NEWS

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
258 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ မေလ(၂၇)ရက်ကနေ  ဇွန်လ (၂) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။ ဒီလို တစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားလူတန်းစားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်းမှာ သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

မေ ၂၇ ရက်နေ့

အားကောင်းတဲ့ “ရီမယ်(လ်)” ဆိုင်ကလုန်း မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ခဲ့ပါတယ်။ ကမ်းခြေဒေသတွေကို ဖြတ်ကျော်ချိန်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းက အားလျော့ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး တရုတ်မယားအဖြစ် ရောင်းစားခံရတာ လူကုန်ကူးခံရတာတွေကို ကူညီကယ်တင်ပေးဖို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို အကူအညီတောင်းခံတာ များလာပါတယ်။ လူကုန်ကူးခံရသူ အများစုကတော့ အွန်လိုင်းကတစ်ဆင့် အလုပ်အကိုင်ရှာဖွေရာကနေ တစ်ဖက်နိုင်ငံကို လူကုန်ကူးခံရတာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လုပ်ခလစာရရှိမှု နည်းပါးတာကြောင့် စားဝတ်နေရေး ပြေလည်ဖို့ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်လိုသူ များပြားလာပြီးတော့ ဒီအခြေအနေကို အခွင့်ကောင်းယူကာ လိမ်လည်ခံရတာတွေနဲ့ လူကုန်ကူးခံရတာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ကလေးငယ်အပါအဝင် မြန်မာလုပ်သား (၃၀) ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ဖို့အတွက် ပွဲစားခအနေနဲ့ လူတစ်ဦးကို ဘတ်(၁၅၀၀၀)ကနေ (၂၀၀၀၀)ထိ ပေးချေရတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းကနေ ထိုင်းနိုင်ငံကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်သူများနေပါတယ်။

ပြည်တွင်းမှာ စားအုန်းဆီ ဝယ်ယူခွင့်ကတ်ကို အိမ်ထောင်စုတစ်စု ငါးဆယ်ကျပ်သားနှုန်း သတ်မှတ်ပြီး ထုတ်ပေးနေပါတယ်။ ကတ်ထုတ်ပေးရာမှာ ရပ်ကွက်တစ်ချို့မှာ အပတ်စဉ်ရသော်လည်း ဆီကတ်မရတဲ့ အိမ်ထောင်စုတွေနဲ့ ပုံမှန်မရသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စားအုန်းဆီဝယ်ယူနိုင်ဖို့ အခြေခံလူတန်းစား လက်လုပ်လက်စားပြည်သူတွေ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ စားအုန်းဆီ အလွယ်တကူ ရောင်းချပေးတဲ့ လက်လီအရောင်းဆိုင်တွေမှာလည်း ရောင်းချခွင့် ပိတ်ထားပြီး ရှောင်တခင်စစ်ဆေးတာတွေ လုပ်ဆောင်နေ တာကြောင့် ရောင်းသူတွေ နည်းလာပါတယ်။ ဒီအခြေအနေကြောင့် စားဆီထုတ်ယူခွင့် ကတ်မရသူတွေ၊ ဆီထုတ်ဖို့ အဆင်မပြေသူတွေဟာ အခက်အခဲတွေ ရှိနေပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက လူငယ်အများစုဟာ ပြည်ပမှာ အလုပ်လုပ်ခွင့်ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာကြပါတယ်။ ဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီး လိမ်လည်သူတွေကလည်း အလုပ်ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားအနေနဲ့ သွားရောက်လုပ်ကိုင်နိုင်မယ်ဆိုပြီး ငွေကြေးကောက်ခံတာ၊ သင်တန်းတွေပေးတာတွေကို ရန်ကုန်မြို့ဧရိယာထဲမှာပဲ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ လိမ်လည်ခံရသူတွေက ငွေကြေးပြန်လည် ရရှိဖို့ တရားစွဲဆိုတာ၊ ရဲစခန်းကတစ်ဆင့် ညှိနှိုင်းဖြေရှင်းတာတွေ လုပ်ဆောင်နေကြပါတယ်။ ဒီအခြေအနေတွေကို “ကိုရီးယားအိမ်မက် မက်ကြသူများ” ဆောင်းပါးမှာ တစ်စုတစ်စည်းတည်း ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ မြန်မာ့ရွှေဈေးနှုန်းဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်(၅၃) သိန်း အထက်ကို ရောက်ရှိလာပါတယ်။ ပြည်တွင်းရွှေဈေးကွက်က မေလ(၂၀) ရက်ကစတင်ပြီး အတက်ကြမ်းလာခဲ့တာပါ။ ဒီအခြေအနေကြောင့်လည်း ဆိုင်တစ်ချို့ အရောင်းပိတ်သိမ်းတာတွေလည်း ရှိခဲ့ပါတယ်။

