖြင့် အကြောင်းကြားနိုင်ရေးအတွက် ဆောင်ရွက်ရမည်။

(ဂ) နည်းဥပဒေခွဲ (က) အရ မှတ်ပုံတင်ပယ်ဖျက်ခြင်းခံရသည့် အလုပ်သမားအဖွဲ့အစည်းသည် အလုပ် သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့များဖြစ်လျှင်   မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားစာပုံစံ (၁၁)   ဖြင့် အဆိုပါပယ်ဖျက်သည့် အမိန့်ကို လက်မှတ်ရေးထိုး သည့်နေ့ရက်မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းသို့ အကြောင်းကြားရမည်။

၂၁။ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ (က) အရ ပယ်ဖျက်ခြင်းခံရသော အလုပ်သမားအဖွဲ့အစည်းတစ်ခုသည် ဥပဒေအရ သတ်မှတ်ထားသော အနည်း ဆုံးအလုပ်သမားဦးရေ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဦးရေ ပြည့်မီသည့်အခါ ဤနည်းဥပဒေများ ပါမှတ်ပုံတင်ပေးရန် လျှောက်ထားသည့် သက်ဆိုင်ရာနည်းလမ်းအတိုင်း ထပ်မံလျှောက်ထားခြင်း သို့မ ဟုတ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်သည့် အမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ပြည် ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားခြင်းပြုနိုင်သည်။

 

အခန်း(၅)

အလုပ်သမားအဖွဲ့အစည်း၏ အခွင့်အရေးနှင့်တာဝန်များ

၂၂။ အလုပ်သမားအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲရာတွင်လည်း ကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်လည်းကောင်း ဤ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည်။

၂၃။ အလုပ်သမားအဖွဲ့အစည်းသည် အလုပ်သမားဥပဒေများနှင့်အညီ အလုပ်သမားများ၏ စုပေါင်းအ ရေးဆိုမှုများကို ဖြေရှင်းရာတွင် လုပ်ငန်းစည်းကမ်းချက်များကို အလုပ်ရှင်နှင့်ညှိနှိုင်းရန် မိမိ၏ကိုယ်စား လှယ်များကို သတ်မှတ်ပေးရမည်။ အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ရှိသူများသည် အလုပ်သမား များ၏ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းများ ဖွင့်လှစ်ပေး ပြီး အလုပ်သမားများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ရမည်။

၂၄။ အလုပ်သမားအဖွဲ့အစည်းသည် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အဖွဲ့အစည်းဝင်ရရှိ သော လုပ်ခ၊ လစာ၏ နှစ်ရာခိုင်နှုန်းထက်မများသော လစဉ်ထည့်ဝင်ကြေးဖြင့်လည်းကောင်း၊ အလုပ် သမားအဖွဲ့အစည်းများက တာဝန်ယူလုပ်ကိုင်သော ယဉ်ကျေးမှုနှင့်အားကစားလုပ်ငန်းများမှ ဝင်ငွေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာအလုပ်ရှင်၏ လှူဒါန်းငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ကူညီထောက်ပံ့ငွေဖြင့်လည်းကောင်း ရန်ပုံငွေတစ်ရပ်ကိုထူထောင်နိုင်သည်။ သို့ရာတွင် ထိုထောက်ပံ့ကူ ညီမှုကြောင့် အလုပ်သမားအဖွဲ့အစည်းအပေါ် အလုပ်ရှင် သို့မဟုတ် အစိုးရ၏လွှမ်းမိုးမှု မရှိစေရ။

၂၅။အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့သည် ပြည်ပအလုပ်သ မားအဖွဲ့ချုပ်များနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့တို့၏ ကူညီထောက်ပံ့မှုများကို ကြို တင်ခွင့်ပြုချက်ရယူရန်မလိုဘဲ လက်ခံနိုင်ပြီး ယင်းသို့လက်ခံရရှိသည့်အခါ မှတ်ပုံတင်အရာရှိချုပ်သို့ အ သိပေးရမည်။

