SURVEY

ရက်အစား လုပ်ကိုင်ပေးခဲ့သည့် မြန်မာနှစ်သစ်ကူးပွဲတော် သို့မဟုတ် ဧပြီလ ချိုးဖောက်မှုများ

CoverLogo
120 Views

ရက်အစား လုပ်ကိုင်ပေးခဲ့သည့် မြန်မာနှစ်သစ်ကူးပွဲတော် သို့မဟုတ် ဧပြီလ ချိုးဖောက်မှုများ

မြန်မာ နှစ်သစ်ကူးပွဲတော် ပိတ်ရက်လည်း ၁၀ ရက် နီးပါး ရှိခဲ့ပါတယ်။ တချို့အထည်ချုပ် စက်ရုံတွေက တရားဝင် ရုံးပိတ်ရက်မတိုင်မီ တရက်ကြိုပိတ်၊ တချို့စက်ရုံတွေကတော့ တရက် နောက်ကျပြီး ပြန်ဖွင့်ကြနဲ့ပါ။  စက်ရုံတွေ  ဘယ်လိုပိတ်ပိတ် ဘယ်လိုပဲ ဖွင့်ဖွင့် အလုပ်သမားတွေအပေါ် ခေါင်းပုံ ဖြတ်ထားပြီး ဖြစ်သလို နောက်ဆက်တွဲ လုပ်အားခ ဖြတ်တောက်ဖို့လည်း အဆင်သင့် ဖြစ်နေပါတယ်။

ရန်ကုန်မြို့က အထည်ချုပ်၊ အိတ်ချုပ်နဲ့ ဖိနပ်ချုပ် စက်ရုံ ၉၀ ရာခိုင်နှုန်းက သင်္ကြန်ပိတ်ရက်အတွက် စက်ရုံ အလုပ်သမားတွေကို  ရက်စား လုပ်ကိုင်ခိုင်းခဲ့တာကို Myanmar Labour News ရဲ့ လေ့လာချက်တွေအရ သိထားပါတယ်။ သင်္ကြန်ပိတ်ရက်အတွက် ရက်အစားလုပ်ကိုင်ခိုင်းတာတွေကို ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့ပြီး အများပြည်သူ ပိတ်ရက်တွေ၊ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွေအပြင် အချိန်ပိုလုပ်ကိုင်ထားတဲ့ နာရီတွေကနေ ဖြတ်တောက်တာကို တွေ့ရပါတယ်။

ပိတ်ရက်နဲ့ အချိန်ပိုအတွက် အလုပ်သမားတွေရမဲ့ လုပ်ခလစာက နှစ်ဆ ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်စားအတွက် ရရှိတဲ့ လုပ်ခလစာက သတ်မှတ်ထားတဲ့ တရက်လုပ်ခလစာ (၄၈၀၀+၁၀၀၀) ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရတဲ့အပြင် အဲ့ဒီ ရက်အစားမဆင်းတဲ့ အလုပ်သမားတွေကို နှစ်ကြေး မပေးဘူးဆိုပြီး တချို့ စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်ခဲ့ပါတယ်။

တချို့စက်ရုံတွေက သင်္ကြန်ပိတ်ရက်တွေ အတွက် အများဆုံး ၅ ရက်ကနေအနည်းဆုံး ၂ ရက်အထိ ရက်အစား လုပ်ကိုင်ခိုင်းခဲ့တာကို Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။ ဒီအပြင် မတ်လအတွင်း က  အများပြည်သူပိတ်ရက်တွေအတွက်ပါ ရက်စားလုပ်ကိုင်ခိုင်းခဲ့တာတွေလည်း ရှိခဲ့တဲ့ အပြင် သင်္ကြန်ပိတ်ရက် အတွက်ပါ ရက်စားလုပ်ကိုင်ခိုင်းဖို့ စီစဉ်ခဲ့တာကြောင့် တချို့အထည်ချုပ် အလုပ်သမားတွေဟာ ရက်ပေါင်း ၂၀ အထိ နားရက်မရဘဲ လုပ်ကိုင်ရဖို့အထိ ဖြစ်လာပါတယ်။ 

