LAW

ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေများ

CoverLogo
3.7K Views

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

(ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေများ)

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၁၃၈၀ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ ၁၈ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

 

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက် ဥပဒေတွင် ပါရှိသည့်အတိုင်းအဓိပ္ပာယ်သက်ရောက်စေမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဥပဒေ ဆိုသည်မှာ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ဆိုသည်။

(ခ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဥပဒေပုဒ်မ ၁၂ အရ တာဝန်ချထားသည့် သို့မဟုတ် ခန့်ထားသည့် စစ်ဆေးရေးအရာရှိကို ဆိုသည်။

(ဂ) စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဃ) ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။

(င) ရက်သတ္တပတ် ဆိုသည်မှာ စနေနေ့ညဉ့်သန်းခေါင်အချိန်မှ စတင်ရေတွက်သော တစ်ဆက်တည်း ခုနှစ်ရက်မြောက်ကာလအပိုင်းအခြားကို ဆိုသည်။

(စ) သက်ဆိုင်ရာနှစ် ဆိုသည်မှာ သက်ဆိုင်ရာ အလုပ်သမားရထိုက်ခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ရှိသည့်နှစ်ကို ဆိုသည်။

(ဆ) ရှောင်တခင်ခွင့်ရက် ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။

(ဇ) ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသောခွင့်ရက်ကိုဆိုသည်။

(ဈ) မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီးချိန် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေ ခြင်းမဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။

(ည) ရက်သတ္တပတ်အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ရက်အနားပေး သည့်ရက်ကို ဆိုသည်။

(ဋ) အများပြည်သူအလုပ်ပိတ်ရက် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဉ်ထုတ်ပြန်ကြေညာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုသည်။

(ဌ) ခွင့်မှတ်တမ်း ဆိုသည်မှာ ခံစားခွင့်ပေးသောခွင့်အမျိုးအစားအလိုက် ထားရှိရမည့် မှတ်တမ်းကို ဆိုသည်။

(ဍ) သတ်မှတ်အလုပ်ချိန် ဆိုသည်မှာ လုပ်ငန်းအလိုက် သက်ဆိုင်သည့် အလုပ်သမားဥပဒေက အလုပ်သမားအမျိုးအစားအလိုက် ခွင့်ပြုထားသည့် တစ်ရက်ခွင့်ပြုအလုပ်ချိန်၊ ရက်သတ္တပတ်ခွင့်ပြု အလုပ်ချိန်တို့ကို ဆိုသည်။

(ဎ) အခြေခံလစာငွေ ဆိုသည်မှာ ပြက္ခဒိန်လတစ်လတွင် လုပ်ကိုင်ရသည့် အလုပ်တာဝန်နှင့်အညီ ရရှိမည့်လစာငွေကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများ စသည့် မည်သည့်စရိတ်မျှ မပါဝင်။

(ဏ) သက်ဆိုင်ရာရာအခကြေးငွေ ဆိုသည်မှာ အလုပ်သမားလုပ်ရမည့် အလုပ်တာဝန်နှင့်အညီ အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဖက်ကြိုတင်သဘောတူညီထားသော နာရီအလိုက်ရရှိသည့် အခကြေးငွေ သို့မဟုတ် တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက်ရရှိသည့် နေ့စားခနှုန်း သို့မဟုတ် ထုတ်လုပ်မှုအရေ အတွက်နှင့် ဝန်ဆောင်မှုပမာဏပေါ် မူတည်၍ ရရှိသည့် ပုတ်ပြတ်လုပ်ခတို့ကိုဆိုသည်။ ယင်းစကားရပ် တွင် အချိန်ပို လုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများစသည့် မည်သည့်စရိတ်မျှ မပါဝင်။

(တ) နေ့စားအလုပ်သမား ဆိုသည်မှာ တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် အလုပ်လုပ်ကိုင်ရပြီး ထိုနေ့ အတွက်လုပ်ခကို အလုပ်ရှင်နှင့် သဘောတူညီထားသည့် နှုန်းဖြင့် ရရှိသည့် အလုပ်သမားကို ဆိုသည်။

