LAW

ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ

CoverLogo
1K Views

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ ၃/၉၉)

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်)

(၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည်။

 

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) ပြည်ပအလုပ်အကိုင် ဆိုသည်မှာ အောက်ပါ အလုပ်အကိုင်များမှအပ ကာလအကန့်အသတ်ဖြင့် ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းတစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ပရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ယင်းအဖွဲ့များ၏ လက်အောက်ခံအဖွဲ့အစည်းများတွင် ပုဂ္ဂလိက အနေဖြင့် သွားရောက်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းလည်း ပါဝင်သည်-

(၁) ပင်လယ်ကူးသင်္ဘောသားအလုပ်အကိုင်၊

(၂) အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက တာဝန်ပေးချက်အရ အစိုးရဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ က ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့်အလုပ်အကိုင်။

(ခ) အလုပ်သမား ဆိုသည်မှာ ပြည်ပအလုပ်အကိုင်တစ်ခုခုကို လုပ်ခဖြင့် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား၊ လုပ်ကိုင်ရန် ခန့်ထားခြင်းခံရသည့် အလုပ်သမားနှင့် အလုပ်သင်အဖြစ် ခန့်ထားခြင်းခံရ သော သူတို့ကို ဆိုသည်။

(ဂ) အကျိုးဆောင် ဆိုသည်မှာ ပြည်ပအလုပ်အကိုင် ရှာဖွေသူများ အလုပ်ရရှိရေးအတွက် သတ်မှတ်သည့် ဝန်ဆောင်ခရယူ၍ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဃ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေပုဒ်မ ၄ အရ ဖွဲ့စည်းသော ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဗဟိုကော်မတီကို ဆိုသည်။

(င) ကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေပုဒ်မ ၇ အရ ဖွဲ့စည်းသော ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဆိုသည်။

(စ) ဦးစီးဌာန ဆိုသည်မှာ အလုပ်သမား ဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနကို ဆိုသည်။

 

အခန်း (၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏လူ့စွမ်းအားကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရန်၊

(ခ) ပြည်ပအလုပ်အကိုင် ရှာဖွေသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရန်၊

(ဂ) အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်စေရန်၊

(ဃ) ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ၊ အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည်အသုံးချဆောင်ရွက်ခွင့် ရရှိနိုင်ရန်။

 

အခန်း (၃)

ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၄။ အလုပ်သမားဝန်ကြီးဌာနသည်-

(က) အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါပုဂ္ဂိုလ်များပါဝင်သော ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်-

 

(၁)

ဝန်ကြီး အလုပ်သမားဝန်ကြီးဌာန

….

ဥက္ကဋ္ဌ

(၂)

ဒုတိယဝန်ကြီး အလုပ်သမားဝန်ကြီးဌာန

….

ဒုတိယဥက္ကဋ္ဌ

(၃)

သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ

 

အဖွဲ့ဝင်များ

(၄)

အလုပ်သမားရေးရာနှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ အကြီး အကဲ များ

 

အဖွဲ့ဝင်များ

(၅)

အလုပ်သမားရေးရာနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များ

 

အဖွဲ့ဝင်များ

(၆)

သင့်လျော်သည့်နိုင်ငံသားများ

 

အဖွဲ့ဝင်များ

(၇)

ညွှန်ကြားရေးမှူးချုပ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန

….

အတွင်းရေးမှူး

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ အစိုးရဝန်ထမ်းမဟုတ်သော ဗဟိုကော်မတီအဖွဲ့ဝင်သည် အလုပ်သမားဝန်ကြီးဌာနကသတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၆။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်၏ လူ့စွမ်းအားကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ပြည်ပ အလုပ်အကိုင် ဆိုင်ရာမူဝါဒချမှတ်ခြင်း၊

(ခ) ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ အလုပ်လုပ်ကိုင်ခွင့်ပြုရေးတို့နှင့် ချမှတ်ထားသော မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(ဂ) အလုပ်သမားများ၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိခံစားနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊

(ဃ) ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ၊ အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည်အသုံးချနိုင်ရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊

(င) ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ခွင့်မရှိသော ပြည်ပနိုင်ငံများ၊ လုပ်ငန်းအဖွဲ့အစည်း အမျိုးအမည်များနှင့် လုပ်ငန်းအမျိုးအစားများကို သတ်မှတ်ကြေညာခြင်း၊

