SURVEY

အချိန်ပိုဥပဒေ ချိုးဖောက်ခံရနေဆဲ အထည်ချုပ်လုပ်သမား (ဇူလိုင်လ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ)

CoverLogo
156 Views

Myanmar Labour News မှာ ဇူလိုင်လအတွင်း သတင်း ၁၅၇ ပုဒ် ဖော်ပြခဲ့ပြီး စက်ရုံအလုပ်ရုံတွေနဲ့ ပတ်သက်တဲ့ သတင်းက ၃၃ ပုဒ် ပါဝင်ပါတယ်။ ဒီထဲက သတင်းနှစ်ကြိမ်စီ ဖော်ပြခံရတဲ့ စက်ရုံနှစ်ရုံ နဲ့ တရားရင်ဆိုင်နေရတဲ့ Pepsi ကုမ္ပဏီ သတင်းလည်း ပါဝင်တာကြောင့် စက်ရုံအလုပ်ရုံ ၃၀ ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တာကို တွေ့ရှိပါတယ်။

အလုပ်သမားအခွင့်အရေးချိုဖောက်မှုတွေကို အသေးစိတ် သိရှိနိုင်ဖို့ အချက်အလက်တွေကို မှတ်တမ်းတင်ပြီး  Myanmar Labour News က ခွဲခြားစိတ်ဖြာကာ လစဉ်ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီလို ခွဲခြမ်းစိတ်ဖြာမှုတွေက တဆင့် အလုပ်သမားသမားအခွင့်အရေးချိုးဖောက်မှုတွေကို  ဖြေရှင်း ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ထား ပါတယ်။

Myanmar Labour News က အလုပ်သမားအခွင့်အရေး အမျိုးအစား ၂၇ မျိုးကိုခွဲခြားပြီး အချက်အလက်တွေ ကို မှတ်တမ်း ပြုစုထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စည်းမျဉ်း ဥပဒေတွေ၊ လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေနဲ့ ကျားမရေးရာတွေကို အခြေခံပြီး အခုလို ခွဲခြား ပြုစုထားတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ လက်ရှိချိုးဖောက်ခံရမှုသတင်းတွေကို ဖော်ပြရမှာ အများစုကတော့ တိုက်ရိုက် မေးမြန်း ဖော်ပြထားသလို အလုပ်သမားအဖွဲ့အစည်းကတဆင့် အတည်ပြု ရယူထားပါတယ်။

တွေ့ရှိချက်

ဇူလိုင်လ တလလုံး အလုပ်သမားသတင်းတွေ ဖော်ပြမှုတွေကို စိစစ်ခဲ့ရာမှာ ဥပဒေကို ချိုးဖောက်ပြီး အချိန်ပို  ခိုင်းစေမှုတွေ များပြားလာတာကို တွေ့ရှိရပါတယ်။ ပြီးဇွန်လမှာ ဥပဒေကို ချိုးဖောက်ပြီး အချိန်ပိုခေါ်ယူမှု ၁၇ ကြိမ် ရှိခဲ့ပေမဲ့ ဇူလိုင်လမှာတော့  ၂၄ ကြိမ်အထိ ရှိလာပါတယ်။ 

ဇူလိုင်လအတွင်း အများပြည်သူ ပိတ်ရက် ၂ ရက်နဲ့ ရက်သတ္တပတ်ပိတ်ရက် ၄ ရက် စုစုပေါင်း  ၆ ရက် ရှိခဲ့ပါတယ်။ သတင်းတွေမှာ ဖော်ပြချက်တွေကို လေ့လာရာမှာတော့ ပိတ်ရက်တွေ  မတိုင်မီ အောလင်း(ညလုံးပေါက်) ၊ ညနက် (ည ၁၂)၊ တနင်္ဂနွေပိတ်ရက်နဲ့ အများပြည်သူ ပိတ်ရက်တွေမှာပါ ဆန္ဒမပါဘဲ လုပ်ကိုင်ခဲ့ရတယ်လို့  အလုပ်သမား တွေက ပြောဆိုထားပါတယ်။

ဥပဒေမဲ့ အချိန်ခေါ်ယူမှုတွေရဲ့ နောက်က ချိုးဖောက်မှုတွေကတော့ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်တာ၊ ဥပဒေပါ ခွင့်ယူခွင့်တွေကို စက်ရုံဘက်က မပေးတာ၊ အလုပ်ချိန် ၅ နာရီကျော်ကို အနားမရဘဲ တဆက်တည်း  လုပ်ကိုင် ခိုင်းတာတွေ၊ ဖိအားပေး ခြိမ်းခြောက်တာနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်ဖို့ လိုအပ်ချက် ရှိနေတာတွေ ဖြစ်ပါ တယ်။ 

အထည်စံချိန်တွေ ပုံမှန်ထက် ပိုတောင်းတာ၊ ခွဲခြားဆက်ဆံတာ၊ အလုပ်ထုတ်တာ၊ နေ့စားနဲ့ လူရွယ်လုပ်သား တွေအပေါ် ချိုးဖောက်တာ၊ WCC ဖွဲ့စည်းမှု ဥပဒေနဲ့ မညီတာ၊ လူမှုဖူလုံရေးနဲ့ EC စာချုပ်တွေမှာပါ ချိုးဖောက်  မှုတွေ ရှိတာကို တွေ့ရပါတယ်။