(ထ) လစားအလုပ်သမား ဆိုသည်မှာ ပြက္ခဒိန်လတစ်လအတွက် ပုံသေလစာသတ်မှတ်လုပ်ကိုင်သည့် အလုပ်သမားကို ဆိုသည်။

(ဒ) ပုတ်ပြတ်အလုပ်သမား ဆိုသည်မှာ ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ် မူတည်၍ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားသည့် အခကြေးငွေနှုန်းဖြင့် လုပ်ကိုင်ရသည့် အလုပ်သမားကို ဆိုသည်။

(ဓ) လုံခြုံရေးဝန်ထမ်း ဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနနှင့် လုပ်ငန်းများရှိ အစောင့် လုံခြုံရေးဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဥပဒေပါကိစ္စများအလို့ငှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နေအိမ်အစောင့် လုံခြုံရေးဝန်ထမ်းများမပါဝင်။

(န) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသော ပုံစံကို ဆိုသည်။

 

အခန်း(၂)

ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ

ရက်သတ္တပတ်အလုပ်ပိတ်ရက်

၃။ အလုပ်သမားသည် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီး ဖြစ်လျှင် ရက်သတ္တပတ်အလုပ်ပိတ်ရက် အနည်းဆုံးတစ်ရက်ကို သက်ဆိုင်ရာရာအခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။

၄။ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့်ရက်များလည်းပါဝင်သည်။ လုပ်ခခံစားခွင့်ရှိသည့်ခွင့်ရက် သို့မဟုတ် အလုပ်ပိတ်ရက်တစ်ရက်အတွက် တစ်ရက်သတ်မှတ်အလုပ်ချိန်ကိုသာ ထည့်သွင်းရန်ဖြစ်သည်။

၅။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်ကုန်ဆုံးပြီး နောက်တစ်ရက်မှစတင်၍ ခွင့် တစ်မျိုးမျိုး ခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ဖြစ်လျှင် အဆိုပါ ရက်သတ္တပတ်အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင် သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီကစတင်ပြီး ရက်သတ္တပတ် အလုပ်ပိတ်ရက်ကုန်ဆုံး ပြီးသည့် နောက်တစ်ရက်အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ် လျှင် အဆိုပါရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲ တောင်းခံခွင့်မပြုရ။

၆။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီး နောက်တစ်ရက်မှစတင်၍ နောက်ရက် သတ္တပတ်အလုပ်ပိတ်ရက်အထိ ခံစားပါက နောက်ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် သတ်မှတ်ရမည်။

၇။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက ရက်သတ္တပတ်အလုပ် ပိတ်ရက်မကျရောက်မီ အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင် ဖြစ်စေ၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကျရောက်ပြီးနောက် အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက် အနက်တစ်ရက်ရက်တွင်ဖြစ်စေ၊ ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်အတွက် ရက်အစားထိုး၍ အနားပေးရမည်။ ထိုသို့ရက်အစားထိုးအနားရပါက အချိန်ပိုလုပ်အားခ ခံစားခွင့်မရှိစေရ။

၈။ အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက်တစ်ရက်လုံး မရစေဘဲ အဆက်မပြတ် တစ်ဆယ်ရက် ထက်ပို၍ အလုပ်လုပ်ရခြင်းကိုဖြစ်စေမည့် မည်သည့်ရက်အစားသွင်းခြင်းကိုမျှ မပြုရ။

၉။ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် လုပ်ငန်းသဘာဝအရ မဖြစ်မနေအလုပ်လုပ်ရန် အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်သမား၏ ဆန္ဒကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင် ခွင့်ပြုမိန့် တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။

၁၀။ ထိုသို့ရက်သတ္တပတ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းနှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို မည်သည့်နေ့တွင်ရက်အစားထိုး၍ အနားပေးမည်ဖြစ်ကြောင်း အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီးဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။

