NEWS

အလုပ်သမားသပိတ်တစ်ခုအောင်မြင်ဖို့ ဘာလုပ်ရမလဲ

CoverLogo
92 Views
 
ပထမ ဦးဆုံးအနေနဲ့ လက်ရှိသပိတ်မှောက်နေကြတဲ့ အလုပ်သမား ညီအစ်ကိုမောင်နှမတွေကို အားပေးထောက်ခံကြောင်းနဲ့ သပိတ်တိုက်ပွဲအောင်မြင်ရေး ကူညီနိုင်တဲ့ဘက်ကနေ ဝန်းရံကူညီပါမယ်ဆိုတာကို အသိပေးလိုပါတယ်။
 
အလုပ်သမား သပိတ်တစ်ခု အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို သပိတ်ကာလအတွင်း အလုပ်သမား-အလုပ်ရှင် စာချုပ်ချုပ်ဆို နိုင်ခြင်း ရှိမရှိဆိုတာရယ်၊ သပိတ်ပြီးသွားတဲ့နောက် စာချုပ်ပါအချက်အလက်တွေကို အလုပ်ရှင်ဘက်က လိုက်နာ ဆောင်ရွက်ခြင်းရှိမရှိ ဆိုတာရယ်၊ သပိတ်ကာလအတွင်း နဲ့ သပိတ်အောင်မြင်ပြီး စည်းရုံးစုဖွဲ့နိုင်မှုတို့နဲ့ တိုင်းတာရမှာဖြစ်ပါတယ်။
 
အရေးကြီးဆုံးအချက်က ယခုလိုကာလမှာ တောင်းဆိုချက်စာချုပ်ကို အလုပ်ရှင်က အချိန်မရွေးချိုးဖောက်နိုင်တယ်ဆိုတာနဲ့ အလုပ်သမားကိုယ်စားလှယ် အနည်းစုကို အချိန်မရွေးအလုပ်ထုတ်လိုက်နိုင်တယ်ဆိုတာပါ။ အဲ့ဒါကို ကာကွယ်ဖို့ကတော့ အင်အားကောင်းအဖွဲ့ဝင်များတဲ့အလုပ်သမား သမဂ္ဂတစ်ခုအနေနဲ့ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 
ပထမ ဦးဆုံးအနေနဲ့ အလုပ်ရှင်ရဲ့ သပိတ်ဖြိုခွဲတဲ့ နည်းလမ်းတွေကို နားလည်ဖို့လိုတယ်။
အလုပ်ရှင်တွေက သပိတ်ကို ဖြိုခွဲတဲ့နေရာမှာ အထူးသဖြင့် သပိတ်ဦးဆောင်မှုကို ဖြိုချပါတယ်။ အဲ့အထဲမှာ အလုပ်သမား ခေါင်းဆောင်တွေအဖြစ်၊ ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ခံထားရတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ ခြိမ်းခြောက်တာ၊ ငွေပေးစည်းရုံးတာ၊ ရာထူးပေးစည်းရုံးတာတွေလုပ်ပါတယ်။ အထူးသဖြင့် အခုလို စစ်သားရော၊ရဲရော၊ အလုပ်သမားဌာနက ရုံးစာရေးရောက အလုပ်သမားတွေကို လွယ်လွယ်ကူကူ အနိုင်ကျင့်နေနိုင်တဲ့အခြေအနေမျိုးမှာဆိုရင် ပိုဆိုးပါတယ်။
 
အဲ့ဒါကို ဘယ်လို ကာကွယ်တုံ့ပြန်မလဲဆိုတာကတော့ လုပ်ငန်းခွင်အတွင်း စည်းရုံးစုဖွဲ့ကြဖို့ပါဘဲ။ မစုဖွဲ့နိုင်ဘူးဆိုရင် ကျမ တို့မှာ အင်အားမရှိပါဘူး။ အင်အားမရှိရင် သပိတ်ကိုနိုင်အောင် မတိုက်နိုင်ပါဘူး။ စည်းရုံး စုဖွဲ့ပြီး မှန်ကန်တဲ့ သပိတ်ဦးဆောင်သူတွေရွေးရပါမယ်။
 
သပိတ်ကာလမှာတော့ ဒေါသထွက်နေတဲ့အလုပ်သမားတွေအကုန်လုံးကို နားချပြီး အလုပ်ပြန်လုပ်ခိုင်းတာ၊ သပိတ်မှောက် အလုပ်သမားတွေကို ခြိမ်းခြောက်တာ၊ ဦးဆောင်သူတွေကို အလုပ်ရှင်ဘက်ပါအောင် စည်းရုံးတာတွေအဓိကလုပ်ပါတယ်။ ပြီးရင်တော့ အလုပ်သမား တောင်းဆိုချက်တွေကို လျစ်လျုရှုပြီး အချိန်ဆွဲတာပါ။ မကျေနပ်ရင်တခြားသွားလုပ်ဆိုပြီး အလုပ်သမားရုံးကသူတွေကိုယ်တိုင် ဦးဆောင်ပြီး မောင်းထုတ်ပါလိမ့်မယ်။ အဲ့တော့ ကျမတို့က လုပ်ငန်းခွင်ထဲမှာ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ဖို့လိုပါတယ်။
 
