SURVEY

ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတဲ့  အလုပ်သမားတွေ (သို့) ဇွန်လ ချိုးဖောက်မှုများ

CoverLogo
80 Views

ပြီးခဲ့ ဇွန်လ ရက်အတော်များများမှာ မိုးရွာသွန်းနေတာကြောင့် ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွေက အလုပ်သမားအတော်များများ ဖျားနာကြပြီး ကျန်းမာရေးမကောင်ကြဘူးလို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ ဒီလို ဖျားနေပေမဲ့ စက်ရုံတွေဘက်က အချိန်ပိုတွေ အများအပြားခေါ်ယူ ခိုင်းစေတာတွေကို ဇွန်လ  ဆန်းစစ် သုံးသပ်ချက်မှာ အများဆုံးတွေ့ရှိထားပါတယ်။

ပြီးခဲ့ မေလ သုံးသပ်ချက်မှာ တွေ့ရှိထားရသလို အချိန်ပိုခေါ်ယူတာ၊ ဆဲဆိုတာနဲ့ ငွေကြေးရပိုင်ခွင့် ဖြတ်တောက် တာတွေ အခုလမှာလည်း ဆက်တိုက် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ဆဲဆိုခိုင်းစေခံရတဲ့  အဖြစ်အပျက်တွေ က အများဆုံးဖြစ်ပွားတဲ့ အချိန်ပို ချိုးဖောက်ခံရမှု ဖြစ်စဉ်ရဲ့ တဝတ် အထိ ရှိနေတာကို တွေ့ရှိရပါတယ်။

Myanmar Labour News က ပြီးခဲ့နှစ်တွေမှာ  နှစ်စဉ် ဆန်းစစ်ချက်တွေကိုပဲ ရေးသားခဲ့တာပါ။ ဆန်းစစ်ချက်တွေ ရေးသားခဲ့ရာမှာ ချိုးဖောက်တဲ့ စက်ရုံ အရည်အတွက်များလာတာကို သတိထားမိခဲ့တဲ့အပြင် ဆက်စပ် ချိုးဖောက်ခံ ရမှုတွေပါ ဖော်ထုတ်ဖို့ ရည်ရွယ်ပြီး ဆန်းစစ်ချက်တွေကို လစဉ်ရေးသားနေတာ ဖြစ်ပါတယ်။

ဇွန်လအတွင်းမှာတော့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုပြီး လာရောက်ပြောကြားတဲ့    စက်ရုံ အလုပ်ရုံပေါင်း ၂၆ ရုံရှိပါတယ်။ ဒီစက်ရုံတွေထဲမှာ ဆဲဆိုခိုင်းစေမှုတွေ ရှိနေတဲ့ စက်ရုံ ၁၀ အထိ ပါဝင်တာကို တွေ့ရပါတယ်။ မေလ ဆန်းစစ်ချက် ထဲမှာ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေ ရှိတဲ့ စက်ရုံ ၁၂ ရုံ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဆဲဆိုမှုတွေက ကျဆင်းတာမရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။

ဒီ ဆဲဆိုမှုတွေက လုပ်ငန်းခွင် အနိုင်ကျင့်မှု အမျိုးအစားမှာပါဝင် ပြီး ဆဲဆိုခံရသူဟာ အလုပ်အပေါ် အာရုံ စူးစိုက် တာ နည်းတာ၊ ခေါင်းကိုက်တာ၊ စိုးရိမ်စိတ် အရမ်းများတာ၊ စိတ်ဓာတ်ကျလွယ် ၊ မျက်ရည်ကျလွယ်တာ၊ ညဘက် အိပ်ချိန် မမှန်တာ၊  အိပ်မပျော်တာတွေ၊ မလုံခြုံသလို ခံစားနေရတာ၊ ယုံကြည်မှုအားနည်းလာနဲ့အတူ လုပ်ငန်းခွင် လုပ်ဆောင်နိုင်မှုစွမ်းရည်  ကျဆင်းလာတာတွေ ခံစားရနိုင်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် Website မှာ ရေးသားဖော်ပြထားပါတယ်။