လက်ရှိ အချိန်ပို ခေါ်ယူမှုတွေကို အလုပ်သမားတွေအနေနဲ့ ငြင်းဆန်ခွင့်မရတာကြောင့် မဖြစ်မနေလုပ်ရပြီး  ကျန်းမာရေး ချို့ယွင်းတာ၊ လူမှုရေးကိစ္စတွေမှာ  နစ်နာတာ၊ အလုပ်အကိုင်အခွင့်အရေး ခြိမ်းခြောက်ခံရပြီး ၊ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေလည်း ဆုံးရှုံးနေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 

ဒုဝန်ကြီး သွားရောက်ခဲ့တဲ့ စက်ရုံလည်း ချိုးဖောက်မှုမှာပါဝင်

အလုပ်သမားဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးဝင်ရှိန် ရောက်ရှိခဲ့တဲ့ Mayfair Myanmar အထည်ချုပ် စက်ရုံမှာ အချိန်ပို လုပ်ကိုင်ခဲ့ရတာနဲ့ ပတ်သက်ပြီး သတင်းမှာဖော်ပြချက်ကို ကောက်နုတ်ဖော်ပြထားပါတယ်။

စက်ရုံကတော့ ရန်ကုန်မြို့၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း) မြိုန့ယ် ၊စက်မှုဇုန် ၂၊ မက္ခရာ မင်းသားကြီးလမ်းမှာ ရှိပြီး လုပ်အား အင်အား ၁၅၀၀ လောက်နဲ့ DEFACTO တံဆိပ်တွေ ချုပ်နေတယ်လို့ သိရပါတယ်။

“အောနိုက်ပေါ့  ည ၁ နာရီအထိကို တနင်္လာနေ့ကနေ စနေ့နေ့ အထိ တပတ်လုပ်ပေးခဲ့ရတယ်။ တနင်္ဂနွေနေ့ ဆက်တိုက် လုပ်ခိုင်းလို့  ည ၇ ခွဲအထိ ဆက်လုပ်ပေးခဲ့ရတယ်။” လို့ ပြောပါတယ်။

ဇွန်လထဲမှာ တခါတရံ ညနက် ၁၀ နာရီအထိ အချိန်ပို လုပ်ကိုင်ပေးရပြီး အဲဒီနေ့တွေမှာ ကြိုပို့ယာဉ်တွေနဲ့ ပို့ဆောင်ပေးပေမဲ့ ညနက် ၁ နာရီ အထိလုပ်ကိုင်ရတဲ့ နေတွေမှာတော့ စက်ရုံမှာပဲ ဖြစ်သလို အိပ်ခိုင်းတယ်လို့ အမျိုးသမား အလုပ်သမား တဦးက ပြောပါတယ်။ 

“စိတ်မလုံခြုံဘူး၊ နောက် ပစ္စည်းတွေ ပျောက်တယ်။ ခိုးခံရလို့ စက်ရုံဘက်က ဖော်ထုတ်ပေးတာ၊ တာဝန်ယူ ပေးတာ မရှိဘူး။” လို့ ပြောပါတယ်။ 

အချိန်ပို လုပ်ကိုင်ပေးခဲ့ရတဲ့ တနင်္ဂနွေနေ့ နေ့လယ်စာကို စက်ရုံက ကျွေးခဲ့ပေမဲ့ နောက်ရက်တွေမှာတော့ အစားထိုး နားရက် မပေးခဲ့ဘူးလို့ သိရပါတယ်။ ဇွန်လအတွင်းက စနေနေ့ ၂ ရက်ကို ည ၆ နာရီခွဲအထိ လုပ်ကိုင်ခိုင်းခဲ့ပြီး ကျန်စနေနေ့  ၂ ရက်ကတော့ ည ၁ နာရီအထိ လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီသတင်းကို Myanmar Labour News မှာ ဖော်ပြတာ ဇူလိုင် ၇ ရက်က ဖြစ်ပြီး ဒုဝန်ကြီးကတော့ ဇူလိုင် ၁၂ ရက်မှာ အဲဒီ စက်ရုံကို ရောက်ရှိခဲ့ပါတယ်။

Mayfair Myanmar သတင်းကိုလေ့လာကြည့်မယ်ဆိုရင် လက်ရှိ မြန်မာ အထည်ချုပ်အလုပ်သမားတွေ ဖြတ်သန်းနေရတဲ့ တကယ့် အခြေအနေမှန်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

သတင်း Link>>> https://www.myanmarlabournews.com/posts/mayfair-myanmar-အထည်ချုပ်-ည-၁-နာရီအထိ-အချိန်ပို-ခိုင်းစေ-တနင်္ဂနွေ-ပိတ်ရက်ပါ-ဆက်လုပ်ခိုင်း

ဇူလိုင်လအတွင်း ဥပဒေကို ချိုးဖောက်အချိန်ပိုခေါ်ယူမှုပေါင်း သုံးတပုံအထိ များပြားလာတာပါ။ အချိန်ပိုဥပဒေတွေ ၊ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားလွှာတွေကို စက်ရုံပေါင်း ၂၃ ရုံက ဖေါက်ဖျက်ခဲ့တာကို တွေ့ရတာပါ။

