အယ်ဒီတာ့ အာဘော်
လက်ရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းက နိုင်ငံရဲ့ ယန္တယား လည်ပတ်နိုင်ရေး အလုပ်သမားကဏ္ဍကနေ ဘဏ္ဍာရေး ဖြည့်ဆည်းဖို့ ကြိုစားနေတာကို တွေ့မြင်ရပါတယ်။
ထင်ထင်ရှားရှား ဆိုရင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်သွားရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေဆီက ဝင်ငွေ ခွန် ကောက်ယူတာ။ မြန်မာသမိုင်းမှာ ရှိခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ တကြိမ်တခါမှ လုပ်ဆောင်မှု မရှိခဲ့ဖူးဘူး။
နောက်ထပ်တရစ်ကတော့ လုပ်ခလစာ တစိတ်တပိုင်းကို တရားဝင်လမ်းကြောင်းလို့ ပြောတဲ့ နည်းလမ်းတွေနဲ့ ပြည်တွင်းက မိသားစုတွေဆီ လွှဲဖို့ကို အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေကို ဖိအားပေးနေတာ။
ဖိအားပေးတဲ့ နေရာမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းက နည်းလမ်းမျိုးစုံသုံးတာကို တွေ့ရပါတယ်။ မြန်မာ အလုပ်သမား တွေရှိတဲ့ ပြည်ပနိုင်ငံတိုင်းမှာလည်း ပုံသေသတ်မှတ်ထားတာတော့ မဟုတ်ဘူး။
ထိုင်းနိုင်ငံမှာ ဆိုရင် ဝင်ငွေခွန် မဆောင်တာတို့၊ တရားဝင်နည်းလမ်းနဲ့ ငွေမလွှဲတာတို့ဆို တရားမဝင် အလုပ်သမားအဖြစ် ရောက် သွားနိုင်တာကနေ နိုင်ငံမဲ့ အထောက်ထားမဲ့သူ ဖြစ်နိုင်တဲ့အထိကို ခြိမ်းခြောက်ထား၊ ဖိအားပေးထားတယ်။
နောက်ဆုံး ကိုရီးယားပေါ့။ တောင်ကိုရီးယားက မြန်မာနိုင်ငံသားတွေကို သံရုံးမှာ ဗီဇာသက်တမ်းတိုးဖို့ ကြေညာ ထားပါတယ်။ နိုင်ငံရေးအရ အသိအမှတ်အပြုမှု လိုချင်တာထက် အလုပ်သမားတွေအပေါ်က ကောက်ခံရနိုင်တဲ့ ငွေပမာဏကြောင့်လို့ Myanmar Labour News က သတ်မှတ်တယ်။
ပြည်ပရောက်အလုပ်သမားတွေ အခွန်ဆောင်တော့ ဘာအခွင့်အရေးတွေ ထူးရလို့လည်းဆိုတဲ့ မေးခွန်းလည်း ရှိတယ်။
သံရုံးဝင်၊ ဗီဇာကိစ္စဆောင်ရွက်တဲ့ အချိန်တိုင်း အေးအေးချမ်းချမ်း ပြီးဆုံးတယ်မရှိ။ ထိုင်းက အလုပ်သမားတွေဆို ပိုဆိုးတာပေါ့။ ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့် အတွက် လုပ်ငန်းစဉ်တွေက များတယ်။ ဒါနဲ့ သံရုံးဝင်ဖို့ မကြောက် ကြောက်အောင် ရည်ရွယ်ရှိရှိ လုပ်ထားသလားလို့ ထင်ရတယ်။
ကြောက်အောင်လုပ်ထား၊ ပွဲစားတွေနဲ့ ပေါင်းပြီး အလုပ်သမားတွေရဲ့ ငွေကြေးကို တရားမဝင် နည်းလမ်းနဲ့ ရယူတဲ့ ဝန်ထမ်းဆိုး တွေလည်း ရှိတယ်။
နောက်တခု အဲဒီနိုင်ငံက အလုပ်သမားတွေရဲ့ သဘောသဘာဝကို မသိတာဘဲ။ မြန်မာအလုပ်သမားတွေ ဘယ်နေ့ အလုပ် လုပ်တယ်။ ဘယ်လို အလုပ်လုပ်တယ်။ ဘယ်လို အချိန်နဲ့ ဘယ် ရက်မှာ အနားယူ။ ဘယ်လိုနေ့တွေမှာ အလည်အပတ် အပြင်သွားတယ် ဆိုတာမျိုးတွေလည်း လေ့လာထားတာ မရှိဘူး။