မေ ၂၈ ရက်နေ့ 

ကုန်ဈေးနှုန်း မတည်ငြိမ်တာကြောင့် လက်လီအရောင်းဆိုင်တွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။ ကုန်ဈေးနှုန်းက နေ့စဉ်ဆိုသလို အပြောင်းအလဲရှိနေပြီးတော့ အရောင်းအဝယ် ကျဆင်းတာနဲ့ အရင်းအနှီးကြီးလာ တဲ့ ပြဿာနာကို လက်လီရောင်းချသူတွေ ရင်ဆိုင်နေရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျပ်ငွေတန်ဖိုး  ကျဆင်းတာတဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်ဈေးနှုန်း မြင့်တက်တာ၊ ပစ္စည်းပြတ်လပ် တာတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း အရောင်းပိတ်သိမ်း သွားတဲ့ဆိုင်တွေလည်း ရှိလာပါတယ်။

ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၄ မှာဖွင့်လှစ်ထားတဲ့ LITA MYANMAR အထည်ချုပ်လုပ်ငန်းခွင်မှာ အချိန်ပိုဆင်းရာမှာ တနင်္ဂနွေပိတ်ရက်ပါ ဆင်းပေးနေရသလို အထည်စံချိန်အလွန်အကျွံတောင်းခံတာ ၊ လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေနေတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်အချို့ခံစားခွင့်မရဘဲ နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ခန့်နဲ့ လုပ်ကိုင်နေပေမဲ့ လုပ်ငန်းခွင်အတွင်းအလုပ်ရှင်အလုပ်သမားအငြင်းပွာမှုဖြေရှင်းပေးရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။ ချုပ်လုပ်တဲ့ အမှတ်တံဆိပ်အနေနဲ့ GLACIER၊ CONVERSE၊ heartgreen၊ BURTLE WW  တွေဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပထွက်ခွာသူများပြားလာတာကြောင့် လုပ်ငန်းရှင်တွေဟာ လုပ်သားရှားပါးမှု ပြဿာနာကို ရင်ဆိုင်နေရပါတယ်။ လုပ်ငန်းရှင်တစ်ချို့က လုပ်ခလစာတွေ တိုးပေးနေပေမယ့် ရရှိတဲ့ဝင်ငွေဟာ တက်နေတဲ့ ကုန်ဈေးနှုန်းကို အမှီမလိုက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ “ပျောက်ဆုံးသွားသော လုပ်အားရှင်များ” ဆောင်ပါးမှာတော့ လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လတ်တလော အခြေအနေတွေကို စုစည်းတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ 

မေလ(၂၈)ရက်မှာတော့ မြန်မာအခေါက်ရွှေဈေးနှုန်းက တစ်ရက်တည်းကို ကျပ်(၂)သိန်းထိ မြင့်တက်ခဲ့ပြီး တစ်ကျပ်သားကို (၅၅)သိန်း(၅)သောင်းကျပ်ထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ မေလတွင်းမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာတာဖြစ်ပြီး။ တစ်ရက်ကို ကျပ်(၂)သိန်းလောက်ထိ တက်တာဟာ စံချိန်တင်ဈေးနှုန်းဖြစ်ပါတယ်။

မေ ၂၉ ရက်နေ့

မလေးရောက် မြန်မာအလုပ်သမား များ ကို နိုင်ငံကူး လက်မှတ်နှင့် CI လျှောက်ထားရာမှာ လူမှုကွန်ယက် စာမျက်နှာတွေကတစ်ဆင့် လိမ်လည်လှည့်ဖျားတာတွေ ရှိနေတဲ့အတွက် အဆိုပါလိမ်လည်လှည့်ဖျားသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ မြန်မာသံရုံးကွာလာလမ်ပူ က မေလ ၂၈ ရက် မှာ ကြေညာလိုက်ပါတယ်။  နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊အသစ်လျှောက်ထားခြင်းနှင့် CI လျှောက်ထားခြင်းကိစ္စရပ်များနဲ့ ပက်သက်၍ အခြေနေမှန် ကို မသိနားမလည်တဲ့  မြန်မာနိုင်ငံသားတွေ ကို လိမ်လည် လှည့်ဖျား လိုသူများ က Facebook နှင့်Tik Tok များ အသုံးပြု၍ သတင်းအမှား ၊မမှန်ကန်သည့် ရေးသား ဖြန့်ဝေနေသည် ကို တွေ့ရှိရတယ်လို့ သံရုံးရဲ့ကြေညာချက်တွင်ဖေါ်ပြထားပါတယ်။ 

အခေါက်ရွှေတစ်ကျပ်သားကို (၅၇)သိန်း (၂)သောင်းထိ ဖြစ်လာပါတယ်။ ပြင်ပပေါက်ဈေးတွေက နေ့စဉ်ဆိုသလို တက်နေပေမယ့် ရွှေလုပ်ငန်းရှင်အသင်းကတော့ (၂၉) ရက်ညနေပိုင်းထိ သိန်း(၄၀)အောက်ထိသာ သတ်မှတ်ထားပါတယ်။