အထည်ချုပ်ကဏ္ဍအတွင်း ဥပဒေမဲ့ အချိန်ပို ခေါ်ယူမှုုတွေက ပြီးခဲ့တဲ့ မတ်လကတည်းက စတင်ခဲ့တာလည်း Myanmar Labour News က သတိထားမိပါတယ်။

ဇွန်လအတွင်း သတင်းဖော်ပြခံရတဲ့ စက်ရုံတွေအားလုံးနီးပါဟာ CMP အထည်ချုပ်လုပ်ငန်းပဲ ဖြစ်နေပါတယ်။ စက်ရုံ နှစ်ရုံကပဲ လူအင်အားအများအပြားနဲ့ လုပ်ကိုင်ရတဲ့ ပရိဘောဂ၊ အရုပ် စက်ရုံတွေ ဖြစ်ပါတယ်။ (ဇယား)

ဇူလိုင်လအတွင်း  အလုပ်သမား အခွင့်အရေးချိုးဖောက်သည့် စက်ရုံများ
အစဉ် စက်ရုံအမည် ကုန်အမှတ်တံဆိပ် လိပ်စာ 
Feng Teng Garment ERC လှိုင်သာယာစက်မှုဇုန် ၅
He MeT Company Limited ever me,pageone, Mo Wome လှိုင်သာယာမြို့နယ်
New Plus  Feel Sky , WOOLLYTEC, LKM , Global Work , HEAR  သာဓုကန်စက်မှုဇုန်
Dongxin Garment Co.,Ltd.   လှိုင်သာယာစက်မှုဇုန် ၃
KSHENG Myanmar Mataland , Clique , springfield , FB sister , GEM) သာဓုကန်စက်မှုဇုန်
Myanmar Guotai Huasheng Glory Fashion Garment INEXTENSO  လှိုင်သာယာစက်မှုဇုန် ၂
Wounderful Apparel Co,Ltd  TROLLKIDS, OCHNIK,balapala, CUH , ENCUENTRO မြောင်းတကာစက်မှုဇုန်
De Xin Myanmar Prenatal , SOULCAL & CO , VOYAGER ဝါးတရာစက်မှုဇုန်
Heng Li Garment HOUSE  လှိုင်သာယာ စက်မှုဇုန် ၂
၁၀ LITA MYANMAR BURTLE, TOYO၊, HEARTGREEN ရွှေပြည်သာစက်မှုဇုန် ၄
၁၁ LUCKY FORTUNE GARMENT FieldCore, Inextenso ရွှေပြည်သာစက်မှုဇုန် ၄
၁၂ Myanmar Long sheng Fashion JACKS&JONES လှိုင်သာယာစက်မှုဇုန် ၂
၁၃ Tha Shu (Myanmar) Glory Fashion Co.,Ltd MOHITO , DEFACTO ရွှေသံလွှင်စက်မှုဇုန်
၁၄ Jun Coporation Co.,Ltd   လှည်းကူးမြို့နယ်
၁၅ Mayfair Myanmar DEFACTO  ဒဂုံဆိပ်ကမ်း စက်မှုဇုန်
၁၆ Myanmar Haisheng Fashion Garment TIGORA, TERRANOVA, MACRON, TOPVALU ရွှေပြည်သာစက်မှုဇုန် ၃
၁၇ Myanmar Huasheng Golden   အနော်ရထာစက်မှုဇုန်
၁၈ Sheng Mei Garment   ဝါးတရာစက်မှုဇုန်
၁၉ VHT YZ ပဲခူးမြို့နယ်
၂၀ WHN Myanmar OVS, House လှိုင်သာယာစက်မှုဇုန် ၂
၂၁ ADK/ JW Hang Ten, ZARA မင်္ဂလာဒုံစက်မှုဇုန်
၂၂ Tristate Myanmar Co,.LTD M&S,OTTO , spider , New Look , Nautica ,Max Mara , Cp ပျဉ်းမပင်စက်မှုဇုန်
၂၃ JOC Myanmar Knitwear   အင်းစိန်မြို့နယ် ၊ ဦးမြဲလမ်း၊ စက်မှုဇုန် ၄
၂၄ CHARlS အရုပ် မြစိမ်းရောင်စက်မှုဇုန်
၂၅ GYSen Myanmar   ဝါးတရာစက်မှုဇုန်
၂၆ Hengda Myanmar H&M ‌မှော်ဘီမြို့နယ်
၂၇ Kai Xin enterprise ပရိဘောဂ ဝါးတရာစက်မှုဇုန်
၂၈ J-Land Myanmar   ဝါးတရာစက်မှုဇုန်
၂၉ Tianjin Fashion Milestone Garment Sinsay , VERO MODA ရွှေလင်ဗန်းစက်မှုဇုန် 
၃၀ Xinda Home Textile Myanmar Co.,Ltd   ရွှေပြည်သာစက်မှုဇုန် ၁

 

ချိုးဖောက်မှု အများဆုံး (ဂရတ်)