အလုပ်သမားတွေ အဆင်ပြေတဲ့ အချိန်နဲ့ နေ့ရက် တွေမှာ ဗီဇာနဲ့ တခြားကိစ္စတွေ ဆောင်ရွက်ပေး နိုင်မယ်ဆိုတဲ့ အတွေးမျိုး ရှိမယ်ဆိုရင် အလုပ်သမားတွေကို တကယ် စေတနာထားတယ်လို့ ပြောနိုင်မှာပါ။
အခုတော့ ဒီလို မဟုတ်ပါ ။
တိုင်းတပါးမှာ အခက်အခဲ ဖြစ်ပြီဆိုတာနဲ့ မြန်မာနိုင်ငံသားတွေ မျက်နှာ အငယ်ဆုံးပဲ။
နိုင်ငံကို ကိုယ်စားပြု ကူညီသူ မရှိ။ သံရုံးက ဘယ် ဝန်ထမ်းမှမလာ ။ ပြည်တွင်းမှာလို ပြဿနာဖြစ်လို့ တိုင်မှ ရောက်လာကြ ၊ ဓါတ်ပုံအရိုက်ခံ ၊ ပြီးရင်ပြန်။ ရလဒ်က ဘာမှန်းမသိနဲ့ ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးတဲ့ကိစ္စတွေဆို တောင်းဆိုဖြေရှင်းပေးဖို့ ဆိုတာ အဝေးကြီး ။
ပြည်ပရောက် မြန်မာလူမျိုးတွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေက တတ်နိုင်တဲ့ အပိုင်းကနေ ကူညီဖြေရှင်းနေလို့ အလုပ်သမားတွေ အတော်အတန် သင့် ပြေလည်နေတာ။
ပြည်တွင်းမှာလည်း ကြည့်ပါဦး။
နိုင်ငံဝင်ငွေ ဒုတိယနေရာမှာ ရှိနေတဲ့ အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေရဲ့ အခွင့်အရေး ရမရဆိုတာ လေ့လာကြည့်ပါ ။ ဝင်ငွေအများဆုံးဖြစ်သလို အလုပ်သမား အရေအတွက်ကလည်း ၅ သိန်းဝင်းကျင်လို့ ခန့်မှန်းကြတယ်။ ဒီကဏ္ဍကလည်း အလုပ်သမားတွေ ထိခိုက်နစ်နာမှု အများဆုံး ။
အခွင့်အရေးဆိုတာ မပြောပါနဲ့ဦး ၊ မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေမှာပြဌာန်းထားတဲ့ အတိုင်း အလုပ်သမား တွေ အကျိုးခံစာခွင့် အပြည့်အစုံ ရရဲ့လား ဆိုတာပါ။
အချိန်ပို ခေါ်ချင်သလို၊ အလုပ်သမားရဲ့ သဘောဆန္ဒမမေး၊ အတင်းလက်မှတ် တိုးခိုင်း၊ မလုပ်ဘူးဆိုတာနဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ဖိအားပေး။ အလုပ်ထုတ်တဲ့ထိ အရေးယူ။ စက်ရုံပိုင်ရှင်က ကြီးကြပ်ရေးမှူးတွေကို အခွင့်အရေးပေး လက်သပ်မွေး ။ ဒါနဲ့ပဲ စက်ရုံအတွင်း အထက်အောက်၊ အာဏာပါဝါ သုံးလို့ ခွဲခြားဆက်ဆံမှုတွေ ပေါ်ပေါက်လာ တယ်။ လုပ်ငန်းခွင် အပူဒဏ်လည်း ခံစားရ၊ သောက်ရေကမကောင်း၊ သန့်စင်ခန်းက လုံခြုံမှုမရှိ၊ သုံးဖို့ ဆပ်ပြာ ကိုယ်တိုင်ဝယ် ရ။ ဆိုးတာက လုပ်ငန်းသုံးပစ္စည်းတောင် ကိုယ်ပိုက်ဆံနဲ့ ကိုယ်ဝယ်။
အလုပ်သမားတွေ သည်းခံရတာများတော့ တိုင်ကြား။ တိုင်စာတင်ပြီး လုပ်ငန်းခွင်ထဲ မရောက်သေးဘူး။ တိုင်ကြားသူက ဘယ်သူဘယ်ဝါဆိုတာ စက်ရုံက သိနှင့်နေပြီ။ လုံခြုံစွာ တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ ဗျူရိုကရေစီ ယန္တယားကို ယုံကြည်ဖို့က အလုပ်သမားတွေ အတွက် ခက်ခဲပါတယ်။
သတင်းစာမှာ တရက်ခြား ဖော်ပြနေတဲ့ တိုင်ကြားရေးယန္တယား ဆိုတာကလည်း ဘယ်လိုလည်ပတ် ဖြေရှင်းနေလဲ မသိရပေမဲ့။ မြေပြင် အလုပ်သမား တာဝန်ရှိသူတွေရဲ့ ဖြေရှင်းနည်းက အလုပ်သမားနဲ့ အလုပ်ရှင်ကြား ကျေနပ်တဲ့ အဖြေမျိုး မရကြဘူး။