(စ) အကျိုးဆောင်လိုင်စင်ထုတ်ပေးခြင်း၊ အကျိုးဆောင်လိုင်စင် ပယ်ဖျက်ခြင်းနှင့်အကျိုးဆောင် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊

(ဆ) ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ဝန်ဆောင်မှုအတွက် ဦးစီးဌာနကကောက်ခံခွင့်ရှိသည့် ဝန်ဆောင်ခနှင့်အကျိုးဆောင်က ရထိုက်ခွင့်ရှိသည့် ဝန်ဆောင်ခ သတ်မှတ်ခြင်း၊

(ဇ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။

 

အခန်း (၄)

ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၇။ အလုပ်သမားဝန်ကြီးဌာနသည်-

(က) ပြည်ပအလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းများ စနစ်တကျဖြစ်စေခြင်းငှာ ကြီးကြပ်ကွပ်ကဲရန် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ပြင်ပအလုပ်သမားရေးရာနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် အတွင်ရေးမှူးတို့ကို သတ်မှတ်နိုင် သည်။

(ဂ) ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

(ဃ) အစိုးရဝန်ထမ်း မဟုတ်သော ကြီးကြပ်ရေးအဖွဲ့ဝင်ခံစားရမည့် ချီးမြှင့်ငွေကို သတ်မှတ်နိုင်သည်။

၈။ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပြည်ပအလုပ်အကိုင်နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီက ချမှတ်သော မူဝါဒနှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊

(ခ) ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်လုပ်ကိုင်ခွင့်နှင့် အခွင့်အရေးများရရှိရေး၊ လုပ်ငန်းခွင် နစ်နာကြေးများ ရရှိ ခံစားရေးတို့နှင့် စပ်လျဉ်း၍ အခက်အခဲများမရှိစေရန် ပြည်တွင်းပြည်ပ ရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

(ဂ) ဦးစီးဌာနက ပြည်ပအလုပ်အကိုင်အတွက် တာဝန်ယူစီစဉ်ပေးသော အလုပ်သမားများ စုဆောင်းခြင်း၊ ရွေးချယ်ပေးခြင်းနှင့် ယင်းအလုပ်သမားများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အစိုးရ ဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ၏ အကူအညီကို ရယူ၍ လေ့ကျင့်ပညာပေးခြင်း၊

(ဃ) အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အကျိုးဆောင်လုပ်ငန်း တစ်ခုခုကဖြစ်စေ ဖွင့်လှစ်ဆောင်ရွက်သော ပြည်ပအလုပ်အကိုင်နှင့်စပ်လျဉ်းသည့် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လိုအပ်ပါက ဦးစီးဌာန၏ အစီအစဉ်ဖြင့် ယင်းသင်တန်းများကို ဖွင့်လှစ်ခြင်း၊

(င) အကျိုးဆောင်လိုင်စင်လျှောက်ထားခြင်း၊ အကျိုးဆောင်လိုင်စင် ပယ်ဖျက်ခြင်း၊ အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊

(စ) အကျိုးဆောင်လုပ်ငန်းများစစ်ဆေးရေးကိစ္စနှင့်ပြည်ပသို့ထွက်ခွာမည့် အလုပ်သမားများအား စစ်ဆေးရေးကိစ္စများအတွက် လိုအပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်များကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များသတ်မှတ်ပေးခြင်း၊

(ဆ) အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင် သွားရောက် လုပ်ကိုင်ခြင်း မပြုနိုင်စေရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊

(ဇ) အလုပ်သမားများ ပြည်ပသို့ထွက်ခွာခွင့်ကိစ္စ၊ ပြည်ဝင်ခွင့်ဗီဇာကိစ္စများ လွယ်ကူအဆင်ပြေမှုရှိစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဈ) အလုပ်သမားများအား ပြည်ပသို့ မထွက်ခွာမီ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်၏ စစ်ဆေး တွေ့ရှိချက်အရ ပြည်ပသို့ ထွက်ခွာရန် မသင့်ကြောင်း တွေ့ရှိပါက ပိတ်ပင်ခြင်း၊

(ည) ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့်အသိပညာများ၊ အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည်အသုံးချခွင့် ရရှိစေရေးအတွက် ပံ့ပိုးကူညီခြင်း၊