ဒီလို ရက်စားလုပ်ကိုင်ရတဲ့ စက်ရုံတွေမှာ နစ်နာရတဲ့ကြောင်းကို အလုပ်သမားတွေ ပြောပြထားတာတွေကို ဧပြီလ ချိုးဖောက်မှုအနေနဲ့ Myanmar Labour News က ဖော်ပြလိုက်ပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊စက်မှုဇုန် ၅၊ ရွှေလီလမ်းက ဆင့်လုံ (SHUNRONG GRAMENTS MYANMAR) အထည်ချုပ်စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်နဲ့   PROTECTIVE INDUSTRIAL PRODUCTS အထည်တွေ ချုပ်လုပ်နေပါတယ်။ 

အဲဒီ စက်ရုံမှာ မတ်လထဲက အချိန်ပို ညလုံးပေါက်ဆင်းရတာတွေရှိပြီး အများပြည်သူ ရုံးပိတ်ရက်တွေမှာပါ  သဘောဆန္ဒမပါဘဲ မဖြစ်မနေ လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံဘက်က သင်္ကြန် ၁၀ ရက်ပိတ်မယ်ဆိုပြီး အဲဒီပိတ်ရက်အတွက် ရက်အစားအနေနဲ့ မတ်လထဲမှာ ၃ ရက် လုပ်ကိုင်ပေးရတယ်လို့ သိရပါတယ်။ အဲဒီ ၃ ရက်ထဲက မတ်လ ၁၈ ရက် တနင်္ဂနွေနေ့မှာ အလုပ်မဆင်းတဲ့ သူတွေရှိလို့  “အလုပ်သမားတွေ ခွင့်ယူတာ၊ အလုပ်ပျက်တာတွေအတွက် သင်္ကြန်ပိတ်ရက် ၁၀ ရက်စာ ပိုက်ဆံ မပေးနိုင်ဘူး” ဆိုပြီး မန်နေဂျာက ရုံးခန်းထဲခေါ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတဦး က ပြောပါတယ်။

မတ်လ ၂၇ ရက်မှာလည်း အချိန်ပိုခေါ်ယူခဲ့ပြီး မနက် ၇ နာရီခွဲကနေ နေ့လည် ၁၁ နာရီအထိ လုပ်ကိုင်ခဲ့ရပေမဲ့ စက်ရုံဘက်က အချိန်ပိုကြေး ပေးတာမရှိဘူးလို့ ပြောပါတယ်။

အချိန်ပို လုပ်ခမရတဲ့အပြင် အများပြည်သူရုံးပိတ်ရက်တွေအတွက် ဒေးကြေးမပေးဘူးလို့ပြောဆိုတဲ့ အပေါ် လက်ခံနိုင်စရာမရှိဘူးလို့ SHUNRONG GRAMENTS MYANMAR အလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို လင့်(Link) မှာ ဖတ်ရှုနိုင်ပါတယ်။

(Link -https://www.myanmarlabournews.com/posts/သင်္ကြန်ပိတ်ရက်အစားထိုးမဆင်းသူတွေကို-လစာဖြတ်တောက်ခြင်းမပြုရန်-အလုပ်သမားတွေလိုလားနေ)

မြန်မာနိုင်ငံရဲ့ ဧပြီလ ရာသီဥတုက ပူပြင်းတာကို နိုင်ငံသားတိုင်း ခံစားကြရပါတယ်။ နိုင်ငံထဲက စက်ရုံတည် ဆောက်ရာမှာ ဘယ်လိုထုတ်ကုန်တွေ ထုတ်လုပ်ဖို့ဆိုပြီး ရည်ရွယ်တည်ဆောက်တာ မရှိတာက အများစု ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံထဲက အထည်ချုပ်လုပ်သားတွေမှာ ဖိအားပေးခိုင်စေတာအပြင် ပူပြင်းမှုပါ ခံစားရပါတယ်။ လုပ်ငန်းခွင်ထဲ ပူလောင်မှုခံစားရတာ သက်သာအောင် စက်ရုံလုပ်ငန်းရှင်တွေ ဖြည့်ဆည်းရမဲ့ တာဝန်ဖြစ်ပေမဲ့  ဖြည့်မပေးခဲ့တဲ့ အပြင် အိုတီလုပ်ခ နှစ်ဆရတဲ့ အလုပ်ချိန်နာရီထဲက သင်္ကြန်ပိတ်ရက်အတွက် ဖြတ်ယူခဲ့တာကို တွေ့ရပါတယ်။ 