ဇူလိုင်လအတွင်း အချိုးဖေါက်မှု အများဆုံးစက်ရုံတွေကတော့ Feng Teng Garment အထည်ချုပ်စက်ရုံနဲ့ He MeT Company Limited တို့ဖြစ်ကြပါတယ်။ သတင်းမှာ ဖော်ပြထားချက်အရဆိုရင် Feng Teng Garment စက်ရုံက အလုပ်သမားတွေအပေါ် ချိုးဖောက်မှု အမျိုးအစား ၁၁ မျိုးအထိ ချိုးဖောက် ထားပါတယ်။

"အလုပ်သမားတွေက အမြဲတမ်း ည ၈ နာရီ ၃၀ ထိ အလုပ်ဆင်းရလို့ အိမ်ရောက်မှ ချက်ပြုတ်စားသောက်ရတာ ။ပင်ပန်းလို့ နေထိုင်မကောင်းဖြစ်ရင် ဆေးခွင့်ယူလို့မရဘူး။ အရေးပေါ်ကိစ္စရှိလို့ ရှောင်တခင်ခွင့် ယူရင်လည်း မပေးဘူး။  အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၄၈၀၀ ထောက်ပံ့ကြေး ၁၀၀၀ ရက်မှန်ကြေး ၁၀၀၀၀ စုစုပေါင်း ၁၅၈၀၀ အဖြတ်ခံရတယ်"လို့ Feng Teng Garment အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက ပြောပြထား ပါတယ်။

Feng Teng Garment အထည်ချုပ်စက်ရုံ အလုပ်သမားတွေက လုံမှုဖူလုံရေးကြေးတွေ လစဉ် ထည့်ဝင်ပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်မဆင်းနိုင်ခဲ့ရင် ထည့်ဝင်ကြေးအတွက် ရရှိမဲ့ အခွင့်အရေးတွေ ဘာတခုမှ မခံစားရပါဘူး ။ စက်ရုံလုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားအမျိုးသမီးတဦး တိုက်ရိုက်အုပ်ချုပ်ပြီး ဆဲဆိုမှုတွေ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။

သတင်း Link>>>> https://www.myanmarlabournews.com/posts/feng-teng-garment-အချိန်ပိုအလွန်အကျွံခေါ်ခိုင်းစေ-စံချိန်အများအပြားတောင်းခံနေဟုဆို

He MeT Company Limited ကတော့ ချိုးဖောက်မှု အမျိုးအစား ၁၀ မျိုးအထိရှိနေတာကို တွေ့ရပါတယ်။ အလုပ်သမားအရာရှိတွေ ဝင်ရောက်စစ်ဆေးထားတဲ့ စက်ရုံ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်ရုံဘက်က ချိုးဖောက် မှုတွေကို ပြုပြင်ပေးထားမရှိတာကို အလုပ်သမားတဦးကတော့ အခုလို ပြောဆိုထားပါတယ်။ 

"၂၀၂၄၊ ၆ လပိုင်း ၁၇ ရက်နေ့မှာ စက်ရုံလုပ်ငန်းခွင်ချိုးဖောက်မှုတွေကို လူမှုကွန်ယက်မှာ သတင်းဖော်ပြပြီး နောက်ပိုင်း ၂၈ ရက်နေ့မှာ အလုပ်သမား စစ်ဆေးရေးဌာနနေ ကျား ၃ ဦး မ ၂ ဦး စုစုပေါင်း ၅ ဦး လုပ်ငန်းခွင်ထဲကို လာရောက်စစ်ဆေးပါတယ်။ အလုပ်သမား ကျား ၁ ဦး မ ၂၂ ဦး ကို ခေါ်ပြီး  လူမှုကွန်ယက်ပေါ်မှာတင်ထားတဲ့ ချိုးဖောက်မှု တွေ မှန်လားလို့မေးတယ်၊ အလုပ်သမားတွေက ကြောက်လို့ မမှန်ဘူးဖြေတဲ့လူရှိပေမဲ့ မှန်တယ်လို့ ဖြေတဲ့လူလည်း ရှိတယ်။ အဲ့ရက် တစ်ရက်ပဲ အိုတီမခေါ်ဘဲ စောစောပြန်လွှတ်တယ်။ ဆဲသံဆိုသံလဲ မကြားရဘူး ။ နောက်ရက်တွေတော့ အရင်အတိုင်း ပြန်ဖြစ်သွားတယ်။"လို့ အလုပ်သမားကပြောပါတယ်။

He MeT Company Limited ရဲ့ အလုပ်သမားတဦး ပြောပြထားတဲ့ အထဲမှာ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး လိုအပ် ချက် ရှိတာတွေကို တွေ့ရမှာပါ။ ချိုးဖောက်မှုတွေ ရှိနေတဲ့စက်ရုံထဲ၊ စက်ရုံတာဝန်ရှိသူတွေရှေ့မှာ လွတ်လပ်တဲ့ ဖြေဆိုမှုတွေ မရနိုင်တာကိုလည်း တွေ့ရပါတယ်။ စစ်ဆေးပြီး နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ စုံစမ်းမှုတွေမရှိရင်လည်း အလုပ်သမားတွေအတွက် မှန်ကန်တဲ့ အကြောင်းအရာတွေ မရနိုင်ပါဘူး။

