NEWS

ဇွန်လ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
172 Views

Myanmar Labour New မှာ ပြီးခဲ့တဲ့ ဇွန်လ (၁၀) ရက်ကနေ ဇွန်လ (၁၆) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက် ပေးသွားမှာပါ။ ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်းမှာ သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇွန်လ(၁၀)ရက်

Kingsrich (Myanmar) Fashion စက်ရုံမှာဒေးကြေး တိုးပေးဖို့ စက်ရုံအလုပ်သမားတွေက အလုပ်ရပ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီစက်ရုံဟာ H & M အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာဖြစ်ပြီး အလုပ်သမားအင်အားထောင်ကျော်ရှိတဲ့ စက်ရုံတစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးရသတင်းအနေနဲ့ ဒေးကြေးတိုးပေးမယ်လို့ နှုတ်ကတိရရှိထားပြီး ယခင်ပေးနေကျ ဆုကြေးတွေဖြတ်တောက်မယ်ဆိုတာကြောင့် အခက်အခဲဖြစ်နေတယ်လို့အလုပ်သမားတွေက ပြောပါတယ်။

ပြည်ပကိုလုပ်သားစေလွှတ်နေတဲ့အေဂျင်စီတွေကို ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အခွန်ပေးသွင်းဖို့ကျန်နေရင် လုပ်သားစေလွှတ်ခွင့် ရပ်ဆိုင်းထားမယ်လို့ ပြောပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အေဂျင်စီတွေအနေနဲ့ ကုန်သွယ်ခွန်၊ ဝင်ငွေခွန်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို ပေးသွင်းဖို့ အေဂျင်စီ (၁၂)ခု ကျန်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ(၁၁)ရက်

စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအပေါ် အလုံးစုံပိတ်ဆို့မှု လုပ်ဆောင်နိုင်ရေး ILO အုပ်ချုပ်ရေးအဖွဲ့ညီလာခံမှာ ကိုယ်စားလှယ်ဒေါ်ဖြိုးစန္ဒာစိုးက တင်ပြဆွေးနွေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO)ရဲ့ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ၂၀၂၄-၂၀၂၇ ခုနှစ် သက်တမ်းအတွက် Worker Deputy Member အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ရဲ့ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခြင်း ခံထားရပါတယ်။

New Talent အထည်ချုပ်စက်ရုံမှာ အချိန်ပိုနာရီတွေကို အဓမ္မခေါ်ယူနေပါတယ်။ အချိန်ပိုလုပ်ကိုင်ရမယ့် အလုပ်သမားတွေရဲ့မှတ်တမ်းမှာ အလုပ်မပြီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူနေတာဖြစ်ပါတယ်။ ဒီစက်ရုံက အလုပ်သမားတွေဟာ တစ်လမှာနှစ်ရက်ပဲ နားရက်ရတာပဲ ဖြစ်ပါတယ်။  အချိန်ပိုနာရီတွေကိုလည်း နေ့စဉ်ခေါ်ယူနေပြီး တနင်္ဂနွေနေ့တွေကိုပါ ထပ်တိုးခေါ်ယူနေတာ နှစ်လခန့်ရှိနေပြီလို့ သိရပါတယ်။

S-M Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ ချုပ်နိုင်တဲ့စံချိန်ထက် ပိုတောင်းပြီး စံချိန်မပြည့်ပါက အချိန်ပိုကြေးမပေးဘဲ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိမှာ တနင်္ဂနွေနေ့မှာ စံချိန်မပြည့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အခကြေးငွေမရဘဲ အချိန်ပိုတွေမဖြစ်မနေ ဆင်းနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်း လွတ်မြောက်နယ်မြေက မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA နဲ့ CDM အလုပ်သမား တွေက ဒေါ်ဖြိုးစန္ဒာစိုးနဲ့ ဒေါ်ခိုင်ဇာအောင်တို့ အမျိုးသမီးခေါင်းဆောင်(၂)ဦးကို ထောက်ခံ ရပ်တည်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က စစ်ကောင်စီပေါ် အရေးယူမှုချက်ချင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့ ဓါတ်ပုံ ကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လက်ရှိ ကျင်းပနေတဲ့ ILO ညီလာခံ မှာ အမျိုးသမီး ခေါင်းဆောင်နှစ်ဦးစလုံးက စစ်အာဏာရှင်ကို အရေးယူနိုင်ရေး  တင်ပြဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။  