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဗန်းမော်အတွင်းဝန်လမ်းက တရုတ်နိုင်ငံသားပိုင် BOHUA FASHION CO,LTD   စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်နဲ့ လည်ပတ်နေပြီး OUT WEAR ၊ RESEVED၊ Sinsay စတဲ့ အမှတ် တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

စက်ရုံဘက်က နေ့စားအလုပ်သမားတွေကို ၂ လ စာချုပ် ချုပ်  ခိုင်းစေပြီး အလုပ်ထုတ်တယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း သောက်သုံးရေ မကြာခဏ ပြတ်တောက်ပြီး ရာသီဥတုပူပြင်းချိန် သောက်သုံးရေ ပြတ်တာ သန့်စင်ခန်းတွေ သန့်ရှင်းအောင် စီမံထားတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဆေးခွင့်၊ ရှောင်တခင်ခွင့်တွေ ခံစားခွင့်မရတာ၊ ခွဲခြားဆက်ဆံခံရတာနဲ့ အထည်စံချိန်တွေတောင်းခံပြီး ရိုင်းစိုင်းစွာ ဆဲဆို အော်ဟစ်ခိုင်းစေတာကို နေ့စဉ် ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရက်အစားဆင်းခိုင်းပြီး လစာဖြတ်တောက်မှုနဲ့ ပတ်သက်လို့ အလုပ်သမားတဦးက အခုလို ပြောပါတယ်။

"သင်္ကြန်ရက်စား နှစ်ရက်အတွက်ကို  စနေနေ့တွေဆင်းပေးထားတဲ့ အချိန်ပိုလုပ်ထားတဲ့ အလုပ်ချိန်ထဲက ၁၆ နာရီ ဖြတ်မယ်တဲ့။ ပိတ်ရက် နှစ်ရက် အတွက် အချိန်ပို ဆင်းထားတဲ့ ထဲကပဲ   ဖြတ်နေတာတဲ့။ မနက်ပိုင်း တပိုင်းလုံး စက်ရုံသန့်ရှင်းရေး  လုပ်ခိုင်းတယ်။ ညနေပိုင်း ပုံမှန် အလုပ်လုပ်ရတယ်။ ဒီလို တနေကုန် အလုပ် လုပ်ထားတာကို လည်း  ပိတ်ရက်ပြီးလို့ အလုပ်ပြန်တက်ရင် အဲဒီရက်အတွက် စနေနေ့ထဲက OT လေးနာရီစာ ထပ်နုတ်မယ်တဲ့။ သန့်ရှင်းရေးလုပ်ပေးရတဲ့ အချိန်ကို အလုပ်တက်တာ မသတ်မှတ်ဘဲနဲ့ အလုပ်သမားတွေကို ဖိအားပေးပြီး လက်မှတ် အတင်းထိုးခိုင်းတယ်။ တိုင်ချင်တဲ့နေရာတိုင်လို့လည်းပြောတယ်"လို့ BOHUA FASHION CO,LTD   စက်ရုံ အလုပ်သမားက အခုလို ပြောပြထား ပါတယ်။

သတင်းအပြည့်အစုံကို Link မှာ ဖတ်ရှုနိုင်ပါတယ်။ (https://www.myanmarlabournews.com/posts/ လုပ်ငန်းခွင်အတွင်း-ဆဲဆိုခိုင်းစေပြီး-အလုပ်သမားအခွင့်အရေးချိုးဖောက်)

အထည်ချုပ်လုပ်ငန်းခွင်က အလုပ်သမားအများစုက ရန်ကုန်ဒေသခံတွေမဟုတ်ဘဲ နယ်ကလာရောက်ကိုင်သူတွေ ဖြစ်တာကြောင့် စက်ရုံပြန်ဖွင့်ရက်မှာ အများစု အလုပ်မဆင်း နိုင်ကြပါဘူး။ ဒီလို အလုပ်သမားတွေကို လုပ်ခလစာ ဖြတ်ဖို့ စောင့်နေတဲ့ စက်ရုံတွေလည်း ရှိတယ်ဆိုတာ အလုပ်သမားတဦးက အခုလို ပြောပြထားပါတယ်။

