NEWS

ဇူလိုင်လ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
471 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ ဇူလိုင် ၈ ရက်ကနေ ဇူလိုင် ၁၄ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းအနေနဲ့ ဇူလိုင် ၈ ရက်နေ့မှာ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ  ၂၈၁၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၂၉၁၅ ကျပ်ဖြစ်တယ်လို့သိရပြီး ယခင်ရက်တွေထက် ဈေးအနည်းငယ်တက်လာပါတယ်။

အဆိုပါဈေးတန်းနဲ့ပင် ဇူလိုင် ၁၁ ရက်နေ့အထိရှိနေခဲ့ကာ  ဇူလိုင် ၁၂ရက်မှာတော့  သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ  ၂၇၀၀ ကျပ်၊ ၉၅ တစ်လီတာ  ၂၈၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၉၀ ကျပ်ဖြစ်တာကြောင့် ၉၂ နဲ့ ၉၅ ဈေးနှုန်းတွေဟာ  ယခင်ကထက်အနည်းငယ်ဈေးတက်လာတာ ဖြစ်ပါတယ်။
 
ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာလည်း အဆိုပါဈေးတန်းအတိုင်းရှိကာ ၉၂အောက်တိန်း ပြင်ပပေါက်ဈေးမှာတော့  ၉၂ အောက်တိန်း တစ်လီတာဗူးတစ်ဗူးလျင် ၃၅၀၀ ကျပ်အထိပေး၀ယ်နေရတယ်လို့လည်း  ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေထံက  သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇူလိုင် ၈ ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးတစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၂၃၇၃  ဒေါ်လာရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာ ၄၅ သိန်း၇သောင်းကျော်ဖြစ်ပြီး ဇူလိုင် ၈ ရက်မှာလည်း အဆိုပါဈေးတန်းနဲ့ သာ သတ်မှတ်ထားပြီး ဇူလိုင် ၉ ရက်နဲ့၁၀ ရက်ရက်နေ့မှာလည်း  ၄၅ သိန်း ၅ သောင်းကျော်ရှိကာ ဇူလိုင်၁၁ရက်နေ့မှာတော့ ၄၅ သိန်း၉သောင်းရဲ့အထက်သို့ပြန်လည်ရောက်ရှိခဲ့ပြီး ဇူလိုင် ၁၂ရက်နေ့နဲ့၁၃ရက်နေ့တွေမှာ  ၄၆ သိန်း ၅ သောင်းကျော်အဖြစ်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့  ဇူလိုင် ၈ ရက်နေ့ရဲ့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၇ သိန်းငါးသောင်း ရှိနေခဲ့တာဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့မှာ ၅၇ သိန်းခြောက်သောင်း၊ ဇူလိုင်၁၀ရက်နေ့မှတော့ ၅၇ သိန်းရှစ်သောင်းကျပ်၊ ဇူလိုင် ၁၁ ရက်နေ့မှာတော့  ၅၈ သိန်း ၉ သောင်းသို့ဆက်လက်မြင့်တက်ကာ အဆိုပါနေ့တစ်ရက်အတွင်းမှာ ကျပ်တစ်သိန်းအထိမြင့်တက်ခဲ့တာဖြစ်ပြီး   ဇူလိုင်၁၂ရက်နေ့မှာတော့ ၅၉ သိန်းနှစ်သောင်းအထိ ဆက်လက်မြင့်တက်လာပါတယ်။