၂၆။ ရန်ပုံငွေထူထောင်သုံးစွဲရာတွင်-

(က) အလုပ်သမားအဖွဲ့အစည်းများ၏ရန်ပုံငွေကို ယင်းတို့၏ ဖွဲ့စည်းပုံစည်းမျဉ်းများတွင် ဖော်ပြထား သောလူမှုသက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း စသည့် ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များအတွက် ရည်ရွယ်ခေါ်ယူကျင်းပသော အဆိုပါ အ လုပ်သမားအဖွဲ့အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်အများစုက အတည်ပြုချမှတ်ထားသည့် ကိစ္စရပ်များအတွက်သာ သုံးစွဲရမည်။

(ခ) သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့သည် မိမိအဖွဲ့အစည်း၏ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ် တစ်ခုခုတွင် ဘဏ်စာရင်းဖွင့်လှစ်ထားရှိရမည်။

(ဂ) တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များအား လိုက်နာရမည်။

၂၇။ အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများသည် ယင်း တို့၏ နှစ်ချုပ်ငွေစာရင်းနှင့် အဖွဲ့အစည်းဝင်အလုပ်သမားအင်အားစာရင်းချုပ်တို့ကို မြို့နယ်မှတ်ပုံတင် အရာရှိထံလည်းကောင်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ တို့ သည် ယင်းတို့၏ နှစ်ချုပ်ငွေစာရင်းနှင့် အဖွဲ့အစည်းအရေအတွက်စာရင်းချုပ်တို့ကို မှတ်ပုံတင်အရာရှိ ချုပ်ထံလည်းကောင်း သင့်လျော်သလိုပေးပို့ရမည်။ အလုပ်သမားအဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသောပေါင်းစည်းဆက်သွယ်ထားသည့် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆိုလျှင် ယင်း တို့၏နှစ်ချုပ်ငွေစာရင်းကို မှတ်ပုံတင်အရာရှိချုပ်က စစ်ဆေးစေနိုင်သည်။

၂၈။ အလုပ်သမားအဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ပူးပေါင်းခြင်းနှင့် ခွဲထွက်ခြင်းကိစ္စရပ်များကို သက်ဆိုင် ရာအလုပ်သမားအဖွဲ့အစည်းက မြို့နယ်မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည်။

၂၉။ အလုပ်အမှုဆောင်အဖွဲ့ဝင်များပြောင်းလဲခြင်း၊ ရုံးနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း သို့မဟုတ် ဖွဲ့စည်းပုံ စည်းမျဉ်းများပြောင်းလဲခြင်းကိစ္စရပ်များကို ပြုလုပ်လိုသော အခြေခံ၊ မြို့နယ်နှင့် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းတို့သည် မြို့နယ်မှတ်ပုံတင်အရာရှိထံလည်းကောင်း၊ အလုပ် သမားအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့သည်  မှတ်ပုံတင်အရာရှိချုပ်ထံ လည်းကောင်း သက်ဆိုင်ရာပြောင်းလဲမှုပြုလုပ်သည့်နေ့ရက်မှ ငါးရက်အတွင်း အကြောင်းကြားရမည်။

 

အခန်း(၆)

အလုပ်ရှင်အဖွဲ့အစည်းများ

၃၀။ အလုပ်ရှင်များသည် အလုပ်ရှင်အဖွဲ့အစည်းများကို ဥပဒေအရ အပြိုင်ဖွဲ့စည်းနိုင်သည်။

၃၁။ (က) အလုပ်ရှင်အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် ဥပဒေပါ အလုပ်ရှင်ဆိုသောစကားရပ်၌ ၁၀ ဧက အထက် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်း ရွက်ပန်းမန်စိုက်ပျိုးသည့်မြေ၊ ခြံမြေ၊ မြေနုကျွန်းတို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို လည်းကောင်း၊ ပြက္ခဒိန် နှစ်တစ်နှစ်အတွင်း တစ်နှစ်ပတ်လုံး အလုပ်သမားနှစ်ဦးနှင့်အထက် ငှားရမ်းလုပ်ကိုင်သည့် မွေးမြူရေး လုပ်ငန်းကိုလည်းကောင်း၊ ဖော်ပြပါ လုပ်ငန်းပမာဏတစ်ခုခုနှင့် ကိုက်ညီသော စိုက်ပျိုးရေးလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းတို့ကို တွဲဖက်၍ လည်းကောင်း လုပ်ကိုင်သူတို့အကျုံးဝင်သည်။