အခုကာလမှာတော့ အလုပ်ရှင်များက အော်ဒါများများမရမှာဆိုးတဲ့အတွက် သမဂ္ဂအတုတွေဖွဲ့ထားတတ်ပါတယ်။ အဲ့လိုအလုပ်သမားသမဂ္ဂတွေမှာက ခေါင်းဆောင် ကိုယ်စားလှယ်တွေကို အလုပ်သမားတွေရဲ့ ရွေးချယ်မှုမဟုတ်ဘဲ အလုပ်ရှင်က သူ့စိတ်တိုင်းကျလူတွေနဲ့ ရွေးချယ်ဖွဲ့ထားတာဖြစ်ပါတယ်။ အဲ့လူတွေကို မှန်ကန်တဲ့အလုပ်သမားခေါင်းဆောင်တွေနဲ့ အစားထိုးနိုင်ဖို့လိုပါတယ်။ စက်ရုံတစ်ရုံတည်း နှစ်နဲ့ချီပြီးအလုပ်အတူတူလုပ်လာကြတဲ့ အလုပ်သမားအချင်းချင်းကြားထဲမှာ ဘယ်သူတွေဟာ ဘယ်လိုလူမျိုးတွေဆိုတာ သိကြတဲ့အပြင် ယုံကြည်ကိုယ်စားထိုက်တဲ့ အလုပ်သမားခေါင်းဆောင်တွေအများကြီး ရှိကြမှာဖြစ်ပါတယ်။
 
စစ်မှန်တဲ့ ဦးဆောင်မှုတစ်ခုရှိဖို့ ကြိုးပမ်းရပါမယ်။
ထုတ်လုပ်ရေးလိုင်းအလိုက်က အလုပ်သမား ၂၀၊ ၃၀ တိုင်းမှာ ကိုယ်စားလှယ်တစ်ဦး၊ နှစ်ဦး ရှိရပါမယ်။ သူတို့ကမှတဆင့် ရာထောင်ချီတဲ့အလုပ်သမားတွေကိုကိုယ်စားပြုနိုင်မယ့် အလုပ်သမားခေါင်းဆောင် ၂၀၊ ၃၀ကို ရွေးချယ်ပြီးတော့ အလုပ်ရှင်နဲ့ မျက်နှာချင်းဆိုင်စကားပြောရမှာဖြစ်ပါတယ်။ ကျနော်တို့ အင်အားဟာ စုဖွဲ့မှုနဲ့ လုပ်ငန်းခွင်ကို ရပ်လိုက ရပ်၊ လည်ပတ်လိုက လည်ပတ် လုပ်နိုင်စွမ်းတဲ့ အလုပ်သမားထုရဲ့ ဆုံးဖြတ်နိုင်စွမ်းပါ။ အလုပ်ရှင်ဟာ အဲ့လိုလုံးဝအဖြစ်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်သမားများ ညီရင် အဲ့ဒါကို တားနိုင်မှာလည်းမဟုတ်ပါဘူး။
 
အလုပ်သမားသပိတ်မှာ အလုပ်သမားတွေက စနစ်တကျ ဖိအားပေးတောင်းဆိုနိုင်တဲ့အခါ အဲ့အောင်မြင်မှုကို ကျိန်းသအောင်လုပ်ဖို့လိုပါတယ်။ အဲ့ဒါကတော့ တောင်းဆိုမှု စာချုပ် ချုပ်ဖို့ပါ။
 
စာချုပ်မှာ နှစ်ဘက် အသိသက်သေတွေနဲ့ အလုပ်သမားများရဲ့ အောက်ပါတောင်းဆိုချက်များကို ဘယ်နေ့မှာ ဘယ်လိုနည်းနဲ့ လိုက်နာသွားမှာဖြစ်ကြောင်း လက်မှတ်ထိုးမှသာ သပိတ်အောင်မြင်တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ လက်မှတ်ထိုးထားတဲ့စာချုပ်ကို အလုပ်ရှင်ဘက်ကကျိန်းသေလိုက်နာဖို့ဆိုရင် မှန်ကန်တဲ့အလုပ်သမားသမဂ္ဂတစ်ခုရှိဖို့လိုပါတယ်။ သပိတ်အတွင်းမှာ စုရုံးစုဖွဲ့နိုင်သမျှ စုဖွဲ့ပြီး စည်းရုံးရေးအလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်။ အလုပ်သမားရုံးတွေကို တိုင်ရင် အချိန်ကုန်တာသာရှိပါတယ်။ ဘာမှ ထူးလာမှာမဟုတ်ပါဘူး။
 
အလုပ်ရှင်​တွေက အလုပ်သမား သပိတ်ပြီးသွားတဲ့အခါ လုပ်ငန်းခွင်ပြန်ဝင်ကြတဲ့အလုပ်သမားများအနေနဲ့ နောက်တစ်ကြိမ် ထပ်ပြီး သပိတ်မှောက်ဖို့က အချိန်တိုအတွင်းမှာ မလွယ်ပါဘူး၊ အဲ့အားနည်းချက်ကို လုပ်ငန်းရှင်က သိတဲ့အတွက် စက်ရုံအတွင်းက စုဖွဲ့မှုကို အလုပ်သမားအများစုနဲ့ သွေးခွဲဖို့ လုပ်ပါတယ်။ နည်းလမ်းတွေကတော့ ခေါင်းဆောင်တွေကို တစ်ဦးစ၊ နှစ်ဦးစ အကြောင်းပြချက်မဲ့ အလုပ်ထုတ်ပြီးတော့ ငါတို့လည်းအလုပ်ထုတ်ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကို အလုပ်သမားတွေဆီ ရောက်အောင်လုပ်ပါလိမ့်မယ်။ အဲ့လိုမဖြစ်အောင် ကာကွယ်နိုင်တာက သွေးစည်းညီညွတ်နေတဲ့အလုပ်သမားသမဂ္ဂတစ်ခုအနေနဲ့ပဲ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 
သွေးစည်းညီညွှတ်မှုဖြင့် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)

Related posts

Cover
"လုပ်ငန်းခွင်ထဲမှာ အထာကျကျ အလုပ်လုပ်မယ်" ContentByMyanmarLabourNews
Aug 18, 2022