သင်္ကြန်ပိတ်ရက်အပြီး၊ ပထမဆုံး အလုပ်စဆင်းတဲ့ရက်မှာ အလုပ်မဆင်းရင် ပိတ်ရက်တွေအတွက် ဒေးကြေး အကုန် ဖျက်လား။ ညီမက သင်္ကြန်အပြီး  အလုပ်ပြန်ဆင်းရက် ပျက်ထားတာမို့လို့ပါ။ ပိတ်အတွက်ပါ လစာ ဖျက်တယ် ဆိုလို့။ မနှစ် သင်္ကြန်ပိတ်ရက်ကလည်း ညီမရဲ့ လစာတွေ အဖြတ်ခံရပါတယ်။  ရှေ့ပိတ်ပျက်ပျက် ၊ နောက်ပိတ်ပျက်ပျက် ဖြတ်တ်တယ်လို့ ပြောနေကြလို့။ မနှစ်က ညီမ ဒီလိုအချိန် အလုပ်ပျက်တာကို ဖြတ်ပါတယ် ။” လို့ ပြောပါတယ်။

ဧပြီလအတွင်း Myanmar Labour News မှာ အလုပ်သမားသတင်း စုစုပေါင်း ၄၉ ပုဒ် ဖော်ပြနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေအပေါ် ချိုးဖောက်ခဲ့တဲ့ သတင်း စုစုပေါင်း ၂၂ ပုဒ် ၊ ပြည်ပရောက် မြန်မာအလုပ်သမားသတင်း ၆ ပုဒ်၊ သုတေသန ဆန်းစစ်ချက် ၁ ပုဒ်၊ လူမှုဘဝမြင်ကွင်း ဆောင်းပါး ၁ပုဒ်နဲ့ တခြား အလုပ်သမားသတင်း ၁၉ ပုဒ် ပါဝင်ပါတယ်။

စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကို ချိုးဖောက်တဲ့ သတင်း ၂၂ ပုဒ်ထဲမှာ စက်ရုံအလုပ်ရုံပေါင်း ၁၉ ရုံ ပါဝင် ပါတယ်။ အဲဒီစက်ရုံတွေထဲမှာ သတင်း ၂ကြိမ် ဖော်ပြခဲ့ရတဲ့ စက်ရုံကတော့ ၃ ရုံပါ။

 

ဧပြီလ  ချိုး ဖောက်မှုများ
သတင်း ၂ ကြိမ်ဖော်ပြထားသည့် စက်ရုံများ
No Factory Location Brands
1 Saung Oo Shwe Ney ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန် ၊အလယ်လမ်း ၃ လမ်း SMOG , H&M , DIVIDED
2 SHUNRONG GRAMENTS MYANMAR ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန် ၅၊ ရွှေလီလမ်း PROTECTIVE INDUSTRIAL PRODUCTS
3 Vicsong- Myanmar footwear Co.,Ltd "
ပဲခူးမြို့၊ မြို့ရှောင်လမ်း၊ ဆင်ဖြူကွင်းလမ်း"
ဖိနပ်ချုပ်
သတင်း ၁ ကြိမ်စီ ဖော်ပြထားသည့် စက်ရုံများ
4 Yichang Hand bag (Myanmar) ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ တိုးချဲ့စက်မှုဇုန်၊ ဇေကမ္ဘာ ၇ လမ်း Lenovo
5 KSENG (Myanmar) Apparel ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် Mataland , Clique , springfield , FB sister , GEM
6 BOHUA FASHION CO,LTD ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် ၊ ဗန်းမော်အတွင်းဝန်လမ်း OUT WEAR , RESEVED, Sinsay
7 Myanmar L&K ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၁ ၊ ဦးရွှေဘင်လမ်း  
8 MYAMKA GARMENT LIMITED ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ ဦးအောင်ဇေယျလမ်း SPRINFFIELD
9 Heng Run Garment Co.,ltd
ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးတရုတ်လမ်း
prenatal
10 Myanmar Dongxin ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်း TIGORA, VOYAGER, WindCore, CAMP 7, LCW VISION, LC WAIKIKI
11 Myanmar Bestex Garment Co.,Ltd ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မူဇုန် ၊ မင်းဧရာလမ်း Sinsay , OVS , RBX ,MOHITO
12 HOPE ONE CO,LTD ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာမီးသတ်ဝိုင်းအနီ၊ မောင်ကျန်သီးလမ်း Ladies Fashion, noa-ge
13 GTIG EASTAR (3) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် OVS, KIABI, C&A, TESCO, ZARA, House, F&F, TESCO, LPP
14 Dishang Kenny Garment ရန်ကုန့်မြို့၊ လိူင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း K Way ,TIGORA, RESERVED
15 Erdos Myanmar Knitwear ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်း၀န်ဦးဖိုးလှိုင်လမ်း JUSTE CACHEMIRE , LOCHMERE , ZENOBI
16 LAT WAR (3) COMPANY LIMITED ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဆိပ်ကမ်းသာလမ်း KAPALUA, REGATA, MAVI CONIN’s
17 NKM Apparel Manufacturing Co.,Ltd မှတ် ၁၄၉/A ၊ ကနောင်မင်းကြီးလမ်း၊ အရှေ့ဒဂုံမြို့နယ် ဦးထွန်းမြတ်မှတ်တိုင် အနီး  
18 Sanyuan Oversea Two ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် ထန်းတပင် စက်မှုဇုန်၊ အနောက်ပိုင်းလမ်းမကြီး PADDED COLLECTION
19 Myanto Industrial CO.Ltd ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်း October, AMISU

ဒီဧပြီလအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်တယ်ဆိုပြီး သတင်းဖော်ပြခံရတဲ့ စက်ရုံတွေအားလုံးက အိတ်ချုပ်၊ ဖိနပ်ချုပ်နဲ့ အထည်ချုပ် စတဲ့ ချုပ်လုပ်ရေး စက်ရုံတွေဖြစ်ပါတယ်။ လုပ်သားအင်အား ၂၀၀ ဝန်းကျင် ကနေ ၂၀၀၀ ဝန်းကျင်ရှိ စက်ရုံတွေဖြစ်ကြပါတယ်။

ချိုးဖောက်မှု အမျိုးအစားတွေကို အများက အနည်းကို အစဉ်လိုက် ဖော်ပြပါ့မယ်။ ချိုးဖောက်မှု အများဆုံး အမျိုးအစား ကတော့ ရပိုင်ခွင့် ငွေကြေးဖြတ်တောက်တာဖြစ်ပြီး သတင်းဖော်ပြထားတဲ့ အကြိမ် ၁၅ ကြိမ် ရှိပါတယ်။ ဒီနောက်မှာ ခွင့်မပေးတဲ့စက်ရုံနဲ့ လုပ်ငန်းခွင်တွင်း ဆဲဆိုခိုင်းစေတယ်ဆိုတဲ့ စက်ရုံအလုပ်ရုံသတင်းကို ၁၁ ကြိမ် ဖော်ပြထားတာကို တွေ့ရပါတယ်။  ဥပဒေကျော်လွန်ပြီး အချိန်ပိုခိုင်းစေတယ်ဆိုတဲ့ သတင်းက ၁၀ ကြိမ်၊  ခြိမ်းခြောက် ဖိအားပေး ခိုင်းစေတဲ့ စက်ရုံနဲ့ လုပ်ငန်းခွင်ကောင်းမွန်မှုမရှိဘူးဆိုတဲ့ စက်ရုံတွေရဲ့ သတင်းက ၉ ကြိမ်စီ ပါဝင်တယ်။ အထည် စံချိန် မမျှမတ တိုးတောင်းတယ်ဆိုတဲ့ စက်ရုံသတင်း ၇ ကြိမ်၊ မတရား အလုပ်ထုတ် တဲ့ စက်ရုံ သတင်း ၆ ကြိမ် နဲ့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုရှိတဲ့ စက်ရုံသတင်း ၅ ကြိမ် ဖော်ပြထားတာကို တွေ့ရ  ပါတယ်။ ဒီနောက်မှာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှု ရှိတယ်ဆိုတဲ့ စက်ရုံသတင်း ၃ ကြိမ်၊ နေ့စားအလုပ်သမားတွေ နစ်နာမှုရှိနေတယ်ဆိုတဲ့ စက်ရုံသတင်း ၃ ကြိမ်စီနဲ့ အလုပ်သမားခေါင်းဆောင်တွေက ငွေကြေး ဖြတ်တောက်မှု ရှိတယ်ဆိုတဲ့ စက်ရုံ သတင်းက ၂ ကြိမ်ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာတွေက သတင်းအကြိမ်ရေ ဖော်ပြထားတာနည်းပေမဲ့ အမြဲသတိထားဖို့အပ်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