(ဋ) ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရရှိသော သတင်းအချက်အလက်များကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် အကျိုးဆောင်များအား အသိပေးခြင်း၊

(ဌ) ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခ ကောက်ခံမှုကို ကြီးကြပ်ခြင်း၊

(ဍ) အလုပ်သမား ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက် ခြင်း။

 

အခန်း (၅)

မှတ်ပုံတင်ခြင်း

၉။ (က) ပြည်ပအလုပ်အကိုင်ရှာဖွေသူသည် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစားတစ်ခုခုကို ရှာဖွေခြင်း ဖြစ်ပါက ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။

(ခ)  ဦးစီးဌာနသည် ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် မှတ်ပုံတင်ထားသူအား ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ အကျိုးဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးရမည်။

(ဂ) ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် မှတ်ပုံတင်ထားသူသည် ပြည်ပအလုပ်အကိုင်ကို လုပ်ကိုင်ခွင့် ရရှိပါက ဦးစီးဌာနတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ရမည်။

၁၀။ ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစားမဟုတ်သည့် အလုပ်အကိုင်တစ်ခုခုကို လုပ်ကိုင်ခွင့်ရရှိသူသည် ဦးစီးဌာနတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ရမည်။

၁၁။ ဤဥပဒေ အာဏာမတည်မီက ပြည်ပအလုပ်အကိုင် တစ်ခုခုကို လုပ်ကိုင်လျက်ရှိသူသည် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိပြီး ပြည်ပအလုပ်အကိုင်တစ်ခုခုကို ဆက်လက်လုပ်ကိုင်ပါက သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ရမည်။

၁၂။ ဦးစီးဌာနသည်-

(က) ပြည်ပအလုပ်အကိုင် ရှာဖွေသူမှတ်ပုံတင် စာအုပ်ကိုလည်းကောင်း၊ အလုပ်သမားမှတ်ပုံတင် စာအုပ်ကိုလည်းကောင်း သီးခြားဖွင့်၍ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ပေးရမည်။

(ခ) အလုပ်သမားအား ပြည်ပသို့ မထွက်ခွာမီ မှတ်ပုံတင်ပေးပြီးကြောင်း အထောက်အထားသက်သေခံ လက်မှတ်ထုတ်ပေးရမည်။

 

အခန်း (၆)

အကျိုးဆောင်လိုင်စင်

၁၃။ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်လိုသူသည် အကျိုးဆောင်လိုင်စင်ထုတ်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

၁၄။ ဦးစီးဌာနသည်-

(က) အကျိုးဆောင်လိုင်စင် လျှောက်ထားချက်ကို စိစစ်ပြီး ကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင်လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် အကျိုးဆောင်လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ) အကျိုးဆောင်လိုင်စင် ထုတ်ပေးခြင်းမပြုမီ သတ်မှတ်ထားသော အကျိုးဆောင်လိုင်စင်ခကို ပေးသွင်းစေပြီး စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။

(ဂ) အကျိုးဆောင်လိုင်စင် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးရန်အလို့ငှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် အရာရှိတစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးအပ်နိုင်သည်။

၁၅။ အကျိုးဆောင်လိုင်စင်ရရှိသူက အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိလျှင် ဦးစီးဌာနသည် ကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင်လိုင်စင်ပယ်ဖျက်ခြင်း သို့မဟုတ် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းပြုနိုင်သည်-

(က) အကျိုးဆောင်လိုင်စင် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊

(ခ) အကျိုးဆောင်က အလုပ်အကိုင်ရှာဖွေသူအတွက်ဖြစ်စေ၊ အလုပ်သမားအတွက်ဖြစ်စေ ဆောင်ရွက် ပေးရန်တာဝန်ယူထားသည့်အတိုင်း မဆောင်ရွက်ခြင်း၊

(ဂ) ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အကျိုးဆောင်လိုင်စင်ကို လွှဲပြောင်းလုပ်ကိုင်စေခြင်း၊

(ဃ) သတ်မှတ်ထားသည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံခြင်း၊

(င) ပြည်ပ အလုပ်အကိုင်ဆိုင်ရာ စာရင်းများနှင့် အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ ပေးပို့ရန် ပျက်ကွက်ခြင်း။

