NEWS

နိုဝင်ဘာ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
108 Views

Myanmar Labour News မှာ နိုဝင်ဘာလ (၁၈) ရက်ကနေ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်းအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ 


ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 
တပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါ တယ်။ 


နိုဝင်ဘာ ၁၈ 


စစ်အာဏာသိမ်းပြီးနောက်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ထောင်ဝင်စာပေးပို့နေရတဲ့ အကျဉ်းသားမိသားစုတွေ စားဝတ်နေရေး ပိုမိုခက်ခဲလာပါတယ်။ 


ပြည်တွင်းမှာသတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာနှုန်းထားဟာ ကုန်ဈေးနှုန်းနဲ့ တွက်ကြည့်ရင်တော့ အခြေခံ လူတန်းစားတွေ ဘယ်လိုစားသောက်နေထိုင်နေလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သတ်မှတ်ထားတဲ့ အပိုထောက်ပံ့ကြေး ကျပ်(၂၀၀၀) ဆိုတာကလည်း စက်ရုံတိုင်း၊ အလုပ်သမားတိုင်း ရနိုင်တာမဟုတ်ပေမယ့် ကုန်ဈေးနှုန်းရဲ့ သက်ရောက်မှုကိုတော့ လူတိုင်းခံစားနေရတာပါ။ လုံလောက်မှုမရှိတဲ့ လုပ်ခလစာတဲ့ နေ့စဉ်ဆို သလို တိုးနေတဲ့ ကုန်ဈေးနှုန်းကြားက အခြေအနေတွေကိုတော့  “ကိုမင်းဈေးထဲ လမ်းလျှောက်ထွက်ခြင်း”ဆိုတဲ့ ဆောင်းပါးမှာဖတ်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ 


ဖိလစ်ပိုင်နိုင်ငံ၊ လူဇုန်အလယ်ပိုင်းဒေသကို ဖြတ်ကျော်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း (မန်ရီ (MAN-YI)ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ချို့မှာ မိုးရွာဦးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ (၁၈) ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန် ကြေညာထားပါတယ်။ 


ပြည်တွင်းက စက်ရုံတွေမှာ မသန့်ရှင်းတဲ့ရေကို သောက်နေရတဲ့ အလုပ်သမားတွေ အများအပြားရှိနေပါတယ်။ 

မလေးရှားနိုင်ငံ ဆာဘားကျွန်းက စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အလုပ်သမားခေါ်ယူတဲ့ အလုပ်ခေါ်စာ Demand Letter တွေကို အလုပ်သမားဝန်ကြီးဌာနက ခွင့်မပြုဘူးလို့ သိရပါတယ်။ 

နိုဝင်ဘာ ၁၉ 


လာအိုနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို အမေရိကန်ဒေါ်လာ (၁၄) ဒေါ်လာအထိ တိုးမြှင့်ပေးမယ်ဆိုတာကြောင့် ပြည်တွင်းအထည်ချုပ် အလုပ်သမားတွေ လာအိုနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေကြပါတယ်။ 


ပြည်တွင်းက အလုပ်သမားတွေအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင် အခြေအနေတွေနဲ့ လူမှုဖူလုံရေးအာမခံစနစ်တွေဟာ လက်ရှိမှာ ပြဌာန်းထားတဲ့ ဥပဒေတွေ၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ အင်မတန်ကို ဝေးကွာနေပါတယ်။ ဒီအခြေအနေတွေကို နစ်နာသူ အလုပ်သမားတွေကတော့ ထောက်ပြခွင့်၊ ရွေးချယ်ခွင့် မရကြဘဲ လည်စင်းခံနေရပါတယ်။ ဒီအကြောင်းတွေ ကိုတော့ ကိုကြီးကျော်ရဲ့ “ညီမမေသူသို့ ပြန်စာ”မှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ 


နိုဝင်ဘာ ၂၀ 


ကိုရီးယားနိုင်ငံသားပိုင် Real Star စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေကို အလုပ်သမား ဝန်ကြီးဌာနက လာရောက်စစ်ဆေးခဲ့ပေမယ့် အလုပ်ရှင်နဲ့ ပူးပေါင်းကာ ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