ဇွန်လအတွင်း Myanmar Labour News website မှာ သတင်း အရည်အတွက် ၁၂၂ ပုဒ်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီထဲမှာ စက်ရုံ အလုပ်ရုံ ၂၆ ရုံက အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရပါ  တယ်။ ချိုးဖောက်မှု သတင်း ၂၉ ကြိမ်ဖော်ပြထားတဲ့ အပြင် ပြည်ပရွှေ့ပြောင်း အလုပ်သမားသတင်း၊ အလုပ်သမားရေးရာ  ဆောင်းပါး၊ ပြည်ပ အလုပ်သမားရေးလှုပ်ရှားမှု၊ တွေ့ဆုံမေးမြန်းခြင်းနဲ့ တလအတွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းတွေ လည်း ဖော်ပြထားပါတယ်။

  • အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ စက်ရုံတွေ  
No Factories Kind of Works Brands
1 Tianjin Fashion Milestone Garment အထည်ချုပ် VERO MOODA, Sinsay, LC WAIKIKI
2 Beaume International Garment အထည်ချုပ် NORTHLAND၊ Multiblu
3 Tha Shu (Myanmar) Fashion Co.,Ltd အထည်ချုပ်  
4 Great Summer Myanmar Garment အထည်ချုပ်  
5 KINGSRICH (MYANMAR) FASHION CO,LTD Garment အထည်ချုပ် H&M
6 New Talent Garment (Myanmar) Co,Ltd. အထည်ချုပ်  
7 S-M MYANMAR Garment CO, Ltd အထည်ချုပ် mayoral
8 Myanmar Best fortune အထည်ချုပ် AMISU,CRAFT, CLIQUE, Springfield, LC WAIKIKI,  CLASSIC
9 WELCOMBINE LEATHER MYANMAR Co, ltd ကျောပိုးအိပ် TRAVEL EDITION၊ MOG
10 New Plus အထည်ချုပ် Global Work၊ HEAR
11 KBL Garment အထည်ချုပ် DAVIDS BRIDAL, Studio
12 Myanto Industrial အထည်ချုပ် Defacto
13 Fuu Baii Houng Industrial Co.,Ltd အထည်ချုပ် Sinsay
14 He MeT Company Limited အထည်ချုပ် ever.me၊ pageone၊ MO WOMAN
15 HERMITE အရုပ်အမွှေးပွ  
16 PK Myanmar အိပ်ချုပ် LL Bean
17 Ying Jiang. ShiShang Co, Ltd အထည်ချုပ် HEAT
18 Glue seed factory ထုတ်လုပ်ရေး  
19 NorthShore Group အထည်ချုပ် VAUDE, Schoffel , BERGAN
20 Hengda အထည်ချုပ် H&M
21 HUAFU Garment အထည်ချုပ် PORT AUTHORITY
22 Pepsi အချိုရည်  
23 LITA MYANMAR အထည်ချုပ် CONVERSE, BURTLE,HEARTGREEN, TOYO
24 Full Rong Garment အထည်ချုပ်  
25 Gold Emperor ဖိနပ်ချုပ် Gold Emperor
26 Golden Heroes Company Printing  

ဇယားမှာ ဖော်ပြချက်အရဆိုရင် အထည်ချုပ် စက်ရုံ ၁၉ ရုံ၊ ကျောပိုးအိပ်ချုပ် စက်ရုံ၊ အိပ်ချုပ်၊ ဖိနပ်ချုပ်၊  အမွှေးပွရုပ် စက်ရုံ၊ အချိုရည် စက်ရုံ၊ ပုံနှိပ်လုပ်ငန်း နဲ့ ထုတ်လုပ်ရေး စက်ရုံတွေပါဝင်တာကို တွေ့ရမှာပါ။ ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စက်ရုံအလုပ်ရုံတွေမှာ  လုပ်သားအင်အား အနည်းဆုံး ၁၀၀ ကနေ ထောင်ဂဏန်းကျော် အထိ ရှိနေတာကိုလည်း တွေ့ထားပါတယ်။