ဒီလို နည်းလမ်းကိုပဲ အသုံးချနေမယ်ဆိုရင် အလုပ်သမားတွေပိုကျပ်တည်းလာပြီး အခွင့်သာတဲ့နေရာကို ပြောင်းရွှေ့ ကြမှာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

သတင်း Link>>> https://www.myanmarlabournews.com/posts/he-met-အထည်ချုပ်-စစ်ဆေးရေးဝင်ပြီးနောက်-လုပ်ငန်းခွင်ချိုးဖောက်မှု-ပြောင်းလဲခြင်းမရှိဟုဆို

ချိုးဖောက်မှု အမျိုးအစား ၉ ကြိမ်ရှိတာကိုတွေ့ရတဲ့ စက်ရုံကတော့ New Plus အထည်ချုပ်စက်ရုံဖြစ်ပါတယ်။ ဒီစက်ရုံက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိလို့ အလုပ်သမားအရာရှိတွေ ဝင်ရောက်စစ်ဆေးခံခဲ့ရတဲ့ စက်ရုံ ဖြစ်ပါတယ်။ သတင်းဖော်ပြမှုတွေက စစ်ဆေးမှုမလုပ်မီ တကြိမ်နဲ့ စစ်ဆေးပြီး တကြိမ် ဖြစ်လို့ နှစ်ကြိမ် ဖော်ပြ ခဲ့တာကို တွေ့ရပါတယ်။ စက်ရုံ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပေမဲ့ ဆဲဆိုမှုတွေနဲ့ အချိန်ပိုခေါ်ယူမှုတွေက ပြောင်းလဲမှု မရှိဘူးဆိုပြီး အလုပ်သမားတဦးက အခုလို ပြောပြထားပါတယ်။

“တလောကလဲ အချိန်ပိုတွေ အရမ်းခေါ်လို့ တိုင်ကြတာပဲ။ အလုပ်သမားရုံးက လူကြီးတွေလည်း ရောက်လာပြီး ဝန်ထမ်းတွေကို ခေါ်တွေ့မေးတယ်၊ စာရွက်ထဲဖြေခိုင်းတာပဲ ။ အလုပ်သမားရုံးက လူကြီးတွေလာတဲ့ရက်မှာလည်း အချိန်ပို ညနက်တဲ့ အထိလုပ်ရတာပဲ၊ အဲဒီလူကြီးတွေ စစ်သွားပြီးလည်း အချိန်ပိုက ခေါ်တာပါပဲ။ ဘာမှမထူး ပါဘူး။ စက်ရုံက ဘယ်လို တိုင်တိုင် ဘယ်သူလာစစ် အရေး မလုပ် ပါဘူး။ လူကြီးတွေကလာစစ်ပြီးလည်း စစ်တဲ့သူက ဘာမှ မလုပ်တော့ ဘာမှမထူးခြားတော့ပါ။ တိုင်တဲ့သူသာ မောသွားပါတယ် ။

လူကြီးတွေကလည်း တကယ်ဆင်းနေရလား၊ မဆင်းရလား ဆိုတာ အိုတီဆင်းချိန် လာစစ်တာမျိုး မရှိကြဘူး။ စက်ရုံနဲ့ အလုပ်သမားရုံးက လူကြီးတွေက အတူတူတွေပဲလား မသိပါဘူး။”လို့  New Plus အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက ပြောသွားပါတယ်။

Dongxin Garment Co.,Ltd. အထည်ချုပ်စက်ရုံကတော့ အလုပ်သမားအခွင့်အရေး အမျိုးအစား ၈ ကြိမ် ချိုးဖောက်ထားတာကို တွေ့ရှိရပါတယ်။ စက်ရုံ WCC ရွေးချယ်ဖွဲ့စည်းရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒနဲ့  ရွေးခွင့်မပေးဘဲ အလုပ်ရှင်ဘက်က ရွေးထားတဲ့ အလုပ်သမားကိုသာ မဲပေးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် EC စာချုပ် ချုပ်ပေးဖို့ တောင်းဆိုတဲ့  အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်တယ်လို့ ဖော်ပြထား ပါတယ်။

“ လုပ်ငန်းခွင်အတွင်း အလုပ်သမားများသိသင့်သိထိုက်သည့် အလုပ်သမား ဥပဒေအကြောင်းအရာတွေကို နားလည်အောင် ရှင်းပြမှုမရှိခြင်း၊ ခေါင်းဆောင်တွေက စိတ်ကြိုက်ဆဲဆိုခြင်း၊ ပြန်လည်ပြောဆိုခွင့် မပြုရခြင်း၊ အလုပ်သမားရုံးများကို တိုင်ကြားခြင်း မပြုလုပ်ကြဖို့ တားမြစ်ထားပြီး၊ စုံစမ်းသိရှိပါက အလုပ်မှ ထုတ်ပယ်မယ်  ဆိုပြီး စူပါတွေအပါအဝင် WCC အဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းတာပြုလုပ်နေတယ်” ဆိုပြီး အလုပ်သမားက ပြောဆိုပါတယ်။ 

သတင်း Link>>>https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေ-ဖြေရှင်းပေးစေလိုဟုဆို

