NEWS

နိုဝင်ဘာလ တတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
52 Views

Myanmar Labour News မှာ နိုဝင်ဘာလ (၁၁) ရက်ကနေ နိုဝင်ဘာ (၁၇) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်းအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊  ဒေသတွင်း သတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။တပတ်တာသတင်းအနှစ်ချုပ်အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှူ့နိုင်ပါတယ်။

နိုဝင်ဘာ ၁၁

ထိုင်းနိုင်ငံ၊ ချွန်ပူလီ၊ စီလချာမြို့၊ နောင်ခမ်းမှာရှိတံ့ ပလပ်စတစ်စက်ရုံမှာ စီးပွားရေးကျဆင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စာချုပ်သက်တမ်းမပြည့်သေးတဲ့ MOU မြန်မာအလုပ်သမား (၁၈) ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ဆီက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ တော်လှန်ရေးမှာတက်ကြွစွာပါဝင်နေသူ  မြန်မာပြည်သားတွေအနေနဲ့ နေထိုင်ခွင့်ဗီဇာအခက်အခဲကြောင့် ကိုရီးယားလဝကရဲ့ အဖမ်းအဆီးတွေ့ကြုံပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံး အလုပ်သမားရေးရာတာဝန်ခံကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ အသိပေးထားပါတယ်။ 

ပြည်ပနိုင်ငံတွေမှာ တရားဝင်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ EC စာချုပ်သက်တမ်း  ပြည့်ပါက ပြည်တွင်းကို မဖြစ်မနေပြန်လာပြီး စစ်မှုထမ်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထား ပါတယ်။

အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြုချက်တွေကို အမှန်တကယ်ပြင်ဆင် လုပ်ဆောင်တာမရှိဘဲ ဟန်ပြဘဲ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် ခေါင်သုံးလုံး အထည်ချုပ်စက်ရုံ (ခေါ်) Mai Yi Bei (Yangon) Garment Manufacturing Co, ltd မှာ အချိန်ပိုနာရီတစ်ချို့ကို အခကြေးငွေမပေးဘဲ ခိုင်းစေတာတွေအပြင် မဖြစ်မနေ အချိန်ပို‌ကြေး တွက်ချက်ရာမှာလည်း ကျပ်(၁၄၀၀)နဲ့သာ ပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပြည်ပနိုင်ငံတွေကို PV နိုင်ငံကူးလက်မှတ်နဲ့ ထွက်ခွာပါက အထောက်အထားများသာမက ဖုန်းအတွင်း အချက် အလက်တွေကိုပါ အသေးစိတ်စစ်ဆေးပြီး ပြန်လွှတ်နေတယ်လို့ ကိုယ်တိုင်တွေ့ကြုံသူတွေက ထုတ်ဖော်ပြောဆို ပါတယ်။

နိုဝင်ဘာလ  ၁၂

အချိန်ပိုအိုတီကြေးတွေကို တစ်နာရီ (၁၂၀၀) ကျပ်နဲ့တွက်ချက်ပေးပြီး ည(၈)နာရီထိ ဆင်းမှသာ ကျပ်(၁၄၀၀)နဲ့ ပြောင်းလဲသတ်မှတ်တာ၊ အထည်စံချိန်တွေကို အလွန်အကျွံတောင်းခံတာ၊ ဥပဒေပါ ခံစားခွင့်တွေ မရတာနဲ့ လုပ်ငန်းခွင်တွင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင် ရိုင်းစိုင်းစွာဆဲဆိုခံရတာတွေကြောင့် HANDA (yangon) GARMENT Co, ltd က အလုပ်သမား (၃၀၀) နီးပါးက ဆန္ဒထုတ်ဖော်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ မသင်္ကာဖွယ်ရာ အလုပ်ခေါ်ယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်နဲ့ ချုပ်ဆိုထားတဲ့ အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်တွေကို အလုပ်ရှင်တွေဘက်က တစ်ဖက်သတ်ချိုးဖောက်တာတွေ ပိုမိုလုပ်ဆောင်လာပါ တယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့မှာရှိတဲ့ ကြက်သားရုံမှာ ရောက်ရှိနေတဲ့ မြန်မာ MOU လုပ်သား (၁၉) ဦးဟာ အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လုပ်ငန်းမှာ အလုပ်မရတဲ့အပြင် ကြက်သားရုံမှာ အလုပ်ဝင်နိုင်ဖို့အတွက် စမတ်ကြေးထပ်မံတောင်းခံနေလို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားမဟာမိတ်အဖွဲ့ WAG ဆီက သိရပါ တယ်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီးကုန်အမှတ်တံဆိပ်ချုပ် စက်ရုံတစ်ရုံဖြစ်တဲ့ Her Mite Co, ltd မှာ အလုပ်သမားတစ်ဦးကို အချိန်ပိုမဆင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၃