Myanmar Labour News ရဲ့ မှတ်တမ်းအရ ဧပြီလအတွင်း အလုပ်သမားတွေပေါ် ချိုးဖောက်မှု မှတ်တမ်းတွေကို အခြေခံပြီး ဒီ ဂရတ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဒီဂရတ်အရ ချိုးဖောက်မှု အမျိုးအစားများစွာဖြစ်ပေါ်နေတဲ့ စက်ရုံတွေကတော့ BOHUA FASHION CO,LTD (https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်း-ဆဲဆိုခိုင်းစေပြီး-အလုပ်သမား အခွင့်အရေးချိုးဖောက်)နဲ့ Heng Run Garment Co.,Ltd  အထည်ချုပ်စက်ရုံ (https://www. myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာ-ချိုးဖောက်မှုတွေ-ကျူးလွန်နေ)တွေဖြစ်ပါတယ်။ ဒီစက်ရုံတွေကို တရုတ်နိုင်ငံသားတွေက ပိုင်ဆိုင်ပြီး စက်ရုံနှစ်ရုံလုံး ရွှေလင်ဗန်း စက်မှုဇုန်တွေက ဖြစ်ပါတယ်။

ဒီစက်ရုံတွေနောက်မှာ အရှေ့ဒဂုံစက်မှုဇုန်က တရုတ်နိုင်ငံသား  MYAMKA GARMENT LIMITED (https://www. myanmarlabournews.com/posts/ကိုယ်ဝန်ဆောင်အလုပ်သမားတွေ-မီးဖွားခွင့်-ခံစားခွင့်ဆုံးရှုံးနေရ) အထည်ချုပ်စက်ရုံရှိနေပြီး ချိုးဖောက် အမျိုးအစား ၉ မျိုးဖြစ်ပွားနေတာကို တွေ့ရပါတယ်။

ချိုးဖောက်မှု အမျိုးအစား ၈ မျိုးရှိနေတဲ့ စက်ရုံတွေကတော့ Yichang Hand bag (Myanmar) (https://www.myanmarlabournews.com/posts/yichang-handbag-myanmar-အိတ်ချုပ်စက်ရုံ-လုပ်သားအခွင့်အရေးချိုးဖောက်မှုရှိနေဟုဆို)၊HOPE ONE CO.,LTD (https://www.myanmarlabournews. com/posts/hope-one-coltd-စက်ရုံလုပ်ငန်းခွင်အတွင်း-ကိုယ်ထိလက်ရောက်အပါအဝင်-အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်နေဟုဆို)၊Erdos Myanmar Knitwear (https://www.myanmarlabournews. com/posts/လုပ်ငန်းခွင်အတွင်းက-အခွင့်အရေး ချိုးဖောက်မှုတွေဖြေရှင်းပေးရန်-တိုင်ကြားထားဟုဆို)၊ Myanto Industrial CO.,Ltd (https://www. myanmarlabournews.  com/posts/myanto-industrial-စက်ရုံမှာ-အလုပ်သမား အခွင့်အရေး ချိုးဖောက်နေဟုဆို)တို့ ဖြစ်ကြပါတယ်။