ဥပဒေကို အခြေခံ ဖြေရှင်းပေးရမဲ့ အစား အဂတိ လိုက်စားမှုတွေလည်းများ ပါတယ်။
စက်ရုံတရုံ စစ်ဆေးဖို့ စက်ရုံတာဝန်ရှိသူက အလုပ်သမားအရာရှိတွေကို ကြိုပို့ စီစဉ်ပေးရတယ်ဆိုတဲ့ အဖြစ်တွေက များသထက် များလာပါတယ်။ တကြိမ်တခါ စစ်ဆေးရင် ဘယ်လောက်ဆိုတဲ့ စာအိတ်ကိစ္စတွေက ဖြစ်စဉ်တိုင်းမှာ ပါဝင်နေတယ်။
စစ်ဆေးမှုလုပ်ငန်းစဉ်တွေမှာ ဥပဒေအတိုင်း မဆောင်ရွက်တာ။ အလုပ်ထုတ်တဲ့ ဖြစ်စဉ်မှာ အလုပ်သမားအရာရှိ ကိုယ်တိုင် ပါဝင်တာ။ စနေနေ့ အချိန်ပို မိုးအလင်း လုပ်ခိုင်းလို့ အလုပ်သမားက ဖုန်းဆက်တိုင်ကြားပေမဲ့၊ အလုပ်သမားအရာရှိက ပိတ်ရက်မို့ ဖုန်းမကိုင်ခဲ့ပါ။
ဒါပေမဲ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့မှာ EC စာချုပ် ချုပ်ပေးတဲ့ အလုပ်သမားအရာရှိတွေလည်း တွေ့ရပါတယ်။
ရုံးမှာ အလုပ်သမားအရာရှိက ချိန်းဆိုဖြေရှင်းရာမှာလည်း အလုပ်ရှင်က လက်ဆောင်(ခြင်း)အမျိုးမျိုးနဲ့ အလုပ်သမားရှေ့မှာ ပေးတာကို လက်ခံပါတယ် ။ ဒါဆို အလုပ်သမားအတွက် မျှတမှုက ဖြစ်ပေါ်ပါ့မလား။ ဒီလိုအခြေအနေကလည်း အလုပ်သမားရုံးရဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်ကို အလုပ်ရှင်တွေဘက်က လေးစားမှု၊ လိုက်နာမှုတွေ မရှိတဲ့ ဖြစ်စဉ်ကို တွန်းပို့မှာ ဖြစ်ပါတယ်။ လက်ရှိလည်း ဖြစ်နေတာပါ။
အလုပ်သမားတွေအဖို့ တရားမျှတမှုတွေ ဘယ်လိုမှ ရဖို့ မရှိတဲ့ အခြေအနေတွေပါ။
အထည်ချုပ်ကဏ္ဍက လုပ်အားကို အခြေခံပြီး အကျိုးအမြတ်ရတဲ့ အခြေခံ အရင်းအမြစ် အလုပ်သမားတွေ ကတော့ နစ်နာ နေရဆဲပါ။ လက်ရှိ လုပ်ခလစာက အသက်မသေရုံ ၊ လုံလောက်တဲ့ အာဟာရ ရဖို့က မဖြစ်နိုင်။ စစ်မှုထမ်းဥပဒေရဲ့ ခြိမ်းခြောက်မှု၊ မလုံခြုံတဲ့ အခြေအနေတွေကြားမှာ အလုပ်သမားတွေက မလုံလောက်တဲ့ လုပ်ခလစာနဲ့ ရုန်းကန်နေရသူတွေပါ။
ဒီအလုပ်သမားတွေရဲ့ လုပ်အားနဲ့ ရရှိတဲ့ အကျိုးအမြတ်ကို လက်ကုန်နှိုက်ပြီး အခွင့်အရေးကို ပစ်ပယ်နေတဲ့ ဖြစ်စဉ်တွေဆိုလည်း မမှားပါ။
ဒါဆို လုပ်အားအသုံးပြု အကျိုးအမြတ်ယူပြီး အလုပ်သမား အခွင့်အရေးတွေကို ပစ်ပယ်နေလားဆိုတဲ့ မေးခွန်းကို ဖြေကြား ဖြေရှင်းပေးဖို့ ပါ။
နိုင်ငံဝင်ငွေ အများဆုံး ကဏ္ဍက အလုပ်သမားကို ဥပဒေပါ အခွင့်အရေးပေးဖို့ ၊ ကာကွယ်ပေးဖို့နဲ့ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးဖို့ ပါ။
ဒါကြောင့် အလုပ်သမားတွေက ပုဂ္ဂလိက အခွင့်အရေးတွေ တောင်းဆိုနေတာ မဟုတ်ပါဘူး။ သက်ဆိုရာ နယ်ပယ် က လူပုဂ္ဂိုလ်တွေကို မျှတစွာတွေးပြီး ဥပဒေအတိုင်း ဆောင်ရွက် လိုက်နာပေးဖို့ Myanmar Labour News က တောင်းဆို တိုက်တွန်းပါတယ်။