  • အများဆုံး ချိုးဖောက်တဲ့ ကဏ္ဍနဲ့ စက်ရုံတွေ

ဇွန်လမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဆန်းစစ်ရာမှာ အများဆုံး ချိုးဖောက်မှုကတော့ အချိန်ပို ခေါ်ယူတာတွေ ဖြစ်ပါတယ်။ တွေ့ရှိအချက်အရ စက်ရုံ ၂၆ ထဲမှာ စက်ရုံ ၂၀ က အချိန်ပိုလုပ်ကိုင်ခိုင်းပြီး အခွင့်အရေး ချိုးဖောက်ကြတာလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။  

အချိန်ပိုချိုးဖောက်မှုတွေနောက်မှာတော့  စက်ရုံအတွင်း သောက်ရေ၊ သုံးရေ၊ လုပ်ငန်းခွင် အနေအထား ကျဉ်းမြောင်းတာ၊ အပူဒဏ်ခံစားရတာ၊ ဆေးနဲ့ ဆေးခန်းမရှိတာ၊ ဖယ်ရီမပေးတာ ဆိုတဲ့ စက်ရုံက ၁၃ ရုံရှိနေပါတယ်။ ရက်ပျက်ဆိုပြီး ငွေကြေးဖြတ်တောက်မှုရှိတဲ့ စက်ရုံအလုပ်ရုံကလည်း စက်ရုံ ၁၃ ရုံပါဝင် ပါတယ်။  ဖိအားပေးစေခိုင်းတယ်ဆိုတဲ့ စက်ရုံ ၁၂ ရုံ၊ ခွင့်ခံစားခွင့် မရဘူး ၊ မပေးဘူးဆိုတဲ့ စက်ရုံပေါင်း ၁၁ အထိရှိပြီး အဲ့ဒီနောက်မှာ ဆဲဆိုခိုင်းစေတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၀ ရုံ ပါဝင်တာကို တွေ့ရပါတယ်။ 

အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက် ပိုတောင်းတာ၊ နားချိန်လုံးဝ မပေးဘဲ  တဆက်တည်း ၅ နာရီထက် ကျော်လွန် ခိုင်းစေတာတွေ မတူတဲ့ စက်ရုံ ၆ ရုံစီမှာ ဖြစ်ပွားနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထား ပါတယ်။

ဒါ့အပြင် ခွင့်ယူတာ၊ အချိန်ပို မဆင်းတာ၊ အထည်စံချိန်မပြည့်လို့ စက်ရုံတာဝန်ရှိသူတွေက ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်ဆိုတဲ့ စက်ရုံကလည်း ၆ ရုံရှိနေပါတယ်။ နေ့စားလုပ်သားတွေကို တရားဝင်ခန့်ထားခြင်းမရှိဘူးဆိုတဲ့ စက်ရုံ ၄ ရုံကိုလည်းတွေ့ရပါတယ်။

လုပ်ခလစာ တိုးမြှင့်ရရှိရေးတောင်းဆိုမှု ဖြစ်ပွားတဲ့ စက်ရုံတရုံ ရဲ့ နောက်ဆက်တွဲ သတင်းကို ၄ ကြိမ် ဖော်ပြထား တာကိုလည်း တွေ့ရပါတယ်။  ဥပဒေမဲ့ အလုပ်ထုတ်မှုတွေရှိတယ်ဆိုတဲ့ စက်ရုံ ၃ ရုံ၊ လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားတွေက တိုက်ရိုက်ခိုင်းစေနေတဲ့ ဆိုတဲ့ စက်ရုံ ၂ ရုံ ပါဝင်ပါတယ်။ ဒါ့အပြင် အလုပ်သမားရုံး တာဝန်ရှိ သူတွေ၊ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေကို လိမ်လည်ဖြေဆိုခိုင်းတဲ့ စက်ရုံကလည်း ၂ ရုံ ရှိတာကို တွေ့ရပါ တယ်။ ဒီနောက်မှာတော့ အရွယ်မရောက်တဲ့ လူငယ်တွေကို အရွယ်ရောက်အလုပ်သမားတွေနဲ့ တန်းတူ  ခိုင်းစေတာ၊ လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာ ရတာကို တာဝန်ယူကုသမပေးတာ၊ ကိုယ်ဝန်ဆောင်တွေကို အလုပ်ထုတ်တာ၊ လူမှုဖူလုံရေးဥပဒေ ကို ချိုးဖောက်တာ၊ EC စာချုပ် မချုပ်တာနဲ့ နားချိန်အပြည့်မရတဲ့ စက်ရုံတွေကလည်း ၁ ရုံ စီရှိနေတာကို တွေ့ရှိရ ပါတယ်။ 