(ခ) အလုပ်ရှင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် မှတ်ပုံတင်ခြင်းများပြုရာတွင် ဤနည်းဥပဒေများပါ ပြ ဋ္ဌာန်းချက်တို့သည် ဆီလျော်သမျှ သက်ဆိုင်စေရမည်။

 

အခန်း(၇)

အလုပ်သမားအဖွဲ့အစည်းများ၏ အလံ၊ ဆိုင်းဘုတ်၊ ကိုယ်ပိုင်တံဆိပ်၊ ရုံးလုပ်ငန်းနှင့် အစည်းအဝေးကျင်းပခြင်းဆိုင်ရာသတ်မှတ်ချက်များ

၃၂။ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့၏ အလံနှင့်ဆိုင်းဘုတ် သည် အလျား ၆ ပေ၊ အနံ ၃ ပေထက်မပိုစေရ။

၃၃။ အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်ပိုင်တံဆိပ်ကို အောက်ပါနမူနာပုံစံအတိုင်း ထားရှိရမည်-

 

(က) ကိုယ်ပိုင်တံဆိပ်သည် အချင်း ၂ လက်မရှိသော စက်ဝိုင်းပုံဖြစ်၍ ထုမှာ ၀.၀၄ လက်မရှိရမည်။

(ခ) ယင်းစက်ဝိုင်းအတွင်းတွင် အချင်း ၁.၂၅ လက်မရှိစက်ဝိုင်း ရှိရမည်။

(ဂ) စက်ဝိုင်း၏တစ်ဖက်တစ်ချက်တွင် ငါးထောင့်ကြယ်တစ်လုံးစီ ရှိရမည်။

(ဃ) အချင်းမျဉ်း၏အပေါ်နှင့်အောက်တွင် အမှတ်စဉ်နှင့် ရက်စွဲစာတန်း ရှိရမည်။

(င) အချင်းမျဉ်း၏အပေါ်ဘက်ခြမ်း စက်ဝန်းအတွင်းတွင် ---------------------- အခြေခံ/ မြို့နယ်/ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်း/ -------------------- အလုပ်သမားအဖွဲ့ချုပ်/ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူသောစာသား ရှိရမည်။

(စ) အချင်းမျဉ်း၏အောက်ဘက်ခြမ်း စက်ဝန်းအတွင်းတွင် ------------------ စက်ရုံ/ အလုပ်ရုံ/ အလုပ် ဌာန၊ ----------------- ရပ်ကွက်/ ------------------- မြို့နယ်/ ------------------------- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အမည်ရှိရမည်။

၃၄။ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ အစည်းအဝေးများကို အလုပ်တာ ဝန်၏ ပြင်ပအချိန်များ၌ ကျင်းပနိုင်သည်။ သို့ရာတွင် အလုပ်ရှင်၏ သဘောတူညီချက်အရ အဆိုပါ အ စည်းအဝေးများကို အလုပ်ချိန်အတွင်း၌လည်း ကျင်းပနိုင်သည်။

၃၅။ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ အစည်းအဝေးများကို စက်ရုံ၊ အ လုပ်ရုံ၊ အလုပ်ဌာနအတွင်း ပြုလုပ်လိုပါက အလုပ်ရှင်၏ခွင့်ပြုချက် ရယူရမည်။