ဇူလိုင် ၁၃ ရက်မှာတော့ ၅၉ သိန်းငါးသောင်းအထိဆက်လက်မြင့်တက်ခဲ့သလို ဇူလိုင် ၁၄ ရက်နေ့မှာလည်း ၅၉ သိန်း၅သောင်းအထိအမြင့်ဈေးနဲ့ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။  ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇူလိုင်၈ရက်နေ့ကနေဇူလိုင်၁၄ရက်နေ့အထိ ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၇၀၀  ကနေ ၄၇၀၀ အထက်အထိရှိခဲ့တာဖြစ်ပြီး ဇူလိုင်၁၁ ရက်နေ့မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၉၀၀ ကနေ ၅၀၀၀ အထိ မြင့်တက်လာခဲ့တာဖြစ်ပြီး ဇူလိုင်၁၄ ရက်နေ့အထိ ၅၀၀၀ ပတ်ချာလည်အထိဈေးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေခဲ့ရာကနေ ယခုအခါ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းတွေကြောင့် ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၀၀ ကျော်နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀ ကျော်အထိ ဈေးနှုန်းမြှင့်တင်ဖြတ်နေတာလို့ သိရပါတယ်။ ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျင် မြန်မာငွေ ၁၃၀ ကနေ ၁၄၀ ကျပ်အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ  ဇူလိုင်၈ရက်မှ ဇူလိုင်၁၄ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၃၉၀ ကျပ်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ ကနေ  ၁၃၅၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿလျှင် ၁၂၀၀၀ ကနေ  ၁၃၅၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးစွဲ သူများအနေနဲ့ အလွယ်တကူ၀ယ်မရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  တစ်မြို့နယ်လျှင် နှစ်ဦးလောက်သာရှိပြီး  ယခုတစ်ပတ်ကနေစလို့ ရပ်ကွက်များအတွင်းမှာ  ၂ရက်ခြားတစ်ကြိမ်အိမ်တစ်အိမ်လျှင် ၅၀သားမှတစ်ပိဿာအထိ ရောင်းချပေးနေတယ်လို့သိရပါတယ်။
   
ဒါ့အပြင် ပြည်ပမှ  စားဆီတင်သွင်းတဲ့ စီးပွားရေးထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဧရာဟင်္သာ ကုမ္ပဏီအပါအ၀င်  ကုမ္ပဏီ ၈ ခုကိုလည်း ပြည်ပမှစားဆီတင်သွင်းရာမှာ  မသမာမှုကျူးလွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ ခေါ်ယူစစ်ဆေးမှုတွေရှိတာကြောင့် စားဆီဈေးတန်းဖွင့်ထုတ်နေပေမဲ့ ရောင်းချခြင်းမရှိဘူးလို့လည်း သိရပါတယ်။ 

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေထဲမှာတော ဆန်တစ်ပြည် ၈၈၀၀ ကျပ်အထိ ရှိလာပြီး မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲရှိနေတာဖြစ်ပါတယ်။

ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ နဲ့၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(အေသး)လျှင်ကျပ်၂၀၀၀၀န်းကျင်အထိဖြစ်နေပြီး ဂေါ်ဖီတစ်ထုပ်လျှင် ၅၀၀၀ကျပ်၊  ပဲလွန်းတစ်စည်း ၅၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊ သခွားသီး  ၃၀၀ မှ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ် ၅၀၀ ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၅၀၀ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ ကျပ် ကြက်ဥတစ်လုံး ၄၀၀ကျပ်နဲ့  ဘဲဥတစ်လုံး ၅၀၀ ကျပ်ဖြစ်လာပြီး အခြားသော အသီးအရွက်စားသောက်ကုန်တွေဟာ  ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း တစ်ပိဿာနှစ်သောင်းကျော်အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၃၅၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့၀က်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၂၀၀၀ကနေ ၂၂၀၀၀အထက်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်ကနေ ယခု ၁၂၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး ၁၀၀၀ ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ ၀န်းကျင်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  ၂၀၁၈ ခုနှစ်ရဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒါမှသာ တိုးမြှင့်သတ်မှတ်လိုက်တဲ့နှုန်းထားအတိုင်း အလုပ်သမားများအားလုံးတစ်ပြေးညီခံစားရမှာဖြစ်သလို  တစ်နိုင်ငံလုံးတရား၀င်တိုးမြှင့်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ တပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေနဲ့ အခြေခံစားသောက်ကုန်တွေကိုတော့ ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
ပြည်တွင်းဆန်ဈေး အတက်ကြမ်းလာ
Jun 23, 2026
Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026