ပြည်တွင်းမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာကို ထပ်တိုးပေးတာမရှိဘဲ ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပဲ လုပ်ခလစာတိုးပေးနေတာဖြစ်ပါတယ်။ ဒီလို တိုးပေးတယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းဟာ ဆက် တိုက်ဆိုသလို မြင့်တက်လာပြီး အလုပ်သမားတွေစားဝတ်နေရေး ပိုမိုခက်ခဲလာပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် ဘတ်စ်ကားနဲ့ လိုက်ပါလာတဲ့ မြန်မာအလုပ်သမား (၇)ဦးကို ကန်ချနပူရီခရိုင်အတွင်းက စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်သွားရောက် လုပ်ကိုင်နိုင်ဖို့ EC စာချုပ် ချုပ်ဆိုထားပေမယ့် ရက်(၉၀)ကျော်တဲ့ အထိ မသွားရတဲ့ အလုပ်သမားတွေအများအပြားရှိနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။၊

တရုတ်နိုင်ငံသားပိုင် SHAN DOIVG HUAYI (MYANMAR INDUSTRY CO, LTD)မှာ စက်ရုံမန်နေဂျာမရှိဘဲ စကား ပြန်အမျိုးသမီးက ဥပဒေမဲ့ အုပ်ချုပ်နေတဲ့အပြင် အထည်စံချိန်တွေကို အလွန်အကျွံ တောင်းခံနေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် LITA Myanmar Co, ltd မှာ ဥပဒေပါ ခွင့်ရက်တွေ မပေးတဲ့အပြင် ဥပဒေမဲ့ အလုပ်ထုတ်လို ချိန်မှာ ရဲခေါ်အသုံးပြုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှာ လျှပ်စစ်ဝန်ထမ်းတစ်ချို့က လူနေအဆောင်တွေနဲ့ မီတာအသုံးများတဲ့  နေအိမ်တွေမှာ ငွေကြေးကောက်ယူပြီး မီတာယူနစ်လျှော့နည်းအောင် ပြုလုပ်ပေးနေတာကို အထက်က သိရှိသွား တဲ့အတွက် ဝန်ထမ်းတစ်ချို့ထွက်ပြေးတိမ်းရှောင်တာတွေ ဖြစ်ပွားနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၄

He Me T Company Limited စက်ရုံမှာ အလုပ်သမားတစ်ထောင်ကျော် ရှိနေပေမယ့် လုပ်သားအင်အားရဲ့ (၇၀) ရာခိုင်နှုန်းကို နေ့စားလုပ်သားအဖြစ်သာ ခိုင်းစေပြီး ချိုးဖောက်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ် သမားတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ သတင်းထောက် ကိုကျော်စွာထွန်းဟာ နိုဝင်ဘာလ (၁၄) ရက်မှာ မနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်းမှာ တနင်္သာရီတိုင်းမှာ အောက်တိုဘာလတွင်း အရပ်သားပြည်သူ(၁၉)ဦး သတ်ဖြတ်ခံခဲ့ ရပြီး စစ်ရှောင် ပြည်သူ (၆) သောင်းကျော်အထိ ရှိလာတယ်လို့ FE5 Tanintharyi ရဲ့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်တွေနဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်တွေ အသုံးပြု ပြီး ဗုံးကျဲတိုက်ခိုက်နေတာကို ရပ်တန့်တားဆီးပေးရေး၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာ သိမ်း စစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေတာကို ရပ်တန့်ပေးရေး လူထုလှုပ်ရှားမှုကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက လူထုလှုပ်ရှားမှုပြုလုပ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၅