Myanmar Labour News က ချိုးဖောက်မှု ကဏ္ဍတွေ ၂၇ မျိုး ခွဲခြားထားပြီး ဇွန်လထဲမှာတော့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု ၂၁ မျိုးအထိ ရှိနေတာကို လည်းတွေ့ရှိထားပါတယ်။

  • ဆဲဆိုမှုတွေနဲ့ ချိုးဖောက်မှု အများဆုံးစက်ရုံ

ဇွန်လအတွင်းမှာ ever.me , Page One , MO (WOMAN) အမှတ်တံဆိပ်တွေချုပ်တဲ့  He MeT Company Limited အထည်ချုပ်စက်ရုံက ချိုးဖောက်မှု အများဆုံး စက်ရုံဖြစ်တာကိုတွေ့ရပါတယ်။

ဒီစက်ရုံမှာ ဆဲဆိုခိုင်းစေနေတာ၊  ခွင့်မပေးတာ၊ အလုပ်ထုတ်တာ၊ ဥပဒေမဲ့ အချိန်ပို ခေါ်ယူတာ၊ ခွဲခြားဆက်ဆံနေ တာ၊ အရွယ်မရောက်တဲ့ လူငယ် အလုပ်သမားတွေကို ခိုင်းစေတာ၊ နေ့စားလုပ်သားတွေ အမြဲတမ်းခန့်ထား မပေး တာ၊ ရပိုင်ခွင့်ဖြတ်တောက်တာ၊ ချုပ်နိုင်ထာထက်ပိုပြီး အထည်စံချိန်တောင်းတာ၊ အလုပ်ငန်းခွင်အတွင်း  လိုအပ် ချက် တွေရှိနေတာ၊ အလုပ်သမားအရာရှိတွေကို လိမ်လည်ဖြေကြားခိုင်းတာ၊ ကိုယ်ဝန်ဆောင်တွေ ကို အလုပ်က နုတ်ထွက်ခိုင်းတာ စတာတွေ ချိုးဖောက်တာကို တွေ့ရှိရပါတယ်။

He MeT အထည်ချုပ် စက်ရုံလုပ်သား ၁၀၀၀ ကျော်ရှိပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ရင်ဆိုင်နေရ တာကို အလုပ်သမားတဦးက အခုလို ပြောပြထားပါတယ်။

"အထည်စံချိန်ကို မတရားတောင်းထားပါတယ် ဘယ်လိုတောင်းတာလဲဆိုရင် စက်လိုင်းမှာ စူပါ အပါအဝင် လူ ၄၅ ဦးရှိပြီး ဂျာကင် အနွေးထည် တစ်နာရီကို အထည် ၄၀ ချုပ်ပေးရပါတယ်။ စံချိန်တောင်းရင်လည်း စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပြီး တောင်းတာ အဆိုးဆုံးကတော့ လိုင်း ၄ စူပါနဲ့ လိုင်း ၆ စူပါက ယောက်ျားလေးတွေပါ စက်ချုပ်တဲ့ အမျိုးသမီးတွေကို နေ့စဉ်နဲ့အမျှ မခံနိုင်အောင် ဆဲဆိုတာပါ "လို့ ပြောပါတယ်။

စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းမှာဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ချိုးဖောက်မှုတွေနဲ့ ပတ်သက်တာတွေကို သတင်းမှာ ဖော်ပြထားပါတယ်။ (Wetsite >>>> https://www. myanmarlabournews.com/posts/he-met-အထည်ချုပ်စက်ရုံ-အလုပ်သမားတွေ-အခွင်အရေးချိုးဖောက်ခံ နေရဟုဆို ) 