ချိုးဖောက်မှုအမျိုးအစား ၇ မျိုးရှိတဲ့  စက်ရုံတွေကတော့ KSHENG Myanmar (https://www. myanmarlabournews.com/ posts/ksheng-myanmar-အထည်ချုပ်-၈-နာရီဆက်-လုပ်ကိုင်ခိုင်းပြီး-ညလုံးပေါက်-ထပ်မံ-ခိုင်းစေ)  Myanmar Guotai Huasheng Glory Fashion Garment (https://www. myanmarlabournews. com/posts/myanmar-guotai-huasheng-glory-fashion-အထည်ချုပ်လုပ်သားတွေ-ခွင့်ခံစားခွင့်မရ)၊ Wounderful Apparel Co,Ltd (https://www.myanmarlabournews.com/ posts/wonderful-apparel-အထည်ချုပ်-အလုပ်သမားတွေ-အခွင့်အရေးချိုးဖောက်ခံနေရ)     ဖြစ်ပါတယ်။

ဒီစက်ရုံ သုံးရုံမှာ ဖြစ်ပွားတဲ့ အဓိက အကြောင်းအရာတွေကတော့ ဆဲဆိုခိုင်းစေခံရတာ၊ အချိန်ပိုဥပဒေတွေကို ဖျောက်ဖျက် ခိုင်းစေတာ၊ ဖိအားပေး ခြိမ်းခြောက်တာ၊ စက်ရုံတချို့မှာတော့  ခွင့်မပေးတာ၊ အလုပ်ထုတ်တာ၊ တဆက်တည်း ၅ နာရီကျော် ခိုင်းစေတာတွေနဲ့ WCC အဖွဲ့ကို ဥပဒေအတိုင်းမဖွဲ့တာတွေ တွေ့ရပါတယ်။

De Xin Myanmar (https://www.myanmarlabournews.com/posts/de-xin-myanmar-အထည်ချုပ်-အချိန်ပိုအလွန်အကျွံခိုင်းစေ) ၊ Heng Li Garment (https://www.myanmarlabournews.com/posts/heng-li-garment-စက်ရုံအလုပ်သမားတွေ-နားရက်မရှိလုပ်ကိုင်နေရပြီး-အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေ) ၊ LITA MYANMAR (https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်း-အလုပ်ရှင်အလိုကျ-wcc-ဖွဲ့ရန်-အလုပ်သမားတွေကို-အတင်းအကျပ်လက်မှတ်ထိုးခိုင်း )၊ LUCKY FORTUNE GARMENT (https://www. myanmarlabournews. com/posts/lucky-fortune-garment-စက်ရုံအလုပ်သမားတွေ-အထည်ကြေး ထက်ဝက်မက -လျှော့ချခံရ)  ၊ Myanmar Long sheng Fashion (https://www.myanmarlabournews.com/  posts/  တရက်အလုပ်ချိန်-နာရီ-၂၀-နီးပါး-အလုပ်ဆင်းခိုင်းနေ)  ၊ Tha Shu (Myanmar) Glory Fashion Co.,Ltd (https://www.myanmarlabournews.com/posts/tha-shu-myanmar-စက်ရုံတွင်-တနင်္ဂနွေအပါအဝင်-သတ်မှတ်အချိန်ပိုနာရီထက်-ကျော်လွန်-ခိုင်းစေ)  စက်ရုံတွေကတော့ ချိုးဖောက်မှု အမျိုးအစား ၆ မျိုးကို ချိုးဖောက်ထားတာကို တွေ့ရပါတယ်။

Tha Shu (Myanmar) Glory Fashion Co, Ltd ကတော့ သတင်းနှစ်ကြိမ် ဖော်ပြခဲ့ရတဲ့ စက်ရုံဖြစ်ပြီး အလုပ်သမားအရာရှိတွေ စစ်ဆေးထားတဲ့ စက်ရုံဖြစ်ပေမဲ့ လုပ်ငန်းခွင်အတွင်း ပြုပြောင်းလဲတာတွေ မရှိခဲ့ဘူး လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ် ။