၁၆။ ကြီးကြပ်ရေးအဖွဲ့သည် အကျိုးဆောင်လိုင်စင် ပယ်ဖျက်ရန် သို့မဟုတ် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းရန် ကိစ္စနှင့်စပ်လျည်း၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးရန်အလို့ငှာ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် အရာရှိတစ်ဦးဦးကို ဖြစ်စေ တာဝန်ပေးနိုင်သည်။

၁၇။ အလုပ်သမားဝန်ကြီးဌာနသည် အကျိုးဆောင်လိုင်စင်သက်တမ်း၊ လိုင်စင်ကြေး၊ ရက်လွန်ကြေး၊ ဒဏ်ကြေးနှင့် အာမခံကြေးများကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားရမည်။

 

အခန်း (၇)

အယူခံခြင်း

၁၈။ အောက်ပါအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သောနေ့မှ ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးထံ အယူခံနိုင်သည်-

(က) ဦးစီးဌာနက ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင်လိုင်စင် ထုတ်ပေး ကြောင်း၊ ငြင်းပယ်ကြောင်း ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်၊

(ခ) ကြီးကြပ်ရေးအဖွဲ့က အကျိုးဆောင်လိုင်စင် ပယ်ဖျက်ကြောင်း သို့မဟုတ် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းကြောင်း သို့မဟုတ် အလုပ်သမားအား ပြည်ပသို့ ထွက်ခွာခွင့်ကို ပိတ်ပင်ကြောင်း ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်။

၁၉။ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

 

အခန်း (၈)

အလုပ်သမားများ၏ တာဝန်နှင့် အခွင့်အရေးများ

၂၀။ အလုပ်သမားသည် ပြည်ပသို့ မထွက်ခွာမီ-

(က) ကြီးကြပ်ရေးအဖွဲ့က စီစဉ်ညွှန်ကြားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုကို ခံယူပြီး ကျန်းမာ ကြောင်း ထောက်ခံချက်လက်မှတ် ရယူထားရမည်။

(ခ) မှတ်ပုံတင်ပြီးကြောင်း ဦးစီးဌာနက ထုတ်ပေးသော အထောက်အထား သက်သေခံလက်မှတ် ရရှိပြီး ဖြစ်ရမည်။

၂၁။ မှတ်ပုံတင်ပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ် ထူးခြားသည့်အလုပ်အကိုင် အခြေအနေကို သက်ဆိုင်ရာအကျိုးဆောင်သို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည်။ အကျိုးဆောင်နှင့်ဆက်သွယ်၍ သွားရောက်လုပ်ကိုင်ခဲ့ခြင်း မဟုတ်ပါက သက်ဆိုင်ရာ မြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည်။ အဆိုပါ ရုံးများမရှိလျှင် ဦးစီးဌာနသို့ သတင်းပို့ရမည်။

၂၂။ အလုပ်သမားသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် လက်ရှိလုပ်ကိုင်လျက်ရှိသော ပြည်ပ အလုပ်အကိုင်မဟုတ်ဘဲ အခြားပြည်ပအလုပ်အကိုင်တစ်ခုခုကို လုပ်ကိုင်ရန်အတွက် ပြည်ပသို့ထွက်ခွာ မည်ဆိုလျှင် ပုဒ်မ ၂၀ နှင့်အညီ ဆောင်ရွက်ပြီးမှသာ ပြည်ပသို့ ထွက်ခွာရမည်။

၂၃။ အလုပ်သမားသည်ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခကို ဦးစီးဌာနသို့ဖြစ်စေ၊ အကျိုးဆောင်သို့ဖြစ်စေ ပေးရမည်။

၂၄။ အလုပ်သမားသည်-

(က) ပြည်ပတွင် အလုပ်ခွင်ထိခိုက်မှုအတွက် ရထိုက်ခွင့်ရှိသည့် လျော်ကြေး၊ နစ်နာကြေး အပြည့်အဝ ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အကျိုးဆောင်မှ တစ်ဆင့် တောင်းဆိုခွင့်ရှိသည်။

(ခ) ပြည်ပအလုပ်အကိုင်နှင့် စပ်လျဉ်း၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။

 

အခန်း (၉)