မြစိမ်းရောင်စက်မှုဇုန် က HUAFU Garment အထည်ချုပ် စက်မှုတော့ နေ့စားအလုပ်သမား အများအပြားကို အထည်ပြုခန့်ထားတာ မရှိဘဲ ခိုင်းစေနေတာနဲ့  ဆဲဆိုခိုင်းစေခံရတာကြောင့် ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင် နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"နေ့စားအလုပ်သမားတွေက တနင်္ဂနွေပိတ်ရက်ခံစားခွင့်မရဘူး ၊ တနင်္ဂနွေ အလုပ်မလုပ်ရင် ပိုက်ဆံမရဘူးပေါ့ ။ ပြီးတော့ လူမှုဖူလုံရေးထည့်ခွင့်လည်း မရဘူးဆိုတော့၊ လူမှုဖူလုံရေးဆေးခန်းတွေလည်း သွားပြီး ပြခွင့်မရှိဘူး ။ အလုပ်သမားတွေထဲမှာ အသက်မပြည့်တဲ့ လူငယ် လူရွယ်တွေကို လူကြီးအလုပ်သမားတွေနဲ့ တန်းတူ အလုပ်လုပ်ခိုင်းတာတွေ  မြင်ရကြားရတာ စိတ်မကောင်းဘူး။ "လို ပြောပါတယ်။

အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုပြီး အထည်စံချိန်ကို တဖက်သတ် တောင်းနေသလို  ခေါင်းဆောင်ဆိုသူတွေရဲ့ ဆဲဆိုမှုတွေအပြင် ၊ လုပ်ငန်းခွင်ထဲမှာ မန်နေဂျာကပါ  အသံချဲ့စက်နဲ့  ရိုင်းစိုင်းစွာ ပြောဆိုလို့ ဂုဏ်သိက္ခာမဲ့စွာ  လုပ်ကိုင်နေရတယ်လို အလုပ်သမားတွေက ပြောကြားထားပါတယ်။

HUAFU Garment က PORT AUTHORITY အမှတ်တံဆိပ် ဂျာကင်တွေချုပ်လုပ်နေပြီး  တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်သား  ၁၂၀၀ လောက် လုပ်ကိုင်နေပြီး နေ့စဉ် အရှက်ခွဲခံရတဲ့အပြင် ခွဲခြား ဆက်ဆံမှု တွေ ရှိနေတယ်လို့ အလုပ်သမားတဦးက အခုလို ပြောပြထားပါတယ်။

"အလုပ်လုပ်ရတာ ထမင်းစားဖို မဖြစ်မနေလုပ်ရပေမဲ့ ဘယ်လောက်လုပ်ပေးလုပ်ပေး မကျေနပ်နိုင်ဘူး။ အလုပ် လုပ်နေရတာဘာနဲ့တူသလဲဆိုတော့၊ စက်ရုံထဲသွားပြီး နေ့တိုင်းအရှက်ခွဲခံနေရသလိုပဲ ။ အလုပ်ချိန် မနက် ၈ နာရီကနေ ည ၈ နာရီ ခွဲထိ၊ ဖယ်ရီနဲ့ပြန်ရတယ်ဆိုပေမဲ့ စစ်တပ်က စစ်ဆေး မေးမြန်းပြီး ဖမ်းတာတွေလည်း ရှိတယ်။ အထည်အရေးကြီးလိုဆိုပြီး ညလုံးပေါက် အိုတီဆင်းရတာလဲရှိတယ်။ စနေနေ့တွေဆို အလုပ်သမား တွေကို ကြိုမပြောဘဲနဲ့ ညလုံးပေါက် အိုတီဆင်းခိုင်းတယ်။ သူတိုခေါ်တာကို မဆင်းဘူးဆိုရင် ခွဲခြားဆက်ဆံတယ် ၊ အငြိုးအတေးထားတယ်။အဲ့တာကြောင့်လည်း ညလုံးပေါက်တွေမဆင်းချင်လဲဆင်းနေရတယ်"လို့ အလုပ်သမားတဦးက ပြောပါတယ်။