မြန်မာအလုပ်သမားတွေကို သယ်ယူလာတဲ့ယာဉ်ဟာ ထိုင်းစစ်ဆေးရေးဂိတ်မှာ မရပ်တန့်ဘဲ ထွက်ပြေးရာကနေ အရှိန်လွန်ပြီး ယာဉ်တိမ်းမှောက်ခဲ့တဲ့အတွက် မြန်မာအလုပ်သမား (၇) ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေ မှာ ဖော်ပြပါတယ်၊။ 
-အာဏာသိမ်းစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပိတ်ဆို့မှုလမ်းကြောင်းကနေ အရေးယူနိုင်ဖို့ကို အလုပ်သမားအစုအဖွဲ့တွေနဲ့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုတို့က ကြိုးပမ်းလုပ်ဆောင် နေကြပါတယ်။ ဒီလိုအရေးယူ ပိတ်ဆို့တာတွေ လုပ်ဆောင်မယ်ဆိုရင် အာဏာသိမ်းစစ်တပ်ကို ဘယ်လောက်ထိ ပြိုလဲသွားစေနိုင်မလဲဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဉက္ကဌ ဦးမောင်မောင်နဲ့ ရုပ်သံမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

 
ပြည်တွင်းမှာ စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ဖို့ လုပ်ဆောင်နေပေမယ့် အခြေခံပြည်သူတွေ ကတော့ စားဆီတစ်ပိဿာကို ကျပ်တစ်သောင်းခွဲဈေးနဲ့ တစ်နိုင်တစ်ပိုင် ဝယ်ယူစားသောက်နေရပါတယ်။ 


လျှံဖ Lianfa အထည်ချုပ်စက်ရုံမှာ နေ့စဉ်ညည့်နက် အချိန်ပိုတွေအပြင် အော်လင်းအောနိုက်တွေ လုပ်ကိုင်ခိုင်း နေလို့ အလုပ်သမားတွေဟာ မိသားစုပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ 


နိုဝင်ဘာ ၂၁ 


ထိုင်းနိုင်ငံက ရေသန့်ဘူးအခွံ ပြုလုပ်တဲ့ စက်ရုံ မှာ MOU မြန်မာ အလုပ်သမား တစ်ဦး မှာ လုပ်ငန်းခွင် မတော်တဆ မှုကြောင့် လက်ချောင်း ဖြတ်ပစ်ရပေမယ့် နစ်နာကြေး မရတဲ့ အပြင် စက်ရုံက တာဝန်ယူမှု မရှိတဲ့ အတွက် ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံထား ပါတယ်။ 


ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ မြန်မာအလုပ် သမား ၃၀၀ ကို အလုပ်ပေးမယ်ဆိုကာ အလုပ်စမတ်ကြေး ဘတ်၂ သန်းခန့် ထိုင်းအမျိုးသမီး နှစ်ဦးကလိမ်လည်သွားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာဦးခိုင်ကြီးက MLN ကိုပြောပါတယ်။ 


စိမ့်အာကာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီက ထိုင်းနိုင်ငံ Honghai Techonology Thailand Co.,ltd မှာ လုပ်ကိုင်ရမယ်ဆိုပြီး အလုပ်သမား (၁၀၀) ခန့်ကို စာချုပ်ချုပ်ဆိုကာ ထိုင်းနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ လက်ရှိ မှာတော့ အလုပ်သမား (၂၅) ဦးကိုသာ အလုပ်ခန့်အပ်ပြီး ကျန် (၇၅) ဦးက အလုပ်မရသေးတာကြောင့် အခက်အခဲ တွေ ဖြစ်ပေါ်နေပါတယ်။ 