ဇွန်လ (၁၂)ရက် 

MADE စီမံချက်နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဇွန် ၁၂ ရက်မှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က (MICS- TusF-Myanmar) က ထပ်မံ ကြေညာပါတယ်။ MADE စီမံချက်ကို ဥပရောပသမဂ္ဂ EU ရဲ့ ပံပိုးမှုနဲ့ Seaqua ၊  EuroCham စတဲ့ ဥပရောပ နိုင်ငံတွေရဲ့ အလုပ်ရှင် အဖွဲ့အစည်းတွေက အကောင်အထည် ဖော်ဆောင်ရွက်နေတာ  ဖြစ်ပါတယ်။ စီမံချက်မှာ အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေက အလုပ်သမားတွေနဲ့ ကုန်အမှတ် တံဆိပ်တွေ၊ အလုပ်ရှင်တွေကြားမှာ ပေါင်းကူးအခန်းကဏ္ဍအနေနဲ့ လုပ်ဆောင်နေပြီး MADE initiative က အကြံပြုထား တဲ့အတိုင်း မကျေနပ်ချက်ကိုင်တွယ်မှုစနစ်ကို ဖော်ဆောင်နေတာကိုလည်း MICS အလုပ်သမား အဖွဲ့ချုပ်က ကန့်ကွက်ထားပါတယ်။

အထည်ချုပ် စက်ရုံတာဝန်ရှိသူတွေရဲ့ အတင်းအကျပ် အချိန်ပိုခေါ်ယူနေတာတွေကြောင့် လုပ်သားတဦး တလ နာရီ ၁၂၀ ဝန်းကျင် အချိန်ပိုလုပ်ကိုင်နေရတယ်လို့ Myanmar Labour News က စုံစမ်း သိရှိရပါတယ်။ လက်ရှိ အထည်ချုပ် စက်ရုံတွေမှာ နေ့စဉ် အချိန်ပိုတွေအပြင် ရက်သတ္တပတ်အလုပ်ပိတ်ရက်တွေမှာပါ လုပ်ကိုင်ခိုင်း တာတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ် အလုပ်သမားဝန်ကြီးဌာနရဲ့  ညွှန်ကြားချက်မှာ အချိန်ပိုကို ရက်သတ္တပတ် နာရီ ၂၀ အထိသာ လုပ်ကိုင်ခိုင်းဖို့ ဖော်ပြထားပြီး အလုပ်သမားတွေရဲ့ သဘောတူညီမှုမှတ်တမ်း၊  အလုပ်ရှင်၊ မန်နေဂျာတွေက ခွင့်ပြုထားတဲ့ အချိန်ပိုထက် ပိုမိုလုပ်ကိုင်ခဲ့ပါက ဥပဒေအရ အရေးယူခံရမှာကို သိရှိကြောင်း ဝန်ခံကတိပြု လက်မှတ်တွေ ပူးတွဲတင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
စက်ရုံတာဝန်ရှိသူတွေက အချိန်ပိုလုပ်ကိုင်ခိုင်းရာမှာ အလုပ်အကိုင်တည်မြဲရေး ခြိမ်းခြောက်မှုတွေ အများဆုံး ဖြစ်ပွားနေပြီး ရပိုင်ခွင့် ငွေကြေး ဖြတ်တောက်တာတွေရှိတဲ့ အပြင် ညနက်စက်ရုံမှာပဲ အိပ်ခိုင်းတာ၊ အစားအသောက်မပေးတာနဲ့ ကြိုပို့ယာဉ် စီစဉ်မပေး စတဲ့ ဥပဒေဖောက်ဖျက်မှုတွေပါ ကြုံတွေ့ နေရတာလို့ အလုပ်သမား အဖွဲ့အစည်းဝင်တွေက ပြောဆိုထားပါတယ်။


ထိုင်းနိုင်ငံ မဟာချိုင်ရှိကေသုန်ဘန်ဖီတံတားပေါ်မှ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို ထိုင်းနိုင်ငံအခြေစိုက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီMHACအဖွဲထံက သိရပါတယ်။ လက်ရှိမှာ မဟာချိုင် စာမူဆာခွန် ဆေးရုံ ICUအရေးပေါ်ခန်းမှာ ဆေးကုသမှု ခံယူနေရတယ်လို သိရပါတယ်။

ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁) ၊ အမှတ်(၄) လမ်းမကြီးမှာ ဖွင့်လှစ်ထားတဲ့   Myanmar Best fortune အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား (၁၀၀၀) ဝန်းကျင်ဖြင့် လည်ပတ်လျှက်ရှိကာ အချိန်ပို ည (၁၀) နာရီ (၁၁) နာရီခွဲအထိ ခေါ်နေခြင်းများရှိနေတဲ့အပြင် အလုပ်သမားများ၏ ဥပဒေပါ အခွင့်အရေးများ အပြည်အဝမရရရှိပါဘူး။စက်ရုံတွင် AMISU/CRAFT/ CLIQUE/ Springfield/ LC WAIKIKI CLASSIC တံဆိပ်များ ချုပ်လုပ်နေကာ အလုပ်သမားများကို အလုပ်ထုတ်ပစ်ခြင်းနှင့် ပတ်သက်ပြီး ချုပ်လုပ်နေသော  brand များနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူများက ထိရောက်စွာဖြေရှင်ပေးမရှိခဲ့ပါဘူး။ လက်ရှိမှာလဲ   အလုပ်သမားများ၏ အခွင့်အရေးများကို လှစ်လျူရှုကာ စက်ရုံလည်ပတ်နေခြင်းဖြစ်တယ်လို့ အလုပ်သမားပေးစာကဏ္ဍမှာဖော်ပြခဲပါတယ်။

ပြည်ပကခွင့်ပြန်အလုပ်သမားတွေ မိသားစုထံ တရားဝင်ငွေလွှဲထားတဲ့ အထောက်အထားပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ လက်ရှိမှာ ပြည်ပက အကြောင်းအမျိုးမျိုးနဲ့ ဖြစ်စေ၊ ခွင့်နဲ့ဖြစ်စေ ပြည်တွင်းကို ပြန်လည်ရောက်ရှိလာသူတွေဟာ ဝင်ငွေခွန် မဆောင်ရသေးတာ၊ မိသားစု (သို့မဟုတ်) ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို တရားဝင်ငွေလွှဲမှု မရှိတာစတဲ့ အခက်အခဲတွေ ရှိနေပါတယ်။ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဝင်ငွေခွန် မဆောင်ရသေးရင် အင်းစိန်၊ ကမာရွတ်၊ မြောက်ဒဂုံစတဲ့ နီးစပ်ရာ အခွန်ရုံးတွေမှာ သွားရောက်အခွန်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ အင်တာနက်အသုံးပြုရာမှာ VPN ချိတ်ဆက်မရတာနဲ့ လိုင်းသုံးမရတဲ့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ MPTနဲ့  ATOM တို့က 5G ကွန်ရက်ကို ရန်ကုန်ကဲ့သို့ မြို့ကြီးတွေမှာ အသုံးပြုနိုင်တော့မယ်လို့ ကြေညာလာပါတယ်။ ဇွန်လတွင်းမှာ ရန်ကုန်မြို့ရဲ့ နေရာတစ်ချို့မှာ စမ်းသပ်အသုံးပြုနိုင်တော့မယ်လို့ အသိပေးတာတွေ ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရမြန်မာနိုင်ငံမှာဆင်းရဲနွမ်းပါးသူအရေအတွက်ဟာကိုဗစ်-၁၉ကပ်ရောဂါမတိုင်ခင်ကထက်(၇)သန်းတိုးလာတယ်လို့ဇွန်လ(၁၂)နေ့မှာသတင်းထုတ် ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့၂၀၂၄ခုနှစ်အစပိုင်းမှာပဲနိုင်ငံ့လူဦးရေရဲ့(၃၂)ရာခိုင်နှုန်းဟာဆင်းရဲနွမ်းပါးတဲ့အခြေအနေကိုရောက်ရှိလာပြီး၂၀၁၅ခုနှစ်ကမြင်တွေ့ခဲ့ရတဲ့အခြေအနေကိုပြန်လည်ရောက်ရှိလာတယ်လို့ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊  မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်းမှာ ဖွင့်လှစ်ထားတဲ့ WELCOMBINE LEATHER MYANMAR Co, ltd စက်ရုံမှာ အလုပ်သမား(၅၀၀) ဝန်းကျင်ဖြင့်လုပ်ငန်းလုပ်ကိုင်ပြီး လုပ်ငန်းခွင်မှာ ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ပါ မနားရဘဲ အချိန်ပိုဆင်းနေရပြီး ခွင့်ခံစားခွင့်မရတာ ၊ လုပ်သက် ၃ လပြည့်အလုပ်သမားတွေကို အတည်ပြုမခန့်ပေးတာနဲ့ ဥပဒေမဲ့အလုပ်ထုတ်တာတွေ ပြုလုပ်နေလို့ဖြေရှင်းပေးဖို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။စက်ရုံဟာ နယ်သာလန်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး TRAVEL EDITION၊ MOG တံဆိပ်များဖြင့် ကျောပိုးအိတ်များချုပ်လုပ်ကာ လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်း ထားခြင်းမရှိ ဘူးလို့ သိရပါတယ်။