ချိုးဖောက်မှုအမျိုးအစား ၈ ခု ရှိနေတဲ့ စက်ရုံကတော့ ရွှေပြည်သာစက်မှုဇုန် ၄ က LITA MYANMAR ဖြစ်ပါတယ်။ စက်ရုံက တော့ အများပြည်သူ အလုပ်ပိတ်ရက်၊ ညနက်နဲ့ ညလုံးပေါက် အချိန်ပိုတွေခိုင်းစေ ခဲ့တယ်လို့ ဆိုပါတယ်။ အချိန်ပိုမဆင်း တဲ့ အလုပ်သမားတွေကို ဖိအားပေးတာ၊ ခွဲခြားဆက်ဆံ အပြင် ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးနဲ့ လုပ်သက် နှစ်ကြေးကို ခွဲခြားပေးတာတွေ ပြုလုပ်တဲ့ အပြင် အထည်စံချိန်တိုးတောင်ပြီး  ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး ဒေးကြေး ဖြတ်တာ၊ လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားများ တိုက်ရိုက် အုပ်ချုပ်ပြီး ဓါတ်ပုံရိုက် မှတ်တမ်းယူတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ရဲနဲ့ စစ်တပ် ခေါ်ယူ ဖမ်ဆီးခိုင်းမယ်ဆိုပြီး  ခြိမ်းခြောက် ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အပြည့်အစုံကိုတော့ Wetsite မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ Wetsite Link>>> https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်း-အချိန်ပိုအတင်းအကျပ်ခေါ်ယူ-ခိုင်းစေ

တရုတ်နိုင်ငံဘက်က မြန်မာအထည်ချုပ်အလုပ်သမားတွေကို ခေါ်ယူမှုတွေ ရှိလာအပြီးမှာ ချိုးဖောက် ခံရမှုတွေ ရှိလာတာကို Myanmar Labour News မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေ ကလည်း တိုင်ကြားမှုတွေ ရှိခဲ့ပြီး ဇွန်လမှာတော့ ယူနန်ပြည်နယ် ရန်ကျင်းမြို့ စီမံမြို့သစ်စက်မှုဇုန် အမှတ် ၂ က Ying Jiang. ShiShang Co, Ltd အထည်ချုပ်စက်ရုံမှာ ချိုးဖောက်ခံရမှုတွေ ရှိတယ်လို့ အလုပ်သမား တွေက ပြောကြားထားပါတယ်။

ချိုးဖောက်မှုတွေကိုလေ့လာကြည့်ရာမှာ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ခိုင်းစေတာ ၊ လုပ်ခမရတာ၊  ဆဲဆို ခြိမ်းခြောက်၊ အစားအသောက် မဝတဝ ကျွေးတာနဲ့ ရက်ပျက်ပါက ဒေကြေးဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။  

သတင်းကို Wetsite >>> https://www.myanmarlabournews.com/posts/အထည်စံချိန်-အလွန်အကျွံ-တောင်းခံခိုင်းစေ

 

ကျန်စက်ရုံတွေက ငါးကြိမ်နဲ့ အောက် ချိုးဖောက်မှု ရှိနေတာကို တွေ့ရှိရပါတယ်။

  • တွေ့ရှိချက်

ဇွန်လအတွင်း အချိန်ပိုခေါ်ယူမှုတွေ အများဆုံး ဖြစ်ပွားခဲ့တဲ့ အပြင် အချိန်ပိုမဆင်းလို့ ခွဲခြားဆက်ဆံခံရတာတွေ ပြန်ရှိလာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ရပိုင်ခွင့်နဲ့  ငွေကြေးဖြတ်တောက်မှုတွေလည်း လျော့မသွားပါဘူး။ ကလေးလုပ်သား ခိုင်းစေမှုတွေ ပိုများလာပြီး နေ့စား လုပ်သားတွေအတွက် ဥပဒေပါ အခွင့်အရေး ချိုးဖောက်ခံ နေရဆဲ ဖြစ်တာကို တွေ့ရပါတယ်။  ကြီးကြပ်ရေးမှူးတဦးကလည်း ဆုကြေး ခေါင်းပုံဖြတ်လို့ အလုပ်သမားတွေ နစ်နာရတာလည်း  သတင်းမှာ ဖော်ပြပါတယ်။