စစ်အာဏာသိမ်းပြီးနောက်မှာ အစိုးရဌာနတွေက လုပ်ငန်းလိုင်စင်လုပ်ဖို့ ဖိအားပေးနေပြီး တရားဝင်အခွန်အခတွေ အပြင် လာဘ်ငွေတွေကိုလည်း အဆမတန် တောင်းခံနေပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို လျစ်လျူရှုအကျိုးအမြတ် ရယူနေတဲ့ Next ၊ New Yorker နဲ့  LPP အမှတ်တံဆိပ်တွေကို IndustriAll ကတိုင်ကြားမှု လုပ်ဆောင်ထားပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးမှာ ကုန်စည် သယ်ယူတာတွေကို ပိတ်ပင်လိုက်တာကြောင့်ပြည်တွင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပါတယ်။

အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်တာဝင်ငွေဟာ ခရမ်းချဉ်သီးငပိချက်ဟင်းတစ်ခွက်နှုန်းထားထက် နည်းပါးနေပါတယ်။

Prettex Myanmar စက်ရုံမှာ အောလင်းအချိန်ပိုတွေ အတင်းအကြပ် ခေါ်ဆိုနေတာကို အလရဦးစီးမှူးက လာရောက်စစ်ဆေးခဲ့ပေမယ့် အလုပ်သမားတွေက မိုးလင်းမှနေအိမ်ကို ပြန်လာနေရပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့က ရန်ကုန်မှာ ပံသကူကောက်ယူသူ များပြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၆

အလုပ်သမား အခွင့်အရေး ချိုးဖောက်ပြီး လုပ်ငန်းဆက်လက် လည်ပတ်နေတဲ့ အမှတ်တံဆိပ်တွေကို ထပ်မံတိုင်ကြားတာတွေ လုပ်ဆောင်သွားမယ်လို့ IndusrtiAll က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်နဲ့ မိသားစုတွေ ရက်ပေါင်း (၁၈၀) အထိ နေထိုင်နိုင်တဲ့ ဗီဇာအမျိုးအစား တွေကို နိုဝင်ဘာလ (၁၈) ရက်က စတင်ခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာထား ပါတယ်။
 
မြန်မာနိုင်ငံသို့ CI နဲ့ ပြန်ဖို့အတွက် လုပ်ဆောင်ထားတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး ဟာ တိုက်ပေါ် ၁၉လွှာ ကနေ ခုန်ချတဲ့အတွက် သေဆုံးခဲ့တယ်လို့ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့  ကွာလာလမ်ပူ-မလေးရှား ထံကသိရပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင် ရှိ သံစက်ရုံ တစ်ရုံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး လုပ်ငန်းခွင် မတော်တဆ မှု ကြောင့် ခေါင်းဦးရေပြား တစ်ခြမ်းကွာကျတဲ့အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့်လုပ်ငန်းရှင်က နစ်နာကြေးမပေးတဲ့အပြင် အလုပ်ကပါ ထုတ်ပယ်လိုက်တာကြောင့်အခက်အခဲဖြစ်နေတယ် လို့ ထိုင်းနိုင်ငံအခြေစိုက် MHAC မဟာမိတ်အဖွဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ ထံက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊  စက်မှုဇုန်(၂)၊ မင်းသားကြီးမောင်ပျိုလမ်း ၊ဗိုလ်ချုပ်လမ်းမကြီးနားမှာ ဖွင့်လှစ်ထားတဲ့ New TOP LOTUS CO, LTD စက်ရုံမှာ ကလေးလုပ်သားတွေကိုပါ ခိုင်းစေနေပြီး အလုပ်သမား အခွင့်အရေးချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် BOGART LINGERIE (yangon)တွင်အထည်စံချိန်‌တွေ  ကျန်ရှိတဲ့အထည်ကိုအ‌‌ကြွေးမှတ်ကာ အလုပ်ချိန်မတိုင်ခင်ကြိုတင်ချုပ်လုပ်ခိုင်းနေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