၁၁။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်၌ အလုပ်လုပ်ရ၍ ထိုနေ့မတိုင်မီ အများပြည်သူ အလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ထို့နေ့နောက် အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ အစားထိုးအနားပေးသည့် ရက်ရပြီးဖြစ်လျှင် အလုပ်သမား၏ ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန်ကို တွက်ချက်ရာတွင် ထိုအလုပ်ပိတ်ရက်အတွက် အလုပ်ချိန်ကို အလုပ်သမားအား အစားထိုးအနားပေးသည့် သက်ဆိုင်ရာ ရက်သတ္တပတ်တွင် ထည့်သွင်း ရမည်။

၁၂။ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူများ၊ အဆိုင်းစနစ်တွင် လုပ်ကိုင်သည့် အလုပ်သမားများသည် အလုပ်ရှင်နှင့် သဘောတူညီထားသည့်အတိုင်း ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အလှည့်ကျသည့် အလုပ်ပိတ်ရက်ပေးသော စနစ်ဖြင့် ခံစားရမည်။

၁၃။ ရက်သတ္တပတ်အလုပ်ပိတ်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်နှင့် တစ်ထပ်တည်း ကျရောက်ခဲ့ လျှင် ထိုနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။

၁၄။ ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် နေ့စား အလုပ်သမားများအတွက်  အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရက်သတ္တပတ်အလုပ်ပိတ်ရက်မတိုင်မီ ခုနစ်ရက် အတွင်းရရှိသော လုပ်ခစုစုပေါင်းကို  အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

၁၅။ အလုပ်ရှင်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်များကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိပြီး ဦးစီးဌာနသို့ ပုံစံ (၄)ဖြင့် ငွေကြေးခံစားခွင့်မှတ်တမ်းကို လစဉ်ပေးပို့ရမည်။

အများပြည်သူအလုပ်ပိတ်ရက်

၁၆။ နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများသည် အများပြည်သူအလုပ်ပိတ်ရက်အပါအဝင် သက်ဆိုင်ရာ ဥပဒေအရ ရက်သတ္တပတ်သတ်မှတ် အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် အများပြည်သူအလုပ် ပိတ်ရက်ကို သက်ဆိုင်ရာရာအခကြေးငွေဖြင့် ခံစားခွင့်ရှိသည်။

၁၇။ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေ ရမည်။

၁၈။ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းကို အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။

၁၉။ အများပြည်သူအလုပ်ပိတ်ရက်အတွက် အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် လစားအလုပ်သမားများအတွက် တစ်လစာ၏ ၃၀ ပုံ ၁ ပုံ နှင့် ညီမျှသော အခကြေးငွေ ဖြင့်လည်းကောင်း၊ နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့်သဘောတူညီထားသည့် တစ်နေ့ အတွက် လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် အများပြည်သူအလုပ်ပိတ်ရက် မတိုင်မီ ခုနစ်ရက်အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက် ဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

၂၀။ အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက် သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေခြင်းမရှိဘဲ အချိန်ပိုင်းမျှသာ ခိုင်းစေသော်လည်း လုပ်ခကို ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာရာအခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာ ငွေကို သော်လည်းကောင်း ပေးမြဲနှုန်း၏ နှစ်ဆပေးချေရမည်။

၂၁။ အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအတွက် ထိုနေ့ရရှိ သည့် ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ ရရှိသောလုပ်ခ၏ နှစ်ဆကို ပေးချေရမည်။

၂၂။ အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက် ကုန်ဆုံးပြီး နောက်တစ်ရက်မှစတင်၍ ခွင့်တစ်မျိုး မျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် အများပြည်သူအလုပ်ပိတ်ရက် မတိုင်မီကစတင်ပြီး အများပြည်သူအလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက်အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက် အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုအများပြည်သူ အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။

 

အခန်း (၃)

ခွင့်ခံစားခြင်း

၂၃။ အလုပ်သမားသည် ဥပဒေအရ သတ်မှတ်ထားသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ကာလ အတိုင်းသက်ဆိုင်ရာရာအခကြေးငွေ သို့မဟုတ် လစာငွေဖြင့် ခံစားခွင့်ရှိသည်။ သို့သော် လုပ်သက်ခွင့်ရက် ကိုမူ သက်ဆိုင်ရာရာ ပျမ်းမျှအခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ရှိသည်။