လူမှုဖူလုံးရေး ဥပဒေကို ချိုးဖောက်တာ၊ လုပ်ငန်းခွင်သဘောတူစာချုပ် မချုပ်တာ၊ ကိုယ်ဝန်ဆောင် အလုပ်သမား တွေကို အလုပ်ထုတ်တာတွေလည်း ပြန်ဖြစ်လာတာတွေ့ရပါတယ်။

ဥပဒေမှာ အလုပ်ချိန် အပိုင်းအခြား ၅ နာရီလို့ သတ်မှတ်ထားပေမဲ့ လက်ရှိ အချိန်ပိုလုပ်ကိုင်နေရတဲ့ အလုပ်သမား တွေက အနည်းဆုံး ၆ နာရီကနေ အများဆုံး ၈ နာရီအထိ အနားမရဘဲ လုပ်ကိုင်နေရတာကိုလည်း ထင်ထင်ရှားရှား တွေ့ရှိ ရပါတယ်။ ဒီလို အလုပ်ချိန်တဆက်တည်းလုပ်ကိုင်ရမှုက နှစ်လ ဆက်တိုက် မြင့်မားနေတာကိုလည်း တွေ့ရှိရပါတယ်။

စက်ရုံအတွင်း နိုင်ငံခြားသားတွေ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ တိုက်ရိုက်ခိုင်းစေတာတွေ ပြန်လည် ဖြစ်ပွားလာ ပါတယ်။

  • သုံးသပ်ခြင်း

ဧပြီလကုန်ပိုင်းက စပြီး  အထည်ချုပ်စက်ရုံတွေမှာ အချိန်ပိုခိုင်းစေတဲ့ အချိန်တွေ တိုးများလာပါတယ်။ အစောပိုင်း မှာ အလုပ်သမားဝန်ကြီးဌာနရဲ့  အချိန်ပိုနဲ့ ပတ်သက်တဲ့ ညွှန်ကြားလွှာအတိုင်း တပတ် နာရီ ၂၀  ထက် ပိုမို ခိုင်းစေတာတွေ သိပ်မတွေ့ခဲ့ရပေမဲ့ မေလနဲ့ ဇွန်လတွေမှာ ဥပဒေချိုးဖောက်မှုတွေများလာပါတယ်။

တချို့စက်ရုံတွေက အောလင်းလို့ခေါ်တဲ့ မနက် ၄ နာရီအထိ ၊ အောနိုက်လို့ ခေါ်တဲ့ ည ၁၂ နာရီအထိ အလုပ်သမားတွေကို ခိုင်းစေခဲ့ပါတယ်။ ဇွန်လထဲမှာ အောလင်း၊ အောနိုက် ခိုင်းစေတာတွေများလာပြီး အလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ထိခိုက်လာသလို အလုပ်ထုတ်မှုတွေပါ ရှိလာပါတယ်။

အထည်ချုပ်လုပ်ငန်းခွင်ကို  လူငယ်နဲ့ လူရွယ်လုပ်သားတွေ ဝင်ရောက်လာကြသလို အဲဒီထဲမှာ ကလေးလုပ်သား အများအပြား ပါဝင်လာတယ်။

နောက်ဆက်တွဲ ဆဲဆိုတာ၊ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းတာ၊ ခွဲခြားဆက်ဆံတာတွေ ၊ ငွေကြေး ဖြတ်တောက်တာနဲ့ အထည်စံချိန်မပြည့်လို့ဆိုပြီး အချိန်ပို လုပ်ခမပေးတာတွေပါ စက်ရုံဘက်က လုပ်ဆောင် လာပါတယ်။