အကျိုးဆောင်လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ

၂၅။ အကျိုးဆောင်လိုင်စင်ရရှိသူသည်-

(က) အကျိုးဆောင်လိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်။

(ခ) အကျိုးဆောင်လိုင်စင်ကြေးများကို သတ်မှတ်ချက်နှင့်အညီ ပေးဆောင်ရမည်။

(ဂ) စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက်ပေးရမည်။

(ဃ) အလုပ်သမား၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်ပလုပ်ငန်းရှင်နှင့် ဆက်သွယ်၍ ယင်းရပိုင်ခွင့်နှင့် အခွင့်အရေးများ အပြည့်အဝ ရရှိခံစား နိုင်ရေး အတွက် တာဝန်ယူ ဆောင်ရွက်ရမည်။

(င) ကြီးကြပ်ရေးအဖွဲ့က ဖြစ်စေ၊ ဦးစီးဌာနကဖြစ်စေ တာဝန်ပေးအပ်သော စုံစမ်းစစ်းဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိတစ်ဦးဦး၏ စစ်ဆေးမှုကို ခံယူရမည်။

(စ) ပြည်ပအလုပ်အကိုင်နှင့် စပ်လျဉ်၍ စာရင်းများနှင့် အချက်အလက်များကို သတ်မှတ်ချက်များ နှင့်အညီ ဦးစီးဌာနသို့ ပေးပို့ရမည်။

(ဆ) လုပ်ငန်းရုံးနေရာ ပြောင်းလဲလျှင်ဖြစ်စေ၊ မိမိက တာဝန်လွှဲအပ်ထားသော စီမံအုပ်ချုပ်သူ ပြောင်းလဲလျှင်ဖြစ်စေ ထိုသို့ ပြောင်းလဲကြောင်းကို ဦးစီးဌာနသို့ စာဖြင့် အကြောင်းကြားရမည်။

(ဇ) ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရရှိရေးအတွက် ဆောင်ရွက်ရမည်။

(ဈ) အလုပ်သမားများအား လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိစေရန် ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ကိုယ်ပိုင်သင်တန်းများ ပေးခွင့်ရှိသည်။ လိုအပ်ပါက ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

(ည) ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြား ချက်များကို လိုက်နာရမည်။

(ဋ) ပြည်ပအလုပ်အကိုင် ရှာဖွေပေးသည့်အတွက် ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခကို အလုပ်သမားထံမှ တောင်းခံခွင့်ရှိသည်။

(ဌ) ပြည်ပအလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများအား အကြံဉာဏ်ပေးခွင့်ရှိသည်။

 

အခန်း (၁၀)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၂၆။ မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၇။ အကျိုးဆောင်လိုင်စင်ရရှိသူ မည်သူမဆို ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်သည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံရယူကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၈။ အကျိုးဆောင်လိုင်စင်ရရှိသူ မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အကျိုးဆောင်လိုင်စင်ကို လွှဲပြောင်းလုပ်ကိုင်စေကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၉။ အကျိုးဆောင်လိုင်စင်ရရှိသူ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့် သို့မဟုတ် ညွှန်ကြားချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀၀၀အထိ ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

အခန်း  (၁၁)

အထွေထွေ

၃၀။ (က) ယခင် ကုန်သွယ်ရေးဝန်ကြီးဌာနက ၁၉၄၇ ခုနှစ်၊ သွင်းကုန် ထုတ်ကုန် ကြီးကြပ်ရေး(ယာယီ) အက်ဥပဒေ ပုဒ်မ ၃ အရ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးအကျိုးဆောင်များ မှတ်ပုံတင်ခြင်းအမိန့် ( အမိန့်အမှတ် ၂/၈၉) အရ ပြည်ပအလုပ်အကိုင် စီးပွားရေးအကျိုးဆောင် လုပ်ငန်းအတွက်ထုတ်ပေးထားသည့် လုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ်သည် ဤဥပဒေအာဏာ တည်သည့်နေ့တွင် ပျက်ပြယ်စေရမည်။

(ခ) ပုဒ်မခွဲ (က) အရ ပျက်ပြယ်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် ပြည်ပ အလုပ်အကိုင်အတွက် အကျိုးဆောင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက ဤဥပဒေ ပြဋ္ဌာန်းသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဤဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျိုးဆောင်လိုင်စင် လျှောက်ထား ရမည်။

၃၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်-

(က) အလုပ်သမားဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) အလုပ်သမား ဝန်ကြီးဌာန၊ဗဟိုကော်မတီနှင့် ဦးစီးဌာနတို့သည် လိုအပ်သော အမိန့်၊ အမိန့် ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

 

(ပုံ) သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