ချိုးဖောက်မှု အမျိုးအစား ၅ မျိုး ချိုးဖောက်တဲ့ စက်ရုံပေါင်း ၇ ရုံကို တွေ့ရှိပါတယ်။ အဲဒီ စက်ရုံတွေကတော့ Jun Coporation Co.,Ltd (https://www.myanmarlabournews.com/posts/jun-coporation-အထည်ချုပ်-အချိန်ပို-ငြင်းဆန်ပါက-ကျွမ်းကျင်ကြေး-ဖြတ်တောက်မည်ဟု-ခြိမ်းခြောက်)  ၊ Mayfair Myanmar (https://www. myanmarlabournews.com/ posts/mayfair-myanmar-အထည်ချုပ်-ည-၁-နာရီအထိ-အချိန်ပို-ခိုင်းစေ-တနင်္ဂနွေ-ပိတ်ရက်ပါ-ဆက်လုပ်ခိုင်း) ၊ Myanmar Haisheng Fashion Garment (https://www. myanmarlabournews.com/posts/မြန်မာဟိုင်ရှိန်း-myanmar-haisheng-အထည်ချုပ်စက်ရုံမှာ-အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ)  Myanmar Huasheng Golden (https://www. myanmarlabournews.com/posts/myanmar-huasheng-golden-အထည်ချုပ်စက်ရုံ-ဇွန်လ-တလလုံး-ညည့်နက်-လုပ်ကိုင်ခိုင်း)၊ Sheng Mei Garment (https://www.myanmarlabournews.com/posts/sheng-mei-garment-အများပြည်သူ-ပိတ်ရက်-နှစ်ရက်အပြင်-အောနိုက်-လုပ်ကိုင်ခိုင်း-လုပ်ခ-ဖြတ်မဲ့အစီအစဉ်အား-အတင်းအကြပ်-လက်မှတ်ထိုးခိုင်း) ၊ VHT (https://www.myanmarlabournews.com/posts/ပဲခူး-vht-အထည်ချုပ်-အောနိုက်-လုပ်ကိုင်ခိုင်း-တနင်္ဂနွေပိတ်ရက်များလည်း-အနားမပေး) ၊ WHN Myanmar (https://www.myanmarlabournews. com/posts/whn-myanmar-တနင်္ဂနွေပိတ်ရက်များအား-အလုပ်ဆင်းခိုင်း )တို့ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခနဲ့ ရပိုင်ခွင့်တွေကို ဒီစက်ရုံတွေက ဖြတ်တောက်ခဲ့ကြပြီး အလုပ်ချိန် ၅ နာရီကျော်ကို အနားမပေးဘဲ တဆက်တည်း လုပ်ကိုင်ခိုင်းခဲ့တာကို သတင်းဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီထဲက စက်ရုံ ၅ ရုံ ကတော့ ဥပဒေပါခွင့်တွေ မပေးဘူးလို့ အလုပ်သမားတွေကို ပြောဆိုထားပါတယ်။ စက်ရုံ ၃ ကတော့ ဖိအားပေး ခြိမ်းခြောက်ပြီး ၊ အဲဒီထဲက စက်ရုံ ၃ ရုံကတော့ လုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုပြီး သတင်းမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လထဲမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ စက်ရုံတချို့မှာ ဖြစ်ပွားခဲ့ပါတယ်။ တောင်းဆိုမှု ဖြစ်ပွားခဲ့တာကတော့ JOC Myanmar Knitwear အထည်ချုပ်စက်ရုံလို့ သတင်းဖော်ပြထားပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုမှု တွေကို သက်ဆိုင်ရာ အလုပ်သမားအရာရှိတွေက အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အပြင် အလုပ်ရှင်ရဲ့ EC စာချုပ် မချုပ်ဆိုခဲ့မှုကိုတော့ လျစ်လျူရှု ခဲ့တယ်လို့ အလုပ်သမားတဦးက ပြောဆိုတာကို သတင်းမှာ ဖော်ပြထားပါတယ်။  

ချိုးဖောက်မှုများ 

ချိုးဖောက်မှုတွေက အကြိမ်နည်းပေမဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေ  ပါဝင်တာကိုလည်း  တွေ့ရပါ တယ်။

ဇူလိုင်လအတွင်း Myanmar Labour News မှာ သတင်းဖော်ပြထားရာမှာ လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားတွေက တိုက်ရိုက် ခိုင်းစေနေတဲ့ စက်ရုံ ၂ ရုံ ၊ WCC အဖွဲ့က အကူအညီ မပေးတာ နဲ့ ဥပဒေနဲ့မညီဘဲ ဖွဲ့စည်းထားတယ် ဆိုတဲ့ စက်ရုံက ၄ ရုံ၊ EC စာချုပ်ကို မချုပ်တာနဲ့ ချိုးဖောက်တယ်ဆိုတဲ့ စက်ရုံက ၂ ရုံ၊  လူဖူမှုဖူလုံရေးကြေး ကောက်ယူပြီး ခံစားခွင့် မပေးဘူးဆိုတဲ့ စက်ရုံ ၁ ရုံ၊ ကိုယ်ဝန်သည် အလုပ်သမားတွေအပေါ် ချိုးဖောက်မှု ရှိတယ် ဆိုတဲ့ စက်ရုံ  ၃ ရုံ၊ စစ်ဆေးရေးအဖွဲ့တွေကို လိမ်လည်ဖြေဆို ခိုင်းတယ်ဆိုတဲ့ စက်ရုံ ၂ ရုံ၊ လုပ်ငန်းခွင် ထိခိုက်မှုကို တာဝန်မယူတဲ့ စက်ရုံ ၁ ရုံ၊ နေ့စားအလုပ်သမားတွေ ချိုးဖောက်ခံရတဲ့ စက်ရုံ ၄ ရုံ၊ ကလေးလုပ်သားတွေအပေါ် ချိုးဖောက်မှု ရှိတဲ့ စက်ရုံက ၃ ရုံ၊ ကြီးကြပ်ရေးမှူးက ငွေတိုးပေးစားမှုရှိတယ်ဆိုတဲ့ စက်ရုံ ၁ ရုံနဲ့ အလုပ်သမား သမဂ္ဂ  ဖြိုခွဲတယ်ဆိုတဲ့ စက်ရုံ ၁ ရုံ ပါဝင်ကြပါတယ်။ 