၂၄။ အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိသည်။

၂၅။ ခွင့်ကာလနှင့်စပ်လျဉ်း၍ ခွင့်ကာလကုန်ဆုံးပြီး အလုပ်ပြန်လည်ဝင်ရောက်ခြင်း မရှိသည့်ရက်များကို ပျက်ကွက်ရက်အဖြစ် သတ်မှတ်နိုင်သည်။

၂၆။ ခွင့်စတင်သည့်နေ့ရက်၏ ရှေ့တွင်ဖြစ်စေ၊ ခွင့်ကုန်ဆုံးသည့်နေ့ရက်၏ နောက်တွင်ဖြစ်စေ အလုပ် ပိတ်ရက်များ ဖြစ်နေခဲ့လျှင် ထိုအလုပ်ပိတ်ရက်များကို ခွင့်ကာလအဖြစ် ရေတွက်ခြင်းမပြုရ။

၂၇။ ခွင့်ခံစားနေစဉ်အတွင်း အလုပ်သမားကို အလုပ်ဌာနနေရာပြောင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ လစာလျှော့ချခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်းမပြုရ။

ရှောင်တခင်ခွင့်ရက် ခံစားခြင်း

၂၈။ အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့် တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာရာအခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသော အကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြုရမည်။

၂၉။ ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်ထိခံစားနိုင်ပြီး သုံးရက်ထက် ကျော်လွန် ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက်ကျော်လွန်သည့် ရှောင်တခင်ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။

၃၀။ ရှောင်တခင်ခွင့်ရက်ကို သတ်မှတ်ခွင့်ပုံစံဖြင့် တင်ပြရမည်။ သို့ရာတွင် အကြောင်းကြောင်းကြောင့် အလုပ်ခွင်သို့ လာရောက်နိုင်ခြင်းမရှိလျှင် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ခွင့်တိုင်ကြားနိုင်ပြီး ခွင့်ရက်ကုန်ဆုံး၍ အလုပ်ခွင်သို့ ပြန်လည်ရောက်ရှိ သည့်အခါ သတ်မှတ်ထားသော ခွင့်တိုင်ကြားပုံစံကို ဖြည့်စွက်၍ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံ တင်ပြရမည်။

၃၁။ ရှောင်တခင်ခွင့်ရက်နှင့် တစ်ဆက်တည်း အခြားခွင့်ရက်တစ်မျိုးမျိုးကို တောင်းခံခဲ့သော် ရှောင်တခင်ခွင့်ပျက်ပြယ်ပြီး ရှောင်တခင်ခွင့်နှင့်ဆက်၍ တောင်းခံသော အခြားခွင့်ရက်တစ်မျိုးမျိုးကို ရှောင်တခင်ခွင့်ရက် စသည့်နေ့ရက်မှစ၍ သတ်မှတ်ခွင့်ပြုရမည်။

၃၂။ ရှောင်တခင်ခွင့်ရက် တစ်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရှောင်တခင်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်း ဖြစ်သော ခုနစ်ရက်အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက် ပေါင်းဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

၃၃။ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူသည် ရှောင်တခင်ခွင့်ရက်မှတ်တမ်း များကို သိမ်းဆည်းထားရှိပြီး သတ်မှတ်ပုံစံဖြင့် ဦးစီးဌာနသို့ လစဉ်ပေးပို့ရမည်။

လုပ်သက်ခွင့်ရက်ခံစားခြင်း

၃၄။ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လပြည့်အောင် လုပ်ကိုင်ရခြင်းမရှိသည့် လုပ်ငန်းတစ်ခုခုတွင် လုပ်သက်ခွင့်ကို အချိုးကျခံစားနိုင်သည်။

၃၅။ လုပ်သက်ခွင့်ရက်တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့်ခွင့်ရက်နှင့် အများပြည်သူ အလုပ် ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည်။