ဇွန်လ(၁၃)

ရန်ကုန်မြို့ပေါ်ရှိ ကုမ္ပဏီလုပ်ငန်းရှင်အချို့က တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းမှုနဲ့  ကုန်ဈေးနှုန်းမြင့်တက် နေမှုတွေ အပေါ် စာနာထောက်ထားလို့  လုပ်ခလစာတိုးမြှင့်ပေးတဲ့အပေါ်  စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီး စစ်ဆေးမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလိုမျိုးလုပ်ခလစာကိုအင်တာနက်ပေါ်တင်ပြီး တိုးမြင့်ပေးလိုက်တဲ့အပေါ် နိုင်ငံ့၀န်ထမ်းတွေကိုထွက်ချင်လာ အောင်မက်လုံးပေးကြေငြာသည်ဟုဆိုကာ နိုင်ငံတော်အကြည်ငြိုပျက်စေသည် ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅နဲ့တရားစွဲဆိုခံထားရတဲ့ လုပ်ငန်းရှင်တွေဟာ ကုမ္ပဏီလုပ်ငန်းရှင်တွေ ဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်အတွင်းက လုပ်ငန်းရှင်စုစုပေါင်း ၇ဦးကိုတရားစွဲဆိုထားခြင်းဖြစ်ပြီး ၎င်းတို့ကြေငြာထားမှုကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေ  ဖြုတ်ချခိုင်းထား တာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်မှုအဖွဲ့တွင်ရွေးချယ်ခံရပြီး ၊ဒေါ်ခိုင်ဇာအောင် Arthur Svensson’s International Prize ဆု လက်ခံရယူပါတယ်။ ဒါကြောင့်  အလုပ်သမားအခွင့်အရေး ကြိုးပမ်းမှုတွေမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ခေါင်းဆောင် ၂ဦးကို စစ်အာဏာရှင်စနစ်  အမြစ်ဖြတ်ချေမှုန်းရေး၊ အကြမ်းဖက်စစ်တပ်ကို ILO Constitution တွေနဲ့ အညီ အမြန်ဆုံး  အရေးယူနိုင်ရေး၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုရေး ကြိုးပမ်း ဆောင်ရွက်မှုတွေအတွက် မြန်မာ အလုပ်သမားများအပါအဝင် ပြည်သူတစ်ရပ်လုံးနဲ့ အတူ အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ကလည်း ဝမ်းမြောက် ဂုဏ်ယူတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်ကစပြီး ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်သူတွေကိုင်ဆောင်တဲ့ PJ နိုင်ငံကူး လက်မှတ် ကို ပြည်ပ ကို အလည်အပတ် သွားရောက် သူတွေ ကိုင် ဆောင်တဲ့ PV နိုင်ငံကူးလက်မှတ် သိုပြောင်းလဲ လျှောက်ထား ခွင့် မပြုတော့ တဲ့ အတွက် နိုငိငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားဖို့ အွန်လိုင်းကတစ်ဆင့် ကြိုတင်ဘိုကင် တင်ထားသူတွေ အနေနဲ့ ဘဏ်သွင်းငွေများ ဆုံးရှုံးရတယ် လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် QRတင်ထားသူတွေထံ က သိရပါတယ်။ နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ကို အွန်လိုင်းကတစ်ဆင့် ကြိုတင် ရက်ချိန်း ယူရတဲ့ အခါ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် ဘဏ်သွင်းငွေ ၃၅၀၀၀ကျပ် ကို တခါထဲ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက် က ထွက်ရှိတဲ့ ထိုင်းထီအမြင့်ဆုံးဆုကြီး ထိုင်းဘတ်သိန်း ၆၀ ကံထူးရှင် အဖြစ် ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားလူငယ်တစ်ဦး ဆွတ်ခူးခဲ့တယ်လို့ AAC-မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။ အဆိုပါ မြန်မာအလုပ်သမား ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကဘီမြို့နယ်မှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။ 