မေ ၃၀ ရက်နေ့ 

ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်ခွာမယ့်သူတွေကို တစ်ဒေါ်လာကို (၃၃၃၁)ကျပ်နှုန်းနဲ့ တစ်ဦးကို ဒေါ်လာ(၅၀၀) ထိ ရောင်းချပေးမယ်လို့ KBZ ဘဏ်က ထုတ်ပြန်ထားပါတယ်။ ပြင်ပဈေးကွက်မှာ ဒေါ်လာပေါက်ဈေးကတော့ တစ်ဒေါ်လာကို (၄၅၀၀) ဝန်းကျင်ထိ ရှိနေပါတယ်။

ဒေါ်လာဈေး မြင့်တက်လာတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဆေးဝါးဈေးနှုန်းက အဆမတန် မြင်တက်လာပါတယ်။ ပြည်တွင်းမှာ အသုံးပြုနေတဲ့ဆေးဝါးရဲ့ (၈၀) ရာခိုင်နှုန်းကျော်ကို ပြည်ပကတင်သွင်းရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အခြေခံလူတန်းစားတွေဟာ အရင်ဈေးနှုန်းတွေရဲ့ နှစ်ဆနီးပါးအသုံးပြုနေရပြီး အခက်အခဲတွေ ရှိနေပါတယ်။ နာတာရှည်ဆေးဝါးမှီဝဲနေရသူတွေလည်း ဆေးဝါးပြတ်လပ်တာနဲ့ ဈေးနှုန်းအခက်အခဲကြောင့် အလားတူဆေးဝါးတွေ သုံးစွဲရတာနဲ့ သတ်မှတ်ထားတာထက် လျှော့ပြီးသောက်သုံးတာတွေပါ ရှိလာပါတယ်။

ဇွန် ၁ ရက်နေ့ 

ပြည်တွင်းမှာ အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ကုမ္ပဏီလုပ်ငန်းတစ်ချို့ဟာ လုပ်ခလစာကို (၃၀) ရာခိုင်နှုန်းထိ တိုးပေးနေကြပါတယ်။ လုပ်ခလစာတိုးပေးရာမှာ (၁၀) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းထိ တိုးပေးနေတာပဲ ဖြစ်ပါတယ်။  အလုပ်သမားဝန်ကြီးဌာနကတော့ အနည်းဆုံးအခကြေးငွေနှုန်းထားကို ပြင်ဆင်သတ်မှတ်ဖို့ အခုထိ ပြောဆိုမှု မရှိသေးပါဘူး။ လက်ရှိမှာတော့ တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် (၄၈၀၀)ကျပ် ပေးချေနေပြီး အပိုထောက်ပံ့ကြေးဆိုတဲ့ခေါင်းစဉ်နဲ့ ကျပ်တစ်ထောင်တိုးပေးနေပါတယ်။

ဇွန် ၂ ရက်နေ့

အိမ်သုံးဂတ် LPG ဈေးနှုန်းတွေ ၄ နှစ်တာအတွင်း စံချိန်တင်မြင့်တက်နေပါတယ်။ ဒေါ်လာဈေးမြင့်တက်တာကြောင့် ဂတ်စ် အရည် ဈေးနှုန်းတွေမြင့်တက်လာတာလို့ သိရပြီး ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်က ဂတ်စ် အရည်တစ်အိုးလျင် ကျပ် တသိန်းခုနှစ်သောင်း ရှိခဲ့ရာက ဇွန်လမှာ ကျပ် နှစ်သောင်းဝန်းကျင်မြင့်တက်ခဲ့တာလို့ သိရပါတယ်။အခုလို ဂတ်စ်အရည်အိုးတွေဈေးမြင့်တက်တာကြောင့် သုံးစွဲသူတွေ အခက်အခဲကြုံရသလို စားသောက်ဆိုင်လုပ်ငန်း မုန့်ဖုတ်လုပ်ငန်းတွေရဲ့ ထွက်ကုန်တွေပါ ဈေးလိုက်ပါမြင့်တက်လာပါတယ်။ 

 

 


Related posts

Cover
နိုဝင်ဘာလ တတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Nov 17, 2024
Cover
နိုဝင်ဘာလ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Nov 17, 2024
Cover
နိုဝင်ဘာ ဒုတိယတပတ်တာ တစ်ပတ်တာသတင်းအနှစ်ချုပ်ဖော်ပြချက်
Nov 10, 2024
Cover
ကုန်ဈေးနှုန်း မြင့်တက်နေမှုကြား အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နဲ့ ရုန်းကန်နေရတဲ့ အခြေခံပြည်သူများ
Nov 10, 2024
Cover
နိုဝင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Nov 03, 2024
Cover
နိုဝင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Nov 03, 2024
Cover
အောက်တိုဘာ စတုတ္တတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 27, 2024
Cover
အောက်တိုဘာလ စတုတ္ထတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 27, 2024