၃၆။ အလုပ်သမားကိုယ်စားလှယ်များသည် လုပ်ငန်းဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့်အလုပ်သမားနှစ် ဖက်သဘောတူသော အခြေအနေနှင့် အတိုင်းအတာအတွင်း လိုအပ်သော သတင်းအချက်အလက်များ နှင့်အထောက်အကူပြုပစ္စည်းများကို အလုပ်ရှင်၏စီမံခန့်ခွဲရေးအပိုင်းမှ ရယူအသုံးပြုနိုင်သည်။

၃၇။ အခြေခံနှင့် မြို့နယ်အလုပ်သမားအဖွဲ့အစည်းများသည် ရုံးစာကို လက်ရေးဖြင့် ရေးသားတင်ပြနိုင် သည်။

၃၈။ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် အလုပ်ရှင်၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာ အလုပ် သမားအဖွဲ့အစည်းအတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်သည်။ ထိုသို့ အချိန်ပြည့်တာဝန်ထမ်း ဆောင်သောကာလအတွက် လုပ်ခလစာပေးရန် အလုပ်ရှင်၌ တာဝန်မရှိစေရ။ သို့ရာတွင် အလုပ်ရှင်က ထောက်ပံ့ပေးနိုင်ရန် ညှိနှိုင်းနိုင်သည်။

 

အခန်း(၈)

အထွေထွေ

၃၉။ အလုပ်သမားအဖွဲ့အစည်းသည် ယင်းတို့၏အဖွဲ့ဝင်အင်အားစာရင်း၊ အဖွဲ့ပိုင်ပစ္စည်းစာရင်းနှင့် ငွေ စာရင်းကို နှစ်စဉ်ပုံမှန်စစ်ဆေးရာတွင် စာရင်းစစ်ဆေးပိုင်ခွင့်ရှိသော အသိအမှတ်ပြုလက်မှတ်ရပုဂ္ဂိုလ် သို့မဟုတ် ယင်းပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးရမည်။

၄၀။ မှတ်ပုံတင်အရာရှိချုပ်ရုံးနှင့် မြို့နယ်မှတ်ပုံတင်အရာရှိရုံးများတွင် အလုပ်သမားအဖွဲ့အစည်းတစ်ဖွဲ့ ချင်းမှတ်တမ်းပုံစံ (၁၂) ကို ထားရှိရမည်။

၄၁။ အလုပ်ရှင်သည် အလုပ်ပိတ်ခြင်းပြုမည့်အကြောင်းကို သက်ဆိုင်ရာအလုပ်သမားများသို့လည်း ကောင်း၊ သက်ဆိုင်ရာမြို့နယ်အလုပ်သမားအဖွဲ့အစည်းသို့လည်းကောင်း၊ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့သို့လည်းကောင်း အလုပ်ပိတ်မည့်ရက်မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြိုတင်၍ အလုပ်ပိတ်မည် ဖြစ်ကြောင်းကြိုတင်အကြောင်းကြားစာ ပုံစံ(၁၃) ဖြင့် အကြောင်းကြားရမည်။ သို့ရာတွင် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ အလုပ်ပိတ်ခြင်းပြုရမည်။

၄၂။ အလုပ်သမားအဖွဲ့အစည်းသည် သက်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏ခွင့်ပြုချက်ဖြင့် သပိတ်မှောက် ခြင်းပြုမည့်အကြောင်းကို အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါက သပိတ်မှောက်မည့်ရက် မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြိုတင်၍လည်းကောင်း၊ အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သောလုပ်ငန်းဖြစ်ပါက သပိတ်မှောက်မည့်ရက်မတိုင်မီ အနည်းဆုံး သုံးရက်ကြိုတင်၍ လည်းကောင်း သပိတ်မှောက်မည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားစာ ပုံစံ (၁၄) ဖြင့် သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များသို့ အကြောင်းကြားရမည်။

၄၃။ (က) အလုပ်သမားဝန်ကြီးဌာနသည် မှတ်ပုံတင်အရာရှိချုပ် ခန့်ထားနိုင်ရန် နိုင်ငံတော်သမ္မတသို့ အ မည်စာရင်းတင်ပြဆောင်ရွက်ရမည်။