နိုဝင်ဘာ ၁၇

လူမှုဖူလုံရေး စနစ်နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အလုပ်သမားတွေဟာ ခံစားခွင့်တွေ ထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ အလုပ်စဝင်ပြီဆိုတာနဲ့ စက်ရုံကလည်း ထည့်ဝင်ကြေးကို မဖြစ်မနေ ဖြတ်တောက်သလို ဌာနကလည်း ပေးသွင်းငွေတွေ ယူနေပေမယ့် အာမခံအလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်တွေကိုတော့ စက်ရုံဘက်ကကော ဌာနဘက်ကပါ တာဝန်ယူလုပ်ဆောင်ပေးတာ မရှိသေးပါဘူး။ ဒီအခြေအနေတွေကို "ပြောပြရဦးမယ် လူမှုဖူလုံရေးတွေအကြောင်း" ဆောင်းပါးမှာ ဖတ်ရှု့နိုင်မှာပါ။ 

လူမှုကွန်ယက်စာမျက်နှာကနေ ​ကြော်ငြာပြီး မှတ်ပုံတင်နဲ့ UID(စမတ်ကတ်) အတု ပြုလုပ်ကာ နိုင်ငံကူးလက်မှတ်လျှောက်ထားပေးသူ ၂၀ကျော် ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီရဲ့ နိုဝင်ဘာ၁၇ ရက် နေ့ နိုင်ငံပိုင်သတင်းစာမှာ ကြေညာထားပါတယ်။

ထိုင်းနိုင်ငံ အတွင်းဝင်ရောက်ဖို့ အတွက်  ကွန်တိန်နာ ကား အောက်ကနေ ပုန်းအောင်းလိုက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦး ကို ဖမ်းမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး က ထုတ်ပြန်ထားပါတယ်။ 

ပြည်တွင်းမှာနေ့စဉ်နဲ့အမျှ ကန့်သတ်ချက်တွေ၊ ဖိနှိပ်မှုတွေ၊ အခက်အခဲတွေ၊ ကြပ်တည်းမှုတွေကို ရင်ဆိုင်နေရတဲ့ အခြေခံ လူတန်းစားလူငယ်တွေကစလို့ လူလတ်ပိုင်းတွေအထိ မျှော်လင့်ချက်အိမ်မက်က ပြည်ပအလုပ်အကိုင်ဖြစ်လာပါတယ်။ "ဒီလိုအခက်အခဲအကြပ်အတည်းတွေဖြစ်လာစေအောင်တမင်ဖန်တီးထားတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ကြိုးကိုင်မှုတွေ" ကို "ဝေးကွာလာသည့် ပြည်ပအိမ်မက်များ"ဆောင်းပါးမှာ ဖတ်ရှူ့နိုင်မှာပါ။

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေနဲ့သာဆက်ရှိနေပါတယ်။ ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ ဒီအကြောင်းကို တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက်မှာ ဖတ်ရှူ့နိုင်ပါတယ်။

တပတ်တာသတင်းအနှစ်ချုပ်ကို မမက စုစည်းပေးထားတာပါ။


Related posts

Cover
နိုဝင်ဘာလ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Nov 17, 2024
Cover
နိုဝင်ဘာ ဒုတိယတပတ်တာ တစ်ပတ်တာသတင်းအနှစ်ချုပ်ဖော်ပြချက်
Nov 10, 2024
Cover
ကုန်ဈေးနှုန်း မြင့်တက်နေမှုကြား အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နဲ့ ရုန်းကန်နေရတဲ့ အခြေခံပြည်သူများ
Nov 10, 2024
Cover
နိုဝင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Nov 03, 2024
Cover
နိုဝင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Nov 03, 2024
Cover
အောက်တိုဘာ စတုတ္တတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 27, 2024
Cover
အောက်တိုဘာလ စတုတ္ထတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 27, 2024
Cover
အောက်တိုဘာ တတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 20, 2024