စားသောက်ဆောင်ကျပ်တည်းတာ၊ သောက်ရေ မသန့်ရှင်းတာ၊ ဆေးခန်းမရှိတာ၊ ဆေးခန်းရှိ ပေမဲ့ ဆေးမရှိတာ၊ ဆေးခန်းသွားမရအောင် ထိန်းချုပ်ထားတာ၊ ကြိုပို့ယာဉ် စီစဉ်မပေးတာ၊ သန့်စင်ခန်းတွေ မသန့်ရှင်းတာနဲ့ ပျက်စီးနေတာ ၊ လုပ်ငန်းခွင် မလုံခြုံတာ၊ မိုးယိုတာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖုန်းကို သိမ်းဆည်းတာ၊ သန့်စင်ခန်းရှေ့ CCTV တပ်ဆင်ထားတာတဲ့ ဖြစ်စဉ်တွေက လုပ်ငန်းခွင် လိုအပ်ချက် အနေနဲ့   သတင်းမှာ  တွေ့ရပါတယ်။

ဒီလုပ်ငန်းခွင် အကြောင်းအရာတွေနဲ့ ပတ်သက်နေတဲ့ စက်ရုံပေါင်း ၁၀ ရုံရှိနေတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

ဒါအပြင် အချိန်ပိုမဆင်းတာနဲ့ အထည်စံချိန် မပေးနိုင်လို့ ခွဲခြားဆက်ဆံမှုတွေရှိတယ်ဆိုတဲ့ စက်ရုံ ၇ ရုံ ရှိနေတာကို လည်း တွေ့ရပါတယ်။

သုံးသပ်ခြင်း

ဇူလိုင်လအတွင်းဖော်ပြထားတဲ့ စက်ရုံတွေကို လေ့လာရာမှာ အချိန်ပိုခေါ်ယူမှုတွေ အများဆုံးဖြစ်ပွားခဲ့ပြီး အလုပ်သမား အများစုက တဆက်တည်း အလုပ်ချိန် ၆ နာရီကနေ ၈ နာရီ အထိ အနားမရဘဲ လုပ်ကိုင်နေရတာ ကိုလည်း  တွေ့ရပါတယ်။

ဒါ့အပြင် ရက်သတ္တပတ်အလုပ်ပိတ် တနင်္ဂနွေနေ့ကို တလ အနည်းဆုံး ၂ ရက် ၊ ဒါမှမဟုတ်ရင် အောနိုက်(ည ၁၂   နာရီ)၊ အောလင်း( မနက် ၄ နာရီ) အထိကို တလ အနည်းဆုံး ၄ ကြိမ်လောက်လုပ်ကိုင်နေရတဲ့ စက်ရုံတွေ ရှိနေတာကိုလည်း  တွေ့ရှိရပါတယ်။

ခွင့်မရတာ၊ အလုပ်ထုတ်တာတွေ၊ ခွဲခြားဆက်ဆံတာ၊ ကိုယ်ဝန်သည်အပေါ် ချိုးဖောက်တာ၊ ခွဲခြားဆက်ဆံတာ၊ နိုင်ငံခြားသားတွေက အလုပ်သမားတွေအပေါ် တိုက်ရိုက် ဆဲဆို ခိုင်းစေတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

ဇူလိုင်လမှာ သတင်းဖော်ပြထားတဲ့ စက်ရုံအများစုက အလုပ်သမားအရာရှိတွေ စစ်ဆေးမှုတွေ ဆောင်ရွက်ထားတဲ့ စက်ရုံတွေ ဖြစ်ပေမဲ့ အရေးယူတာ၊ ပြုပြင်ပြောင်းလဲမှုတွေ လုံးဝ မရှိတာကို အလုပ်သမားတွေက ပြောဆိုပါတယ်။

WCC ကို ဥပဒေနဲ့ အညီ ဖွဲ့စည်းမှုမရှိတာ၊ ဥပဒေမှာ ပြဌာန်းထားတဲ့ သမဂ္ဂ  အဖွဲ့အစည်းတွေ မဖြစ်ပေါ်အောင် အလုပ်သမား အရာရှိများ ကိုယ်တိုင် ဆောင်ရွက်တာ၊ အလုပ်သမားအရာရှိ ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်တာ၊ လူမှုဖူလုံရေးကြေးကို စက်ရုံဘက်က မမှန်မကန် ပြုလုပ်နေတာတွေလည်း တွေ့ရှိပါတယ်။

လက်ရှိ စာရင်းတွေအရ အထည်ချုပ်ကဏ္ဍမှာ အလုပ်သမား လေးသိန်းခွဲရှိပြီး နိုင်ငံရဲ့ ထိပ်တန်းဝင်ငွေ ၁၀ မျိုးထဲ မှာ ပါဝင်ပါတယ်။ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရတာကို ကာကွယ်မှု မပေးရင်၊ မကာကွယ်နိုင်ရင် အလုပ်သမားတွေရဲ့ စွမ်အားနဲ့ ရရှိနေတဲ့ ဒီလိုဝင်ငွေတွေနဲ့ အကျိုးအမြတ်တွေ အားလုံး ဆုံးရှုံးရနိုင်တယ်ဆိုတာကို Myanmar Labour News က သုံးသပ်လိုပါတယ်။ 

DownloadPDF

မင်းနီကျော်

Myanmar Labour Society
Research Team