(ခ) မှတ်ပုံတင်အရာရှိချုပ်သည် မြို့နယ်မှတ်ပုံတင်အရာရှိများ ခန့်ထားနိုင်ရန် ဆောင်ရွက်ရမည်။

 

(ပုံ) အောင်ကြည်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

အလုပ်သမားဝန်ကြီးဌာန။

 

----- Attachment -----

[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 ပုံစံ (၁)အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန် လျှောက်လွှာ{နည်းဥပဒေ ၁၀ (က) နှင့် ၁၁(က)}

[ ပူးတွဲဖော်ပြသော စာရင်း 2 ] 02 ပုံစံ (၂)အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များ{နည်းဥပဒေ ၁၀ (ခ) }

[ ပူးတွဲဖော်ပြသော စာရင်း 3 ] 03 ပုံစံ (၃)မြို့နယ်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ{နည်းဥပဒေ ၁၀ (ဂ)}

[ ပူးတွဲဖော်ပြသော စာရင်း 4 ] 04 ပုံစံ (၄)ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်းလက်မှတ်ရေးထိုးချက်ပုံစံ {နည်းဥပဒေ ၁၀(ဃ) နှင့် ၁၁(ဂ) }

[ ပူးတွဲဖော်ပြသော စာရင်း 5 ] 05 ပုံစံ (၅-က)အလုပ်သမားအဖွဲ့ချုပ် ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များ{နည်းဥပဒေ ၁၁(ခ)}

[ ပူးတွဲဖော်ပြသော စာရင်း 6 ] 06 ပုံစံ (၅-ခ)မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ{နည်းဥပဒေ ၁၁(ခ)}

[ ပူးတွဲဖော်ပြသော စာရင်း 7 ] 07 ပုံစံ (၆)အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာကို လက်ခံရရှိကြောင်းပြေစာ {နည်းဥပဒေ ၁၂}

[ ပူးတွဲဖော်ပြသော စာရင်း 8 ] 08 ပုံစံ (၇)အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်{နည်းဥပဒေ ၁၅(က) နှင့် (ခ) }

[ ပူးတွဲဖော်ပြသော စာရင်း 9 ] 09 ပုံစံ (၈)မှတ်ပုံတင်ရန်ငြင်းပယ်ကြောင်း အကြောင်းကြားစာ{နည်းဥပဒေ ၁၆(က) }

[ ပူးတွဲဖော်ပြသော စာရင်း 10 ] 10 ပုံစံ (၉)မှတ်ပုံတင်ရန် ငြင်းပယ်ကြောင်း အကြောင်းကြားစာ{နည်းဥပဒေ ၁၆(ခ)}

[ ပူးတွဲဖော်ပြသော စာရင်း 11 ] 11 ပုံစံ (၁၀)အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပေးရန် တင်ပြချက်{နည်းဥပဒေ ၁၉(က)}

[ ပူးတွဲဖော်ပြသော စာရင်း 12 ] 12 ပုံစံ(၁၁)မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားစာ{နည်းဥပဒေ ၂၀(ခ) နှင့် (ဂ)}

[ ပူးတွဲဖော်ပြသော စာရင်း 13 ] 13 ပုံစံ (၁၂)အလုပ်သမားအဖွဲ့အစည်း တစ်ဖွဲ့ချင်းမှတ်တမ်း(မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင်အရာရှိချုပ်ရုံးတွင် ထိန်းသိမ်းရန်){နည်းဥပဒေ ၄၀}

[ ပူးတွဲဖော်ပြသော စာရင်း 14 ] 14 ပုံစံ (၁၃)အလုပ်ပိတ်မည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားစာ{နည်းဥပဒေ ၄၁}

[ ပူးတွဲဖော်ပြသော စာရင်း 15 ] 15 ပုံစံ (၁၄)သပိတ်မှောက်မည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားစာ{နည်းဥပဒေ ၄၂}