ဇွန်လ(၁၄)ရက်

သာဓုကန်စက်မှုဇုန်၊  ကျောက်စိမ်းလမ်း နွားခြံမှတ်တိုင်အနီးက တရုတ်နိုင်ငံသားပိုင် New Plus အထည်ချုပ် စက်ရုံမှာ ပိတ်ရက်အရဘဲ အချိန်ပိုခိုင်းစေခံနေရပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိပြီးစက်ရုံက အချိန်ပိုတွေ တနင်္ဂနွေနေ့တိုင်းခေါ်နေတယ်လို့ သိရပါတယ်။ ဆန်၊ဆီ ပေးမယ်ဆိုလည်း တနင်္ဂနွေရက်တွေ ဆင်းတဲ့သူကိုပဲ ပေးမယ်လို့ သတ်မှတ်ပြီး လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတာတွေ ရှိနေပါတယ်။ စနေနေ့တွေမှာ ညနေ (၄)နာရီခွဲပြန်တဲ့သူတွေကို ဖယ်ရီမပေးဘဲ ညနေ(၆)နာရီခွဲဆင်းမှ ဖယ်ရီနဲ့ ပြန်ရတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။


ပြည်တွင်းမှာကလေးလုပ်သားတွေပိုမိုများပြားလာပြီး ကလေးငယ်တွေကို အကာအကွယ်ပေးဖို့လို အပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကဇွန်လ(၁၂)ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ILO က ပြည်နယ် တစ်ချိူ့မှာ လေ့လာခဲ့တဲ့တွေ့ရှိချက်တွေအရ ကလေးလုပ်သားတွေဟာ အကြောင်းအရာမျိုးစုံကြောင့် တိုးပွားနေ ပြီးစစ်မှုထမ်းထမ်းတာကိုရှောင်တဲ့အနေနဲ့မိဘတွေကိုယ်တိုင်ကကလေးလုပ်သားအဖြစ်လုပ်ကိုင်ဖို့လိုလားနေတယ်လို့လည်းဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ လူငယ်အများစုဟာ ပြည်ပထွက်ခွာနှုန်း မြင့်တက် လာပြီးပြည်တွင်းမှာလုပ်သားရှားပါးမှုဖြစ်ပေါ်နေပါတယ်။ဒီအခြေအနေမှာလုပ်ငန်းရှင်တွေကလည်းကလေးလုပ်သားတွေပိုသုံးလာရတယ်လို့ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များတွင် စစ်မှုထမ်း အပါတ်စဉ် ၅ အတွက်ဟုဆိုကာ အမျိုးသမီးတွေကို စစ်မှု ထမ်းဖို့အတွက် စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံ က သိရပါတယ်။ ထိုသို့ စာရင်းကောက်ယူရာတွင် လူလွတ်အမျိုးသမီးတွေသာမက အိမ်ထောင်ရှိအမျိုးသမီးတွေ နဲ့ ကလေးအမေများပါ ပါရှိတယ်လိုဆိုပါတယ်။