နိုဝင်ဘာလ ၂၂


လာအိုနိုင်ငံက ဂိမ်းခုံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်း ( ကျားဖြန့်) တွေဆီ ရောင်းစားခံခဲ့ရတယ်လို့ အဲ့ဒီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်အချို့က ပြောပါ တယ်။ လာအိုနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းလို့ခေါ်တဲ့ ကျားဖြန့် အလုပ်ရုံတစ်ခုမှာ ရောင်းစားခံခဲ့ရတဲ့ မြန်မာလူငယ် တွေထဲက ၇ ယောက်ဟာ လာအိုနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့ ပါတယ်။ 


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် phoo phra မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၉) ဦး ကို မူးယစ်ဆေးနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။ ဖမ်းမိသူတွေထဲက အမျိုးသားတစ်ဦး ဆီမှာ စိတ်ကြွဆေးပြား (၁၄) ပြား ကို လက်ဝယ်တွေ့ရှိခဲ့တာပါ။ 


တရုတ်မြန်မာနယ်စပ်မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှတဆင့် ယာဉ်ငယ်များ၊ ဆိုင်ကယ်များဖြင့် ကုန်သယ်ယူခွင့် တွေကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပေမဲ့  အခြားသောဂိတ်ကို ပြန်လည်ပိတ် ထားလိုက်ပြန်တယ်လို့ သိရပါတယ်။

 
Diamond Rental Myanmar Co.,ltd က အလုပ်သမားတွေဟာ ဂျပန်ကုမ္ပဏီမှာ လုပ်ကိုင်နေရပေမယ့် အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရပါတယ်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ဝန်ကြီးဌာနက သတ်မှတ်တဲ့ ECပုံစံနဲ့  စာချုပ်ချုပ်ဆိုတာမဟုတ်ဘဲ အရပ်စာချုပ်ချုပ်ပြီး ခိုင်းစေနေတာတွေကို အလုပ်သမားရုံးက သိပေမယ့် ပြုပြင်ပြောင်းလဲခိုင်းတာ မရှိသလို ချိုးဖောက်မှုတွေကိုလည်း မျက်ကွယ်ပြုနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။ 


၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်အများဆုံးဖြစ်လာတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မြန်မာနိုင်ငံက ပထမဆုံးအဆင့်ဖြစ်လာပြီလို့ အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းပိတ်ပင် တားဆီးရေး လှုပ်ရှားမှုအဖွဲ့ (ICBL) က မနေ့ကထုတ်ပြန်လိုက်ပါတယ်။ 


နိုဝင်ဘာ ၂၃ 


ပြည်ပနိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံရတာတွေ၊ ဖမ်းဆီး ထိန်းသိမ်းခံရပြီး မိသားစုနဲ့ ပြန်လည်ဆက်သွယ်လိုသူတွေအပါအဝင် ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေ  ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေအနေနဲ့ ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် (CTUM) ရွှေ့ပြောင်း အလုပ်သမားဌာန၊ လက်ထောက်ဌာနမှူး ဦးဟိန်းလတ်က ပြောပါတယ်။ 


နိုဝင်ဘာ ၂၄ 


Prettex Myanmar စက်ရုံ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ဆန့်ကျင်ပြီး အတင်းအကျပ် အချိန်ပို လုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


ZHIYUAN  GARMENT အထည်ချုပ်စက်ရုံက စက်ရုံတွင်း အလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေရှိနေပြီး  စစ်ကောင်စီကတရားဝင်တိုးမြှင့်သတ်မှတ်ပေးထားတဲ့ ထောက်ပံ့ကြေး၂၀၀၀ ကိုလည်း  အပြည့်အဝမပေးဘဲဖြတ်တောက်ခံနေရတယ်လို့ သိရပါတယ်။ 


တပတ်တာသတင်းအနှစ်ချုပ်ကို မမက စုစည်း​ပေးထားတာပါ။ 


Related posts

Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ၁၂-၁-၂၀၂၅)
Jan 12, 2025
Cover
စံချိန်တင်မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ
Jan 12, 2025
Cover
ဒီဇင်ဘာလ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 29, 2024
Cover
ဒီဇင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Dec 29, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 22, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 22, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 15, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 15, 2024