၃၆။ အလုပ်သမားသည် လုပ်သက်ခွင့်ရက် တစ်ဆက်တည်း တစ်ဆယ်ရက် ခံစားနေသည့်ကာလအတွင်း ကျရောက်သည့်အလုပ်ပိတ်ရက်များကို လုပ်သက်ခွင့်ရက်၌ ထည့်သွင်းတွက်ချက်ရမည်။

၃၇။ အလုပ်ရှင်သည် မိမိ၏ အလုပ်သမားများ လုပ်သက်ခွင့်ရက်ယူနိုင်စေရန် ထိုသူတို့၏ လုပ်သက်ခွင့် ရက်နှင့်သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလ အတွင်း အလုပ်သမားခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာရမည့်အပြင် ထိုစာရင်းပါ မည်သည့်နေ့မှ မည်သည့်နေ့အတွင်း အလုပ်သမားတစ်ဦးစီ ခံစားရမည့် လုပ်သက်ခွင့်ရက်များစာရင်းကို ထုတ်ပြန်ကြေညာပြီး လုပ်ငန်းခွင်၌ အများမြင်သာသော နေရာတွင် ကပ်ထားရမည်။

၃၈။ (က) လစားအလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှလစာငွေကို လုပ်သက်ခွင့်ရက် စတင်ခံစားသည့်နေ့မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် ၃၀ အတွင်း ရရှိသည့်လစာငွေကို အမှန်တကယ် အလုပ်လုပ်ရက်ဖြင့် စား၍ရသော တစ်ရက်ပျမ်းမျှလစာငွေဖြင့် ခံစားခွင့်ပြုရမည်။

(ခ) နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှအခကြေးငွေကို လုပ်သက်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် ၃၀ အတွင်းရရှိခဲ့သည့် လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရသော ပျမ်းမျှလစာနှုန်းဖြင့် ခံစားခွင့်ပြု ရမည်။

၃၉။ လုပ်သက်ခွင့်ရက်ခံစားသူများအား ခွင့်ရက်ကာလမစမီ လုပ်သက်ခွင့်ရက်အတွက် လစာ သို့မဟုတ် အခကြေးငွေကို ကြိုတင်ထုတ်ပေးရမည့်အပြင် ထိုသို့ထုတ်ပေးမည်ဖြစ်ကြောင်းကို အလုပ်သမားများ အား အသိပေးထားရမည်။

၄၀။ အလုပ်သမားသည် အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှ နုတ်ထွက်ပါက မိမိရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက် ကာလအတွက် ငွေကြေးခံစားခွင့်ကို အလုပ်ရှင်ထံ တင်ပြတောင်းဆိုနိုင်သည်။

၄၁။ အလုပ်ရှင်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ လုပ်ငန်းသဘာဝအရ သတ်မှတ်ထားသည့် လုပ်ငန်းခွင်စည်းကမ်းအရဖြစ်စေ  အလုပ်ရပ်စဲခံရသော အလုပ်သမား၏ လုပ်သက်ခွင့်ကာလအတွက် ရထိုက်ခွင့်ရှိသော ငွေကြေးခံစားခွင့်ကို ထုတ်ပေးရမည်။

ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်း

၄၂။ မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်းခိုင်လုံသည့် အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။

၄၃။ လူမှုဖူလုံရေးအာမခံ အလုပ်သမားမဟုတ်သော လုပ်သက်ခြောက်လမပြည့်သေးသည့် အလုပ်သမား သည် လစာမရှိဆေးလက်မှတ်ခွင့်ရက်ကို တောင်းခံနိုင်သည်။

၄၄။ ရက်ရှည်အလုပ်ပိတ်ထားသော ကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက် တင်ပြတောင်းခံရန်မလိုအပ်ပါ။

၄၅။ ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ် သမားများအတွက် အလုပ်ရှင်နှင့်သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ် အလုပ်သမားများအတွက် ဆေးလက်မှတ်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက်ပေါင်း ၃၀ အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့်စား၍ ရရှိ သော တစ်ရက်ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

မီးဖွားခွင့်ရက် ခံစားခြင်း

၄၆။ မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ လူမှုဖူလုံရေး အဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ တင်ပြတောင်းခံ ရမည်။