စိုက်ပျိုးရေး လုပ်သား ရှားပါးလာတဲ့ အတွက် ယခု နှစ် စိုက်ပျိုးရာသီ မှာ ယခင် က ထက် လုပ်အားခ သုံးဆ ခန့် တိုးမြှင့် ပေး ခေါ်ယူနေရတယ်လို့ လယ်၊ ယာ လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။ အခုလို လုပ်အားခ တိုးပေးခေါ်ယူပေမယ့် စိုက်ပျိုးရေးလုပ်သား လိုအပ်သလောက် ခေါ်ယူမရတာတွေရှိတဲ့အတွက် အခြားဒေသ ကနေ ခေါ်ယူရတာတွေ ပါရှိတယ်လို သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ပေါက်ပွားမှု အများဆုံးဖြစ်နိုင်တဲ့ မိုးရာသီမှာအဖြစ်များတတ်ပြီး ယခု၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅လအတွင်းမှာ ပဲ ရန်ကုန်တိုင်းမှာ ရောဂါကြောင့်သေဆုံးရသူပါရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဌာန ကနေသိရပါတယ်။  

လက်ကိုင်ဖုန်းထဲမှာ VPN အပလီကေးရှင်းသုံးစွဲမှုရှိမရှိစစ်ဆေးပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေစိုးရိမ်သောကဖြစ်နေကြပါတယ်။ ပြည်တွင်းမှာလူမှု့ကွန်ယက်နဲ့ အခြားသော ဝပ်ဂ်ဆိုက်တွေကို နည်းပညာနဲ့ ပိတ်ပင်ထားလို့ ပြည်သူတွေအင်တာနက်သုံးစွဲရာမှာအခက်အခဲတွေမကြာခဏဖြစ်ပေါ်နေပြီး VPN အပလီကေးရှင်းကိုသုံးစွဲနေရတာပဲဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီကဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုပြင်ဆင်ရေးဆွဲနေပြီးခွင့်ပြုချက်မရှိဘဲVPNသုံးစွဲရင်ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ဖို့ရေးဆွဲထားတာပဲဖြစ်ပါတယ်။အရင်ကတော့ အခုလို ဖုန်းစစ်တာကို စက်မှုဇုန်တွေမှာ လိုက်လံစစ်ဆေးနေပေမဲ့ လက်ရှိမှာတော့ ရန်ကုန်မြို့က မြို့နယ်အများစုမှာ စစ်ဆေးနေပြီး လမ်းဆုံလမ်းခွ ၊ ဘတ်စ်ကားဂိတ် နဲ့ စက်ရုံအလုပ်ရုံတွေအရှေ့ တွေ မှာ လိုက်လံ စစ်ဆေးကာ ငွေကြေးတောင်းခံတာတွေပါ ပြုလုပ်လာကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း စက်မှုဇုန် ၁ မှာဖွင့်လှစ်ထားတဲ့ KBL Garment  မှာ သတို့သမီးဝတ်စုံတွေချုပ်လုပ်ရတာဖြစ်ပြီး အချိန်ပိုအလွန်အကျွံခေါ်နေလို့ နံနက် ၈ နာရီကနေ ည ၉ နာရီ ၊ ၁၁ နာရီ လုပ်ကိုင်နေရသလို ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့တွေပါ ဆင်းခိုင်းနေလို့ နားရက်မရဘဲ အခက်ကြုံနေရတယ် လို့ အလုပ်သမားတွေကပြောပါတယ်။တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံလုပ်ငန်းမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ လည်ပတ်နေပြီး DAVIDS BRIDAL, Studio စတဲ့အမှတ်တံဆိပ် သတို့သမီးဂါဝန်တွေချုပ်လုပ်နေတာပါ။ အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၄ နာရီ ၃၀ သတ်မှတ်ထားပေမယ့် ညနေ ၄ နာရီ ၃၀ ကနေ ည ၉ နာရီ၊ ည ၁၁ နာရီအထိ လုပ်ကိုင်နေရပြီး တနင်္ဂနွေ ပိတ်ရက်တွေပါ ဆင်းနေရလို့ အခက်ကြုံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

