မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ ကူးစက်မှု မရှိစေဖို့ အတွက် ပြည်ပက ပြန်လာတဲ့ သူတွေ အနေနဲ့ လေဆိပ် မှာ ခရီးသွားရာဇဝင် ဖြည့်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Mpox (မျောက်ကျောက်ရောဂါ ကူးစက်မှု) အား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာထားတယ်လို့သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန (MOH)ရဲ့ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများ ကို မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများထံ တင်သွင်းရမယ် လို့ အသိပေးထားပါတယ်။
မျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်ဘက်ကနေ စတင်ကူးစက်လာကာ နိုင်ငံအချို့မှာ ကူးစက်ခံနေရပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လည်း အာဖရိကတိုက်ကနေ ပြန်ရောက်လာသူတဦးဆီမှာ ရောဂါလက္ခဏာ တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။