၄၇။ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။

၄၈။ ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေး မှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်သည့်နေ့မှစ၍ အများဆုံးရက်သတ္တပတ်ခြောက်ပတ် ခံစားခွင့်ပြုရ မည်။

 

အခန်း (၄)

အလုပ်သမား၏ တာဝန်များ

၄၉။ အလုပ်သမားသည်-

(က) ခွင့်တိုင်ကြားလျှင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးထံသို့ ပုံစံ (၁)ဖြင့် သာမန်အလုပ်ချိန်အတွင်း တင်ပြရမည်။

(ခ) ခွင့်ရက်ကုန်ဆုံးပြီး အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သည့်အချိန်တွင် မိမိလုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နေကြောင်းကို အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးထံ ပြန်လည်တင်ပြရမည်။

(ဂ) မိမိခွင့်ခံစားနေစဉ်အတွင်း ဘသာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ မိမိရောက်ရှိရာ နေရာဒေသမှ အလုပ်ခွင်ရှိရာသို့ ခွင့်ကုန်ဆုံးရက်အမီပြန်လာရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေတွင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးထံ တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့် သော်လည်းကောင်း အသိပေးအကြောင်းကြားရမည်။

လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ချိန်တွင် ခိုင်လုံသည့် အထောက်အထား တင်ပြရမည်။

 

အခန်း (၅)

အလုပ်ရှင်၏တာဝန်များ

၅၀။ အလုပ်ရှင်သည်-

(က) အလုပ်သမား၏ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက်တို့ကို သက်ဆိုင်ရာ ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ လုပ်သက်ခွင့်ရက်ကို သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေ ဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ပြုရမည်။ ရှားပါးစရိတ်ပေးထားလျှင် ထည့်သွင်း ခံစားခွင့်ပြုရမည်။

(ခ) အလုပ်သမား၏ လုပ်သက်ခွင့်ရက်ကို ခံစားခွင့်ရှိသည့်နေ့မှစ၍ တစ်ဆယ့်နှစ်လအတွင်း သက်ဆိုင် ရာရာပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ပြု၍ ရထိုက်ခွင့်ရှိသည့် အခကြေးငွေ ခံစားခွင့်ကို ခွင့်မခံစားမီ ကြိုတင်ထုတ်ပေးရမည်။

(ဂ) မိမိအလုပ်ဌာနရှိ အလုပ်သမားများ အလှည့်ကျ လုပ်သက်ခွင့်ရက် ခံစားနိုင်ရန် လုပ်သက်ခွင့်ရက် နှင့်သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားတစ်ဦးစီ ခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာပေးရမည့်အပြင် အလုပ်သမားများ လုပ်သက်ခွင့်ရက်ခံစားနိုင်သည့် ကာလအပိုင်း အခြားကိုလည်း သတ်မှတ်ပေးရမည်။

(ဃ) အလုပ်သမားက လုပ်သက်ခွင့်ရက်မခံစားမီ အလုပ်မှနုတ်ထွက်ခြင်း၊ အလုပ်မှရပ်စဲခံရခြင်း၊ အလုပ်ထုတ်ပစ်ခံရခြင်း၊ သေဆုံးခြင်းဖြစ်လျှင် ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက်ကာလအတွက် ခံစားခွင့်များကို ဖြစ်စဉ်ဖြစ်သည့်နေ့မှ အလုပ်ဖွင့်ရက်နှစ်ရက်အတွင်း ငွေကြေးခံစားခွင့်ပေးရမည်။

(င) သေဆုံးသည့်အလုပ်သမား၏ ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက် အခကြေးငွေ ခံစားခွင့်ကို ၎င်း၏တရားဝင် ကိုယ်စားလှယ်အား ထုတ်ပေးရမည်။

(စ) အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းယာယီပိတ်သိမ်းရလျှင်ဖြစ်စေ၊ အပြီးပိတ်သိမ်းရလျှင်ဖြစ်စေ၊ အလုပ်သမားကို လုပ်သက်ခွင့်ရက်ကာလအတွက် ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကိုဖြစ်စေ၊ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လမလုပ်ရသည့် လုပ်ငန်းများတွင် ရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကိုဖြစ်စေ တွက်ချက်ခံစားခွင့်ပြုရမည်။