ဇွန်လ(၁၅)ရက်

Myanto Industrial အထည်ချုပ်လုပ်သားတွေလုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေကြုံတွေ့နေရလို့ အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။ လုပ်ငန်းခွင်မှာ ကြီးကြပ်ရေး အောစူပါ လီတာတွေနဲ့ တရုတ်အမျိုးသမီးတို့မှ အလုပ်သမားတွေကိုဆဲဆိုခိုင်းစေတာ ဥပဒေပါခွင့်ရက်ခံစားခွင့်မရတာ အထည်စံချိန်ကို အလွန်အကျွံတောင်းခံနေတာနဲ့ အချိန်ပိုကို အလုပ်သမားသဘောတူညီမှုမပါဘဲ ခိုင်းစေတာ လုပ်သက် ၃ လကျော်သွားတဲ့ အလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိတာ စတဲ့ အခြေအနေတွေကြုံနေရပေမဲ့ တာဝန်ရှိသူတွေဖြေရှင်းမပေးလို့ နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ရန်ကုန် လှိုင်သာယာမြို့နယ် မြစိမ်းရောင်လမ်း မြခတ္တာလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးအလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပြီး  Defacto  အမှတ်တံဆိပ် ဂျာကင်တွေ ချုပ်လုပ်တယ်လို့ သိရပါတယ်။

ဇွန်လ(၁၆)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ကွန်ဗင်းရှင်း ၁၈၉(189 for Decent Work for Domestic Workers) ကို ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းပြီး ဇွန် ၁၆ ရက်ကို  အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားများနေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ဖွံဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်း အိမ်အကူလုပ်သားတွေဟာ နီးစပ်ရာ ဆွေမျိုး၊ မွေးစားဖို့နဲ့ ကြားပွဲစားတွေရဲ့ ငွေကြေး ခေါင်းပုံဖြတ်ခံရပြီး အိမ်ကူလုပ်ငန်းကို လုပ်ကိုင်နေကြရတယ်လို့လည်း ၂၀၁၉ နှစ်က ထုတ်ပြန်တဲ့ အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ဥပဒေများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ဒါအပြင် မြန်မာနိုင်ငံက အိမ်အကူလုပ်သားအများစုက အသက် ၂၅ နှစ်အောက် အရွယ်တွေဖြစ်ကြပြီး၊ အသက် ၁၈ နှစ်အောက်အရွယ် တချို့အိမ်အကူလုပ်သားတွေကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ခန္ဓာကိုယ် ထိခိုက် အောင် ပြုမှုခံရတာ၊ လုပ်အားခ အပြည့် မရတာ၊ မိသားစုဝင်တွေနဲ့ ပုံမှန်တွေ့ခွင့်မရတာ၊ အနားယူချိန် မရတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်မရတာ၊ အနိုင်ကျင့်ခံရတာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဆဲဆိုခံရတွေ တွေ့ကြုံ နေရတယ်လို့လည်း  အဲ့ဒီအစီရင်ခံစာက ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံက ILO ကွန်ဗင်းရှင်း ၁၈၉ ကို လက်မှတ်ရေးထိုးတာ မရှိတာနဲ့ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေ တွေကလည်း အိမ်အကူလုပ်သားတွေအတွက် ခြုံငုံ ကွယ်ပေးထားတာမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့လည်း အိမ်အကူလုပ်သားတွေကို ကူညီပေးနေသူတွေက ပြောဆိုထားတဲ့အကြောင်းကို အင်တာဗျူးကဏ္ဍကနေ ဖော်ပြခဲ့ပါတယ်။

အိမ်အကူအလုပ်ကို နိမ့်ကျတဲ့အလုပ်အဖြစ်သတ်မှတ်ထားတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အိမ်အကူအလုပ်ကို ပရော်ဖက်ရှင်နယ်ကျကျလုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ယောက်အကြောင်းကို "အိမ်အကူပေမဲ့ မသိမ်ငယ်ပါ" ဆိုတဲ့ သတင်းဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

အခုဖော်ပြခဲ့တာကတော့ ဇွန်လ ဒုတိယပတ်အတွင်းဖော်ပြခဲ့တဲ့ သတင်း၊ အင်တာဗျူး၊ သတင်းဆောင်းပါး အနှစ်ချုပ်ပဲဖြစ်ပါတယ်။ တပတ်လျင် တကြိမ်စီ အခုလို အနှစ်ချုပ်ဖော်ပြချက်တွေ စုစည်းတင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော် ဖတ်ရှု့နိုင်ပါတယ်။ 


Related posts

Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024
Cover
ဩဂုတ်လ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 11, 2024
Cover
ဩဂုတ်လ ဒုတိယတပတ်တာ ရွှေဈေး ငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Aug 11, 2024
Cover
ဩဂုတ်လ ပထမပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 04, 2024