Myanmar Labour News ရဲ့ သတင်းဖော်ပြချက်တွေအရ  ချိုးဖောက်မှု အမျိုးအစား ၇ မျိုးရှိတဲ့ စက်ရုံတွေ ကတော့ SHUNRONG GRAMENTS MYANMAR (https://www.myanmarlabournews. com/posts/ သင်္ကြန်ပိတ်ရက်အစားထိုးမဆင်းသူတွေကို-လစာဖြတ်တောက်ခြင်းမပြုရန်-အလုပ်သမား တွေလိုလားနေ) ၊ Vic song- Myanmar footwear Co.,Ltd (https://www .myanmarlabournews. com/posts/vicsong-ဖိနပ်-စက်ရုံ-ပိတ်ထားသည့်-ကာလအတွက်-လစာ-၄၀-ရာခိုင်နှုန်း-လျှော့ချ-ပေးချေ )၊ Dishang Kenny Garment (https://www.myanmarlabournews.com/posts/dishang-kenny-garment-မှ-အလုပ်သမားတဦး၏-ပေးစာ) တို့ဖြစ်ကြပါတယ်။

ချိုးဖောက်မှု အမျိုးအစား ၆ မျိုးရှိတဲ့ စက်မှုရုံကတော့ တရုတ်နိုင်ငံသားပိုင် သာဓုကန်စက်မှုဇုန်က KSENG (Myanmar) Apparel (https://www.myanmarlabournews.com/posts/kseng-myanmar-သင်္ကြန်ရက်စား-လုပ်ကိုင်ခိုင်း-လာရောက်စစ်ဆေးပေမဲ့-စက်ရုံဘက်က-အပြောင်းအလဲ-မလုပ်)စက်ရုံ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ စက်ရုံတွေက ချိုးဖောက်မှု အမျိုးအစား ၅ မျိုးအောက်မှာ ရှိတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။

ဒီဧပြီလအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေကို ဆန်းစစ်ချက်တွေအရ ဆဲဆိုမှုတွေ ကျဆင်းတာမရှိတဲ့ အပြင် ဆဲဆိုမှုတွေ ဖြစ်ပေါ်တဲ့ အဓိက အကြောင်းအရင်း “ မမျှတတဲ့ ထည်စံချိန် တိုးတောင်းမှု”  တွေကလည်း နည်းပါးတာမျိုး မရှိတာကို တွေ့ရပါတယ်။

နေ့စားအလုပ်သမားတွေ အလုပ်ထုတ်ခံရတာ၊ လူမှုဖူလုံရေးအတွက် ငွေသွင်းခွင့်မရလို့ ခံစားခွင့်မရတာနဲ့ နေ့စား အလုပ်သမားတွေထဲက အသက်မပြည့်တဲ့ ကလေးလုပ်သားတွေရဲ့ နစ်နာမှုတွေကလည်း ဆက်ရှိနေတာကို တွေ့ရပါတယ်။

စက်ရုံအတွင်းက အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုတွေ များလာသလို၊ ကိုယ်ထိလက်ရောက် စော်ကားတာတွေလည်း ရှိနေတာကိုတွေ့ရပါတယ်။

ဒီထဲက အမျိုးအစားတချို့က ချိုးဖောက်မှု နည်းပေမဲ့ စောင့်ကြည့် ထိန်းသိမ်းဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်တာကို လည်း တွေ့ရပါတယ်။ ဒီလို အကြောင်းအရာတွေ ဆက်ရှိနေတာကလည်း အရေးယူမှုနဲ့ ကျူးလွန်သူတွေကို အကာအကွယ်ပေးမှုတွေ ရှိနေလို့ဆိုတာ ငြင်းမရပါဘူး ။

အများနဲ့ သက်ဆိုင်တဲ့  ချိုးဖောက်ခံရမှုမှ မဟုတ်ဘဲ တဦးတယောက် ချိုးဖောက်ခံရမှုကိုလည်း အာရုံပြုပေးဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ Myanmar Labour News က သုံးသပ်ထား ပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေက အများနဲ့သက်ဆိုင်တဲ့ ချိုးဖောက်ခံရမှုတွေ နောက်မှာ အမြဲ တိမ်မြုပ် နေတတ်တာကို  အလုပ်သမားအရေးလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအဖွဲ့ချုပ်က  တာဝန်ရှိသူနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ ဂရုပြုပေးဖို့ Myanmar Labour News က တိုက်တွန်း လိုက်ပါတယ်။

PDF Download  -  ရက်အစား လုပ်ကိုင်ပေးခဲ့သည့် မြန်မာနှစ်သစ်ကူးပွဲတော် သို့မဟုတ် ဧပြီလ ချိုးဖောက်မှုများ

 Myanmar Labour Society
Research Team