အလုပ်သမားတွေကို စက်ရုံဘက်ကပေးတဲ့ ဝန်ဆောင်မှုပိုင်းတွေ ဆက်လက် ကျဆင်းတာကိုလည်းတွေ့ရပါတယ်။ ကြိုပို့ယာဉ်( ဖယ်ရီ) စီစဉ် မပေးတာတွေ၊ သောက်ရေ၊ သုံးရေ မသန့်ရှင်းတာ၊ ဆေးနဲ့ ဆေးခန်းထောက်ပံ့မပေးတာ၊ စက်ရုံအတွင်း အပူရှိန်မြင့်တက်နေတာကို လက်ရှိအချိန်အထိ ဖြေရှင်းမပေးတာ၊ သတ်မှတ်အလုပ်ချိန် အပိုင်းခြား ကို ကျော်လွန်ခိုင်းစေပေမဲ့ အစားအသောက်၊ ဆေးဝါး မထောက်ပံ့တာ၊ ညည့်နက်အထိ လုပ်ကိုင်ခိုင်းပေမဲ့ ဖြစ်သလို အိပ်ခိုင်းတာတွေပါ အတော်တော်များများ ဖြစ်ပွားနေပါတယ်။

ညည့် နက်လုပ်ကိုင်ခိုင်းလို့ နေအိမ်ပြန်ခွင့်မရတဲ့ အလုပ်သမား အားလုံးဟာ လူတဦးအတွက်လိုအပ်တဲ့ အနားယူချိန် ၈ နာရီ အပြည့်မရတော့ပါဘူး။ ညည့်နက် ၁၂ အထိ ဆင်းရတဲ့ အလုပ်သမားဟာ မနက် ၅ နာရီမှာ ထပြန်ရပါတယ်။ အလုပ်ချိန် ၇ နာရီခွဲကို မီဖို့ နေအိမ် ရောက်တာနဲ့ နားဖို့အချိန်မရဘဲ ပြင်ဆင်ရပြန်ပါတယ်။ ဒီလိုဖြစ်စဉ်တွေက နေ့စဉ်မဟုတ်ဘူးဆိုရင်တောင် ရက်ခြား ဖြစ်နေတာကိုပါ တွေ့ရှိခဲ့ရတာပါ။

ဇွန်လထဲမှာတော့ အလုပ်သမားတွေကြားမှာ ကျန်းမာရေးချို့ယွင်းမှုတွေ အတော်ဖြစ်လာပါတယ်။ အိမ်သုံးဆေးဝါး ဈေးနှုန်းတွေ မြင့်တက်မှုနဲ့ ရင်ဆိုင်ရသလို အချိန်ပိုလုပ်ကိုင်လို့ ရတဲ့ လစာက အတော်အတန်သင့် မြင့်မားပေမဲ့ ကုန်ဈေးနှူန်းတွေကို လိုက်မမီအောင်ရှိနေဆဲပါ။

အလုပ်သမားတွေ ရေရှည်ဝင်ငွေမြင့်မားဖို့ လိုအပ်သလို ကျန်းမာရေးအခြေအနေတွေ ကောင်းနေဖို့ လိုအပ်ပါ တယ်။ လက်ရှိ စံချိန်တောင်းတာနဲ့ အချိန်ပိုခိုင်းစေမှုတွေကြောင့် အလုပ်သမားတွေရဲ့ ရေရှည် ကျန်းမာရေး  ထိခိုက်မှုတွေ စဖြစ်နေပြီဆိုတာကို အသိပေးလိုပါတယ်။

အလုပ်သမားအရေးတက်ကြွသူတွေ၊ သမဂ္ဂတွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေအတွက် အလုပ်သမားနဲ့ ပတ်သက်တဲ့ အာဏာပိုင်တွေအနေနဲ့ လုပ်ခလစာ၊ နစ်နာမှုတွေကို အပြည့်အဝရဖို့ဆောင်ရွက်ပေးသလို အလုပ်သမားတွေရဲ့  စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကိုလည်း သတိပြုပေးဖို့ Myanmar Labour News က တိုက်တွန်းပါတယ်။

Download PDF

မင်းနီကျော်

Myanmar Labour Society
Research Team