(ဆ) မီးဖွားခွင့်ရက် သို့မဟုတ် ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်းကိုအကြောင်းပြု၍ အလုပ်သမားအား လက်ရှိရာထူးအဆင့်မှ လျှော့ချခြင်း၊ လစာလျှော့ချခြင်း၊ အလုပ်ဌာနနေရာပြောင်းရွှေ့ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း မပြုရ။

(ဇ) ဤနည်းဥပဒေများအရ သတ်မှတ်သည့်ပုံစံ (၁)၊ (၂) (၃)၊ (၄)၊ (၅) နှင့် (၆) တို့ကို ရေးသား ဖြည့်စွက်ပြီး စစ်ဆေးရေးအရာရှိက အချိန်မရွေးစစ်ဆေးနိုင်ရန် အသင့်စီမံထားရှိရမည့်အပြင် တစ်ဆယ့်နှစ်လကာလအထိ သိမ်းဆည်းထားရမည်။

(ဈ) ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော အလုပ်သမားများ၏ ခွင့်ခံစားမှုမှတ်တမ်းများကို ပုံစံ (၇) ဖြင့် လစဉ်လဆန်းခုနစ်ရက်ထက် နောက်မကျဘဲ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။

(ည) လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ကိုင်လိုပါက အလုပ်သမား ၏ သဘောဆန္ဒရယူ၍ စစ်ဆေးရေးအရာရှိထံ ပုံစံ (၈)ဖြင့် တင်ပြပြီး ခွင့်ပြုချက်ရယူ လုပ်ကိုင်ရမည်။

 

အခန်း (၆)

အထွေထွေ

၅၁။ အလုပ်ရှင်သည် တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ မိမိ၏လုပ်ငန်းကို ငှားရမ်း၍ လုပ်ကိုင်စေပါက ဥပဒေနှင့် ဤနည်းဥပဒေများပါ အကျိုးခံစားခွင့်များကို ငှားရမ်းလုပ်ကိုင်သူ သို့မဟုတ် ငှားရမ်းလုပ်ကိုင်သည့် အဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမည်။

၅၂။  အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရာတွင် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

 သိန်းဆွေ

 ပြည်ထောင်စုဝန်ကြီး

 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

 

----- Attachment -----

[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 ခွင့်တိုင်ကြားခြင်း ပုံစံ (၁)

[ ပူးတွဲဖော်ပြသော စာရင်း 2 ] 02 အလုပ်ပိတ်သည့်အများပြည်သူအလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်မှတ်တမ်း ပုံစံ (၂)

[ ပူးတွဲဖော်ပြသော စာရင်း 3 ] 03 အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်သည့်အတွက် ငွေကြေးခံစားခွင့်မှတ်တမ်း ပုံစံ (၃)

[ ပူးတွဲဖော်ပြသော စာရင်း 4 ] 04 အလုပ်ပိတ်သည့်ရက်သတ္တပတ်နားရက် /ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်မှတ်တမ်း ပုံစံ (၄)

[ ပူးတွဲဖော်ပြသော စာရင်း 5 ] 05 ရက်သတ္တပတ်အလုပ်ပိတ်ရက်/ နားရက်တွင် အလုပ်လုပ်သည့် ငွေကြေးခံစားခွင့်မှတ်တမ်း ပုံစံ (၅)

[ ပူးတွဲဖော်ပြသော စာရင်း 6 ] 06 လုပ်သက်ခွင့်အတွက် ငွေကြေးခံစားမှုမှတ်တမ်း ပုံစံ (၆)

[ ပူးတွဲဖော်ပြသော စာရင်း 7 ] 07 ခွင့်မှတ်တမ်းဇယားချုပ် ပုံစံ (၇)

[ ပူးတွဲဖော်ပြသော စာရင်း 8 ] 08 အများပြည်သူအလုပ်ပိတ်ရက် (-----------) နေ့တွင် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက် တင်ပြလျှောက်ထားခြင်း ပုံစံ (၈)